အခန်း (၁၁) ကျွန်တော်ပြောရင် ခင်ဗျားတို့ ယုံမှာမဟုတ်ဘူး
တိုက်ရိုက်ထုတ်လွှင့်မှုက အလွန်စည်ကားနေဆဲဖြစ်ပြီး အထူးသဖြင့် လိုက်ဖ်လွှင့်သူ၏ ကြောင်တောင်တောင်နှင့် ငေးမောနေသော အမူအရာကို မြင်ရသောကြောင့်ပင်။
[ထောင်ဇီ... မင်းရဲ့ မျက်နှာအမူအရာက တစ်ခုခု လွဲနေတယ်။ သရဲတစ္ဆေ မြင်ထားတဲ့အတိုင်းပဲ...]
[ထောင်ဇီ....ဘာဖြစ်လို့လဲ]
[နေပါဦး... ထောင်ဇီ့ အဝတ်အစားတွေက နည်းနည်း လွဲနေတာကို မင်းတို့ သတိမထားမိဘူးလား...]
[သောက်ကျိုးနည်း.... ထောင်ဇီ ဘယ်အချိန်က အဝတ်အစား လဲလိုက်တာလဲ။ အဲဒီလို စုတ်ပြတ်နေတဲ့ သူတောင်းစား အဝတ်အစားတွေနဲ့...]
[ငါ သိပြီ။ လိုက်ဖ်လွှင့်သူက လိုင်းကျသွားတာ မဟုတ်ဘူး... အဝတ်အစားလဲဖို့ အော့ဖ်လိုင်း ခဏသွားတာပဲ။ ဒါပေမဲ့ ဒီလို စုတ်ပြတ်နေတဲ့ အဝတ်အစားတွေ လဲရအောင် ဘယ်လို စိတ်ကူးပေါက်သွားတာလဲဟ... ]
[ဟေး.. ဒါက မထူးဆန်းဘူးလား... သူ့အိတ်ထဲက အဝတ်အစားတွေက ဘယ်ကရောက်လာတာလဲ...]
[ဒါက ကြိုတင်ပြင်ဆင်ထားတာ သေချာတယ်။ ထောင်ဇီက ရိုးသားမှုမရှိဘူး... ဒါက ကြိုတင်စီစဉ်ထားတဲ့ ပြဇာတ်တစ်ခု မဟုတ်လား...]
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများက ကျန်းထောင်၏ မှင်သက်နေသော အမူအရာကိုသာ မြင်တွေ့ခဲ့ရပြီး ကားထဲရှိ အခြားသူများ၏ အခြေအနေမှာလည်း ထိုထက်မသာကြောင်းကိုမူ မသိရှိခဲ့ကြချေ။
သူတို့သည် ချင်မင်းဆက်မှ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာသဖြင့် အံ့အားသင့်နေရုံသာမက ပြန်ရောက်ရောက်ချင်းမှာပင် သူတို့၏ ဆံထုံးများ ပျောက်ကွယ်သွားသည့်အတွက်လည်း အံ့ဩတုန်လှုပ်နေကြရသည်။
သို့သော်လည်း ဓားပြများထံမှ သူတို့လုယူခဲ့သော အဝတ်အစားများမှာမူ သူတို့ ကိုယ်ပေါ်တွင် ရှိနေဆဲပင်။
ဤအရာအားလုံးက အလွန်တုန်လှုပ်ဖွယ် ကောင်းလှချေသည်။
ကျန်းထောင်သည် ပြတင်းပေါက်မှ သူ၏အကြည့်ကို ဖုန်းမျက်နှာပြင်ဆီသို့ ပြန်ရွှေ့လိုက်၏။ အဆက်မပြတ် တက်လာနေသော ကွန်မင့်များကို ကြည့်ရင်း သူက တံတွေးကို တိတ်တဆိတ် မျိုချလိုက်ပြီး လွှတ်ခနဲ ပြောလိုက်လေသည်။
“အမျိုးတို့... ကျွန်တော် ချင်မင်းဆက် ခရီးစဉ်ကနေ ပြန်ရောက်လာပြီလို့ ပြောရင် ခင်ဗျားတို့ ယုံကြမလား”
ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်မှု၏ စကားပြောခန်းက ပေါက်ကွဲသွားလေတော့သည်။
[သောက်ကျိုးနည်း... ထောင်ဇီ... ငါတို့ကို အရူးတွေလို့ ထင်နေလားကွ...]
[အရူးကောင်... မင်းက ကားထဲမှာ တစ်ချိန်လုံး ရှိနေခဲ့ပြီး ချင်မင်းဆက်ကို သွားခဲ့တယ်လို့ ငါ့တို့ကို ပြောနေတာလား။ ရယ်စရာမလုပ်စမ်းပါနဲ့... ]
[ဒီဟာသက လုံးဝ မရယ်ရဘူးနော်....]
[ငါတို့က မင်းကို လူလို ဆက်ဆံတယ်... ဒါပေမဲ့ မင်းက ငါတို့ကို ခွေးလို ဆက်ဆံတာလား။ ဘလော့... ဘလော့.... အခုချက်ချင်း ဘလော့ပစ်]
...
အရှေ့တွင် ကားမောင်းနေသော ကျန်းယဲ့သည် ကျန်းထောင်၏ စကားကို ကြားသောအခါ ရယ်ချင်စိတ်ကို မနည်းထိန်းထားရလေသည်။
ဒီကိစ္စသာ အပြင်ရောက်သွားရင် ဘယ်သူက ယုံမှာလဲ။
မနက်ဖြန် ဒါမှမဟုတ် ဒီညလောက်အထိ စောင့်ပြီးမှ ပြောမယ်ဆိုရင် ယုံကြည်နိုင်စရာ အနည်းငယ်တော့ ပိုများကောင်း များနိုင်လိမ့်မည်။
ကျန်းထောင်သည် သူ၏ အမှားကို သဘောပေါက်သွားသော်လည်း ပြောပြီးသွားပြီဖြစ်ရာ နောက်ဆုတ်၍ မရတော့ချေ။ အခြေအနေကို ကြံ့ကြံ့ခံကာ သူပြောသည့်စကား အမှန်ဖြစ်ကြောင်း သက်သေပြရန်သာ ကြိုးစားရတော့၏။
“ခင်ဗျားတို့ ကျွန်တော့်ကို မယုံဘူးဆိုတာ သိပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ သက်သေရှိတယ်။ ဗီဒီယို ရိုက်ထားတယ်... ပြီးတော့ ချင်ရှီဟွမ်ကိုတောင် တွေ့ခဲ့သေးတယ်...”
“တကယ်ပြောတာ... ခင်ဗျားတို့ကို မလိမ်ပါဘူး။ မယုံရင် ကျွန်တော့်ကားထဲက လူတွေကို မေးကြည့်...”
ထိုသို့ပြောရင်း သူက ကင်မရာကို ကားထဲရှိ အခြားသူများထံ ချိန်လိုက်၏။
“အစ်ကိုကြီးတို့... ကျွန်တော် မလိမ်ဘူးဆိုတာ ရှင်းပြပေးကြပါဦး...”
လီကျန့်ကော်သည် ရိုးသားဖြောင့်မတ်ပြီး အေးဆေးသော လူတစ်ယောက် ဖြစ်လေသည်။ သူသည် ကင်မရာရှေ့တွင် အနည်းငယ် ကသိကအောက် ဖြစ်နေပုံရသော်လည်း ပြောလိုက်၏။ “သူ မလိမ်ပါဘူး... ကျွန်တော်တို့ တကယ်ပဲ ချင်မင်းဆက်ကို သွားခဲ့တာပါ.... ကျွန်တော့်ဖုန်းကိုတော့ စစ်သားတွေ သိမ်းသွားတယ်”
[ဟက်.... မင်း လိမ်နေတာ သိသာလွန်းပါတယ်...]
[ရိုးသားတဲ့လူတွေက လိမ်ပြောရင် သဘာဝမကျဘူး...]
[ကျန်းထောင်နဲ့ ဒီအဘိုးကြီး ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာ သေချာတယ်ကွ...]
...
“ဒီမှာ ခဏစောင့်... ဗီဒီယိုကို အခုချက်ချင်း ပြမယ်”
ကျန်းထောင်သည် နောက်ဖုန်းတစ်လုံးကို ထုတ်ယူကာ ဗီဒီယိုကို ဖွင့်ပြီး ကင်မရာရှေ့သို့ ပြလိုက်လေသည်။
ထို့နောက် ယခင်က လန်ယာတွင် ချင်ရှီဟွမ်၏ အရှေ့ပိုင်း ခရီးစဉ် စစ်ကြောင်းကို ကြိုဆိုရန် သူတို့ရိုက်ကူးခဲ့သော ဗီဒီယိုကို ဖွင့်ပြလိုက်၏။
“မြင်လား... ဗီဒီယိုက သက်သေပဲ”
ကျန်းထောင်သည် အလွန် စိတ်လှုပ်ရှားနေချေသည်။
“အကယ်၍ အတုသာဆိုရင် ကျွန်တော့်ဖုန်းထဲမှာ ဗီဒီယို ရှိနေမှာ မဟုတ်ဘူး။ အမျိုးတို့... ကျွန်တော် ချင်မင်းဆက်ကို အချိန်ခရီးသွားခဲ့ပြီဆိုတာ သိလိုက်ရပြီး ချင်ရှီဟွမ်ကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ပထမဆုံးအတွေးက အမျိုးတွေအားလုံးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့စေချင်တာပဲ”
ဗီဒီယို ဖွင့်ပြနေစဉ် ကွန်မန့်အပိုင်းမှာ ခဏတာ ရပ်တန့်သွားလေသည်။
သောက်ကျိုးနည်း။ တကယ်ကြီး ဗီဒီယို ရှိနေတာပဲ။
[ဟိုအဆောက်အအုံကို ကြည့်စမ်း.... နည်းနည်းတော့ ဟောင်းနွမ်းပျက်စီးနေပေမယ့် ချင်မင်းဆက်ရဲ့ ပုံစံနဲ့တော့ တကယ်တူတယ်ဟ...]
[ဝိုး... ချင်ရှီဟွမ်ရဲ့ စစ်တပ်ကြီးလာနေပြီ။ စစ်ကြောင်းကို မမြင်ရသေးခင်မှာတင် မြင်းခွာသံတွေက အတော်လေး ခမ်းနားနေပြီပဲ...]
[ကျန်းထောင် တကယ်ပဲ ချင်မင်းဆက်ကို ရောက်သွားတာ ဖြစ်နိုင်မလား....]
တိုက်ရိုက်စကားပြောခန်းတွင် ထွက်ပေါ်လာသော ထိတ်လန့်အံ့အားသင့်ဖွယ် ကွန်မန့်အချို့ကို သံသယများက လျင်မြန်စွာ အစားထိုးသွား၏။
[မဖြစ်နိုင်တာ... မဖြစ်နိုင်တာ... အဲဒါကို တကယ် ယုံတဲ့သူ ရှိလို့လား...]
ဒီဗီဒီယိုက အတုမှန်း သိသာလွန်းပါတယ်။
[ဘုရားရေ... ကျန်းထောင် ဘာလို့ ဟန်ကျိုးကို လာတာလဲ စဉ်းစားနေတာ... အဲဒီ ခရီးသွားလမ်းညွှန်နဲ့ ပူးပေါင်းပြီး လုပ်ဇာတ်ခင်းတာ ဖြစ်ရမယ်။ ကြိုတင်ပြင်ဆင်ထားတဲ့ အဲဒီအဝတ်အစားတွေက အကောင်းဆုံး သက်သေပဲ...]
[သူတို့ သရုပ်ဆောင်နေတာကို မင်းတို့က တကယ် အတည်မှတ်နေတာလား... ]
[ဒါက ထောင်ဇီနဲ့ သူ့အပေါင်းအပါတွေ စီစဉ်ထားတဲ့ မျက်လှည့်ပြဇာတ်တစ်ခုဆိုတာ ရှင်းနေတာပဲ။ အင်တာနက်ပေါ်မှာ ဒါကို ယုံမယ့် အရူးတွေ တကယ်ရှိတာပဲ...]
[ဒီဗီဒီယိုကို ဒီအချိန်လေးအတွက်ပဲ အရင်ကတည်းက ရိုက်ထားခဲ့တာ ဖြစ်ရမယ်...]
ဒီခေတ်မှာ လိုက်ဖ်လွှင့်သူတွေက နာမည်ကြီးဖို့အတွက် ဘာမဆို လုပ်ရဲကြသည် မဟုတ်လော။
မယုံကြည်တာ မဆန်းချေ ......
(NT- ချေးလဲ စားရဲတယ်နော်😁)
...
ကွန်မန့်များမှ အပျက်သဘောဆောင်သော တုံ့ပြန်မှုများကို မြင်တွေ့ရသောအခါ ကျန်းထောင် ဒေါသထွက်သွားရသည်။
‘တစ်ခါတလေတော့လည်း ဝန်ခံရမယ်... ငါ မင်းတို့ကို လိမ်ပြောနေတဲ့အချိန်ဆိုရင် မင်းတို့အားလုံး ယုံကြတယ်။ ဒါပေမဲ့ ငါ မလိမ်တဲ့အချိန်ဆိုရင်ကျတော့ မင်းတို့အားလုံးက အတုလို့ ထင်ကြပြန်ရော..’
‘ဒီခေတ်မှာ အမှန်တရားကို ဘယ်သူမှ မယုံကြပေမယ့် လိမ်ညာမှုတွေကိုတော့ ယုံတဲ့သူတွေ အများကြီးပဲ’
အမြဲတမ်း ဉာဏ်ပြေးသော ကျန်းထောင်က တိုက်ရိုက်ပင် ပြောလိုက်၏။ “ခင်ဗျားတို့ ကျွန်တော့်ကို မယုံဘူးဆိုရင် သွားရှာကြလေ။ ဒီဟာကို ကျွန်တော်က လူခေါ်ပြီး ကြိုရိုက်ထားတာလို့ ခင်ဗျားတို့ပဲ ပြောနေတာ မဟုတ်လား... ဗီဒီယိုထဲက လူတွေက သေချာပေါက် သရုပ်ဆောင်တွေ ဖြစ်ရမယ်မလား။ ခင်ဗျားတို့ အဲဒီလောက် စွမ်းရင် သွားရှာကြလေ”
“ဒါ့အပြင် ရိုက်ကူးရေးလုပ်ဖို့ နေရာတစ်ခုလည်း လိုသေးတယ်လေ။ ဒါမျိုး တစ်ပုံစံတည်း တူတဲ့နေရာကို ခင်ဗျားတို့ ရှာနိုင်လား...”
“ဟက်... ဘယ်သူမဆို ရှာနိုင်တဲ့သူကို ကျွန်တော် ဆုငွေ ယွမ်တစ်သိန်း ပေးမယ်....”
ကျန်းထောင် ဆက်လက် ချေပချင်သေးသော်လည်း ရုတ်တရက် မျက်နှာပြင်မှာ မည်းမှောင်သွားလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရီပို့ထုခံရပြီး ပိတ်ခံလိုက်ရချေပြီ။
“တောက်... ဘယ်ခွေးကောင်က ရီပို့သွားထုတာလဲကွ” ကျန်းထောင်က ကျိန်ဆဲလိုက်၏။
ကျန်းမင်ဟွေက ပြောလေသည်။ “အချိန်ဖြုန်းမနေပါနဲ့ကွာ... ဒီလိုကိစ္စမျိုးကို ဘယ်သူကမှ ယုံမှာမဟုတ်ဘူးလေ”
လျိုကျန်တုန်းက ဖြည့်စွက်ပြောလိုက်ပြန်သည်။ “ဒီလိုလုပ်တာက ဖော်လိုဝါတွေကို အလွယ်တကူ ဆုံးရှုံးစေပြီး ဆိုးကျိုးတောင် ပိုဖြစ်စေနိုင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင် ဒါကို သိတယ်လေ... မယုံတဲ့သူတွေက ခင်ဗျား ဘာပဲပြောပြော ယုံမှာမဟုတ်ဘူး...”
ထိုသို့ဆိုသော်ငြားလည်း ကျန်းထောင်က အလွန်အမင်း မကျေမနပ် ဖြစ်နေဆဲပင်။
သူက လက်လျှော့ရန် ဆန္ဒမရှိဘဲ သူ့ဟာသူ ရေရွတ်နေခဲ့သည်။ “မဖြစ်ဘူး... ငါ့ဆီမှာရှိတဲ့ ဗီဒီယိုတွေကို အွန်လိုင်းပေါ် တင်ပြီး သူတို့ကို လိမ်လည်မှုတွေ ဖော်ထုတ်ခိုင်းရမယ်။ အပျက်သဘောဆောင်တဲ့ သတင်းဖြစ်သွားရင်တောင် ကိစ္စမရှိဘူး... အပျက်သဘောဆောင်တဲ့ သတင်းကလည်း သတင်းပဲလေ”
ယနေ့ခေတ်တွင် ကိုယ်ပိုင်မီဒီယာ ဖန်တီးသူများအတွက် အကြောက်ဆုံးအရာမှာ ဆွေးနွေးစရာ အကြောင်းအရာမရှိခြင်းနှင့် ကြည့်ရှုသူ မရှိခြင်းပင်။
အထူးသဖြင့် သူ့ကဲ့သို့ နာမည်ကျော်ကြားမှုနှင့် ကြည့်ရှုသူ နည်းပါးသော လိုက်ဖ်လွှင့်သူလေးများအတွက် ပို၍ပင် မှန်ကန်လှသည်။
ကျန်းထောင်သည် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ဗီဒီယိုကို လျင်မြန်စွာ တည်းဖြတ်ကာ ဆယ်မိနစ်မပြည့်မီမှာပင် သူ၏အကောင့်သို့ တင်လိုက်ချေသည်။
ကျန်းယဲ့သည် သူ့အဝတ်အစားများမှ ထွက်ပေါ်နေသော အနံ့ဆိုးများကို ရှူရှိုက်မိပြီးနောက် သူ၏ အာကာသသိုလှောင်ခန်းထဲမှ လူတိုင်း၏ အဝတ်အစားများကို ထုတ်ပေးကာ သူတို့ကို လဲဝတ်ရန် တိုက်တွန်းလိုက်သည်။
သူကိုယ်တိုင်အတွက်မူ ခဏလောက် သည်းခံရန် ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေ သူက ကားမောင်းနေရသဖြင့် အဝတ်အစားလဲ၍ မရနိုင်ချေ။
“ဒီအဝတ်အစားကို ရှေးဟောင်းပစ္စည်းလို့ သတ်မှတ်လို့ ရမလား” ကျန်းမင်ဟွေက ပြုံးလျက် မေးလိုက်လေသည်။
လျိုကျန်တုန်းက ခေါင်းခါလိုက်၏။ “မရဘူး... ဒါက အချိန်ကာလရဲ့ စမ်းသပ်မှုကို မခံရသေးဘူးလေ”
“ရှေးဟောင်းပစ္စည်း မဟုတ်ပေမယ့် အရမ်း အဓိပ္ပာယ်ရှိတယ်။ ကျွန်တော် ပြန်ရောက်ရင် ဒါကို လျှော်ဖွပ်ပြီး သေချာ သိမ်းထားမယ်” ဝမ်ဟိုင်ဖုန်းက ပြုံးလျက် ပြော၏။
ကျန်းယဲ့သည် အမြန်လမ်းမှ ထွက်ကာ ဟန်ကျိုးသို့ ပြန်ကွေ့လာခဲ့ပြီ ဖြစ်သည်။
သူတို့ ရီယဲ့ ခရီးသွားအေဂျင်စီအပေါက်ဝသို့ ပြန်ရောက်သောအခါ လီကျန့်ကော်မှလွဲ၍ ကျန်လေးယောက်မှာ ပြန်မသွားချင်ကြသေးဘဲ မေးခွန်းများသာ ဆက်တိုက် မေးနေကြလေသည်။
“ဒါရိုက်တာကျန်း... ချင်မင်းဆက် နေ့စဉ်ခရီးစဉ် ရှိသေးလား”
ကျန်းထောင်သည် ချင်မင်းဆက်သို့ ထပ်သွားချင်သေးပေသည်။ ဤတစ်ကြိမ်တွင်မူ ကပ်ဆိုးကြီးတစ်ခု ဖြစ်ခဲ့ပြီး အချိန်အများစုကို အကျဉ်းထောင်ထဲတွင်သာ ကုန်ဆုံးခဲ့ရ၏။
ကျန်းမင်ဟွေနှင့် အခြားနှစ်ယောက်သည်လည်း ကျန်းယဲ့ကို မျှော်လင့်တကြီး မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ကျန်းယဲ့က လက်ခါပြလိုက်၏။ “လောလောဆယ်တော့ ဒီလောက်ပါပဲ...”
စနစ်က မည်သည့် တာဝန်ကိုမျှ မဖန်တီးပေးသေးပါက မရှိသေးဟုသာ အဓိပ္ပာယ်ရပေသည်။
“ဘယ်တော့လောက် ရှိနိုင်မလဲ” ဝမ်ဟိုင်ဖုန်းက အတင်းအကြပ် မေးလိုက်ပြန်သည်။
အကယ်၍ အခွင့်အရေးရပါက သူတို့ သဘာဝကျကျပင် ထပ်သွားချင်ကြသေးလေသည်။
“ဒါရိုက်တာကျန်း... ကျွန်တော် ခင်ဗျားကို ဂရုချတ်ထဲ ထည့်ထားတယ်။ နောက်ထပ် ချင်မင်းဆက် နေ့ချင်းပြန် ခရီးစဉ်တွေရှိရင် ကျွန်တော်တို့ကို သေချာပေါက် အသိပေးရမယ်နော်” ကျန်းထောင်က ကျန်းယဲ့ မေ့သွားမည်ကို စိုးရိမ်သဖြင့် ထပ်ခါတလဲလဲ သတိပေးနေခဲ့သည်။
“ဂရုချတ်ထဲမှာ အသိပေးဖို့ သေချာလုပ်ပေးပါ... ကျွန်တော် ပထမဆုံး စာရင်းသွင်းမယ်လို့ ကတိပေးတယ်”
“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်” ကျန်းမင်ဟွေနှင့် အခြားနှစ်ယောက်က သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြလေသည်။