အခန်း (၁၅) ချင်မင်းဆက်သို့ ဒုတိယအကြိမ် သွားရောက်ခြင်း
ကားပေါ်ရောက်ပြီးနောက် ကျန်းယဲ့သည် ပထမဆုံးခုံတန်းတွင် တင်ထားသော အထုပ်တစ်ထုပ်ကို တွေ့လိုက်ရ၏။
ကျန်းယဲ့က အထုပ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် စနစ်ထံမှ သူဝယ်ယူထားသော အဝတ်အစားများ၊ ဆံပင်တုများနှင့် ကိုယ်ကာကွယ်ရေး စတစ်ကာများ ပါဝင်နေခဲ့သည်။
“ဦးလေး... သွားကြစို့”
ယာဉ်မောင်းက ကားတံခါးကို ပိတ်ကာ ကားစက်နှိုးလိုက်သည်။
ကျန်းယဲ့သည်လည်း ငြိမ်မထိုင်နေချေ။ သူက မိုက်ကရိုဖုန်းကို ယူကာ မိမိကိုယ်ကို မိတ်ဆက်ခြင်းဖြင့် စတင်လိုက်၏။ “ကျွန်တော်ကတော့ ဒီခရီးစဉ်အတွက် ခင်ဗျားတို့ရဲ့ ခရီးသွားလမ်းညွှန် ကျန်းယဲ့ပါ။ လမ်းခုလတ်မှာ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော့်ကို အသိပေးပါ။ ကျွန်တော်တို့ သွားမယ့် ချင်မင်းဆက်က သာမန်နေရာ မဟုတ်တဲ့အတွက် သေချာပေါက်...”
သူတို့ ပြဿနာတစ်ခုခု ရှာမည်စိုးသဖြင့် ကြိုတင်ကာကွယ်ရမည့် အချက်များအားလုံးကို ကျန်းယဲ့က နောက်တစ်ကြိမ် ထပ်မံ သတိပေးလိုက်၏။
“အခု ခရီးသွားအဝတ်အစားတွေနဲ့ ခရီးသွားဦးထုပ်တွေကို ဝေပေးပါမယ်”
ကျန်းယဲ့သည် ရှေ့ဆုံးတန်းတွင် ထိုင်နေသော ဖန်ကောင်းချန်ကို ချင်မင်းဆက် အဝတ်အစားတစ်စုံနှင့် ဆံပင်တုတစ်ခု ကမ်းပေးလိုက်သည်။
ဖန်ကောင်းချန်သည် ဆံပင်တုကို အနည်းငယ် ရွံရှာဟန်ဖြင့် ယူလိုက်၏။ “ဒါကြီးကို တကယ် ဝတ်ရမှာလား...”
ကျန်းယဲ့က ခေါင်းညိတ်ပြလိုက်၏။ “မဝတ်ရင် ခင်ဗျားရဲ့ ဆံပင်နဲ့ဆို ချင်မင်းဆက်ကို ရောက်ရောက်ချင်း သတ္တဝါဆန်းတွေလို့ သတ်မှတ်ခံရပြီး အဖမ်းခံရ... အသတ်ခံရလိမ့်မယ်”
ဖန်ကောင်းချန်သည် သူ၏ ဆံပင်အနီကို ပွတ်သပ်လိုက်၏။ “အဓိပ္ပာယ်ရှိသားပဲ...”
ကျန်းခိုင်သည် ကျန်းယဲ့ထံမှ ဆံပင်တုကို ယူကာ ပြုံးလျက် နောက်ပြောင်လိုက်ချေသည်။ “ဟားဟား... မင်းရဲ့ ချင်မင်းဆက် နေ့ချင်းပြန် ခရီးစဉ်က တကယ် ထူးခြားတာပဲ။ တခြားသူတွေရဲ့ ခရီးသွားဦးထုပ်က ရိုးရိုး ခရီးသွားဦးထုပ်တွေပဲ... မင်းရဲ့ ခရီးသွားဦးထုပ်က တကယ့်ဆံပင်တုကြီး ဖြစ်နေတယ်”
အဖွဲ့ထဲတွင် တစ်ဦးတည်းသော မိန်းကလေးဖြစ်သည့် ရှီရှောင်ယွီက မီးခိုးရောင် အဝတ်အစားများကို မနှစ်မြို့စွာ ကြည့်ကာ ပြောလိုက်လေသည်။ “ဒါရိုက်တာ ကျန်း... ပိုတောက်ပတဲ့ အရောင်လေးတွေ လဲလို့မရဘူးလား။ ဒီအဝတ်အစားတွေက အရမ်း အရုပ်ဆိုးလွန်းတယ်”
“ဒါက ချင်မင်းဆက်က သာမန်ပြည်သူတွေ ဝတ်ဆင်တဲ့ ပုံစံပါ။ တကယ်လို့ ပြောင်းဝတ်လိုက်ရင် တူတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ရုပ်လုံးပေါ်လို့ မဖြစ်ဘူး... ဒါကြောင့် ဒီအတိုင်းပဲ ဝတ်ပေးပါ”
လီကျွင်းက ပြုံးလျက် ပြောလိုက်လေသည်။ “ငါကတော့ တော်တော်လေး ကောင်းတယ်လို့ ထင်တာပဲ”
သူက ဆံပင်တုကို ခေါင်းပေါ်တွင် စွပ်လိုက်ရာ ချင်မင်းဆက်ပုံစံ အမျိုးသားဆံထုံးက သူ၏ ဦးရေပြားနှင့် ကွက်တိကျစွာ အံဝင်ခွင်ကျ ဖြစ်သွားပြီး သဘာဝအတိုင်း ပေါက်နေသကဲ့သို့ ဖြစ်သွားချေသည်။
သူက လက်လှမ်းကာ စမ်းကြည့်လိုက်၏။ အထိအတွေ့မှာ အစစ်နှင့် ခွဲခြား၍မရနိုင်အောင် ဖြစ်နေပြီး ဆံထုံး ထုံးထားပုံမှာပင် ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေလေသည်။
“ဟေ့... ဒါကြီးက အံ့ဩစရာကောင်းလိုက်တာဟ” လီကျွင်းသည် သူ၏ဖုန်း ကင်မရာရှေ့တွင် ဘယ်ညာ လှည့်ကြည့်ကာ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ “ငါ့ခေါင်းပေါ်မှာ တကယ်ပေါက်နေသလိုပဲ...”
“တကယ်ပဲ အဲဒီလောက် အံ့ဩစရာကောင်းလို့လား” ကျန်းခိုင်က အနည်းငယ် သံသယဖြစ်သွားရသည်။
အခြားသူများကလည်း သံသယမျက်လုံးများဖြင့် ကြည့်နေကြလေသည်။
“မင်းတို့ စမ်းကြည့်လိုက်ရင် သိလာမှာပါ” လီကျွင်းက ပြုံးလျက် ပြောလိုက်၏။
ကျန်းခိုင်သည် ဆံပင်တုကို ခေါင်းပေါ်စွပ်လိုက်ပြီး သူ၏ဆံပင်ကို ချိန်ညှိရန် ပြင်လိုက်စဉ် ထိုဆံပင်တုမှာ အသိဉာဏ်ရှိနေသကဲ့သို့ သူ၏ ခေါင်းပုံစံနှင့် အလိုအလျောက် အံဝင်ခွင်ကျ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
ဆံထုံးမှ ကျဆင်းလာသော ဆံပင်အချို့မှာ သူ၏ နားရွက်များကိုပင် သဘာဝကျကျ ထိတွေ့နေလေသည်။
“သောက်ကျိုးနည်း...” ကျန်းခိုင်က အာမေဍိတ်သံ ထွက်သွားရသည်။ “ဒါက ခေတ်ရှေ့ပြေးနေတဲ့ နည်းပညာ တစ်ခုခုများလား”
“ဘုရားရေ... တကယ် အံ့ဩစရာပဲဟ” ကျိန့်ချန်ကလည်း အော်ပြောလိုက်မိသည်။
သူတို့ တစ်ယောက်ပြီးတစ်ယောက် အံ့ဩနေကြသည်ကို မြင်သောအခါ ရှီရှောင်ယွီဟာ အဝတ်အစားကို မကြိုက်သည်ကိုပင် မေ့သွားပြီး သူမ၏ ဆံပင်တုကို စမ်းဝတ်ကြည့်ရန် အလျင်အမြန် စွပ်လိုက်ချေသည်။
သူမခေါင်းပေါ်ရှိ ဖုန်ကပ်နေသော ပိတ်ကြမ်းဆံထုံးမှာ ချင်မင်းဆက်ရှိ အမျိုးသမီးများအကြား ခေတ်စားသော ဆံထုံးပုံစံအဖြစ် အလိုအလျောက် ရစ်ခွေသွားပြီး နဖူးရှေ့တွင် ဆံပင်အချို့ သဘာဝကျကျ ကျဆင်းနေကာ သူမ၏ ရွံရှာနေသော မျက်နှာကိုပင် ပို၍ ရှေးဆန်သွားစေခဲ့သည်။
“ဘုရားရေ...” ရှီရှောင်ယွီသည် သူမ၏ ဖုန်းကင်မရာကို ကြည့်ကာ မျက်တောင်ခတ်လိုက်၏။ “ဒီဦးထုပ်က အသက်ရှင်နေတာလား။ ဆိုင်မှာ ကောက်ထားတဲ့ ဆံပင်ထက်တောင် ပိုပြီး သဘာဝကျနေသေးတယ်”
ဖန်ကောင်းချန်သည် ဆံပင်တုကို နောက်ဆုံးမှ စွပ်လိုက်သူဖြစ်ပြီး အစက ရယ်စရာကောင်းနေသော မြင်ကွင်းမှာ ရုတ်တရက် တည်ငြိမ်သွားလေသည်။
ချင်မင်းဆက်ပုံစံ ဆံထုံးများ ထုံးထားသော ခေတ်သစ်လူ ရှစ်ဦးက လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်မှ လူများနှင့် တူနေပြီး သူတို့ကိုယ်တိုင်ပင် မှင်သက်သွားကြရသည်။
ကျန်းယဲ့သည် ရင်ဘတ်ပေါ် လက်ပိုက်လျက် ရပ်ကာ အံ့ဩမှင်သက်နေသော လူရှစ်ယောက်ကို စောင့်ကြည့်နေခဲ့သည်။
‘ဒါက ဘာမှမဟုတ်သေးဘူး...’
‘ချင်မင်းဆက်ဆီကို အချိန်ခရီးသွားပြီးရင် ဒါက အမြည်းလေးပဲ ရှိသေးတယ်ဆိုတာ မင်းတို့ သဘောပေါက်သွားလိမ့်မယ်...’
ကော့စတာ ဗင်ကားသည် အဝေးပြေးလမ်းမကြီးတစ်လျှောက် ချောမွေ့စွာ မောင်းနှင်နေပြီး ခရီးသည်များမှာ သူတို့၏ ချင်မင်းဆက် အဝတ်အစားများကို စူးစမ်းလိုစိတ်ဖြင့် ချိန်ညှိနေကြဆဲဖြစ်၏။
လီကျွင်းသည် ပြတင်းပေါက်မှ သူ၏ ပုံရိပ်ကို ဆက်တိုက် ကြည့်နေပြီး ကျန်းခိုင်ကမူ ရှေးဟောင်း လေသံဝဲဝဲဖြင့် တမင်တကာ စကားပြောနေသဖြင့် ရှီရှောင်ယွီမှာ မျက်လုံးလှန်ကြည့်ရသည်အထိ ဖြစ်နေခဲ့ရသည်။
“ရှေ့နားမှာ ပိုင်ထန်ဝူလိုဏ်ခေါင်းထဲ ဝင်တော့ပါမယ်။ ကျေးဇူးပြု၍ အရှိန်လျှော့ပါ” ကား၏ လမ်းညွှန်စနစ်မှ စက်သံဖြင့် သတိပေးချက် ထွက်ပေါ်လာချေသည်။
ကျန်းယဲ့သည် ခရီးသွားလမ်းညွှန် မိုက်ကရိုဖုန်းကို ချိန်ညှိလိုက်၏။ “အားလုံးပဲ ငြိမ်ငြိမ်ထိုင်ပေးပါ”
စကားပင် မဆုံးသေးမီ ကားက မှောင်မိုက်သော လိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားချေပြီ။ လိုဏ်ခေါင်း ထိပ်မှ မီးရောင်များက အချိန်စင်္ကြံလမ်းတစ်ခုကဲ့သို့ ကားပြတင်းပေါက်များပေါ်တွင် ပုံမှန် အရိပ်များ ကျရောက်နေစေခဲ့သည်။
နောက်ခဏ၌ ရုတ်တရက် အရှေ့ဘက် လိုဏ်ခေါင်းအဆုံးတွင် မျက်စိကျိန်းလောက်သော အလင်းရောင်တစ်ခု ပေါ်ထွက်လာလေသည်။
အလင်းရောင်က ဒြပ်ထုတစ်ခုကဲ့သို့ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ကားအခန်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား၏။
“ဘာဖြစ်တာလဲ” ဖန်ကောင်းချန်သည် မသိစိတ်ဖြင့် လက်ကိုမြှောက်ကာ မျက်လုံးများကို ကာလိုက်သည်။
“လိုဏ်ခေါင်းမီး ပျက်သွားတာလား” ရှီရှောင်ယွီက ထိတ်လန့်တကြား မေးလိုက်၏။
အဖြူရောင်အလင်းတန်းမှာ ပိုမို အားကောင်းလာသဖြင့် အားလုံး မျက်စိမှိတ်ထားရလေသည်။ တောက်ပသောအလင်းရောင် နောက်ဆုံးတွင် ပျောက်ကွယ်သွားသောအခါ အားလုံးက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ကြပြီး သူတို့၏ ထိုင်ခုံများပေါ်တွင် မှင်သက်သွားကြရသည်။
မူလ လိုဏ်ခေါင်းနံရံများ ပျောက်ကွယ်သွားပြီး အဆုံးမရှိသော လယ်ကွင်းပြင်ကြီးဖြင့် အစားထိုးခံလိုက်ရ၏။
အဝေးမှ တောင်တန်းများက ရင့်မှိုင်းသော အစိမ်းရောင်ရှိပြီး အနီးအနားတွင်မူ လမ်းငယ်လေးများက ရှုပ်ယှက်ခတ်နေချေသည်။
ဗွက်ထနေသော လမ်းပေါ်တွင် ပိတ်ကြမ်းဝတ်ရုံ ဝတ်ဆင်ထားသော လယ်သမားတစ်ဦးက ရုတ်တရက် ပေါ်လာသော သံမဏိသတ္တဝါကြီးကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေ၏။
“ဘ-ဘာတွေဖြစ်နေတာလဲ...” ကျန်းခိုင်သည် ပြတင်းပေါက် အပြင်ဘက်ရှိ လုံးဝ ကွဲပြားနေသော မြင်ကွင်းကို ကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်သည်။
လိုဏ်ခေါင်း ပျောက်ကွယ်သွားသည်.... ဖြတ်သွားသော ကားများ ပျောက်ကွယ်သွားပြီး သူတို့ သိထားသမျှ အရာအားလုံး ပျောက်ကွယ်သွားချေပြီ။
လီကျွင်းသည် ရုတ်တရက် ကားပြတင်းပေါက်ကို ချလိုက်ရာ နွားချေးနံ့နှင့် စပါးရနံ့များ ရောနှောနေသော လေပြေများ တိုးဝင်လာခဲ့သည်။
ပေါက်ပြား ထမ်းထားသော လယ်သမားက နောက်သို့ ယိုင်နဲ့သွားကာ လေးလံသော ဒေသသုံးစကားဖြင့် အော်ဟစ်ရင်း ထွက်ပြေးသွား၏။ “သတ္တဝါဆန်းကြီး... သတ္တဝါဆန်းကြီး”
လူရှစ်ယောက်၏ အံ့အားသင့်နေသော မျက်နှာများကို မြင်သောအခါ ကျန်းယဲ့သည် အနည်းငယ် ပြုံးလိုက်ပြီး ချောင်းဟန့်ကာ မိုက်ကရိုဖုန်းမှတစ်ဆင့် ပြောလိုက်သည်။ “ချစ်ခင်ရပါသော ခရီးသွားဧည့်သည်တော်တို့... ဘီစီ ၂၁၈ ချင်မင်းဆက်ကနေ ကြိုဆိုပါတယ်”
ဤအချိန်တွင် ကျန်းယဲ့၏ ခရီးသွားလမ်းညွှန် ဦးထုပ်မှာ ချင်မင်းဆက်မှ သာမန်ပြည်သူတစ်ဦး၏ ဆံထုံးအဖြစ်သို့ မည်သို့မည်ပုံ ပြောင်းလဲသွားသည်ကို မသိရချေ။
ကားထဲတွင် ခဏတာ တိတ်ဆိတ်သွားသည်။
နောက်တစ်စက္ကန့်တွင် “သောက်ကျိုးနည်း” ဟူသော အာမေဍိတ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့တော့သည်။
“သောက်ကျိုးနည်း... သောက်ကျိုးနည်း... သောက်ကျိုးနည်း” ဖန်ကောင်းချန်သည် သူ၏ ပေါင်ကို အားကုန်လိမ်ဆွဲလိုက်ရာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားရသည်။ “ဒါက အိပ်မက်လား...”
“မင်းကိုယ်မင်း ဘာလို့ ဆွဲဆိတ်နေတာလဲ။ ငါ့ကို ဆိတ်လေ” ကျန်းခိုင်သည် ဘေးနားရှိ လီလင်၏ လက်မောင်းကို ဖမ်းဆွဲကာ အားကုန် လိမ်ဆွဲလိုက်လေသည်။
“အားး....” လီလင် အော်ဟစ်လိုက်ပြီး သူ၏ထိုင်ခုံမှ ခုန်ထွက်လုမတတ် ဖြစ်သွားရသည်။ “ကျန်းခိုင်... ခွေးကောင်”
“တကယ် နာလို့လား” ကျိန့်ချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူက လက်လှမ်းကာ ဝူရှောင်ရှီ၏ နားရွက်ကို ဆွဲလိမ်လိုက်ပြန်သည်။
“အားး... လွှတ်စမ်း။ မင်းကိုယ်မင်း ဘာလို့ မဆိတ်တာလဲ” ဝူရှောင်ရှီက သူ၏လက်ကို ရိုက်ချလိုက်သည်။
လီကျွင်းမှာ အရက်စက်ဆုံး ဖြစ်လေသည်။ သူက မိမိကိုယ်ကို ပါးချည်းပိတ်ရိုက်လိုက်ရာ ထွက်လာသော အသံကျယ်ကြီးကြောင့် အားလုံး မှင်သက်သွားကြရသည်။ သူက ပါးကို အုပ်ကာ အံ့ဩတကြီး ပြောလိုက်၏။ “နာတယ်ကွ..”
ရှီရှောင်ယွီမှာ အံ့အားသင့်နေဆဲဖြစ်သော်လည်း ယောကျာ်းလေးတစ်သိုက် အချင်းချင်း ရန်ဖြစ်ကာ ဆူညံနေကြသည်ကို မြင်သောအခါ သူမ မရယ်ဘဲ မနေနိုင်တော့ချေ။ “ရှင်တို့တွေ နည်းနည်းပါးပါး ဂုဏ်သိက္ခာလေး ဘာလေး ထိန်းကြပါဦးလား...”
သူမက လက်ကိုမြှောက်ကာ လက်ကောက်ဝတ်ကို ညင်သာစွာ ဆွဲဆိတ်လိုက်ပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်၏။ “ဒါ တကယ်ပဲ စိတ်ကူးယဉ်နေတာ မဟုတ်ဘူး...”
ဖန်ကောင်းချန်သည် သူ၏ ဆံပင်အနီကို ရူးသွပ်စွာ ပွတ်သပ်လိုက်ချေသည်။ “ဒါရိုက်တာကျန်း... ဒါ တကယ်ပဲ ချင်မင်းဆက်ကို အချိန်ခရီးသွားလာတာလား...”
ကားအခန်းထဲတွင် ချက်ချင်း တိတ်ဆိတ်သွားပြီး မျက်လုံးရှစ်စုံက ကျန်းယဲ့ထံသို့ လှည့်လာကာ ရှင်းပြချက်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
ကျန်းယဲ့က ပခုံးတွန့်ပြလိုက်၏။ “ဒါက သိသာနေတာပဲ မဟုတ်ဘူးလား”
“ကျွန်တော်တို့ရဲ့ ခရီးစဉ်က ချင်မင်းဆက် နေ့ချင်းပြန် ခရီးစဉ်ပါ။ ဒီည ကျွန်တော်တို့ ဒီမှာ နေရမယ်”
“လခွမ်း... ဒါ တကယ်ကြီးပဲဟ” လီကျွင်းက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်လေသည်။
ကျန်းခိုင်မှာ စိတ်လှုပ်ရှားပြီး ဝမ်းသာလုံးဆို့နေရသည်။ “ချင်မင်းဆက် ခရီးစဉ်ကိုမှ ယွမ် နှစ်ထောင်တည်းဆိုတော့ လုံးဝ တန်တာပေါ့ဟ”
ကျန်းယဲ့က အားလုံးကို တိုက်တွန်းလိုက်၏။ “ကားပေါ်က ဆင်းကြ။ ကျွန်တော်တို့ ဒီနေရာကနေ အရင် ထွက်သွားရမယ်...”
လယ်ကွင်းထဲတွင် အလုပ်လုပ်နေသော လယ်သမားကြီးက မကြာမီ ရွာထဲမှ လူများကို ခေါ်လာနိုင်သဖြင့် သူ့တို့ကို အမိခံ၍ မဖြစ်ချေ။