အခန်း (၁၃) ဖောက်သည်များကို ပစ်မှတ်ထားခြင်း
လူတစ်ယောက် ထွက်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ကျန်းယဲ့က ချက်ချင်း အော်ပြောလိုက်၏။ “ကိုကိုချော၊ မမလှလှတို့... ချင်မင်းဆက်မှာ တစ်ရက်လောက် အချိန်မဖြုန်းချင်ဘူးလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက်ဆီကို အချိန်ခရီးသွားကြမယ်လေ...”
လူနေရပ်ကွက်ထဲမှ လတ်တလော ထွက်လာသော ရုံးဝန်ထမ်း လူငယ်အချို့ဟာ ကျန်းယဲ့ကို တစ်ချက်ကြည့်ပြီးနောက် မရပ်တန့်ဘဲ အလျင်စလို ထွက်သွားကြလေသည်။
ကျန်းယဲ့သည် လုံးဝ စိတ်ဓာတ်မကျချေ။ သက်ကြီးရွယ်အိုအချို့ ထွက်လာသည်ကို မြင်သောအခါတွင်လည်း သူက အလျင်အမြန် သွားရောက်၍ ပြောလိုက်၏။ “အဘိုးတို့ အဘွားတို့... လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက်ဆီကို နေ့ချင်းပြန် ခရီးလေး သွားချင်လားဗျ... အကယ်၍ အတုအယောင်ဖြစ်ခဲ့ရင် တစ်ယောက်ကို ယွမ် တစ်သိန်း လျော်ကြေးပေးပါမယ်ခင်ဗျာ...”
တစ်သိန်းဟူသော စကားလုံး ထွက်လာသည်နှင့် အဘိုးအဘွားများ ချက်ချင်း စိတ်ဝင်စားသွားကြချေသည်။
“လူငယ်လေး... မင်း တကယ်ပြောတာလား”
“လုံးဝ အမှန်ပါ...” ကျန်းယဲ့က ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်လေသည်။
ကျန်းယဲ့ သူ၏ စည်းရုံးမှုကို မဆက်နိုင်မီမှာပင် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ရပ်ကွက်လုံခြုံရေးဝန်ထမ်း နှစ်ဦးနှင့်အတူ ဒေါသတကြီး ရောက်လာချေသည်။
“သူပဲ... ဒီရပ်ကွက်က လူတွေ သူ့အကွက်ထဲ မဝင်သွားအောင် ဒီလိမ်လည်တဲ့သူကို မြန်မြန် မောင်းထုတ်လိုက်...” အမျိုးသမီးကြီးက ကျန်းယဲ့ကို လက်ညှိုးထိုးပြကာ လုံခြုံရေးများကို ပြောလိုက်၏။
လုံခြုံရေးဝန်ထမ်း နှစ်ဦးသည် ကျန်းယဲ့ သူ၏ သင်ပုန်းပေါ်တွင် ရေးထားသည်ကို မြင်ပြီးနောက် သူ့ကို ဝန်းရံနေသော သက်ကြီးရွယ်အိုများကို ကြည့်လိုက်သောအခါ သူတို့၏ မျက်နှာအမူအရာများမှာ အကြီးအကျယ် ပြောင်းလဲသွားရသည်။
လုံခြုံရေးဝန်ထမ်းတစ်ဦးက ကျန်းယဲ့ကို မောင်းထုတ်ရင်း ပြောလိုက်၏။ “ပစ္စည်းတွေ သိမ်းပြီး အခုချက်ချင်း ထွက်သွား... မဟုတ်ရင် ရဲခေါ်လိုက်မယ်”
နောက်ထပ် လုံခြုံရေးဝန်ထမ်းတစ်ဦးက စိတ်ဝင်စားနေသော အဘိုးအဘွားများကို အကြံပေးလိုက်လေသည်။ “အဘိုးတို့ အဘွားတို့... ဒီလိုလူမျိုးကို မယုံကြနဲ့... သူက လိမ်တဲ့သူဆိုတာ သိသာတယ်”
ကျန်းယဲ့က အလျင်အမြန် ရှင်းပြလိုက်၏။ “ကျွန်တော် လိမ်တဲ့သူ မဟုတ်ပါဘူး... တရားဝင် ခရီးသွားအေဂျင်စီမှာ အလုပ်လုပ်တာပါ။ ဒါက ကျွန်တော့်ရဲ့ ခရီးသွားလမ်းညွှန် လက်မှတ်ပါ... ကျွန်တော့်အေဂျင်စီကို ဆက်သွယ်ပြီး စစ်ဆေးကြည့်လို့ ရပါတယ်ဗျ...”
အမျိုးသမီးကြီးသည် ခါးထောက်လျက် ရပ်ကာ ကျန်းယဲ့ကို အထင်သေးစွာ ကြည့်လိုက်ချေသည်။
“ဒီခေတ်မှာ လူလိမ်တွေက နည်းလမ်းပေါင်းစုံ သုံးတတ်တယ်။ မင်းဆီမှာ အထောက်အထား ရှိတာနဲ့ မင်းက လူကောင်းလို့ ပြောလို့မရဘူးလေ... ပြီးတော့ မင်းရေးထားတာကို ကြည့်ရုံနဲ့ မင်းက လူကောင်းမဟုတ်ဘူးဆိုတာ သိသာတာကို.... ဒီမှာ နောက်တစ်ခါ ထပ်လိမ်ရဲရင် နောင်တရသွားအောင် လုပ်ပစ်မယ်”
ကျန်းယဲ့က ထပ်မံရှင်းပြလိုသော်လည်း အမျိုးသမီးကြီး၏ နောက်ဆုံးအကွက်ကို ကြားလိုက်ရ၏။
“ဒီအကြောင်းကို ရပ်ကွက်နေထိုင်သူတွေရဲ့ ဂရုချတ်ထဲမှာ ငါ တင်ပြီးသွားပြီ။ ငါတို့ရပ်ကွက်က လူတွေကို လာလိမ်ဖို့တောင် မတွေးနဲ့”
‘သောက်ကျိုးနည်း... အဒေါ်ကြီး..’
‘ခင်ဗျား ဒီလောက်ထိ လုပ်စရာလိုလို့လားဗျာ....’
သူ့ကိုယ်သူ ကာကွယ်ပြောဆိုခွင့်တောင် မပေးဘဲ လွတ်လမ်းကိုပါ လုံးဝ ပိတ်ချလိုက်ခြင်းပင်။
လုံခြုံရေးဝန်ထမ်းက ကျန်းယဲ့ကို အေးစက်စက် ပြောလိုက်၏။ “ဒီနေရာက ဆိုင်လာဖွင့်ရမယ့် နေရာမဟုတ်ဘူး။ ဖောက်သည်ရှာချင်ရင် ဒီမှာလာမလုပ်နဲ့။ တခြားနေရာသွားလုပ်... အဲဒီလိုဆို ငါတို့ မတားဘူး”
လုံခြုံရေးဝန်ထမ်းမှာလည်း ပြဿနာမဖြစ်အောင် ရှောင်ရှားခြင်းက အကောင်းဆုံးဟု တွေးထားလေသည်။ သူ့ဘက်က ထိုသို့ပြောလာပြီဖြစ်ရာ ကျန်းယဲ့လည်း သူ့ကို အခက်မတွေ့စေလိုသဖြင့် ပစ္စည်းများကို သိမ်းဆည်းရန်သာ တတ်နိုင်တော့ပေသည်။
ပစ္စည်းများ သိမ်းဆည်းပြီးသည့်တိုင်အောင် အမျိုးသမီးကြီးက ကျန်းယဲ့ကို အလွတ်မပေးသေးဘဲ အဘိုးအဘွားများကို ပြောလိုက်ပြန်သည်။ “ဒီလူတွေပြောတာကို မယုံကြနဲ့... လွန်ခဲ့တဲ့ နှစ်ဝက်လောက်က အန်တီဝမ် လိမ်ခံရပြီး ယွမ်တစ်သန်းကျော် ပါသွားတာကို မေ့သွားကြပြီလား။ အခုခေတ် လူတွေရဲ့ စိတ်က ယုတ်မာလာကြပြီ... အလကားရတာဆိုတာ လောကမှာ မရှိဘူး...”
သူမက ကျန်းယဲ့ကို လက်ညှိုးထိုးကာ ဆက်ပြောလေသည်။ “သူတို့က ခရီးသွားရမယ်ဆိုပြီး ယွမ် တစ်သိန်းနဲ့ မြှူဆွယ်မယ်... ပြီးရင် အခန်းမှောင်ထဲမှာ ပိတ်လှောင်ပြီး ပစ္စည်းတွေ အတင်းဝယ်ခိုင်းလိမ့်မယ်။ အဲဒီလိုကိစ္စမျိုးတွေ အွန်လိုင်းမှာ ခဏခဏ ဖော်ထုတ်ခံနေရတာပဲ။ မယုံရင် ကိုယ့်သားသမီးတွေကို မေးကြည့်ကြ။ ဒါတွေက ခရီးသွားအေဂျင်စီတွေ သုံးနေကျ လှည့်ကွက်တွေပဲ.... မလိမ်ခံရစေနဲ့”
လွန်ခဲ့သော အခိုက်အတန့်ကပင် သွားရန် ဟန်ပြင်နေသော အဘိုးအဘွားများက ရုတ်တရက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ကျန်းယဲ့ကို လက်ညှိုးထိုးကာ တီးတိုး ပြောဆိုလာကြချေသည်။
သို့သော် သူတို့နှင့် အငြင်းပွားနေ၍ အကျိုးမရှိချေ။
ကျန်းယဲ့သည် ကားထဲသို့ ပစ္စည်းများကို ထည့်လိုက်ပြီးနောက် မနက်က သူထုတ်လာသော လက်ကမ်းစာစောင်များကို ယူကာ လူနေရပ်ကွက်၏ အပေါက်ဝနှင့် မနီးမဝေးတွင် ရပ်စောင့်နေလိုက်လေသည်။
ကျန်းယဲ့ ထွက်မသွားသည်ကို မြင်သောအခါ လုံခြုံရေးဝန်ထမ်းက သူ့ကို မောင်းထုတ်ရန် ရှေ့တိုးလာပြီး ပြောလိုက်၏။ “ထွက်သွားလို့ ပြောထားတယ် မဟုတ်လား... ဘာလို့ ဒီမှာ ရှိနေသေးတာလဲ”
ကျန်းယဲ့က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။ “ဒါက အများပြည်သူပိုင် နေရာလေ... ခင်ဗျားတို့ ရပ်ကွက်ပိုင်တာမှ မဟုတ်တာ... ဒါကြောင့် ခင်ဗျားတို့ စီမံခွင့်အောက်မှာ မရှိဘူး မဟုတ်လား”
လုံခြုံရေးဝန်ထမ်းမှာ ဘာမှပြောစရာ မရှိတော့ချေ။ “ကောင်းပြီ... ကောင်းပြီ... မင်း ဒီမှာ နေလို့ရတယ်။ ရပ်ကွက် အပေါက်ဝမှာတော့ လာမရှုပ်နဲ့... ငါတို့ကို အခက်မတွေ့စေနဲ့”
ကျန်းယဲ့က အိုကေ သင်္ကေတပြလိုက်ကာ အချင်းချင်း နားလည်ကြောင်း အသိအမှတ်ပြုလိုက်၏။
ထို့နောက် ရှင်းဖူလီ လူနေရပ်ကွက်ထဲမှ လူတစ်ဦး ထွက်လာသည်နှင့် ကျန်းယဲ့က သူ၏လက်ထဲတွင် လက်ကမ်းစာစောင်ကို ကိုင်ကာ အလျင်အမြန် ရှေ့တိုးသွားလိုက်လေသည်။
“မမလှလှ.... လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက်ဆီကို အချိန်ခရီးသွားတဲ့အကြောင်း ပိုသိချင်လား။ ဒါက တကယ်ပဲ ချင်မင်းဆက်ဆီကို ခေါ်သွားမှာပါ။ တကယ်လို့ မဟုတ်ဘူးဆိုရင် ယွမ် တစ်သိန်း လျော်ကြေးပေးပါမယ်...”
ကျန်းယဲ့၏ ရုပ်ရည်သန့်ပြန့်မှုကို မြင်သောကြောင့် ထိုမိန်းကလေးသည် လက်ကမ်းစာစောင်ကို ယူသွားခဲ့သော်လည်း အဝေးရောက်သောအခါ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ချေသည်။
ဒါမျိုးတွေက ကောင်းတဲ့ဥပမာလို့ ဆိုနိုင်သေးလေသည်။ လူအများစုကတော့ သူ့ကို လျစ်လျူရှုသွားကြ၏။
နာရီဝက်ကြာပြီးနောက် ကျန်းယဲ့ လက်လျှော့လိုက်သည်။ မနေ့က ဘူတာရုံတွင် သူသုံးခဲ့သော နည်းလမ်းမှာ ဤနေရာတွင် အလုပ်မဖြစ်ကြောင်း တွေ့ရသဖြင့် ဗျူဟာပြောင်းရန် လိုအပ်လာပေသည်။
သူ၏ ဖောက်သည်များကို ရွေးချယ်ရာတွင် ပိုမို ဂရုတစိုက် ရှိရန် လိုအပ်နေခဲ့သည်။
အစောက ဖြစ်ရပ်များအပြီးတွင် သူ၏အကြောင်းမှာ သက်ကြီးရွယ်အိုများကြားတွင် ပြန့်နှံ့သွားလောက်ပြီဖြစ်ရာ သူတို့ကို စုဆောင်းရန် ခက်ခဲသွားချေပြီ။
ထို့အပြင် သူတို့၏ ကျန်းမာရေး အခြေအနေအရ ချင်မင်းဆက်သို့ သွားရောက်ပါက အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရနိုင်သဖြင့် ဤအုပ်စုကို တိုက်ရိုက် ပယ်ဖျက်လိုက်၏။
ရုံးဝန်ထမ်းများမှာ သူ၏ စကားများကို နားထောင်ရန် အချိန်မရှိသဖြင့် ဤအုပ်စုမှာလည်း မဖြစ်နိုင်တော့ချေ။
ယခု ကျန်ရှိနေသည်မှာ အလုပ်လက်မဲ့ ဆယ်ကျော်သက်များနှင့် အလုပ်လက်မဲ့ လူလတ်ပိုင်း အမျိုးသားများသာ ဖြစ်သည်။
ပထမအုပ်စုက ပိုသင့်တော်ပေသည်။
ပစ်မှတ် ဖောက်သည်များကို သတ်မှတ်ပြီးနောက် ကျန်းယဲ့သည် မျက်ကန်းကဲ့သို့ စုဆောင်းနေခြင်းကို ရပ်တန့်လိုက်၏။
သူသည် ဘေးနားရှိ ဆိုင်တစ်ဆိုင်မှ ကြက်သွန်မြိတ် ပန်ကိတ်တစ်ခု ဝယ်ကာ အနီးအနားတွင် ဆောင့်ကြောင့်ထိုင်လျက် ရှင်းဖူလီ လူနေရပ်ကွက်မှ အဝင်အထွက်ရှိနေသော လူအုပ်ကို စောင့်ကြည့်နေလိုက်သည်။
နှစ်နာရီကြာပြီးနောက် ဆံပင်အနီဆိုးကာ ပွယောင်းယောင်း အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက မောက်မာသော ခြေလှမ်းများဖြင့် လူနေရပ်ကွက်ထဲမှ ထွက်လာ၏။
ကျန်းယဲ့သည် လူအုပ်ထဲတွင် ထူးခြားနေသော ထိုလူငယ်ကို တစ်ချက်တည်းနှင့် မြင်လိုက်ရလေသည်။
‘သူပဲ...’
ဖန်ကောင်းချန်သည် လူနေရပ်ကွက်ထဲမှ ထွက်လာပြီးနောက် မနက်စာ ဘယ်မှာဝယ်ရမည်ကို စဉ်းစားနေစဉ် လူတစ်ယောက်က သူ၏ရှေ့သို့ ခုန်ထွက်လာချေသည်။
“မင်းက ဘယ်သူလဲ...” ဖန်ကောင်းချန်က မျက်မှောင်ကြုတ်လျက် ရောက်လာသူကို သတိကြီးစွာဖြင့် ကြည့်လိုက်၏။
ကျန်းယဲ့က ပြုံးလျက် ဆိုသည်။ “ကျွန်တော်က ရီယဲ့ ခရီးသွားအေဂျင်စီက ခရီးသွားလမ်းညွှန် ကျန်းယဲ့ပါ။ ကျွန်တော်တို့ ကုမ္ပဏီက ချင်မင်းဆက် နေ့ချင်းပြန် ခရီးစဉ်ဆိုတဲ့ ခရီးသွားလမ်းကြောင်းသစ်တစ်ခု ဖွင့်ထားပါတယ်...”
ဖန်ကောင်းချန်သည် စိတ်မဝင်စားကြောင်း ပြောရန် ပြင်လိုက်သော်လည်း ‘ချင်မင်းဆက်’ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ သူ မော့ကြည့်လိုက်ပြီး ကျန်းယဲ့ကို သေချာ အကဲခတ်လိုက်ချေသည်။
‘ဒီလူကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ... ဒါပေမဲ့ အခုချက်ချင်း စဉ်းစားလို့ မရဘူး’
ဤအချိန်လေးကို အခွင့်ကောင်းယူကာ ကျန်းယဲ့က ဆက်တိုက် ပြောဆိုနေလေသည်။ “ကျွန်တော်တို့ရဲ့ ခရီးစဉ်က လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက်ဆီကို အချိန်ခရီးသွားတာပါ... အကယ်၍ အတုအယောင် ဖြစ်ခဲ့ရင် ကျွန်တော်တို့ ခရီးသွားအေဂျင်စီက လူတစ်ယောက်ကို ယွမ်တစ်သိန်း လျော်ကြေးပေးပါမယ်”
ဖန်ကောင်းချန်သည် နားထောင်နေရင်း သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားရသည်။
ဒီလူသည် ထိုဗီဒီယို ဘလော့ဂါ၏ ခရီးသွားလမ်းညွှန်ဖြစ်ကြောင်း သူ နောက်ဆုံးတွင် မှတ်မိသွားချေပြီ။
‘လခွမ်း... ဒီခရီးသွားလမ်းညွှန်က တကယ်ပဲ ဒီအထိလာပြီး ဖောက်သည်ရှာနေတာပဲ’
“မင်းပဲ... ” ဖန်ကောင်းချန်က အံ့အားသင့်စွာ အော်ပြောလိုက်၏။
“ကျွန်တော့်ကို သိလို့လား” ကျန်းယဲ့ အနည်းငယ် အံ့အားသင့်သွားရသည်။
ဖန်ကောင်းချန်က ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လည် ခေါင်းခါပြလိုက်ပြန်သည်။ “သိတယ်လို့တော့ ပြောလို့မရဘူး။ မင်းကို ဗီဒီယိုဘလော့ဂါတစ်ယောက်ရဲ့ စာမျက်နှာမှာ မြင်ဖူးတာ... ”
ကျန်းယဲ့ ချက်ချင်း သဘောပေါက်သွားလေသည်။ ကျန်းထောင်၏ ဗီဒီယို ဖြစ်ရမည်။
“အစ်ကို... ကျန်းထောင်ရဲ့ ဗီဒီယိုတွေကို ကြည့်ဖူးမှတော့ ဘာလို့ တစ်ခေါက်လောက် မစမ်းကြည့်တာလဲ” ကျန်းယဲ့သည် မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရသည်။
ဤကဲ့သို့သော လူကို ရှာဖွေခြင်းမှာ လုံးဝ မှန်ကန်သော ဆုံးဖြတ်ချက်ပင်။
“ဒါက ယုံနိုင်စရာမရှိသလို ဖြစ်နေပေမယ့် တစ်ခေါက်လောက်တော့ စမ်းကြည့်သင့်ပါတယ်။ တကယ်လို့ အမှန်ဆိုရင် ချင်မင်းဆက်ဆီကို ရောက်သွားမှာလေ။ တစ်ယောက်ကို ယွမ်နှစ်ထောင်ပဲ ကျမှာဆိုတော့ တော်တော်တန်ပါတယ်။ ဒါက လူအများကြီး လိုချင်နေတဲ့ အခွင့်အရေးကောင်းကြီးလေ”
“အတုဖြစ်ခဲ့ရင် ခင်ဗျားကို ကျွန်တော် တိုက်ရိုက် ယွမ် တစ်သိန်း လျော်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက ရှုံးမှာမဟုတ်ဘူးလေ”
“ဒါက ရခဲတဲ့ အခွင့်အရေးပဲ... ဘာလို့ မစမ်းကြည့်တာလဲ”
ကျန်းယဲ့၏ စကားများကြောင့် ဖန်ကောင်းချန် အနည်းငယ် စိတ်ဝင်စားသွားပြီး ပြန်မေးလိုက်၏။ “အဲဒီ ဘလော့ဂါကို ဘာလို့ မခေါ်တာလဲ”