အခန်း (၁၄) လူလုံလောက်စွာ စုဆောင်းခြင်း
“သူက ရောက်ဖူးသွားပြီလေ... သူ့အခွင့်အရေး ကုန်သွားပြီ”
ဖန်ကောင်းချန်က မျက်လုံးကို မှေးကာ သံသယဖြင့် မေးလိုက်၏။ “မင်းတို့က တစ်ခုခု လှည့်ကွက် သုံးနေတာတော့ မဟုတ်ပါဘူးနော်..”
“ဘာလှည့်ကွက်မှ မရှိပါဘူး။ လှည့်ကွက် ဟုတ်မဟုတ်ဆိုတာ ခင်ဗျားကိုယ်တိုင် စမ်းကြည့်လိုက်ရင် သိမှာပဲလေ...”
ဖန်ကောင်းချန်က မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ “အဓိပ္ပာယ်ရှိသားပဲ။ ငါ စမ်းကြည့်မယ်... မင်း ငါ့ကို ချင်မင်းဆက်ဆီ မခေါ်သွားနိုင်ရင် ယွမ်တစ်သိန်း ယူမယ်။ ငါ့ကို လာလိမ်ဖို့ မကြိုးစားနဲ့နော်... ငါ့မှာ သူငယ်ချင်းတွေ အများကြီး ရှိတယ်”
“စိတ်မပူပါနဲ့... ကျွန်တော် ပေးထားတဲ့ ကတိကို လုံးဝ မဖျက်ပါဘူး”
ကျန်းယဲ့သည် ကျောပိုးအိတ်ထဲမှ စာချုပ်ကို အလျင်အမြန် ထုတ်ယူလိုက်ပြီး နှစ်ဦးသား ဝမ်းမြောက်ဝမ်းသာ လက်မှတ်ရေးထိုးလိုက်ကြလေသည်။
“ဘယ်တော့ ထွက်ခွာမှာလဲ” ဖန်ကောင်းချန်က မေးလိုက်၏။
“မနက်ဖြန် နေ့လယ်ပါ” ကျန်းယဲ့က ဖြည့်စွက်ပြောလိုက်ပြန်သည်။ “အကယ်၍ ဒီနေ့ လူရှစ်ယောက် စုဆောင်းနိုင်ရင်တော့ အခုချက်ချင်း ထွက်လို့ရတယ်”
“အဲဒါက လွယ်ပါတယ်။ မင်းအတွက် လူတချို့ ခေါ်ပေးမယ်” ဖန်ကောင်းချန်က ပြောရင်း ဖုန်းကို ထုတ်ကာ အဆက်အသွယ်များကို ဖွင့်လိုက်လေသည်။
ကျန်းယဲ့က အလျင်အမြန် ဖြည့်စွက်လိုက်၏။ “အစ်ကို... ခင်ဗျား ခေါ်မယ့်သူက ရှင်းဖူလီ လူနေရပ်ကွက်ကပဲလား”
“ဘာဖြစ်လို့လဲ။ ဒီရပ်ကွက်ကပဲ ဖြစ်ရမှာလား” ဖန်ကောင်းချန်က မျက်ခုံးပင့်လိုက်မိသည်။
“ဟုတ်ပါတယ်..”
‘ဟူး... ဒီအကြောင်းပြောရရင် မျက်ရည်တွေတောင် ကျတယ်ကွာ’
ဖန်ကောင်းချန်က မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်၏။ “မင်းရဲ့ စီးပွားရေးက တကယ်ပဲ ထူးဆန်းတာပဲ”
‘မဟုတ်ဘူး... ထူးဆန်းတာက ငါ မဟုတ်ဘူး... စနစ်ရဲ့ စည်းမျဉ်းတွေကကို ထူးဆန်းနေတာ’
“ဒါနဲ့ အစ်ကို... ခင်ဗျားနေတဲ့ တိုက်ထဲက အားနေမယ့် ကောင်တွေ ဒါမှမဟုတ် အိမ်နီးချင်းတွေ ဘယ်သူရှိလဲ သိလား”
“ကောင်းပြီ.. မင်းအတွက် ရှာပေးမယ်”
ဖန်ကောင်းချန်သည် သူ၏ဖုန်းကို ထုတ်ကာ ဝီချက်ကို ဖွင့်ပြီး ဝီချက်ဂရုချတ်တစ်ခုထဲသို့ တိုက်ရိုက် ဝင်လိုက်၏။ ထို့နောက် ကျန်းယဲ့၏ အရှေ့မှာတင် တိုက်ရိုက် ပြောလိုက်လေသည်။
ဖန်ကောင်းချန်- “ညီအစ်ကိုတို့... မင်းတို့ကို ငါ ချမ်းသာအောင် လုပ်ပေးမယ်။ ငါတို့ ရပ်ကွက် အပေါက်ဝမှာ ရီယဲ့ခရီးသွားအေဂျင်စီက ခရီးသွားလမ်းညွှန် တစ်ယောက်ရှိတယ်။ သူက ငါတို့ကို ချင်မင်းဆက်ဆီကို တစ်ရက်ခရီး ခေါ်သွားပေးနိုင်တယ်တဲ့။ အကယ်၍ မလုပ်ပေးနိုင်ရင် ငါတို့ တစ်ယောက်စီကို ယွမ်တစ်သိန်းပေးမယ်တဲ့... စာချုပ်တောင် ချုပ်ပေးဦးမှာ။ အတူတူ ချမ်းသာချင်တဲ့သူ ရှိလား”
မက်ဆေ့ချ် ပို့ပြီးနောက် သူက အဖွဲ့ဝင် အားလုံးကိုပါ တဂ်တွဲလိုက်သေးပေသည်။ ပိုဆိုးသည်မှာ အိပ်နေသေးသော လူပျင်းတစ်သိုက်ကို အောင်မြင်စွာ နှိုးနိုင်ရန် အဖွဲ့ဝင်အားလုံးကို အရူးအမူး ဆက်တိုက် တဂ်တွဲလိုက်ခြင်းပင်။
လီကျွင်း- “သောက်ကျိုးနည်း... ဖန်ကောင်းချန်... မနက်စောစောစီးစီး ဘာဖြစ်နေတာလဲ။ ငါ့ရဲ့ အိပ်မက်လှလှလေး ပျက်စီးသွားပြီကွ..”
ကျိန့်ချန်- “တောက်.... အရေးကြီးကိစ္စ တစ်ခုခု ဖြစ်ပြီထင်လို့... ဒီအမှိုက်ကောင်ကြောင့် ဖြစ်နေတာပဲ”
ဝူရှောင်ရှီ- “မင်း နောက်နေတာလား.... ဒါက လိမ်နေတာဆိုတာ သိသာကြီးကို”
ကျန်းခိုင်- “ဖန်ကောင်းချန်... ခွေးကောင်။ ငါ အခုလေးတင်မှ အိပ်ပျော်သွားတာကို”
ရှီရှောင်ယွီ- “ဖန်ကြီး.... မင်း ရူးသွားပြီလား။ ဒါ လိမ်နေတာ သိသာကြီးကို... အဲဒါကို မင်းက တကယ် ယုံနေတာလားဟ။ ချင်မင်းဆက်ကို အချိန်ခရီးသွားမယ် ဟုတ်လား။ ငါကတော့ ကမ္ဘာဦးခေတ်ကိုပဲ အချိန်ခရီးသွားလိုက်ချင်တော့တယ်”
...
ဖန်ကောင်းချန်က သူတို့၏ ဆူညံနေမှုများကို လျစ်လျူရှုကာ သူ၏ စကားများကိုသာ ဆက်ပြောလိုက်၏။
ဖန်ကောင်းချန်- “မင်းတို့ကို ချမ်းသာအောင် လမ်းပြပေးနေတာကိုများ မင်းတို့က ညည်းညူရဲသေးတယ်ပေါ့လေ”
ဖန်ကောင်းချန်- “မနေ့က ချင်မင်းဆက်ကို အချိန်ခရီးသွားခဲ့တယ်လို့ အခိုင်အမာ ပြောထားပြီး ဗီဒီယိုပါ တင်ထားတဲ့ တိုရင်ဘလော့ဂါတစ်ယောက်ရဲ့ ဗီဒီယိုကို ငါ ကြည့်လိုက်ရတယ်။ အဲဒီ ဘလော့ဂါကို ခေါ်သွားတဲ့သူက အခု ငါ့ရှေ့မှာ ဖောက်သည် လာရှာနေတာ။ အဲဒါ အမှန်လားဆိုတာ ငါက သိချင်ရုံလေးပဲ။ အကယ်၍ အမှန်မဟုတ်ဘူးဆိုရင် အတော်ပဲ.... ငါက အလကားနေရင်း ယွမ်တစ်သိန်း ရမှာလေ”
ဖန်ကောင်းချန်- “တကယ်လို့ အမှန်ဆိုရင်လည်း ချင်မင်းဆက်ကို သွားရမှာလေ။ အဲဒါ အချိန်ခရီးသွားတာနော်။ ဘယ်လောက် စိတ်လှုပ်ရှားဖို့ ကောင်းလဲ။ ဒါက ဘယ်လိုတွက်တွက် အမြတ်ချည်းပဲ.. ဘာပဲဖြစ်ဖြစ် မင်းတို့က အလုပ်အကိုင်မရှိ အားယားနေကြတာပဲ... အားလုံး တစ်ခေါက်လောက် စမ်းကြည့်ရအောင်လား”
ဖန်ကောင်းချန်- “ဟူး... မင်းတို့က ဒီလောက်ထိ သူရဲဘောကြောင်နေမှာတော့ မဟုတ်ပါဘူးနော်”
သူ၏ ရန်စမှုအပြီးတွင် ဂရုချတ်အတွင်းရှိ စကားပြောဆိုမှု လေသံမှာ ပြောင်းလဲသွားချေသည်။
ဝူရှောင်ရှီ- “ကောင်းချန် ပြောတာ မှန်တယ်ဆိုတာ ရုတ်တရက် သဘောပေါက်သွားပြီ... ငါတို့ ဘယ်လိုပဲဖြစ်ဖြစ် မရှုံးဘူး”
လီကျွင်း- “ငါတို့ စမ်းကြည့်ကြမလား”
ကျိန့်ချန်- “အဲဒါ အကြံကောင်းပဲလို့ ထင်တယ်”
ဝူရှောင်ရှီ- “ငါ့ကောင်မလေးက အခုတလော အားလပ်ရက် ရနေတာဆိုတော့ သူ့ကိုပါ ခေါ်သွားမယ်”
ဖန်ကောင်းချန်- “မရဘူး။ ခရီးသွားလမ်းညွှန်က ငါတို့ ရပ်ကွက်မှာ နေတဲ့သူတွေပဲ အရည်အချင်း ပြည့်မီတယ်တဲ့... တခြားလူတွေ မရဘူးလို့ ပြောတယ်”
ဝူရှောင်ရှီ- “လခွမ်း... ဘယ်လို ထူးဆန်းတဲ့ စည်းမျဉ်းတွေလဲဟ။ ဒီလိုမျိုးနဲ့ ဘယ်လိုလုပ် စီးပွားရေး လုပ်စားမလဲ...”
ကျန်းခိုင်- “ဒီလောက် ထူးဆန်းတဲ့ စည်းမျဉ်းရှိမှတော့ ငန်သလား ပေါ့သလား သိရအောင် မြည်းကြည့်ရမှာပေါ့ကွာ...”
ကျိန့်ချန်- “ရိုးရိုးသားသား ပြောရရင် ဒီစည်းမျဉ်းတွေ ထွက်လာတော့ တော်တော်လေး ယုတ္တိရှိတယ်လို့ ထင်မိတယ်။ ဘာပဲဖြစ်ဖြစ် ဒါက အချိန်ခရီးသွားတာလေ။ အကယ်၍ စည်းမျဉ်းတွေသာ မရှိဘူးဆိုရင် ဂေါ်ဖီထုပ်လိုမျိုး ဘယ်သူမဆို လုပ်နိုင်နေမှာပေါ့။ ဒါက ငါတို့က တခြားသူတွေနဲ့ မတူဘူးဆိုတာကို ပြနေတာပဲ..”
ကျန်းခိုင်- “ဟားဟားဟား.... ကျိန့်ချန် မင်းကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို မြှောက်ပင့်ရမလဲဆိုတာ သေချာသိတာပဲ။ ငါက အစက ငါ့ရဲ့ သူဌေးသူငယ်ချင်းကို မိတ်ဆက်ပေးမလို့....ဒါပေမဲ့ အခုတော့လည်း... ”
ဤလူများ၏ စရိုက်အရ သူတို့၏ စကားတွေ လေလွင့်သွားမည်စိုးသဖြင့် ဖန်ကောင်းချန်က စကားဝိုင်းကို လမ်းကြောင်းမှန်ပေါ်သို့ အလျင်အမြန် ပြန်ဆွဲခေါ်လိုက်လေသည်။
ဖန်ကောင်းချန်- “ကျောက်လိန်၊ လီလင်... မင်းတို့ သွားမှာလား မသွားဘူးလား”
ကျောက်လိန်နှင့် လီလင်- “သွားမယ်... သေချာပေါက် သွားမှာပေါ့ဟ...”
“အေး.. ဒါဆို မင်းတို့အားလုံး စာချုပ်လာချုပ်ဖို့ မြန်မြန် ဆင်းခဲ့ကြ။ ရှစ်ယောက်ပြည့်တာနဲ့ ဒီနေ့ပဲ ထွက်မယ်”
ဖန်ကောင်းချန်သည် တိုက်တွန်းသည့် မက်ဆေ့ချ်များကို ဆက်တိုက်ပို့ခဲ့ပြီး သူ၏ ညီအစ်ကိုများ အားလုံး အကြောင်းပြန်လာသည်ကို မြင်မှသာ ရပ်တန့်လိုက်ချေသည်။
ကျန်းယဲ့သည် တစ်ချိန်လုံး ဖန်ကောင်းချန်၏ အသံမက်ဆေ့ချ်များ ပို့နေသည်ကို နားထောင်နေခဲ့သည်။ ဖန်ကောင်းချန်က သူ့ကို လူစိမ်းတစ်ယောက်လို လုံးဝ မဆက်ဆံချေ။
သူ့ကို သေချာ ကြားနိုင်စေရန်အတွက် ဂရုချတ်ထဲမှ ညီအစ်ကိုများ၏ အသံမက်ဆေ့ချ်များကိုပါ တိုက်ရိုက် ဖွင့်ပြပေးထားလေသည်။
သူက ဖုန်းကို သိမ်းလိုက်ပြီး ကျန်းယဲ့ကို အိုကေ သင်္ကေတ ပြလိုက်၏။ “ပြီးပြီ...”
“ကျေးဇူးပဲ အစ်ကို” ကျန်းယဲ့က ဖန်ကောင်းချန်ကို လက်မ ပြန်ထောင်ပြလိုက်သည်။
‘မှန်ကန်တဲ့ ဖောက်သည်တွေကို ရွေးချယ်ဖို့က ဘယ်လောက် အရေးကြီးသလဲဆိုတာ မြင်တယ်မလား...’
နာရီဝက်ပင် မပြည့်မီ အချိန်အတွင်းတွင် ဖောက်သည်ရှာဖွေခြင်း တာဝန် အောင်မြင်စွာ ပြီးမြောက်သွားခဲ့ချေသည်။
ဖန်ကောင်းချန်၏ သူငယ်ချင်းများက လူနေရပ်ကွက်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။ တွေ့ဆုံသည်နှင့် တစ်ပြိုင်နက် သူတို့က ချင်မင်းဆက်သို့ မသွားရပါက ယွမ်တစ်သိန်း ပေးမှာလားဟု ကျန်းယဲ့ကို မေးကြလေသည်။
ကျန်းယဲ့ထံမှ အတည်ပြုချက် ရရှိပြီးနောက် စာချုပ်ကို စစ်ဆေးကာ သူတို့က စာချုပ်ကို ပြတ်သားစွာ လက်မှတ်ရေးထိုးကြပြီး ခရီးသွားစရိတ်အဖြစ် တစ်ဦးလျှင် ယွမ်နှစ်ထောင်စီ ပေးချေခဲ့ကြလေသည်။
ကျန်းယဲ့သည် ရောက်လာသော လူရှစ်ယောက်ကို ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင် အဖွဲ့ထဲ၌ အသက် နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ဦး ပါဝင်လာလေသည်။
ယခု၌ လူပျိုသိုးတစ်သိုက်ပဲ မဟုတ်တော့ချေ။
“ဒါရိုက်တာကျန်း... အခုပဲ ထွက်ကြတော့မလား” ဖန်ကောင်းချန်က စိတ်မရှည်စွာဖြင့် မေးလိုက်၏။
အခြား ခုနစ်ယောက်ကလည်း ကျန်းယဲ့ကို စပ်စုချင်သော အကြည့်များဖြင့် ကြည့်နေကြချေသည်။
“ခင်ဗျားတို့ အားလုံး အဆင်သင့်ဖြစ်ပြီလား..”
ကျန်းခိုင်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ချီး... ဒီလောက်လေးများ ပြင်ဆင်စရာတောင် မလိုပါဘူးဟ”
မသွားမီ သူတို့နှင့် ကြိုတင် ရှင်းလင်းထားရမည့် အရာအချို့ ရှိနေသေးချေသည်။
“ဒီ ချင်မင်းဆက်ခရီးစဉ်က ၂၄ နာရီ ကြာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ အဲဒီမှာ တစ်ညအိပ်ရလိမ့်မယ်။ ရောက်တာနဲ့ ကျွန်တော့်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရမယ်။ ချင်မင်းဆက်က ခေတ်သစ်ကာလနဲ့ မတူဘူး... အမှားအယွင်း နည်းနည်းလေး ရှိတာနဲ့ အကျဉ်းထောင်ထဲ ရောက်သွားနိုင်တယ်”
အကျဉ်းထောင်ကျခြင်း အကြောင်းကို ကြားလိုက်ရသောအခါ ဖန်ကောင်းချန်သည် ကျန်းထောင်၏ ကိစ္စကို သတိရသွားပြီး စပ်စုချင်သော အကြည့်ဖြင့် မျက်လုံးများ အရောင်လက်သွားကာ မေးလိုက်၏။ “ဒါရိုက်တာကျန်း... ခင်ဗျားတို့ ဗီဒီယိုရဲ့ နောက်ခံမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေတာက တစ်ယောက်ယောက် အဖမ်းခံလိုက်ရလို့လား”
‘ဒါကတော့...’
ကျန်းယဲ့သည် နှစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
တစ်ဖက်လူက နောက်ထပ် မေးခွန်းများ မမေးနိုင်မီ သူက ကြိုတင်၍ ပြောလိုက်လေသည်။ “ကားမောင်းတဲ့သူကို ကားယူလာခဲ့ဖို့ ပြောလိုက်ဦးမယ်။ ခင်ဗျားတို့ အားလုံး အဆင်သင့်ပြင်ထားကြ”
သူသည် ဖုန်းထုတ်ကာ ဖုန်းခေါ်ဟန်ဆောင်လိုက်သော်လည်း တကယ်တမ်းတွင် သူ၏စိတ်ကို အသုံးပြု၍ စနစ်မျက်နှာပြင်ကို ထိန်းချုပ်ကာ ခရီးစဉ်စတင်ရန် နှိပ်လိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် စတိုးထဲမှ ချင်မင်းဆက် အဝတ်အစားကိုးစုံကို ဝယ်ယူလိုက်ပြီး ဤလူများ၏ အရောင်အသွေးစုံလင်နေသော ဆံပင်များကို မြင်ပြီးနောက် ဆံပင်တုရှစ်ခုအပြင် အရေးအကြီးဆုံးဖြစ်သော ကိုယ်ကာကွယ်ရေး စတစ်ကာများကိုပါ ပြတ်ပြတ်သားသား မှာယူလိုက်ချေသည်။
ဝယ်ယူမှု အောင်မြင်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းယဲ့သည် ၁၈ ယောက်စီး ကော့စတာ ဗင်ကားတစ်စီး သူတို့ဆီသို့ ဖြည်းညင်းစွာ မောင်းနှင်လာပြီး ဘေးသို့ ကပ်ရပ်သွားသည်ကို မြင်လိုက်ရ၏။
ကားတံခါး ပွင့်လာသောအခါ ကျန်းယဲ့က တစ်ချက်ကြည့်လိုက်ပြီး အကိုစနစ်၏ မှော်ဆန်မှုဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူက ဖန်ကောင်းချန်နှင့် အခြားသူများကို ခေါ်လိုက်လေသည်။ “ကားပေါ်တက်ကြ..”
ကားပေါ်ရောက်သည်နှင့် ကျန်းယဲ့၏ ပထမဆုံးအကြည့်က ယာဉ်မောင်းထိုင်ခုံဆီသို့ ရောက်သွားရာ ထိုနေရာတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေချေသည်။ ကျန်းယဲ့ ကြည့်လိုက်သောအခါ ထိုသူက သူ့ကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။
‘ဒီလူက အစစ်လား... ဒါမှမဟုတ် အကိုစနစ် ဖန်တီးထားတဲ့ အရုပ်လား...’