အခန်း (၁၇) အစစ်အမှန် ချင်မင်းဆက်
အဖွဲ့၏ မျှော်လင့်တကြီး စောင့်ကြည့်နေသော အကြည့်များအောက်တွင် ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။ “လက်ကိုင်ဖုန်းက ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ ဒီကိုလာတုန်းက ချင်မင်းဆက်ကို ဆက်သခဲ့တဲ့ ရတနာပဲ..”
သူက မြေအောက်အကျဉ်းထောင်တွင် ပိတ်လှောင်ခံခဲ့ရပြီး အတင်းအကျပ် ဆက်သခိုင်းခံခဲ့ရခြင်းဖြစ်ကြောင်းကိုတော့ ထုတ်ပြောမည်မဟုတ်ချေ။
ငါတို့၏ ဒါရိုက်တာကျန်းတွင်လည်း သူ၏ ဂုဏ်သိက္ခာနှင့်သူ ရှိသေးသည်မဟုတ်လော.....
ကျန်းယဲ့၏ ဝန်ခံချက်ကို ကြားသောအခါ အဖွဲ့သားများမှာ “သောက်ကျိုးနည်း” ဟု အကြိမ်ကြိမ် မရေရွတ်ဘဲ မနေနိုင်တော့ပေ။
“သောက်ကျိုးနည်း” ဟု အော်ဟစ်ပြီးနောက် ကျန်းခိုင်က သူ၏အိတ်ကပ်ထဲမှ ဖုန်းကို စိတ်လှုပ်ရှားစွာ ဆွဲထုတ်လိုက်၏။ “ဒါဆို ငါတို့လည်း တစ်လုံး ပေးမယ်။ ငါ့ရဲ့ အိုင်ဖုန်းကို လက်ဆောင်အဖြစ် ဆက်သမယ်..”
ကျန်းယဲ့က သူတို့ကို သတိပေးလိုက်ချေသည်။ “ပေးမယ်ဆိုရင်လည်း ကျွန်တော် မတားပါဘူး။ ဒါပေမဲ့ ဓာတ်ပုံတွေကို အရင်ရှင်းထုတ်ရမယ်။ ဂိမ်းတွေနဲ့ မလိုအပ်တဲ့ ဆော့ဖ်ဝဲလ် အားလုံးကို ဖျက်ပစ်ပြီး ကင်မရာ၊ လက်နှိပ်ဓာတ်မီးနဲ့ ဂဏန်းတွက်စက်လို အခြေခံအကျဆုံး အရာတွေကိုပဲ ချန်ထားခဲ့။ မှတ်ထား... ဒါက ချင်ရှီဟွမ်ကို ပြရမယ့် နတ်ဘုရားတွေရဲ့ အသုံးအဆောင်နော်”
ကျောက်လိန်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏နဖူးကို ရိုက်လိုက်၏။ “နှမြောစရာပဲ.. ငါ့မှာ ဖုန်းတစ်လုံးပဲ ရှိတာ”
ကျန်းခိုင်က ကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။ “ငါ့မှာ ဖုန်းနှစ်လုံး ပါတယ်။ တစ်လုံးကို ပထမဧကရာဇ်ဆီ ဆက်သမယ်။ ဟားဟားဟား... အခု ငါက ပထမဧကရာဇ်ကို လက်ဆောင်ပေးဖူးတဲ့သူ ဖြစ်သွားပြီ...”
ဖန်ကောင်းချန်နှင့် လီကျွင်းတို့သည်လည်း လက်ကိုင်ဖုန်း နှစ်လုံးစီ ပါလာကြပြီး မည်သည့်ဖုန်းကို လက်ဆောင်ပေးရမည်ကို အချင်းချင်း ငြင်းခုန်နေခဲ့ကြသည်။
“ဒီ ဟွာဝေးကို ပေးလိုက်ရင်ကော။ သူက ဓာတ်ပုံရိုက်တာ အရမ်းလှတယ်” လီကျွင်းက တုံ့ဆိုင်းစွာ ပြောလိုက်၏။ “ဒါပေမဲ့ အိုင်ဖုန်းရဲ့ ဖလက်ရှ်မီးက ပိုလင်းတယ်...”
ရှီရှောင်ယွီနှင့် အခြားသူများသည် ကျန်းခိုင်၊ ဖန်ကောင်းချန်နှင့် လီကျွင်းတို့ကို စူးရဲစွာ စိုက်ကြည့်လိုက်ကြ၏။
အဝေးမှ လူများ၏ တီးတိုးပြောဆိုသံများကို ကြားနေရလေသည်။ “အရှင်မင်းကြီးက ဒီလို နတ်ဘုရားတွေရဲ့ မျက်နှာသာပေးမှုကို ရရှိတာက တကယ့်ကို ကောင်းကင်ဘုံရဲ့ အမိန့်တော်ပဲ”
“ချူက သူပုန်တွေတောင် ထိတ်လန့်သွားကြတယ်လို့ ကြားတယ်...”
“နတ်ဘုရားတွေတောင် လာပြီး အရိုအသေပေးကြတယ်ဆိုတော့... ငါတို့ရဲ့ မဟာချင်အင်ပါယာက ကြီးပွားတိုးတက်ဖို့ ကံပါလာတာကို ပြနေတာပဲကွ”
ကျန်းယဲ့သည် ထိုဆွေးနွေးသံများကို နားထောင်ရင်း အတွေးနက်နေပုံရသည်။
ချင်ရှီဟွမ်သည် သူ၏ အုပ်ချုပ်မှုကို ခိုင်မာစေရန်အတွက် နတ်ဘုရားတွေရဲ့ ရတနာဆက်သမှု ကို တမင်တကာ လူသိရှင်ကြား ကြေညာခဲ့ပုံရပေသည်။
လက်ကိုင်ဖုန်းများက လူထုအကြား ပိုမိုရေပန်းစားလာသည်နှင့်အမျှ နိုင်ငံရေးဝါဒဖြန့်ချိမှုအတွက် အကောင်းဆုံး ကိရိယာတစ်ခု ဖြစ်လာခဲ့သည်။
“အကုန် အဆင်သင့်ဖြစ်ပြီလား”
“အိုကေ... ရပြီ”
ကျန်းခိုင်နှင့် အခြားနှစ်ဦးက သူတို့၏ဖုန်းများကို စစ်ဆေးရန် ကျန်းယဲ့ထံ ကမ်းပေးလိုက်၏။ “တွေ့လား... အကုန် ဖျက်ပစ်ပြီးပြီ”
ကျန်းယဲ့က သူတို့သုံးဦးကို အိုကေ သင်္ကေတ ပြလိုက်၏။
“သွားကြစို့... မြို့ထဲဝင်ဖို့ တန်းစီကြ”
ထို့နောက် ကျန်းယဲ့သည် လူတိုင်းကို ကိုယ်ရေးမှတ်ပုံတင် စတစ်ကာများ ဝေငှပေးလိုက်ပြီး ညွှန်ကြားလိုက်ချေသည်။ “ဒါတွေကို မပျောက်စေနဲ့။ မြို့ထဲဝင်တဲ့အခါ အပြောအဆို အနေအထိုင် ဆင်ခြင်ကြ... တစ်စုံတစ်ယောက်က လွဲချော်နေတာကို သတိမထားမိစေနဲ့...”
လူကိုးယောက်ပါဝင်သော အဖွဲ့သည် မြို့ထဲသို့ဝင်ရန် လိမ္မာစွာ တန်းစီနေခဲ့ကြသည်။ သူတို့အားလုံးက သေသပ်စွာ ဝတ်ဆင်ထားပြီး ရုပ်ရည်သန့်ပြန့်ကာ သူတို့၏ ကိုယ်ကာကွယ်ရေး စတစ်ကာများနှင့်လည်း ပြဿနာမရှိသဖြင့် စစ်ဆေးမှုကို ချောမွေ့စွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။
မြို့ထဲသို့ ဝင်လိုက်သည်နှင့် ဖန်ကောင်းချန်နှင့် သူ၏ ရှစ်ယောက်ပါ အဖွဲ့မှာ ကြီးကျယ်ခမ်းနားသော ဥယျာဉ်ကြီးကို လာလည်သည့် တောသားများကဲ့သို့ ချက်ချင်းပင် အံ့ဩမှင်သက်သွားကြပြီး သူတို့၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ကစားနေကြချေသည်။
“ဒီမြို့ရိုးတွေ အားလုံးက မြေသားတွေကို သိပ်သည်းအောင် လုပ်ထားတာပဲ...” လီကျွင်းက လက်လှမ်းကာ ဆေးရောင်ပြယ်နေသော နံရံကို ကိုင်ကြည့်လိုက်ရာ သူ၏ လက်ချောင်းထိပ်များတွင် အဝါရောင် ရွှံ့စေးလွှာတစ်ခု ကပ်ပါလာချေသည်။ “ရုပ်သံဇာတ်လမ်းတွဲတွေထဲက အုတ်မြို့ရိုးတွေဆိုတာ အတုတွေချည်းပဲ”
ရှီရှောင်ယွီက နှာခေါင်းကိုပိတ်ကာ သူမ၏ မျက်နှာလေးကို ရှုံ့မဲ့လိုက်၏။ “ဒီလမ်းပေါ်မှာ ဘယ်လိုဖြစ်လို့...”
သူမ စကားမဆုံးမီ လီလင်က ဖြတ်ပြောလိုက်၏။ “ဒါက ပုံမှန်ပါပဲ။ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးတဲ့နေရာတွေ အားလုံးက ရုပ်ရှင်စတူဒီယိုတွေလေ.. ဒါကြောင့် သူတို့က မြေသားလမ်းတွေကို ဒီအတိုင်း ထားလို့မရဘူး။ သေချာပေါက် လမ်းခင်းရမှာပဲ”
အဓိက လမ်းမကြီးကို ကျောက်ပြားများဖြင့် ခင်းထားသော်လည်း တစ်ဖက်တစ်ချက်ရှိ ဘေးလမ်းများ အားလုံးမှာ မြေသားလမ်းများသာ ဖြစ်ကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်က မိုးရွာထားပုံရချေသည်။ လမ်းပေါ်တွင် လှည်းဘီးရာများကြောင့် ဖြစ်ပေါ်နေသော ချိုင့်ခွက်နက်ကြီးများ ရှိနေပြီး ရွှံ့ရေများ ပြည့်နေခဲ့သည်။
ခြေဗလာနှင့် ကလေးငယ်အချို့က ရယ်မောပြေးလွှားသွားကြရာ သူတို့၏ ဖာထေးထားသော ဘောင်းဘီခြေထောက်များပေါ်သို့ ရွှံ့ရေများ စင်သွားလေသည်။
“မင်းတို့ သတိထားမိလား။ သူတို့ရဲ့ အဝတ်အစားတွေ အားလုံးက ဖုန်တွေပေပွနေတာပဲ” ရှီရှောင်ယွီက သူမ၏ အသစ်စက်စက် ခရီးသွား ဝတ်စုံကို ဆွဲရင်း တိုးတိုးလေး ပြောလိုက်၏။
သူမသည် အစက သူမ၏ အဝတ်အစားများကို အနည်းငယ် ရွံရှာနေခဲ့သော်လည်း ပတ်ဝန်းကျင်ရှိ လူများနှင့် ယှဉ်လိုက်သောအခါ သူမတို့အဝတ်အစားမှာ တော်တော်လေး ကောင်းမွန်နေသည်ကို တွေ့လိုက်ရသည်။
ပတ်ဝန်းကျင်ရှိ လူများ၏ အဝတ်အစားများမှာ သေသပ်သော်လည်း အများစုမှာ အညိုရောင် အရင့်အနု အမျိုးမျိုး ဖြစ်နေပြီး တစ်ခါတစ်ရံမှသာ အရောင်လွင့်နေသော မဲနယ်ရောင် အဝတ်အစားများက လူအုပ်ထဲတွင် ထင်ရှားစွာ ပေါ်လွင်နေတတ်၏။
ဝူရှောင်ရှီက အဘွားအိုတစ်ဦး၏ အင်္ကျီလက်ကို စိုက်ကြည့်လိုက်သည်။ “အင်္ကျီလက် တစ်ဖက်တည်းမှာတောင် အဖာအထေးက အနည်းဆုံး ငါးခုလောက် ရှိတယ်။ ဒီအင်္ကျီက အဝတ်စုတ်မျိုးစုံကို ဆက်ချုပ်ထားသလိုပဲ..”
ဝူရှောင်ရှီ၏ အကြည့်နောက်သို့ အားလုံး လိုက်ကြည့်လိုက်ရာ အဘွားအို၏ ပိတ်ကြမ်း အင်္ကျီလက်များပေါ်တွင် အရောင်အသွေးစုံလင်သော အဖာအထေးများဖြင့် ပြည့်နှက်နေပြီး ချုပ်ရိုးများမှာလည်း ကောက်ကွေ့ကာ မညီမညာဖြစ်နေသဖြင့် သူမကိုယ်တိုင် ချုပ်ထားကြောင်း သိသာလှချေသည်။
“ဒါက ပိုပြီး လက်တွေ့ကျတယ်..” ဖန်ကောင်းချန်သည် ဓာတ်ပုံရိုက်ရန် သူ၏ဖုန်းကို ခိုးထုတ်လိုက်ပြီး အာမေဍိတ်သံ မထွက်ဘဲ မနေနိုင်တော့ချေ။ “ရုပ်သံဇာတ်လမ်းတွဲတွေထဲက ဆင်းရဲသားပုံစံ ဝတ်ထားတဲ့ ဇာတ်ပို့တွေရဲ့ အဝတ်အစားတွေက ဒါနဲ့ယှဉ်ရင် ပုံပြင်ထဲကလို ဖြစ်နေတာပဲ..”
မြေအိုးရောင်းသူ အချို့သည် လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်နေကြပြီး သူတို့၏ ပန်းကန်လုံးများနှင့် ပန်းကန်ပြားများမှာ ရိုးရှင်းသော ပုံသဏ္ဌာန်များရှိကာ လက်ဗွေရာများ ထင်ရှားစွာ ပေါ်နေခဲ့သည်။
လီလင်သည် မြေပန်းကန်လုံး တစ်လုံးကို အနီးကပ် ကြည့်ရှုရန် မယူဘဲ မနေနိုင်တော့ချေ။ “ဒါက လက်လုပ်စစ်စစ်ပဲ... ခေတ်သစ်ကာလမှာဆိုရင် ဒါက ဘယ်လောက်တောင် ရောင်းရမလဲ”
သူတို့ရှစ်ယောက်မှာ ပြတိုက်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားနေရ၏။ အရာအားလုံးက အသစ်အဆန်းဖြစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းနေချေသည်။
ကျန်းယဲ့က သတိပေးရန် တစ်ခါတစ်ရံ ချောင်းမဟန့်ခဲ့လျှင် ဤငတုံးများက ခေါင်းထဲပေါ်လာသမျှကို မစဉ်းစားဘဲ လျှောက်ပြောနေကြမည်မှာ သေချာ၏။
ဤအချိန်တွင် လူရှစ်ယောက်က ကောက်ရိုးဖိနပ် ပြုလုပ်သော ဈေးသည်တစ်ဦး၏ ဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်နေခဲ့ကြသည်။
လူရှစ်ယောက်၏ အသွင်အပြင်ကို မြင်သောအခါ ဈေးသည်က သူတို့ဟာ ပြည့်စုံကြွယ်ဝသူများမှန်း သိသဖြင့် နွေးထွေးစွာ နှုတ်ဆက်လိုက်၏။
“လူကြီးမင်းတို့ ကောက်ရိုးဖိနပ် ဝယ်ချင်လို့လား” ဈေးသည်က တောက်ပသော အပြုံးဖြင့် မေးလိုက်ပြီး တင်းကျပ်စွာ ရက်လုပ်ထားသော ကောက်ရိုးဖိနပ် တစ်ရံကို ယူလိုက်လေသည်။ “ဒီ လက်မှုပညာကို ကြည့်လိုက်ပါ။ သုံးလလောက် မပျက်မစီးဘဲ ခံမယ်ဆိုတာ အာမခံတယ်...”
ဖန်ကောင်းချန်နှင့် အခြားသူများသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး လီကျွင်းက လက်နှစ်ဖက်ကို ပွတ်သပ်ကာ မေးလိုက်၏။ “ဒါရိုက်တာ ကျန်း... ကျွန်တော်တို့ ဝယ်လို့ရမလား။ ဒါက ချင်မင်းဆက်ရဲ့ လက်မှုပညာ အစစ်ကြီးနော်”
သူတို့တွင် ပိုက်ဆံမပါသဖြင့် သူတို့ကို အချိန်ခရီးသွားနိုင်အောင် ခေါ်လာနိုင်သူ ကျန်းယဲ့ထံမှသာ အကူအညီတောင်းနိုင်ချေသည်။
ကျန်းယဲ့က လေသံကို နှိမ့်ကာ ပြောလိုက်၏။ “ငွေလဲနှုန်းက ၁ အချိုး ၂ ပဲ။ ချင်ဒင်္ဂါး တစ်ပြားကို ယွမ် နှစ်ယွမ် တန်တယ်”
ကျန်းယဲ့တွင် ချင်ဒင်္ဂါးများ ရနိုင်မည့် အစစ်အမှန် နည်းလမ်းရှိသည်ကို မြင်သောအခါ သူတို့၏ ဝယ်ယူလိုစိတ်ကို မထိန်းချုပ်နိုင်တော့ချေ။
၁ အချိုး ၂ ငွေလဲနှုန်းကတော့ သူတို့အတွက် လုံးဝ ပြဿနာမရှိပေ။
“ဝယ်မယ်။ သေချာပေါက် ဝယ်ရမယ်” ကျန်းခိုင်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ “ငါ သုံးရံ လိုချင်တယ်။ မိသားစု အမွေအနှစ်အဖြစ် ယူသွားမလို့”
“ငါ ငါးရံ လိုချင်တယ်” ရှီရှောင်ယွီ၏ မျက်လုံးများ အရောင်လက်သွားရသည်။ “ငါ့ မိဘတွေအတွက်ကော နှစ်ရံ...”
ဤမျှများပြားသော အော်ဒါကို ကြားသောအခါ ဈေးသည်မှာ သူ၏ နှုတ်ခမ်းမွေးများပင် ထောင်သွားမတတ် ဝမ်းသာသွားချေသည်။ “ဒီလောက်အများကြီး ဝယ်မယ်ဆိုရင် ဈေးလျှော့ပေးပါမယ်။ တစ်ရံကို ဒင်္ဂါးသုံးပြားဆိုရင်ကော ဘယ်လိုလဲ”
အားလုံး အံ့သြသွားစေသည်မှာ လူရှစ်ယောက်လုံးက တစ်ပြိုင်နက်တည်း လက်ခါပြလိုက်ခြင်းပင်။ “ဈေးလျှော့ပေးစရာ မလိုပါဘူး..”
“မူလဈေးအတိုင်းပဲ ထားပါ” ဖန်ကောင်းချန်က သူ၏ ရင်ဘတ်ကို ယုံကြည်မှုရှိစွာ ပုတ်လိုက်၏။ “ဘယ်လောက်ပဲဖြစ်ဖြစ်... အဲဒီဈေးပဲ”
ဈေးသည်မှာ မှင်သက်သွားရသည်။ ဖောက်သည်တစ်ဦးက ဈေးဆစ်ရန် ကိုယ်တိုင်ကိုယ်ကျ ငြင်းဆန်သည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ကျန်းယဲ့က ရယ်မောလိုက်လေသည်။ ဤငတုံးများက ချင်မင်းဆက်ရှိ ကုန်ဈေးနှုန်းများကို မသိကြသော်လည်း ပေးတာနည်းသွားပြီး တစ်ဖက်လူ နစ်နာသွားမည်ကို စိုးရိမ်နေကြဆဲဖြစ်သည်။
ကျန်းယဲ့သည် စနစ်မှ ယွမ် ၅၀၀ ကို ချင်ဒင်္ဂါး ၂၅၀ နှင့် လဲလှယ်လိုက်ပြီးနောက် ငွေအိတ်ကို ဖန်ကောင်းချန်ထံ ကမ်းပေးလိုက်၏။
“ဒီမှာ ဒင်္ဂါး ၂၅၀ ရှိတယ်..”
ဖန်ကောင်းချန်သည် ငွေအိတ်ကိုယူကာ ဈေးသည်အား ပြောလိုက်လေသည်။ “ဦးလေး... တစ်ရံကို ဒင်္ဂါးလေးပြား မယူပါနဲ့... တွက်ရလွယ်အောင် တစ်ရံကို ငါးပြား ယူလိုက်... ”
သူက စကားပြောရင်း ငွေအိတ်ထဲမှ ဒင်္ဂါးနှစ်ရာကို ထုတ်ယူလိုက်သည်။ “ကျွန်တော် အရန်လေးဆယ် ယူမယ်..”
ဈေးသည်မှာ လေးလံသော ကြေးဒင်္ဂါးများကို ယူလိုက်စဉ် သူ၏လက်များ တုန်ယင်နေချေသည်။ ဤငွေမှာ ကောက်ရိုးဖိနပ်ရောင်းချရာမှ ရသော သူ၏ တစ်လစာ ဝင်ငွေနှင့်ပင် ညီမျှနေသည်မဟုတ်လော။
“ကျေးဇူးတင်ပါတယ်... အရမ်းကို ကျေးဇူးတင်ပါတယ် သခင်လေးတို့..” ဈေးသည်က ဝမ်းမြောက်ဝမ်းသာ ပြောဆိုကာ အကြိမ်ကြိမ် ကျေးဇူးတင်ကြောင်း ဖော်ပြနေလေသည်။
ရှီရှောင်ယွီက လက်ခါပြလိုက်၏။ “ကျေးဇူးတင်စရာ မလိုပါဘူး။ ဦးလေးနဲ့ ထိုက်တန်ပါတယ်”
ဈေးသည်က ဆိုင်ပေါ်တွင် ကျန်နေသေးသော ဖိနပ်နှစ်ရံကို အဖွဲ့ထံ အလကားပေးရန် ကမ်းလှမ်းသော်လည်း သူတို့က လက်ခါပြကာ အကြိမ်ကြိမ် ငြင်းပယ်ခဲ့ကြသည်။
နောက်ဆုံးတွင် ကျန်ရှိနေသော ထိုဖိနပ်နှစ်ရံကိုပါ ဝယ်ယူလိုက်ကြသည်။
အဖွဲ့သားများ သယ်ဆောင်လာသော ကောက်ရိုးဖိနပ်များကို ကျန်းယဲ့ သတိပြုမိပြီးနောက် အနီးအနားရှိ ဆိုင်တစ်ဆိုင်မှ အဝတ်အိတ်တစ်လုံး ဝယ်လိုက်လေသည်။ “အကုန်လုံးကို အထဲထည့်လိုက်။ ခဏနေရင် ငါတို့ သွားရမယ့် အရေးကြီးတဲ့နေရာ တစ်ခုရှိတယ်”