အခန်း (၁၂) သတ်မှတ်ထားသော လူနေရပ်ကွက်
“သေချာတာပေါ့... သေချာတာပေါ့” ကျန်းယဲ့က ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်၏။
ခရီးသွားအေဂျင်စီ ပိုင်ရှင်များက ဖောက်သည်ဟောင်းများကို အနှစ်သက်ဆုံးပင်။
သူတို့ရှိနေလျှင် သူတို့၏လူများကိုပါ ခေါ်လာနိုင်ပြီး ဤနည်းအားဖြင့် ဖောက်သည်ရှာရန် ပူစရာမလိုတော့ချေ။
ကျန်းယဲ့သည် ရှေ့လာမည့် တာဝန်များအတွက် ယုံကြည်မှုရှိသွားပြီး ဖောက်သည် မရမည်ကို စိုးရိမ်ရန် မလိုတော့ပေ။
လူလေးယောက် ထွက်သွားပြီးနောက် ကျန်းယဲ့က ခရီးသွားအေဂျင်စီ၏ မှန်တံခါးကို ပိတ်လိုက်ရာ စနစ်က စာရင်းစတင် ရှင်းလင်းလေတော့သည်။
[ဂုဏ်ယူပါတယ် လက်ခံသူ... သင် စမ်းသပ်မှုကို အောင်မြင်သွားပါပြီ။]
[ပင်မတာဝန် ပြီးမြောက်မှုနှုန်း ၁၀၀%၊ စူးစမ်းလေ့လာရေးတာဝန် ပြီးမြောက်မှုနှုန်း ၁၀၀%၊ ဆုလာဘ်များ ထုတ်ပေးလိုက်ပါပြီ။]
နောက်ဆုံးအသံ ပျောက်ကွယ်သွားသည်နှင့် ကျန်းယဲ့၏ ဖုန်းမှ အသံမြည်လာချေသည်။
စခရင်ကို ဖွင့်ကြည့်လိုက်သောအခါ ၅၈၅၈ နှင့် ဆုံးသော တရုတ်ဆောက်လုပ်ရေးဘဏ်အကောင့်ထဲသို့ ဆုကြေးငွေ ယွမ်တစ်သိန်း ဝင်လာကြောင်း တွေ့လိုက်ရ၏။
ကျန်းယဲ့ အများဆုံး ဂရုစိုက်နေသည်က ယွမ် တစ်သိန်း ဆုကြေးငွေ မဟုတ်ချေ။ သူ အလေးထားဆုံးမှာ သူ၏ သက်တမ်းတိုးလာခြင်းနှင့် ခရီးစဉ်တာဝန်မှ ရရှိသော တိုက်ခိုက်ရေး ဆုလာဘ်များ ဖြစ်သည်။
[အခြေခံ တိုက်ခိုက်ရေး ဆုလာဘ်များကို လဲလှယ်ယူမလား။]
“လဲလှယ်မယ်...”
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းယဲ့သည် ခြေဖဝါးမှစ၍ လျှပ်စစ်စီးကြောင်းတစ်ခု တက်လာပြီး ခြေလက်များနှင့် အရိုးများထဲသို့ စီးဆင်းသွားသလို ခံစားလိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ရီသွားလေသည်။
ထိုကျင်စက်စက် လျှပ်စစ်စီးသည့် ခံစားမှုမှာ စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် လုံးဝ ပျောက်ကွယ်သွားချေသည်။
ကျန်းယဲ့သည် လက်သီးကို ဆုပ်လိုက်ရာ တစ်ကိုယ်လုံးတွင် ဖော်ပြ၍မရနိုင်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး သူ၏ စိတ်ထဲတွင် တိုက်ခိုက်ရေး နည်းစနစ်များစွာ ပေါ်လာ၏။
သူက လက်သီးတစ်ချက် ထိုးကြည့်လိုက်ရာ ငယ်စဉ်ကတည်းက သိုင်းပညာကို သင်ယူခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။
လှုပ်ရှားမှုတိုင်းနှင့် ဟန်ရေးတိုင်းမှာ သူ၏ ကြွက်သားများထဲတွင် စွဲထင်နေချေသည်။ ထိုကျွမ်းကျင်မှု အဆင့်က သူ့ကိုပင် အံ့အားသင့်စေ၏။
‘ဒါက အခြေခံ တိုက်ခိုက်ရေးစွမ်းရည်ပဲ ရှိသေးတယ်။ နောက်ပိုင်း အလယ်အလတ်နဲ့ အဆင့်မြင့်တွေသာ ရှိလာရင် အဲဒီအချိန်ကျ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လောက်တောင် မြင့်မားလာမလဲဆိုတာ မှန်းဆလို့တောင် မရဘူး’
နောက်ပိုင်း ချင်မင်းဆက်သို့ ဝင်ရောက်ချိန်တွင် သူခိုးသူဝှက်များနှင့် ဓားပြများကို ရင်ဆိုင်ရပါက အခြားသူများနောက်တွင် ပုန်းကွယ်နေစရာ မလိုတော့ဘဲ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိလာချေပြီ။
ထို့အပြင် ဒီနေ့ ယွမ်တစ်သိန်းရလိုက်သောကြောင့် ကျန်းယဲ့သည် စိတ်ဓာတ်တွေ တက်ကြွနေပြီး သေဆုံးရမည့် အုံ့မှိုင်းမှုများမှာလည်း လွင့်စင်သွားရသည်။
ထို့နောက် ဘေးနားရှိ စားသောက်ဆိုင်ငယ်လေးတွင် ခေါက်ဆွဲတစ်ပန်းကန် စားခဲ့ပြီးနောက် ပျော်ရွှင်စွာဖြင့် ဆိုင်ကို ထိုင်စောင့်နေလေသည်။
တစ်နေ့တာလုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဘာမှမဖြစ်ဘဲ ကုန်ဆုံးသွားခဲ့သည်။
သူ့ဘက်တွင် အရာအားလုံး ငြိမ်သက်နေသော်လည်း ကျန်းထောင်၏ ဘက်တွင်မူ အလွန်ပင် စည်ကားနေချေသည်။
သူ၏ ဗီဒီယိုကို တင်ပြီးနောက် နာရီအနည်းငယ်အတွင်းမှာပင် လူပြောသူပြော များလာပြီး ကြည့်ရှုသူအရေအတွက်မှာ ဒုံးပျံလို ထိုးတက်သွားကာ တစ်ချိန်တည်းမှာပင် သူ၏အကောင့်ရှိ အခြားဗီဒီယိုအားလုံးကို ကျော်တက်သွားပြီး အငြင်းပွားဖွယ်မရှိ နံပါတ်တစ် နေရာသို့ ရောက်သွား၏။
ဝင်ရောက်ကြည့်ရှုမှု တိုးလာသော်လည်း အောက်ဖက်ရှိ ကွန်မန့်များမှာမူ တစ်ဖက်သတ် ဆန်နေချေသည်။
ဟန်ကျိုးမြို့ရှိ ရှင်းဖူလီ လူနေရပ်ကွက်တွင် အသက်နှစ်ဆယ်ကျော်အရွယ် ဆံပင်အနီဆိုးထားသော လူငယ်တစ်ဦးက ခြေချိတ်ထိုင်ကာ တိုရင်ကို အပျင်းပြေ ပွတ်နေလေသည်။
(NT- Tiktokလိုမျိုးပါ.. တရုတ်မှာအဲ့ဆော့ဝဲက အသုံးများပါတယ်)
"ငါ၏ ချင်မင်းဆက် နေ့ချင်းပြန် ခရီးစဉ်"ဟူသော ခေါင်းစဉ်ဖြင့် ဗီဒီယိုတစ်ခုက မျက်နှာပြင်ပေါ်တွင် လတ်ဆတ်တက်ကြွသော ခံစားမှုဖြင့် ပေါ်လာချေသည်။
ဖန်ကောင်းချန်သည် ထိုခေါင်းစဉ်ကို မြင်သောအခါ ကျော်ပစ်ရန် ရွယ်လိုက်သော လက်မှာ သူ၏ အခြားဖုန်းတစ်လုံးမှ မြည်လာသော အသံကြောင့် ရပ်တန့်သွားရသည်။
သူသည် ဖုန်းခေါ်ဆိုသူ၏ အမည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုလိုက်လေသည်။
ထိုအချိန်တွင် တိုရင်ဗီဒီယိုထဲမှ ကျန်းထောင်မှာ သွက်လက်စွာ စကားပြောနေပြီး သူပြောသမျှ စကားလုံးတိုင်းမှာ ဖန်ကောင်းချန်၏ နားထဲသို့ ဝင်လာ၏။
“ချင်မင်းဆက်ကို အချိန်ခရီးသွားပြီး ချင်ရှီဟွမ်နဲ့ တွေ့ခဲ့ရတယ်ဆိုတာ ယုံနိုင်စရာမရှိပေမယ့် ကျွန်တော် တကယ်ပဲ ရောက်ခဲ့တာပါ။ လူတော်တော်များများက ဒါကို မေးခွန်းထုတ်ကြမယ်ဆိုတာ ကျွန်တော် သိပါတယ်.... ဒါကြောင့် အခုပဲ ကြေညာလိုက်မယ်... ကျွန်တော် တင်မယ့် ဗီဒီယိုထဲက သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေး နေရာတွေကို ရှာတွေ့တဲ့ ဘယ်သူ့ကိုမဆို ယွမ် တစ်သန်းပေးပါမယ်။ ဒီဗီဒီယိုက သက်သေပဲ”
ဖန်ကောင်းချန်က သူ၏ အာရုံကို တိုရင်ဆီသို့ ပြန်လှည့်လိုက်ပြီး မျက်ခုံးအနည်းငယ် ပင့်လိုက်၏။ “ချင်မင်းဆက်ကို အချိန်ခရီးသွားတယ်ပေါ့လေ။ ထွီး.... သူတို့က လူတိုင်းကို အရူးလို့ ထင်နေတာလားဟ”
ဖန်ကောင်းချန်သည် ယင်းကို ရင်ထဲမှ လုံးဝ မယုံကြည်သော်လည်း ထို ချင်မင်းဆက် ဗီဒီယိုဆိုသည်ကို ကြည့်ချင်စိတ်ကိုမူ မတားဆီးနိုင်ခဲ့ချေ။
ကျန်းထောင်သည် ကျန်းယဲ့နောက်သို့ လိုက်ကာ ရီယဲ့ ခရီးသွားအေဂျင်စီထဲသို့ ဝင်သွားသည့် မြင်ကွင်းအနည်းငယ် ပြသပြီးနောက် ဗီဒီယိုမှာ ချင်မင်းဆက်သို့ တိုက်ရိုက် ခုန်ကူးသွားလေသည်။
ထို့နောက် ရုပ်ရှင်များနှင့် တီဗီဇာတ်လမ်းတွဲများထဲမှ နေရာများနှင့် လုံးဝကွဲပြားသော မြို့တစ်မြို့ မျက်နှာပြင်ပေါ်တွင် ပေါ်လာကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူများနှင့် ချဉ်းကပ်လာသော မြင်းခွာသံများ ပါဝင်နေခဲ့သည်။
စစ်ပွဲ၏ ဖရိုဖရဲ အခြေအနေများကြားတွင် ဗီဒီယို ပြီးဆုံးသွားသောအခါ ဖန်ကောင်းချန်မှာ ဗီဒီယိုကို ကျော်ပစ်ရန် အနည်းငယ် နှမြောနေမိဆဲဖြစ်သွာရသည်။
“ရိုက်ကူးထားတာက တကယ်တော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်”
“အဲဒီ အဆောက်အအုံတွေတောင်မှ ညံ့ဖျင်းစွာ ဖန်တီးထားတဲ့ ရှေးဟောင်းအတုတွေနဲ့ မတူဘူး”
ဤဗီဒီယို တင်သူ၏ နောက်ကွယ်ရှိ အဖွဲ့က ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ထားပုံရကြောင်း ဖန်ကောင်းချန်က စိတ်ထဲမှ ကောက်ချက်ချလိုက်၏။
ယနေ့ခေတ်တွင် ဤဘလော့ဂါများက နာမည်ကြီးလာရန်အတွက် အမှန်တကယ်ပင် ဘာမဆို လုပ်ကြတော့ပေသည်။
(NT- တကယ်ချီးစားရဲပါတယ် နာမည်ကြီးမယ်ဆိုရင် 🤣)
ညဉ့်နက်ချိန်... ရီယဲ့ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်တွင် ကျန်းယဲ့ဟာ ကုတင်ပေါ်၌ လှဲလျောင်းကာ အိပ်ရန် ပြင်ဆင်နေစဉ် သူ၏ နားထဲတွင် စနစ်၏ အသံကို ကြားလိုက်ရလေသည်။
[ဒင်... ဘီစီ ၂၁၈ ချင်မင်းဆက်သို့ ၂၄ နာရီ နေ့ချင်းပြန် ခရီးစဉ်အတွက် ရှင်းဖူလီ လူနေရပ်ကွက်မှ လူရှစ်ဦးကို လူတစ်ဦးလျှင် ယွမ် ၂၀၀၀ ဖြင့် စုဆောင်းပါ။ မှတ်ချက်- ခရီးသွားများက ရှင်းဖူလီ လူနေရပ်ကွက်မှ နေထိုင်သူများ ဖြစ်ရမည်။ စုဆောင်းမည့် အချိန်ကာလ- သန်းခေါင်ယံမှ စတင်၍ ၂၄ နာရီ။]
[တာဝန် အောင်မြင်ပါက ဆုလာဘ်- သက်တမ်း လဝက်၊ ယွမ် ၂၀၀,၀၀၀]
‘ချီး.....’
ကျန်းယဲ့သည် ဂျွမ်းတစ်ပတ်ပစ်ကာ ကုတင်ပေါ်မှ ခုန်ဆင်းလိုက်၏။
(NT- သိုင်းတတ်သွားလို့ ရိုးရိုးမဆင်းချင်တော့လို့ပါ...)
‘ဒါ ဘာသောက်ကျိုးနည်းလဲကွ...’
‘ဘာလို့ သီးခြား ဖောက်သည်အုပ်စုကို ပစ်မှတ်ထားရတာ ပါလာရတာလဲ’
‘သူတို့က ရှင်းဖူလီ လူနေရပ်ကွက်က နေထိုင်သူတွေ ဖြစ်ရမယ်ဆိုတော့ ကျန်းထောင်တို့လို လူတွေက အရည်အချင်း မပြည့်မီဘူးဆိုတဲ့ သဘောပဲ’
နောင်တွင် ဖောက်သည်များအတွက် စိတ်ပူစရာ မလိုတော့ဟုဆိုကာ သူက အစက ပျော်ရွှင်စွာ တွေးနေခဲ့သော်လည်း စနစ်က သူ့ကို ယခုလို လမ်းပိတ်သွားစေသဖြင့် သူ့ကို အသက်ရှင်ခွင့် မပေးသလို ဖြစ်နေချေသည်။
[ဒင်... စနစ်စတိုးကို အဆင့်မြှင့်တင်ပြီးပါပြီ]
ကျန်းယဲ့၏ မျက်လုံးများ အရောင်လက်သွားပြီး စနစ်မျက်နှာပြင်ကို ထိန်းချုပ်ကာ စနစ်စတိုးကို ဖွင့်လိုက်လေသည်။
ကတိပေးထားသော စနစ်ဈေးဝယ်စင်တာတွင် ဈေးဝယ်သည့်အပိုင်း တစ်ခုလုံး၌ ယာယီအားဖြင့် ပစ္စည်းအနည်းငယ်သာ ရှိနေခဲ့သည်။
ကျန်သည့် ပစ္စည်းများမှာ မီးခိုးရောင် ဖြစ်နေပြီး ယင်းတို့အပေါ် ညွှန်ပြတံ ရောက်သွားသောအခါ ‘သော့ဖွင့်ရန် ဆိုင်းငံ့ထားသည်’ဟူသော စာသားများ ပေါ်လာချေသည်။
ထို့ကြောင့် ကျန်းယဲ့ဟာ သူ၏ အကြည့်ကို ပြန်ရုပ်လိုက်ပြီး ဝယ်ယူနိုင်သော ပစ္စည်းများအပေါ် အာရုံစိုက်လိုက်၏။
ချင်မင်းဆက် သာမန်အရပ်သား အဝတ်အစား- ဈေးနှုန်း- တစ်ဦးလျှင် ယွမ် ၅၀၀။
ချင်မင်းဆက် ကိုယ်ကာကွယ်ရေး စတစ်ကာ- ဈေးနှုန်း- တစ်ဦးလျှင် ၁၀ ယွမ်။
ချင်မင်းဆက် ပုံစံဆံထုံး (အမျိုးသားနှင့် အမျိုးသမီး) ဆံပင်တု- တစ်ခုလျှင် ၅၀ ယွမ်။
ရေသန့်- တစ်ဘူးလျှင် ၅ ယွမ်။
ချင်အကြွေစေ့ ငွေလဲနှုန်း- ချင်အကြွေ ၁ ပြား = ၂ ယွမ်။
‘မျက်နှာဖုံးက တစ်ယောက်ကို ၁၀ ယွမ်ပဲ ရှိတာလား။ ဒါဆို အရင်က လူသစ်လက်ဆောင်ထုပ်က တော်တော်လေး ဈေးပေါခဲ့တာပဲ...’
‘ဒီစနစ်က တော်တော် ကပ်စေးနဲတာပဲ...’
ဤပုံစံအရ ကြည့်ရလျှင် ဤတစ်ကြိမ်တွင် ဓာတ်ပုံပါသည့် မှတ်ပုံတင်၊ အဝတ်အစား၊ စားသောက်စရိတ်နှင့် တည်းခိုစရိတ်များ အပါအဝင် အရာအားလုံးကို မိမိဘာသာ ကျခံရချေမည်။
သူတစ်ပါးထံမှ အဝတ်အစားများ အခမဲ့ ရရှိရန်ဆိုသည်မှာမူ တိုက်ဆိုင်မှုမျိုး ကြုံမှသာ မျှော်လင့်နိုင်မည့် အရာဖြစ်၏။
‘ကောင်းပြီလေ... ပိုက်ဆံတောင် မရှာရသေးဘူး... ရှုံးနေပြီ’
နောက်ဆုံး ဆုကြေးငွေ ယွမ် ၂၀၀,၀၀၀ကို ထည့်သွင်းစဉ်းစားပြီးနောက် ကျန်းယဲ့ဟာ ဤငွေကြေး အနည်းငယ်ကို လျစ်လျူရှုလိုက်ချေသည်။
“အစ်ကိုစနစ်... ပြဿနာတစ်ခု ရှိတယ်ဗျ... ကျွန်တော့်အိမ်မှာ ခရီးသည် ခုနစ်ယောက်စီး SUV ပဲ ရှိတာ။ ခရီးသည်ရှစ်ယောက်နဲ့ ကျွန်တော်ပါ ပေါင်းရင် ကိုးယောက်စီးကား လိုအပ်လာပြီ။ တခြားနေရာကနေ ကားတစ်စီး ရှာရတော့မယ်...”
[လက်ခံသူ... စိတ်ပူစရာ မလိုပါဘူး။ လူပြည့်သွားတာနဲ့ ခရီးစဉ်ကို စတင်နိုင်ပါပြီ]
ကောင်းပြီလေ.... စနစ်ရှိနေသဖြင့် ကျန်းယဲ့ စိတ်ပူစရာ ဘာမှမရှိတော့ချေ။
ကျန်းယဲ့သည် အချိန်ဇယားကို စစ်ဆေးကြည့်ရာ ည ၁၁ နာရီတွင် ရှင်းဖူလီ လူနေရပ်ကွက်သို့ သွားပါက မည်သည့် ဖောက်သည်ကိုမျှ ရှာတွေ့မည် မဟုတ်ကြောင်း သဘောပေါက်လိုက်၏။
ထို့ကြောင့် အချိန်ကပ်နေသော်လည်း နောက်တစ်နေ့ နံနက်စောစော သွားရန်သာ ရှိတော့ပေသည်။
“ကောင်းပြီ... အိပ်ကြစို့”
‘နိုးလာရင် အရာအားလုံး အဆင်ပြေသွားမှာပါ’
ထို့နောက် ကျန်းယဲ့ဟာ စောင်ကို မျက်နှာပေါ် ဆွဲတင်ကာ တစ်ဖက်လှည့်၍ အိပ်ပျော်သွားလေသည်။
နံနက် ၅ နာရီ ၅၀ မိနစ်တွင် ကျန်းယဲ့ နာရီနှိုးစက်ကြောင့် နိုးလာ၏။ ယနေ့ တာဝန်များအကြောင်း တွေးမိကာ အိပ်ချင်နေသော်လည်း ထပြီး မျက်နှာသစ်ရလေသည်။
ထို့နောက် အဖြူရောင်သင်ပုန်းကို ကောက်ကိုင်ပြီး ပစ္စည်းများနှင့် ကျောပိုးအိတ်ကို စုဆောင်းကာ သူ၏ SUVကို မောင်း၍ ရှင်းဖူလီ လူနေရပ်ကွက်သို့ ထွက်လာလေသည်။
လူနေရပ်ကွက် အပေါက်ဝသို့ ရောက်သောအခါ ကျန်းယဲ့သည် ‘ဘီစီ ၂၁၈ ချင်မင်းဆက် နေ့ချင်းပြန် ခရီးစဉ် ၂၄ နာရီ၊ တစ်ဦးလျှင် ယွမ် ၂၀၀၀’ ဟု ရေးထားသော သင်ပုန်းဖြင့် ဆိုင်ခန်းငယ်လေး ဖွင့်လိုက်၏။
မနေ့က ပုံစံအတိုင်းပင်။ အထူးသဖြင့် မျက်စိကျစရာကောင်းသော စာကြောင်းတစ်ကြောင်းကို သူက သင်ပုန်းပေါ်တွင် ရေးလိုက်သေးချေသည်။ ‘ဒဏ်ကြေး တစ်ဦးလျှင် ယွမ် ၁၀၀,၀၀၀’
အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက် ကျန်းယဲ့သည် ခွေးခြေခုံလေးပေါ်တွင် ထိုင်ကာ ဖောက်သည်များကို စတင် ခေါ်ယူနေလေတော့သည်။