အခန်း (၁၆) ဖုန်ချန်
လူတိုင်း ကားပေါ်မှ ဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့နောက်ရှိ ကော့စတာဗင်ကားက ရုတ်တရက် အလင်းဖျော့ဖျော့ ထွက်ပေါ်လာပြီး ၎င်း၏ ကိုယ်ထည်သည် ရေပြင်ပေါ်ရှိ လှိုင်းကြက်ခွတ်များကဲ့သို့ ယိမ်းယိုင်သွားလေသည်။
“မင့်အဖွား... ကားဘယ်ရောက်သွားတာလဲ” ဖန်ကောင်းချန်သည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ လေထဲတွင် ကားက တဖြည်းဖြည်း ပွင့်လင်းမြင်သာလာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်ကို ဘာမှမတတ်နိုင်ဘဲ ကြည့်နေလိုက်ရသည်။
“ဒါ...ဒါက မှော်ပညာလား”
“ငါတို့တောင် အချိန်ခရီးသွားပြီး ရောက်လာသေးတာပဲ.... ဒီကား ပျောက်သွားတာ ပုံမှန်ပါပဲ” ကျန်းခိုင်က တည်ငြိမ်စွာပင် အော်ဟစ်နေသော လူအုပ်ကို အထင်သေးဟန်ဖြင့် ကြည့်ကာ ပြောလိုက်ချေသည်။
ရှီရှောင်ယွီက အနည်းငယ် စိုးရိမ်တကြီးဖြင့် “ဒီကား ပျောက်သွားပြီဆိုတော့ ငါတို့ ပြန်သွားလို့ မရတော့ဘူးလား”
ကားပျောက်ကွယ်သွားမှုကြောင့် အားလုံး အံ့အားသင့်နေချိန်မှာပင် ကျန်းယဲ့၏ စိတ်ထဲတွင် စနစ်၏ အေးစက်စက် စက်သံ ထွက်ပေါ်လာလေသည်။
[ဒင်... ခရီးသွားတာဝန် စတင်ပါပြီ- ကျေးဇူးပြု၍ ခရီးသွားများကို ဖုန်ချန် ရှုခင်းသာနေရာသို့ ခေါ်ဆောင်သွားပြီး “ချင်ရှီဟွမ်နှင့် တွေ့ဆုံခြင်း” အစီအစဉ်ကို ခံစားခွင့်ပြုပါ။]
[တာဝန် ဆုကြေး- လေးပစ်ကျွမ်းကျင်မှု (အမြင့်ဆုံး ပစ်မှတ်ကို ချိန်ရွယ်ခြင်း)]
ကျန်းယဲ့၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားရသည်။
‘စနစ်က တာဝန်တွေကို တကယ် ရွေးတတ်တာပဲ’
‘ချင်ရှီဟွမ်နဲ့ တွေ့ရမယ်...’
‘ဒါက နည်းနည်း အရမ်းခက်လွန်းနေတာ မဟုတ်ဘူးလား’
‘ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ သိမ်းခံခဲ့ရတဲ့ ဖုန်းတွေကို ပထမဧကရာဇ်ဆီ ပို့ပြီးပြီလား မသိဘူး။ တကယ်လို့ ပို့ပြီးသွားရင်တော့ ဒီတစ်ခေါက် သူ့ကို တွေ့ဖို့ အခွင့်အရေးက အများကြီး တိုးလာလိမ့်မယ်’
‘အဲဒီလိုမှ မဟုတ်ရင်လည်း ပထမဧကရာဇ်အနားကို ချဉ်းကပ်ဖို့ နည်းလမ်းရှာရမှာပဲ...’
ကျန်းယဲ့ ခဏတာ စဉ်းစားလိုက်၏။ စနစ်၏ ခရီးသွားတာဝန်များနှင့် ယခင်၊ ယခု တာဝန်များအရ နောက်တစ်ခုမှာ ပထမဧကရာဇ်နှင့် သက်ဆိုင်နိုင်ခြေ အများဆုံးဖြစ်လေသည်။
သေချာသည်မှာ နောက်တစ်ကြိမ်တွင် စနစ်က သူတို့ကို ခေါင်ဖျားပြီး လူသူမသိသော နေရာတစ်ခုခုသို့ ပို့လိုက်နိုင်ခြေလည်း ရှိသည်။ ဘယ်သူ သိနိုင်မည်နည်း။
တိုတိုပြောရလျှင် ဘာမဆို ဖြစ်နိုင်ပေသည်။
သို့သော်လည်း အနာဂတ်အတွက် ကျန်းယဲ့က ပထမဧကရာဇ်၏ ယုံကြည်မှုကို မည်သို့ရယူရမည်ကို ကြိုတင် စီစဉ်နေပြီ ဖြစ်သည်။
သူ တွေးနေရာမှ သတိဝင်လာသောအခါ ထိုလူရှစ်ယောက်ကို စိတ်အေးစေမည့် အပြုံးတစ်ခု ပြုံးပြလိုက်၏။ “မလန့်ပါနဲ့... ဒါက ကျွန်တော်တို့ ခရီးသွားအေဂျင်စီရဲ့ ကွမ်တမ်တယ်လီပို့ နည်းပညာပါ။ ကားကို ခေတ္တ ပြန်သိမ်းသွားရုံလေးပါ။ ခရီးစဉ်ပြီးဆုံးသွားရင် ကျွန်တော်တို့ကို အလိုအလျောက် ပြန်ပို့ပေးပါလိမ့်မယ်”
ထို ကွမ်တမ်တယ်လီပို့ နည်းပညာဆိုသည်မှာ လုံးဝ အဓိပ္ပာယ်မရှိသော အာပလာသာဖြစ်၏။
ပြီးခဲ့သောတစ်ကြိမ်က ထိုမေးခွန်းကြောင့် အခက်တွေ့ခဲ့ရသဖြင့် ခရီးသွားလမ်းညွှန်တစ်ဦးအနေဖြင့် ကျန်းယဲ့သည် နောက်ပိုင်းတွင် သေချာပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး လျှောက်ပြောမည့်အစား ယုတ္တိရှိသော ရှင်းပြချက်တစ်ခုကို တွေးထားခဲ့ခြင်းပင်။
ဝူရှောင်ရှီက ကျန်းယဲ့ကို ကောက်ကျစ်စွာ ပြုံးပြရင်း “ဒါရိုက်တာကျန်း... ခင်ဗျားက အချိန်နဲ့ ဟင်းလင်းပြင် စီမံခန့်ခွဲမှုဌာနက ကိုယ်စားလှယ်တစ်ယောက်တော့ မဟုတ်ပါဘူးနော်”
“သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားတွေ သိပ်မကြည့်နဲ့...” ကျန်းယဲ့က သူ့ပခုံးကို ပုတ်ကာ လေသံကိုနှိမ့်ပြီး လျှို့ဝှက်စွာ ပြောလိုက်၏။ “အခု ကျွန်တော်တို့ သွားရမယ့် စိတ်လှုပ်ရှားစရာ ခရီးစဉ်တစ်ခု ရှိတယ်”
“ဘာလဲ...” အဖွဲ့က စပ်စုလိုစိတ်ဖြင့် မေးလိုက်ကြ၏။
“ချင်ရှီဟွမ်ကို လူကိုယ်တိုင် တွေ့ချင်ကြလား”
“ဘာ...” လူရှစ်ယောက်လုံး ပြိုင်တူ အော်ဟစ်လိုက်ကြရာ သူတို့၏ အသံများပင် ပြောင်းလဲသွားရသည်။
ကျန်းယဲ့သည် စနစ်၏ လမ်းညွှန်ကို ဖွင့်ကာ အားလုံးကို ခေါ်လိုက်၏။ “ကျွန်တော့်နောက် လိုက်ခဲ့ကြ”
လူရှစ်ယောက်သည် စိတ်အားထက်သန်စွာ နောက်မှ လိုက်သွားကြလေသည်။
“ဒါရိုက်တာကျန်း... ခင်ဗျား တကယ်ပဲ ချင်ရှီဟွမ်နဲ့ ပေးတွေ့မှာလား”
အချိန်တိုင်း၏ ပထမဆုံး ဧကရာဇ်နှင့် တွေ့ရမည့်အကြောင်း တွေးမိသောအခါ ဖန်ကောင်းချန်၏ ပါးပြင်များက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာခဲ့ရသည်။
ကျန်းယဲ့ စကားမပြောနိုင်မီ ကျန်းခိုင်က အရင်ပြောလိုက်လေသည်။ “ဒါရိုက်တာကျန်းက ငါတို့ကို ချင်မင်းဆက်ဆီ ပြန်ခေါ်လာနိုင်တာဆိုတော့ ချင်ရှီဟွမ်နဲ့ ပေးတွေ့ဖို့ဆိုတာ သူ့အတွက် အသေးအဖွဲ ကိစ္စလေးပါ”
ထိုသို့ပြောပြီးနောက် သူက ကျန်းယဲ့ကို မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလိုက်၏။ “ဒါရိုက်တာ ကျန်း... ခင်ဗျားလည်း အဲဒီလို မထင်ဘူးလား”
ကျန်းယဲ့က ခြောက်ကပ်ကပ် နှစ်ချက်ခန့် ရယ်လိုက်ချေသည်။
‘ခင်ဗျားရဲ့ ချီးကျူးစကားအတွက် ကျေးဇူးပါပဲ...’
နာရီဝက်ခန့် အကြာတွင် ထွန်ခြစ်များနှင့် ဓားမများကို ကိုင်ဆောင်ထားသော တောင့်တင်းခိုင်မာသည့် အမျိုးသား တစ်ဒါဇင်ခန့်က အဘိုးအိုလယ်သမား၏ နောက်မှ မြေသားလမ်းဘေးသို့ အလျင်စလို လိုက်ပါလာခဲ့ကြသည်။
အဖွဲ့ကို ဦးဆောင်လာသော ရွာလူကြီးက ချွေးများကို သုတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဗလာဖြစ်နေသော မြေသားလမ်းပေါ်တွင် ထူးဆန်းသော ဘီးရာအချို့ကိုသာ တွေ့လိုက်ရချေသည်။
သို့သော် လူစားသည့် စတုဂံပုံ သတ္တဝါဆန်းကြီး၏ အရိပ်အယောင်မျှပင် မရှိခေေ။
“ဦးလေးချန်... ခင်ဗျားပြောတဲ့ သတ္တဝါဆန်းက ဘယ်မှာလဲဗျ...” လူငယ်တစ်ဦးက ဓားမရိုးဖြင့် ပျော့ပျောင်းသော မြေကြီးကို ထိုးဆွရင်း သံသယအပြည့်ဖြင့် မေးလိုက်ချေသည်။
အဘိုးအိုလယ်သမားမှာလည်း တွေဝေသွားရသည်။ သူက မြေပြင်ပေါ်ရှိ ယှဉ်ပြိုင်နေသော အရာနက်ကြီး နှစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ဒီနေရာမှာပဲ။ ငါ့မျက်စိနဲ့တပ်အပ် မြင်လိုက်တာ။ သတ္တဝါဆန်းကြီးမှာ ဘီးလေးဘီး ပါတယ်.. ဒါပေမဲ့ မြင်းမပါဘူး။ ပြီးတော့ သူ့ဗိုက်ထဲမှာ လူတွေကို ပိတ်လှောင်ထားတယ်။ အဲဒီလူတွေက ကြောက်လန့်တကြား အော်ဟစ်နေကြတာ...”
သူက စကားပြောရင်း လက်ဟန်ခြေဟန်ဖြင့် ပြကာ “သူတို့ကို ကယ်ပါဦးလို့ ငါ့ကို ပြောနေကြတာ..”
ရွာမှ မုဆိုးသည် မျက်မှောင်ကြုတ်ကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေပြင်ပေါ်ရှိ ချိုင့်ဝင်နေသော အရာကို စမ်းသပ်ကြည့်လိုက်၏။
ထို့နောက် မော့ကြည့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်လေသည်။ “ဒါက လှည်းဘီးရာနဲ့ တူတယ်... ဒါပေမဲ့ နည်းနည်းတော့ ကွာတယ်”
ရွာသားများက ကိုယ်တိုင် မမြင်ရသဖြင့် ထိုအရာတစ်ခုတည်းကို အခြေခံပြီး မယုံကြည်ကြချေ။
“အဘလီ... ခင်ဗျား အမြင်မှားတာများလား။ ဒီလို လူသူကင်းမဲ့တဲ့ တောကြိုတောင်ကြားမှာ ဘယ်လို သတ္တဝါဆန်းမျိုးက ရှိနေမှာလဲ”
“ဇိမ်ခံလှည်းကြီးကို လူစားတဲ့ သတ္တဝါဆန်းလို့ အထင်မှားနေတာများလား... ”
သူ့ကို မည်သူမျှ မယုံကြည်ကြသည်ကို မြင်သောအခါ အဘလီမှာ အလွန် စိုးရိမ်လာရသည်။ “ဒါ လုံးဝ အမှန်ပဲ... အဲဒီ အကောင်ကြီးက တကယ်ကို ကြောက်စရာကောင်းတယ်။ အဲဒါက... လေထဲကနေ ရုတ်တရက် ထွက်လာတာ...”
ပတ်ဝန်းကျင် တစ်ဝိုက်တွင် ရှာဖွေမှု အချည်းနှီး ဖြစ်သွားပြီးနောက် အဘလီ မည်သို့ပင် ပြောစေကာမူ မည်သူကမျှ မယုံကြည်တော့ချေ။ သူသည် အပူဒဏ်ကြောင့် ခေါင်းမူးကာ အမြင်မှားနေခြင်းသာ ဖြစ်မည်ဟု ယူဆလိုက်ကြ၏။
............
မြွေလိမ်မြွေကောက် မြေသားလမ်းတစ်လျှောက် သွားလာခဲ့ရာ လမ်းတစ်လျှောက် ရပ်တန့်လိုက် သွားလိုက်ဖြင့် နှစ်နာရီခန့် ကြာပြီးနောက် ခမ်းနားထည်ဝါသော မြို့ရိုး၏ အကောက်အကြောင်းက အဝေးမှ မိုးကုပ်စက်ဝိုင်းပေါ်တွင် နောက်ဆုံး၌ ပေါ်ထွက်လာချေသည်။
“ဟိုမှာ ကြည့်... အဲဒါ မြို့ကြီး မဟုတ်လား” ရှီရှောင်ယွီသည် ရှေ့သို့ လက်ညှိုးထိုးကာ ပထမဆုံး အော်ပြောလိုက်၏။
သူမ ညွှန်ပြရာဘက်သို့ အားလုံး ကြည့်လိုက်ကြရာ မိုးကုပ်စက်ဝိုင်းပေါ်တွင် နဂါးကြီးတစ်ကောင်ကဲ့သို့ ရစ်ခွေနေသော မီးခိုးရောင်သန်းနေသည့် အညိုရောင် မြေသားမြို့ရိုးကြီးကို မြင်လိုက်ရသည်။
မြို့တံခါးမျှော်စင်ထိပ်တွင်မူ အနက်ရောင် အလံများက လေတိုက်ရာတွင် လွင့်မျောနေချေသည်။
“အဲဒါ ဘယ်လို မြို့မျိုးလဲ မသိဘူး”
ကျန်းခိုင်သည် ကျန်းယဲ့ဘက်သို့ လှည့်ကြည့်ကာ “ဒါရိုက်တာကျန်း... အဲဒါ ဘယ်မြို့လဲ သိလား”
စနစ်၏ မြေပုံအရ ရှေ့တွင် ပေါ်နေသော မြို့မှာ ချင်မင်းဆက်မှ ဖုန်ချန်မြို့ပင်။
“ဖုန်ချန်မြို့ပဲ... ” ကျန်းယဲ့က ပြန်ဖြေလေသည်။
သမိုင်းကို အတော်အသင့် နားလည်ထားသော ဝူရှောင်ရှီက သူ၏ နဖူးကို ရိုက်ကာ အံ့အားသင့်စွာ အော်ပြောလိုက်၏။ “ချင်ရှီဟွမ် အရှေ့ဘက်ကို ခရီးထွက်တုန်းက တစ်ထောက်နားခဲ့တဲ့ နေရာတွေထဲက တစ်ခုက ဖုန်ချန်ဆိုပြီး သမိုင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတာကို ငါ မှတ်မိတယ်”
အခြားသူများက အစောပိုင်းက ကျန်းယဲ့ ပြောခဲ့သည်ကို သတိရသွားပြီး ချက်ချင်း သဘောပေါက်သွားကြသည်။
“ဒါဆို အခု ငါတို့က ချင်ရှီဟွမ်ရဲ့ အရှေ့ဘက် ခရီးစဉ်ကို ရောက်နေတာပေါ့။ သူ ဖုန်ချန်မှာ ရှိနေတယ်”
“ဟားဟား... မမှားနိုင်ဘူး”
“ဒါရိုက်တာကျန်းက ငါတို့တွေ ဘီစီ ၂၁၈ကို ရောက်နေတာလို့ အစောက ပြောထားတယ် မဟုတ်လား။ ဒါ ယင်းကျန့်ရဲ့ ဒုတိယအကြိမ် အရှေ့ဘက် ခရီးစဉ် လမ်းကြောင်း မဟုတ်လား” ဝူရှောင်ရှီက ခေါင်းထဲတွင် မီးသီးလင်းသွားသကဲ့သို့ စိတ်လှုပ်ရှားစွာ ပြောလိုက်ချေသည်။
“ချင်ရှီဟွမ်နဲ့သာ တွေ့ရမယ်ဆိုရင် သေသွားရင်တောင် နောင်တရမှာ မဟုတ်ဘူး” လီကျွင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ဒီကောင်တွေ ပိုပိုပြီး စိတ်လှုပ်ရှားလာသည်ကို မြင်သောအခါ ကျန်းယဲ့က အလျင်အမြန် သတိပေးလိုက်ရသည်။ “အသံနှိမ့်ထားကြ... ဆူဆူညံညံ မလုပ်နဲ့။ အခု မင်းတို့က ချင်မင်းဆက်က သာမန်ပြည်သူတွေ ဆိုတာကို မှတ်ထား”
လူရှစ်ယောက်က ကြက်ပေါက်လေးများ ဆန်စေ့ကောက်စားသကဲ့သို့ လိမ္မာစွာ ခေါင်းညိတ်ပြလိုက်ကြသည်။
သူတို့ မြို့အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ တရားဝင်လမ်းမကြီးမှာ တဖြည်းဖြည်း စည်ကားလာချေသည်။
ထင်းထမ်းလာသော ထင်းခုတ်သမားများ၊ လက်တွန်းလှည်းများကို တွန်းလာသော ကုန်သည်များနှင့် ဝါးခြင်းတောင်းများကို သယ်လာသော အမျိုးသမီးများက အဆက်မပြတ် သွားလာနေခဲ့ကြသည်။
လူတိုင်းက ကြမ်းတမ်းသော ပိတ်ကြမ်း အင်္ကျီတိုများကို ဝတ်ဆင်ထားပြီး ဆံပင်များကို ကောက်ရိုးကြိုးဖြင့် ဆံထုံး ထုံးထားကြချေသည်။ သူတို့၏ မျက်နှာများတွင်မူ လေဒဏ် မိုးဒဏ် ခံထားရသော လက္ခဏာများ ရှိနေခဲ့သည်။
သူတို့အဖွဲ့၏ အရှေ့မှ လမ်းလျှောက်လာသော ထင်းထမ်းထားသည့် အဘိုးအိုတစ်ဦးက သူ၏ အဖော်ဖြစ်သူနှင့် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စကားစမြည် ပြောဆိုနေခဲ့သည်။
“မင်း ကြားပြီးပြီလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နတ်ဘုရားတစ်ပါး လူ့ပြည်ကို ဆင်းသက်လာပြီး အရှင်မင်းကြီးကို ရတနာတစ်ခု ဆက်သသွားတယ်တဲ့” အဘိုးအိုက လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ဟုတ်တယ်လေ။ ငါ့ရဲ့ ဝမ်းကွဲအစ်ကိုက အရေးပိုင်ရုံးမှာ အလုပ်လုပ်တာ... သူ ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်လိုက်ရတာတဲ့” ဘေးနားရှိ ပိန်ပိန်ပါးပါး လူက လျှို့ဝှက်စွာ လက်ဟန်ခြေဟန်ဖြင့် ပြလိုက်၏။
“အဲဒီ ရတနာက စတုရန်းပုံစံဖြစ်ပြီး လက်ဝါးအရွယ်အစားပဲ ရှိတယ်။ သူက လေထဲကနေ အလင်းရောင် ထုတ်ပေးနိုင်တယ်.... မီးရှူးတိုင် ဆယ်ခုထက်တောင် ပိုလင်းသေးတယ်တဲ့။ ညဘက်မှာ အဲဒါကို ထွန်းထားရင် နေ့ခင်းလိုပဲ လင်းထိန်နေတာပဲတဲ့”
ဖန်ကောင်းချန်နှင့် အခြားသူများက အာရုံစိုက် နားထောင်နေကြပြီး ဤရှေးခေတ်လူများက ဇာတ်လမ်းဆင်ရာတွင် အမှန်တကယ် တော်ကြသည်ဟု တွေးလိုက်ကြ၏။
‘ဒါပေမဲ့ ပိုနားထောင်လေလေ တစ်ခုခု လွဲနေသလိုပဲ...’
“အံ့ဩစရာ အကောင်းဆုံးက လာဦးမှာ” အခြား ဈေးသည်တစ်ဦးက အနားသို့ ကပ်လာကာ မျက်လုံးကို မှေး၍ လျှို့ဝှက်စွာ ပြောလိုက်လေသည်။ “အဲဒီ ရတနာက လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ဖမ်းယူနိုင်တယ်တဲ့။ လူတစ်ယောက်ရဲ့ မျက်နှာကို ချိန်လိုက်ရုံနဲ့ သူတို့ရဲ့ ဝိညာဉ်ကို လက်ဝါးအရွယ်အစား စတုရန်းတုံးလေးထဲကို စုဆောင်းနိုင်ပြီး အသက်ဝင်လာအောင် လုပ်နိုင်တယ်တဲ့”
ကျန်းခိုင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ “သောက်ကျိုးနည်း..... ဒါက လက်ကိုင်ဖုန်းနဲ့ တူနေတယ်...”
တခြားသူများ၏ အာရုံစိုက်မှုကို မရစေရန် လီကျွင်းက သူ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ရသည်။
ရှီရှောင်ယွီက လေသံကို နှိမ့်ကာ ပြောလိုက်၏။ “သူတို့ ပြောနေတာက လက်ကိုင်ဖုန်း အကြောင်းနဲ့ တူနေတယ်...”
“ငါတော့ အဲဒီလို မထင်ဘူး” လီကျွင်းက ခေါင်းခါလိုက်လေသည်။
ဖန်ကောင်းချန်က တစ်ခုခုကို သဘောပေါက်သွား၏။ သူတို့က ချင်မင်းဆက်သို့ လာသော ပထမဆုံးလူများ မဟုတ်ကြချေ။
“ငါ အရင်ကပြောခဲ့တဲ့ ဘလော့ဂါအကြောင်းကို မင်းတို့အားလုံး မေ့သွားကြပြီလား။ သူတို့က ချင်မင်းဆက်ကို ရောက်ဖူးကြတယ်လေ။ ဒါက ချင်ရှီဟွမ်ကို သူတို့ ဆက်သခဲ့တာများ ဖြစ်နိုင်မလား”
လူရှစ်ယောက်လုံးသည် အမှန်တရားကို သိသော တစ်ဦးတည်းသောသူ ဖြစ်သည့် ကျန်းယဲ့ကို လှည့်ကြည့်လိုက်ကြ၏။