အခန်း (၁၉) မျိုးဆက်များ
မုန်းရီသည် သတ္တုရောင် တောက်ပနေသော ထိုဖုန်းနှစ်လုံးကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများ အရောင်လက်နေခဲ့သည်။
ခဏအကြာတွင် သူက လက်လှမ်းယူလိုက်ပြီး ဩရှသောအသံဖြင့် ပြောလိုက်၏။ “ငါ အမှန်တိုင်း သတင်းပို့ပေးမယ်။ ဒါပေမဲ့ အရှင်မင်းကြီးက မင်းတို့ကို ခေါ်တွေ့မတွေ့ ဆိုတာကတော့ ငါ ခန့်မှန်းပေးနိုင်တဲ့ အရာမဟုတ်ဘူး...”
“အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ကျန်းယဲ့က ရိုသေစွာ အရိုအသေပေးလိုက်၏။
လူရှစ်ယောက်သည် မုန်းရီ လှည့်ထွက်သွားသည်ကို ကြည့်နေကြပြီး သူ၏ ကျောပြင် စင်္ကြံလမ်းအဆုံးတွင် လုံးဝ ပျောက်ကွယ်သွားမှသာ အားလုံး သက်ပြင်းချနိုင်ကြတော့သည်။
ဖန်ကောင်းချန်သည် ကျန်းယဲ့၏ နားနားသို့ ကပ်ကာ ပြောလေသည်။ “ဒါရိုက်တာကျန်း... ပထမဧကရာဇ်က ကျွန်တော်တို့ကို တွေ့မယ်လို့ ထင်လား”
ကျန်းယဲ့သည် ခန်းမအပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ “သူက မသေမျိုးတွေရဲ့ အသုံးအဆောင်တွေကို ဘယ်လောက်တောင် စိတ်ဝင်စားလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်...”
လက်ကိုင်ဖုန်း သုံးလုံးကို ကိုင်ဆောင်ထားသော မုန်းရီသည် နန်းတော်၏ တင်းကျပ်သော အစောင့်အကြပ်များကို ဖြတ်ကျော်ကာ အတွင်းဆောင်သို့ ရောက်ရှိလာလေသည်။
ချင်ရှီဟွမ်သည် သူ၏ ကျောက်စိမ်းစားပွဲကို မှီကာ တင်ပြစာများကို စစ်ဆေးနေစဉ် ခြေသံများကို ကြားလိုက်ရ၏။ သူက မော့ပင်မကြည့်ဘဲ မေးလိုက်ချေသည်။ “ဘာကိစ္စလဲ”
“အရှင်မင်းကြီး” မုန်းရီသည် ဒူးတစ်ဖက် ထောက်လိုက်ပြီး သူ၏ဖုန်းကို စားပွဲပေါ်သို့ ဆက်သလိုက်လေသည်။
“လန်ယာ ကုန်းပြင်မြင့်က မှော်ဆရာတစ်စု ပြန်ပေါ်လာပါတယ်။ ဒီတစ်ခါတော့ သူတို့ ကိုးယောက်ရောက်လာပြီး မှော်ဝင်လက်နက်အသစ် သုံးခုကို ဆက်သလာပါတယ်”
ဝါးစာလိပ်များကို ပိတ်လိုက်သည့်အသံ ထွက်ပေါ်လာခဲ့သည်။ ချင်ရှီဟွမ်၏ သွယ်လျသော လက်ချောင်းများက ဖုန်းတစ်လုံး၏ ခုံးနေသော မျက်နှာပြင်ပေါ်သို့ ပွတ်ဆွဲသွားပြီး သတ္တုဘောင်က နန်းတော် မီးအိမ်များအောက်တွင် အေးစက်စွာ တောက်ပနေချေသည်။
ယခင်က ဆက်သခဲ့သော ပစ္စည်းများနှင့် ယှဉ်လျှင် ဤ နတ်ဘုရားတို့၏ အသုံးအဆောင်များက ပို၍ ပါးလွှာပြီး သေသပ်လှပနေခဲ့သည်။
“လူကိုးယောက် ဟုတ်လား..” သရဖူအောက်ရှိ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ “ပြီးခဲ့တဲ့ တစ်ခေါက်က ခြောက်ယောက်လေ..”
“သူ့ကိုယ်သူ ကျန်းယဲ့လို့ခေါ်တဲ့ ခေါင်းဆောင်က ပြောပါတယ်...” မုန်းရီ ခေတ္တရပ်သွားပြီးမှ ဆက်ပြောလိုက်၏။ “အရှင်မင်းကြီးရဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စအတွက် တွေ့ဆုံခွင့် တောင်းပါတယ်တဲ့..”
ချင်ရှီဟွမ်သည် သူ၏ လက်ချောင်းထိပ်များဖြင့် ကျောက်စိမ်းစားပွဲကို ဖွဖွလေး ခေါက်လိုက်၏။
“အသက်အန္တရာယ်...” သူက တီးတိုးရေရွတ်လိုက်ရာ သူ၏ သရဖူမှ ပန်းဖွားများ အနည်းငယ် ယိမ်းနွဲ့သွားပြီး သူ၏ အေးစက်ကာ ခန့်ညားသော မျက်နှာပေါ်တွင် အရိပ်များ ကျဆင်းသွားချေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချင်ရှီဟွမ် မျက်လုံးများကို ပင့်ကြည့်လိုက်၏။ “သူတို့ကို ခေါ်လာခဲ့...”
“အမိန့်တော်အတိုင်းပါ...” မုန်းရီက အရိုအသေပေးကာ အမိန့်ကို လက်ခံလိုက်ပြီးနောက် ခန်းမထဲမှ အလျင်အမြန် ထွက်ခွာသွားလိုက်သည်။
မုန်းရီ ဘေးဘက်အခန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဖန်ကောင်းချန်နှင့် အခြားသူများက သူ့ကို ချက်ချင်း ဝိုင်းအုံလာကြချေသည်။
“ဘယ်လိုလဲ... အရှင်မင်းကြီးက ကျွန်တော်တို့ကို တွေ့မယ်တဲ့လား” ဖန်ကောင်းချန်သည် မျက်လုံးများ တောက်ပနေပြီး စိတ်မရှည်စွာဖြင့် မေးလိုက်၏။
မုန်းရီက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ “အရှင်မင်းကြီးက မင်းတို့ကို တွေ့ဖို့ ခေါ်လိုက်တယ်..”
“သောက်ကျိုးနည်း... တကယ်ကြီးလား” ကျန်းခိုင်သည် လီကျွင်း၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ရာ သူ၏ လက်သည်းများမှာ အသားထဲသို့ ဝင်လုနီးပါး ဖြစ်သွားရသည်။ “ငါက အသက်ရှင်နေတဲ့ ချင်ရှီဟွမ်ကို တွေ့ရတော့မယ်....”
ကျန်းယဲ့သည် အဖွဲ့ကို ဘေးသို့ အလျင်အမြန် ဆွဲခေါ်သွားပြီး တိုးတိုးလေး ပြောလိုက်၏။ “တည်ငြိမ်ကြစမ်းပါ... တည်ငြိမ်ကြစမ်း”
အဖွဲ့သားများက ခေါင်းညိတ်ပြကြသော်လည်း စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသော သူတို့၏ မျက်နှာများကို ကြည့်ရလျှင် ကျန်းယဲ့ ပြောလိုက်သည့် စကားများကို သူတို့ သိပ်နားထောင်မည် မဟုတ်ကြောင်း ကျန်းယဲ့ ခန့်မှန်းမိလိုက်၏။
မုန်းရီက ရှေ့မှ လမ်းပြသွားပြီး ကျန်သူများက နောက်မှ ခြေလှမ်းအနည်းငယ် အကွာမှ လိုက်ပါသွားကြသည်။ ကျန်းယဲ့က သူတို့ကို ထပ်မံ သတိမပေးဘဲ မနေနိုင်တော့ချေ။
“အားလုံး သတိထားကြနော်...”
“အဲဒါ ပထမဧကရာဇ်ပဲ။ တစ်ချက်လေး မှားတာနဲ့ မင်းတို့ ခေါင်းပြတ်သွားမယ်။ အဲဒီအခါကျရင် ငါလည်း မင်းတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး..” ကျန်းယဲ့က လေသံကို နှိမ့်ကာ အကြိမ်ကြိမ် သတိပေးလိုက်၏။
ဤလူများက ရင်းကျန့်ကို မြင်ပြီးနောက် တစ်ခုခု အလွန်အကျွံ လုပ်မိမည်ကို သူ စိုးရိမ်နေချေသည်။
ဖန်ကောင်းချန်နှင့် အခြားသူများက ကျန်းယဲ့ကို အိုကေသင်္ကေတ ပြလိုက်ကြ၏။
လူကိုးယောက် ခန်းမရှေ့သို့ ရောက်သည်နှင့် အစောင့်အချို့က ရှေ့သို့ထွက်ကာ သူတို့ကို ရှာဖွေစစ်ဆေးကြလေသည်။
ဖန်ကောင်းချန်နှင့် အခြားသူများက လက်များကို ဖြန့်ကားကာ ပူးပေါင်းပါဝင်ကြပြီး လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ငြိမ်သက်စွာ နေခဲ့ကြသည်။
မုန်းရီ မရောက်လာမီကတည်းက ကျန်းယဲ့သည် အဖွဲ့သားများထံမှ ပိုနေသော ပစ္စည်းများအားလုံးကို စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းရန် ဦးဆောင်လုပ်ဆောင်ခဲ့ပြီး ဖြစ်သောကြောင့် အခြားအရာများ တွေ့ရှိသွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
အစောင့်များက ရှာဖွေစစ်ဆေးပြီး အရာအားလုံး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူတို့ကို ဖြတ်သန်းခွင့် ပြုလိုက်၏။
နောက်ခဏ၌ နန်းတော်တံခါးကြီး ဖြည်းညင်းစွာ ပွင့်သွားသည့် အခိုက်အတန့်တွင် လူကိုးယောက်လုံး အသက်အောင့်ထားလိုက်မိကြချေသည်။
အနက်ရောင် သရဖူအောက်တွင် သိမ်းငှက်ကဲ့သို့ ထက်မြက်သော မျက်လုံးတစ်စုံက မြင်ကွင်းကို ဖြတ်ဝဲကြည့်လိုက်သည်။
ချင်ရှီဟွမ်သည် စားပွဲထိပ်တွင် ထိုင်နေပြီး သူ၏ အနက်ရောင် ဝတ်ရုံနှင့် နီရဲသော အောက်ပိုင်းဝတ်စုံမှာ နန်းတော်မီးအိမ်များအောက်တွင် ရွှေရောင်ရင့်ရင့်ဖြင့် တောက်ပနေကာ ခါးမှ ကျောက်စိမ်းဆွဲကြိုးများ တွဲလောင်းကျနေခဲ့သည်။
“ရိုင်းစိုင်းလှချည်လား။ အရှင်မင်းကြီးကို တည့်တည့် ကြည့်ရဲတယ်ပေါ့...” ကျောက်ကောင်း၏ စူးရှသော ဆူပူကြိမ်းမောင်းသံ စတင်ရုံသာ ရှိသေးပြီး အရှင်မင်းကြီးကို တည့်တည့်ကြည့်ရဲတယ် ဟူသော စကားလုံးကိုပင် အဆုံးထိ မပြောရသေးမီ လေးလံသော ဒူးထောက်သံများ ဆက်တိုက် ထွက်ပေါ်လာချေသည်။
လူကိုးယောက်သည် တစ်ပြိုင်နက်တည်း ဒူးထောက်ချလိုက်ကြပြီး သူတို့၏ နဖူးများမှာ မြေကြီးနှင့် ထိသည်အထိ စံကိုက် ဦးညွတ်ဂါရဝပြုလိုက်ကြသည်။
ဖန်ကောင်းချန်သည် အလွန်မြန်ဆန်စွာ ဒူးထောက်လိုက်သဖြင့် လဲကျလုနီးပါး ဖြစ်သွားရသည်။ ရှီရှောင်ယွီ၏ လက်ချောင်းများက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး သူမ၏ စိတ်ခံစားမှုများကို ထိန်းချုပ်ရန် အကြိမ်ကြိမ် အသက်ပြင်းပြင်း ရှူနေရ၏။
ကျန်းခိုင်ဆိုလျှင် မြေကြီးပေါ်တွင် လုံးဝ ဝပ်တွားသွားပြီး သူ၏ နှာခေါင်းမှာ မြေကြီးနှင့် ထိလုမတတ် ဖြစ်နေချေသည်။
“မျိုးဆက်များက ကြီးမြတ်သော နဂါးဘိုးဘေးကြီးကို ဂါရဝပြုပါတယ်” အသံကိုးသံ ထပ်သွားပြီး ကျယ်ဝန်းသော ခန်းမထဲတွင် ပဲ့တင်ထပ်သွားလေသည်။
ခမ်းနားသော အသွင်အပြင်နှင့် ကျယ်လောင်သော အသံတို့ကြောင့် အပြင်ဘက်ရှိ အစောင့်များပင် မယုံနိုင်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ကြ၏။
ကျန်းယဲ့က အကဲခတ်ကြည့်လိုက်ရာ ခရမ်းရောင်သန်းမတတ် နီရဲနေသော မျက်နှာရှစ်ခုကို တွေ့လိုက်ရပြီး သူတို့၏ မျက်လုံးများထဲတွင် ထိတွေ့နိုင်လုမတတ် တောက်ပနေသော ကြယ်ရောင်များ ရှိနေချေသည်။
‘ဒီငတုံးတွေက သူတို့ တစ်သက်လုံး ပြသဖူးသမျှ ရိုသေကိုင်းရှိုင်းမှု အားလုံးကို ဒီတစ်ကြိမ် ဦးညွတ်ခြင်းမှာတင် သုံးပစ်လိုက်ပြီ ထင်တယ်...’
ကျန်းယဲ့သည် သူ့စိတ်ထဲတွင် တွေးလိုက်သော်လည်း သူကိုယ်တိုင်လည်း မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ဒူးထောက်ထားဆဲ ဖြစ်၏။
‘အဲဒါ နဂါးတွေရဲ့ ပထမဧကရာဇ်လေ’
‘ခေတ်အဆက်ဆက်အတွက် ကြီးမြတ်တဲ့ ဧကရာဇ်ကြီး...’
‘လူတိုင်းက ရာထူးအဆင့်အတန်း မခွဲခြားဘဲ ကိုယ့်ရဲ့ ဘိုးဘေးတွေကို ဦးညွတ်ဂါရဝပြုရမယ်။ အဲဒီလို မလုပ်ဘူးဆိုရင် သူတို့က တရုတ်လူမျိုးတွေရဲ့ မျိုးဆက်တွေ ဖြစ်ဦးမလား..’
သူတို့၏ စိတ်ထဲတွင် ပထမဧကရာဇ်၏ အဆင့်အတန်းမှာ ထိုမျှအထိ မြင့်မားလှ၏။
အသက်ရှင်နေသော နဂါးဘိုးဘေးကြီးကို မြင်ရချိန်တွင် မည်မျှပင် ဦးညွတ်ဂါရဝပြုသည်ဖြစ်စေ လွန်ကျူးသည်ဟူ၍ မရှိနိုင်ချေ။
ဤမြင်ကွင်းကြောင့် ခန်းမထဲရှိ လူတိုင်း အံ့သြမှင်သက်သွားကြပြီး အထူးသဖြင့် ကျောက်ကောင်းပင်။
သူ၏ မူလရည်ရွယ်ချက်မှာ သူ၏ သစ္စာရှိမှုကို ပြသရန်ဖြစ်ပြီး မသေမျိုးတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင်ပင် အရှင်မင်းကြီးကို ကာကွယ်ရန် မမေ့ကြောင်း ပြသလိုခြင်း ဖြစ်ပေသည်။
သူတို့ ထိုစကားများကို အော်ဟစ်လိုက်ချိန်တွင် သူတို့အားလုံးမှာ အပြစ်ပေးခံရရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
လူတိုင်းကို အံ့သြသွားစေသည်မှာ ဤ မသေမျိုးကိုးဦးက အလွန် ချောမွေ့စွာ ဒူးထောက်ချလိုက်ခြင်းပင် ဖြစ်ပြီး အသက်ရှူမှားလောက်အောင်ပင်။
မုန်းရီလည်း မှင်သက်သွားရသည်။ ဤ မသေမျိုးများမှာ တကယ်ကို... မမျှော်လင့်ထားစရာပင်။
အစပိုင်းတွင် အံ့သြသွားပြီးနောက် သူတို့ ပြောလိုက်သော စကားမှာ အနည်းငယ် ထူးဆန်းနေကြောင်း အဖွဲ့က ချက်ချင်း သတိပြုမိလိုက်၏။
‘သူတို့ကိုယ်သူတို့ ဘာလို့မျိုးဆက်များလို့ ခေါ်ကြတာလဲ..’
‘နဂါးဘိုးဘေးဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ပြောရရင် အရှေ့က စကားလုံးတွေနဲ့ ယှဉ်လိုက်ရင် အရေးမကြီးသလို ဖြစ်သွားတယ်’
“ထကြ”
ရင်းကျန့်၏ ဩရှသော အသံမှာ ခန်းမထဲတွင် ပဲ့တင်ထပ်သွား၏။
ထိုအခါမှ လူကိုးယောက်သည် သူတို့၏ ကျောများကို ဂရုတစိုက် မတ်လိုက်ကြသော်လည်း ဒူးထောက်ထားဆဲဖြစ်ပြီး စားပွဲထိပ်ရှိ ရင်းကျန့်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။
“မင်းတို့ကိုယ်မင်းတို့ မျိုးဆက်များလို့ ခေါ်လိုက်တယ်နော်...” ဧကရာဇ်၏ အကြည့်များက လူအုပ်ကြီးပေါ်သို့ ထက်မြက်သော ဓားတစ်လက်ကဲ့သို့ ဖြတ်ဝဲသွား၏။ “အဲဒါ ဘာအဓိပ္ပာယ်လဲ..”
ကျန်းယဲ့သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ကြိုတင်စီစဉ်ထားသည့်အတိုင်း လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်ချေသည်။ “အရှင်မင်းကြီး... ကျွန်တော်တို့က မသေမျိုးတွေ မဟုတ်ပါဘူး။ အနာဂတ် နှစ်ပေါင်း နှစ်ထောင့်နှစ်ရာကျော်က တရုတ်လူမျိုးတွေရဲ့ မျိုးဆက်တွေပါ”
ဤစကားကို ကြားသောအခါ ခန်းမထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားချေသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့သည် ရိုးသားစွာ ပြောဆိုရေးကိစ္စကို အသေအချာ စဉ်းစားဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်၏။
‘နောက်နောင် ချင်မင်းဆက်ကို မကြာခဏ လာရကောင်း လာရလိမ့်မယ်။ ဆက်ပြီး လိမ်ညာနေရင် တစ်နေ့ ဖုံးမရ ဖိမရ ဖြစ်သွားလိမ့်မယ်။ အစကတည်းက ရိုးရိုးသားသား ဝန်ခံလိုက်တာက ပိုကောင်းတယ်..’
ပို၍ အရေးကြီးသည်မှာ သူတို့က ပထမဧကရာဇ်၏ ကံကြမ္မာကို ပြောင်းလဲပေးလိုပြီး သူ့ကို အသက်ပိုရှည်စေချင်ကြသည်။ သို့မှသာ သူတို့၏ ချင်မင်းဆက် ခရီးစဉ်မှာ အချည်းနှီး မဖြစ်မည် မဟုတ်ပါလော။
ထို အသုံးမကျသော ရွှီဖူဆိုသည့်သူက ပထမဧကရာဇ်ကို ဘေးဒုက္ခပေးမည်ကို သူတို့ ခွင့်မပြုနိုင်ချေ။
စုစည်းထားသော အင်ပါယာတစ်ခု၏ ပထမဆုံး ဧကရာဇ်အနေဖြင့် ပထမဧကရာဇ်သည် တရုတ်လူမျိုးများအတွက် အလွန် အရေးပါလှပြီး သူ၏ မျိုးဆက်များ မျိုးသုဉ်းပျောက်ကွယ်သွားသည်ကို သူမမြင်လိုချေ။
ချင်မင်းဆက်သို့ အချိန်ခရီးသွားခဲ့သော တရုတ်လူမျိုးများ၏ မျိုးဆက်တိုင်းက ပထမဧကရာဇ်၏ ကံကြမ္မာနှင့် ချင်မင်းဆက်၏ သက်တမ်းတိုတောင်းသော ကံကြမ္မာကို ပြောင်းလဲပေးချင်ကြမည် မဟုတ်ပါလော။
‘အရင်က အခွင့်အရေး မရခဲ့ပေမယ့် အခု အခွင့်အရေးက မျက်စိရှေ့ ရောက်နေပြီဆိုတော့ သဘာဝကျကျပဲ ငါ ကြိုးစားကြည့်ရမယ်... ဒါမှ ဒီခရီးစဉ်က အလကား မဖြစ်မှာ’
“ဒါက ယုံနိုင်စရာမရှိဘူးလို့ ထင်ရပေမယ့် လုံးဝကို အမှန်တရားပါ...”
“သက်သေပြစမ်း” ရင်းကျန့်၏ အသံမှာ ထူးထူးခြားခြား တည်ငြိမ်နေခဲ့သည်။
ကျန်းယဲ့သည် စနစ်နေရာလွတ်ထဲမှ သူ၏ဖုန်းကို ထုတ်ယူကာ ဗီဒီယိုတစ်ခုကို ဖွင့်လိုက်၏။ ၎င်းမှာ တစ်နိုင်ငံလုံးရှိ မြို့ကြီးများ၏ ပရိုမိုးရှင်း ဗီဒီယိုတစ်ခု ဖြစ်ချေသည်။
သူက ကျောက်ကောင်းကို ကြည့်လိုက်၏။
ကျောက်ကောင်းသည် သူ့ဆီသို့ လျှောက်လာပြီး သူ၏လက်ထဲမှ ဖုန်းကို ယူလိုက်လေသည်။
“အရှင်မင်းကြီး... နှစ်ပေါင်း နှစ်ထောင်ကြာပြီးနောက် ဒီမြေကြီး ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို မြင်ရဖို့ မျက်နှာပြင် အလယ်ကို နှိပ်လိုက်ရုံပါပဲ”
(NT- ရင်းကျန့်ဆိုတာ ပထမဧကရာဇ်ရဲ့ ငယ်နာမည်ပါ... တရုတ်ပြည်နယ် ၆ခုကို သိမ်းပိုက်ပြီးတော့ ဧကရာဇ်ဖြစ်လာတဲ့အခါ သုံးတဲ့ ဘွဲ့အမည်ပါ... ချင်ဆိုတာက ( ချင်မင်းဆက်) ရှီဆိုတာက (ပထမ) ဟွမ်ဆိုတာက ဧကရာဇ်... ချင်မင်းဆက်ရဲ့ ပထမဆုံး ဧကရာဇ်)