အခန်း (၁၀၀) အသင့်ပြင်ဆင်ခြင်း
အဓိက ပြဿနာမှာ ဤဂရုထဲတွင် ကြီးမားသော သတင်းထူး သတင်းဦးများကို တကယ်ပင် ရှာမတွေ့နိုင်ခြင်းပင်။
လွန်ခဲ့သော နှစ်နှစ်အတွင်းမှ သူဟာ ယခုမှ သတင်းထူးကြီးတစ်ခုကို မတော်တဆ တွေ့သွားခဲ့ခြင်းဖြစ်ရာ အလကား အဖြစ်မခံချင်ခဲ့ချေ။
ဆုံးဖြတ်ချက်ချပြီးနောက် အီးစပေါ့ ညီတော်သည် စခရင်ရိုက်ကူးထားသည့်အရာကို ဗီဒီယိုတိုလေးအဖြစ် အမြန်တည်းဖြတ်လိုက်ပြီး ဆွဲဆောင်မှုရှိသော ခေါင်းစဉ်တစ်ခု တပ်လိုက်၏။
[အံ့သြဖွယ်.... ထိပ်တန်း အီးစပေါ့ ကြယ်ပွင့် ကောရွှိုက်က အချိန်ခရီးသွားခြင်းလိမ်လည်မှုကို လူသိရှင်ကြား ထောက်ခံနေသလား.....]
ဗီဒီယိုထဲတွင် ကောရွှိုက်၏ တိုတောင်းသော တကယ်ပဲဟူသည့် စကားလုံးကို သုံးကြိမ်တိုင်တိုင် ဖွင့်ပြထားပြီး နောက်တွင်မူ ဂရုထဲမှ ချင်လုံနှင့် ချန်မော့တို့၏ ချတ်မှတ်တမ်း စခရင်ရှော့ကို ပြသထားချေသည်။
ပါပါရာဇီက ပရိုမိုးရှင်းပစ္စည်းများကို ကျွမ်းကျင်စွာ ဝယ်ယူခဲ့ပြီး ဗီဒီယိုကို ဝေးပေါ်၊ ဘီလီဘီလီ၊ တိုရင်စသည့် ပလက်ဖောင်းပေါင်းစုံတွင် တင်လိုက်၏။ ထို့ပြင် #ကောရွှိုက်လိမ်ခံရဖို့သေချာနေပြီ# နှင့် #အချိန်ခရီးသွားလိမ်လည်မှု# စသည့် ရေပန်းစားနေသော ဟက်ရှ်တက်များကိုပါ ထည့်သွင်းထားလိုက်လေသည်။
( NT- ပါပါရာဇီ - နာမည်ကြီးသူတွေရဲ့ သူတို့မသိစေချင်တဲ့ ပုံရိပ်တွေကို အတင်းကျပ်ရိုက်ကူးပြီး မီဒီယာကို ရောင်းစားတတ်တဲ့ ဓာတ်ပုံ၁
ဆရာ၊ သတင်းထောက်ပါ)
အွန်လိုင်းပေါ်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ဆွေးနွေးမှုများ ဖြစ်ပေါ်ပြီးနောက် ကောရွှိုက်၏ အမျိုးသမီး ပရိသတ်များက အရင်ဆုံး ပြင်းပြင်းထန်ထန် တုံ့ပြန်လာကြလေသည်။
[ကမ္ဘာ့အကောင်းဆုံး လူချောလေးကို ကာကွယ်ခြင်း] - ငါ့အစ်ကိုရဲ့ အကောင့် ဟက်ခံရတာလား။
[ဂေါ့ဒ်ကောရဲ့ အချစ်တော်လေး] - ဒါက သေချာပေါက် ဖိုတိုရှော့ လုပ်ထားတာပဲ.. ငါ့အစ်ကိုက ဒီလို အဓိပ္ပာယ်မရှိတာကို ဘယ်လိုလုပ် ယုံမှာလဲ....
[အီးစပေါ့ လေ့လာသူ] - ကောရွှိုက်ရဲ့ မိသားစုက အရမ်းချမ်းသာတာ မဟုတ်ဘူးလား။ သူက တကယ်ပဲ ထိပ်တန်း နည်းပညာတချို့ကို တွေ့ကြုံခံစားခဲ့ရတယ် ဆိုတာက မဖြစ်နိုင်စရာ မရှိပါဘူး။
ချက်ချင်းဆိုသလိုပင် အီးစပေါ့ ဖိုရမ်တွင် ဆက်စပ် ဆွေးနွေးမှုပေါင်း ဆယ်ခုကျော် ထွက်ပေါ်လာချေသည်။
[ဆင်ခြင်တုံတရားဖြင့် ဆွေးနွေးခြင်း- ကောရွှိုက်၏ အချိန်ခရီးသွားခြင်းမှာ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်နည်းပညာများ ဖြစ်နေနိုင်မလား....]
ရီယဲ့ ခရီးသွားအေဂျင်စီ၏ နောက်ခံကား အဘယ်နည်း။ ကောရွှိုက်ကို သူတို့အတွက် ထောက်ခံပေးရန် အဘယ်သို့ စွမ်းဆောင်နိုင်ခဲ့သနည်း။
တစ်ယောက်ယောက်က တကယ်ပင် နေရာတစ်ခု ရခဲ့လို့လား။ အစစ်အမှန် တုံ့ပြန်ချက်များကို ရှာဖွေနေပါသည်။
ပရိသတ်အသိုင်းအဝိုင်းမှာ တုန်လှုပ်သွားရုံသာမက တစ်ဖက်တွင်လည်း အီးစပေါ့ အသိုင်းအဝိုင်းတစ်ခုလုံး ကြီးမားစွာ တုန်လှုပ်သွားခဲ့ရသည်။
လုပ်ငန်းတွင်းမှ လူများက ယင်းမှာ အမှန်တကယ် ဟုတ် မဟုတ် ဆွေးနွေးနေခဲ့ကြသည်။ ကောရွှိုက်နှင့် ရင်းနှီးသော လူအချို့က စခရင်ရှော့မှာ အစစ်အမှန်ဖြစ်ကြောင်း သူတို့၏ ရင်းနှီးသော သူငယ်ချင်းများကို တိတ်တဆိတ် ပြောပြခဲ့ကြလေသည်။
ကြားရသူများက လုံးဝ မယုံနိုင်စရာပင်ဟု ထင်နေကြလေသည်။
ကောရွှိုက်က သူတို့ကို ကိုယ်တိုင် စမ်းကြည့်ရန် ပြောခဲ့ကြောင်း သိလိုက်ရချိန်တွင်မူ သူတို့ ပို၍ပင် အံ့သြသွားကြရသည်။
လူတိုင်းက တူညီသော မေးခွန်းတစ်ခုကို တွေးနေကြ၏။ ‘အချိန်ခရီးသွားတာ တကယ်ပဲ ဖြစ်နိုင်လို့လား...’
အီးစပေါ့ ကလပ်တစ်ခု၏ အတွင်းရေး ဂရု...
Dသည် သူ ရီယဲ့ ခရီးသွားအေဂျင်စီ၏ လုပ်ငန်းအကောင့်ကို Follow လုပ်ထားကြောင်း ပြသသည့် စခရင်ရှော့တစ်ခုကို ဂရုချတ်ထဲတွင် တင်လိုက်လေသည်။
[D တက္ကသိုလ်] - ညီအစ်ကိုတို့.... နောက်တစ်သုတ် နေရာတွေကို ငါ လုတော့မယ်။
[လင်းယုန်] - +၁၊ ငါလည်း အဲဒီ ခရီးသွားအေဂျင်စီတွေကို တိုက်တိုက်ဆိုင်ဆိုင် Follow လုပ်ထားတယ်ဟ။
[အသင်းဝင် A] - မင်းတို့ တကယ်ပြောနေတာလားဟ...
[နည်းပြ K] - ရူးကြောင်ကြောင် မလုပ်ကြပါနဲ့... ဒီလို လိမ်လည်မှုမျိုးကို မင်းတို့က တကယ် ယုံနေတာလား။
လင်းယုန်က အသံမက်ဆေ့ချ်တစ်ခုကို ချက်ချင်း ပို့လိုက်ပြီး သူ၏အသံမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှံနေလေသည်။ “ကောရွှိုက်က ဘယ်သူလဲဆိုတာ မင်းတို့ မသိဘူးလား။ သူက အီးစပေါ့ လုပ်ငန်းတစ်ခုလုံးကို ဝယ်ဖို့တောင် လုံလောက်တဲ့အထိ ချမ်းသာတာဟ... လိမ်လည်တဲ့သူအတွက် သူက ဘာလို့ ထောက်ခံပေးရမှာလဲ။ ဒါ့အပြင် ယွမ်နှစ်ထောင်ဆိုတာ ငါ ဖိနပ်တစ်ရန် ဝယ်ဖို့တောင် မလောက်ဘူးလေ... တကယ်လို့ ငါသာ တကယ် အချိန်ခရီးသွားနိုင်ရင် ဘယ်လိုလုပ်မလဲ...”
ဂရုထဲတွင် မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်သွားရသည်။
[အရန်ကစားသမား ရှောင်ယန်] - ကြည့်ရတာ... အဓိပ္ပာယ်ရှိသလိုပဲ...
[ဒေတာ ခွဲခြမ်းစိတ်ဖြာသူ] - ဒါပေမဲ့ အချိန်ခရီးသွားတာက အရမ်း ယုံနိုင်စရာမရှိလွန်းဘူးလေ...
[D တက္ကသိုလ်] - ကောရွှိုက်က ငါတို့ကို ကိုယ်တိုင် စမ်းကြည့်ဖို့ ပြောခဲ့တယ်... ဒါကြောင့် စမ်းကြည့်ကြရအောင်...
[D တက္ကသိုလ်] - အမှိုက်စကင်တစ်ခုအတွက် ပိုက်ဆံသုံးလိုက်တယ်လို့ပဲ သဘောထားလိုက်မယ်ကွာ...
[D တက္ကသိုလ်] - ဟူး... အားလုံးပဲ... တစ်နေ့ ငါ့ကို ဆက်သွယ်လို့မရရင် မလန့်သွားနဲ့နော်။ ငါ အချိန်ခရီးသွားနေတာ ဖြစ်နိုင်တယ်....
ဤကဲ့သို့ တစ်ဝက်နောက် တစ်ဝက်ပြောင် စကားများက ကလပ်ထဲရှိ ကစားသမား အားလုံးကို သူတို့၏ ကံကို စမ်းကြည့်ချင်စိတ် ဖြစ်လာစေခဲ့သည်။
သတိအထားဆုံး နည်းပြပင်လျှင် တိုရင်ကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်လေသည်။
[နည်းပြ K] - အဟွတ် အဟွတ်... ငါ ကတော့ ကြည့်ရုံပဲ ကြည့်မယ်... ဝင်မလုဘူး။
[မန်နေဂျာ ထောင်] - ဒါက အရမ်း လျှို့ဝှက်ဆန်းကြယ်တယ်။ ငါ သွားစစ်ကြည့်လိုက်ဦးမယ်။
[အသင်းဝင် B] - တောက်.. မင်းတို့ ဟန်ဆောင်ကောင်းတဲ့ ကောင်တွေ... ငါ့ကို စောင့်ဦးဟ...
ထိုအချိန်တွင် အလားတူ စကားဝိုင်းများက ပရော်ဖက်ရှင်နယ် အီးစပေါ့ အသင်း ဂရုဆယ်ခုထက်မကတွင် ဖြစ်ပွားနေခဲ့ချေသည်။
တစ်စုံတစ်ယောက်က စခရင်ရှော့ရိုက်ပြီး ထျဲ့ပါတွင် တင်လိုက်ရာမှ ကွင်းဆက် တုံ့ပြန်မှုများ ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
(NT- ထျဲ့ပါ- တရုတ်နိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းဖိုရမ်ဝဘ်ဆိုက်)
သတင်းထူး.... ကလပ်အများအပြားမှ ကစားသမားများသည် လက်မှတ်များကို စုပေါင်း လုယူရန် ပြင်ဆင်နေကြပြီ။
အတွင်းလူများ၏ ဖော်ထုတ်ချက်- ကောရွှိုက်၏ အချိန်ခရီးသွားခြင်း အထောက်အထားများက ခိုင်လုံနေပြီ။
ရီယဲ့ ခရီးသွားအေဂျင်စီ၏ နောက်ထပ် ခရီးစဉ် ထွက်ခွာမည့်ရက် ခန့်မှန်းချက်.....
သူတို့၏ ဂိမ်းများကို တိုက်ရိုက်ထုတ်လွှင့်နေသော အီးစပေါ့ ကစားသမားအချို့က ချတ်ကို လှမ်းကြည့်လိုက်ပြီး သူတို့ မြင်လိုက်ရသည့်အရာကြောင့် လုံးဝ နားလည်မပေးနိုင်အောင် ဖြစ်သွားကြရသည်။
မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။
အီးစပေါ့ လောကတွင် ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပွားသွားခဲ့သလော။
အီးစပေါ့ တိုက်ရိုက်ထုတ်လွှင့်မှု အသိုင်းအဝိုင်းတွင်သာမက ပရော်ဖက်ရှင်နယ် ကစားသမားများ၏ ပရိသတ်ဂရုများနှင့် ဂိမ်းဖိုရမ်များတွင်ပါ ဤသတင်းက အင်တာနက်တစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။
ဤသို့ဖြင့် တောမီးလောင်သကဲ့သို့ပင် အီးစပေါ့ လုပ်ငန်းတစ်ခုလုံးသို့ တဖြည်းဖြည်း ပျံ့နှံ့သွားတော့သည်။
ဤအချိန်တွင် ကျန်းယဲ့က ဗီဒီယိုများကို ကြိုးကြိုးစားစား တည်းဖြတ်နေဆဲဖြစ်ပြီး အကြို ကြော်ငြာရန် ပြင်ဆင်နေခဲ့သည်။
သူက ကွန်ပျူတာရှေ့တွင် ထိုင်ကာ လက်ချောင်းလေးများဖြင့် ကီးဘုတ်ကို ခပ်ဖွဖွ ရိုက်နှိပ်ရင်း တည်းဖြတ်ထားသော မင်မင်းဆက် ဗီဒီယိုအတွက် နောက်ဆုံး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေခဲ့သည်။
ထို့နောက် တိုရင်အကောင့်ကို ဖွင့်ပြီး ဗီဒီယို တင်ရန် ပြင်ဆင်လိုက်သည့် အချိန်အထိ သူဟာ တည်ငြိမ်ပြီး အေးအေးဆေးဆေး ရှိနေခဲ့သော်လည်း ထိုအချိန်တွင်မူ သူ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားခဲ့ရသည်။
Follower အရေအတွက်မှာ မနေ့ကစ၍ တစ်သိန်း တိုးလာခဲ့ပြီး ဤအရေအတွက်မှာ စက္ကန့်တိုင်း ရာဂဏန်းခန့် ရူးသွပ်မတတ် ဆက်လက် တက်လာနေဆဲပင်။
မှတ်ချက်ပေးသည့် နေရာတွင်လည်း ပေါက်ကွဲထွက်နေပြီ ဖြစ်၏။
[ကောရွှိုက်ရဲ့ ပရိသတ်တွေ အကဲခတ်ဖို့ ရောက်လာပါပြီ...]
[ဒီမှာ အချိန်ခရီးသွားလို့ရတယ်လို့ ကြားတယ်... တကယ်လား..]
[နောက်တစ်သုတ် အရောင်းက ဘယ်တော့ စမှာလဲ...]
[လိမ်လည်တဲ့ ခရီးသွားအေဂျင်စီတွေ သေချင်ယောင်ဆောင်မနေနဲ့တော့....]
ကျန်းယဲ့က မှတ်ချက်များကို အကြမ်းဖျင်း လှန်ကြည့်လိုက်ပြီး အင်တာနက်သုံးစွဲသူများ၏ ဆွေးနွေးမှုများမှတစ်ဆင့် ဇာတ်လမ်းတစ်ခုလုံးကို အမြန် ပေါင်းစပ် နားလည်လိုက်ကာ သူ၏မျက်လုံးထဲတွင် သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
“ကြော်ငြာရမယ့် အလုပ်တစ်ခုတော့ သက်သာသွားတာပေါ့”
ကျန်းယဲ့က ပါဝင်သည့်အရာများကို စစ်ဆေးလိုက်ပြီး အားလုံး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် တင်ရန် ခလုတ်ကို နှိပ်လိုက်၏။
ဤဗီဒီယိုက အန်းရှီးတပ်မတော်၏ ယခင်လက်ရာများနှင့် ကိုက်ညီမှုရှိသော်လည်း လုံးဝ ကွာခြားနေပေသည်။
တူညီသော သမိုင်းဝင် လေးနက်မှုနှင့် အဖြစ်ဆိုးများ၏ ခြောက်ကပ်မှုမျိုးရှိသော်လည်း အန်းရှီးတပ်မတော်ဗီဒီယိုကမူ ဝါဝင်းသော သဲကန္တာရထဲတွင် တိုက်ပွဲပေါင်း ရာချီဆင်နွှဲရန် ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားသည့် ခံနိုင်ရည်ရှိမှုကို သယ်ဆောင်ထားဆဲဖြစ်ပြီး ယခုမျက်နှာပြင်ပေါ်မှ မင်မင်းဆက် နှောင်းပိုင်း မြင်ကွင်းကမူ တောင်တန်းနှင့် မြစ်များ ကျိုးပျက်ပြီး လေတိုက်၍ အမွေးအမှင်များ လွင့်စဉ်နေသည့် ခြောက်ကပ်နေသော မြင်ကွင်းတစ်ခုသာ ဖြစ်နေခဲ့သည်။
မှုန်မှိုင်းနေသော ကောင်းကင်အောက်တွင် ယိုယွင်းပျက်စီးနေသည့် မြို့ရိုးများက လေနှင့် ဆီးနှင်းများကြားထဲ၌ ပြုတ်ကျလုမတတ် ယိမ်းထိုးနေပြီး စုတ်ပြတ်နေသော ဒုက္ခသည်များက လမ်းထောင့်များတွင် ကွေးကွေးလေး ထိုင်နေကြကာ သူတို့၏ မျက်လုံးများမှာ ထုံထိုင်းနေခဲ့ကြသည်။
မြင်ကွင်းက တားမြစ်မြို့တော်ဆီသို့ ရွေ့သွားရာ စဉ့်အုတ်ကြွပ်မိုးများပေါ်တွင် ဆီးနှင်းပါးပါးလေးများ စုပုံနေလေသည်။ အနီရောင် နန်းတော်နံရံများက ခံ့ညားထည်ဝါနေဆဲ ဖြစ်သော်လည်း ယိုယွင်းပျက်စီးနေသော အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။
နောက်ခံတေးဂီတမှာ ကွမ်လင်စန်းဟုခေါ်သော ဝမ်းနည်းဖွယ် ကူချင်တေးသွားဖြစ်ပြီး ၎င်း၏ လွမ်းဆွေးဖွယ်အသံများက ခြောက်ကပ်မှုနှင့် နီးကပ်လာသော ပျက်စီးကိန်းများ၏ ခံစားချက်ကို သယ်ဆောင်လာ၏။
ရံဖန်ရံခါ ကြားရသော ကျီးကန်းအော်သံများက ခြောက်ကပ်သည့် လေထုကို ပိုမို ပီပြင်စေလေသည်။
ဗီဒီယိုထဲတွင် သင့်လျော်သော အချိန်များ၌ အဖြူရောင် စာသားအချို့ ထွက်ပေါ်လာခဲ့သည်။
[ချုံကျန်း ဧကရာဇ် နန်းသက် တတိယနှစ် - ကြီးမားသော ကမောက်ကမဖြစ်မှုနှင့် အပြောင်းအလဲများ ဖြစ်နေသည့် ကာလ]
[အစာခေါင်းပါးမှု၊ စစ်ပွဲ၊ နန်းတွင်းအားပြိုင်မှု]
[ဤခရီးစဉ်တွင် မြင့်မားသော အန္တရာယ်ရှိနိုင်ခြေ ပါဝင်ပါသည်။ ကျေးဇူးပြု၍ စာရင်းမသွင်းမီ သေချာ စဉ်းစားပါ...]
ကော်ပီရိုက်ကူးမှုမှာ တိုတိုနှင့် ရှင်းလင်းလေသည်။
[မင်မင်းဆက်နှောင်းပိုင်း အေဒီ၁၆၃၀ ခုနှစ်က ပေကျင်းမြို့သို့ နှစ်ရက်ကြာ ခရီးစဉ်။ မနက်ဖြန်ည ၁၀ နာရီ ၃၀ မိနစ်တွင် လက်မှတ်များ စတင်ရောင်းချပါမည်။ လူ ၁၀ ယောက်သာ ကန့်သတ်ထားပြီး ဈေးနှုန်းမှာ တစ်ယောက်လျှင် ယွမ် ၄၀၀၀ ဖြစ်သည်။]
[မှတ်ချက် - ဤသမိုင်းဝင် ကမောက်ကမဖြစ်နေသော ကာလအတွင်းတွင် လုံခြုံရေးသည် သင့်ကိုယ်ပိုင် တာဝန်သာ ဖြစ်သည်]
ပို့စ်တင်ပြီးနောက် သူက မှတ်ချက်ပေးသည့်နေရာကို အကြမ်းဖျင်း ဖွင့်ကြည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် မက်ဆေ့ချ်များနှင့် ပြည့်နှံသွားလေသည်။
[ဟာ... ဒီတစ်ခေါက်က မင်မင်းဆက်လား...]
[ချုံကျန်းဧကရာဇ် နန်းသက်တတိယနှစ်မှာ... အဲဒါက တိုင်းပြည် ပြိုလဲခါနီး ဖြစ်နေပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား...]
[မြင့်မားတဲ့ အန္တရာယ်ရှိနိုင်ခြေဆိုတာ ဘာကိုဆိုလိုတာလဲ။ ငါ သေသွားနိုင်လို့လား...]
[ကောရွှိုက် သွားမှာလား။ အဖွဲ့ ရှာနေပါတယ်...]
ကျန်းယဲ့က တစ်ချက်မျှ ကြည့်လိုက်သော်လည်း ပြန်မဖြေခဲ့ချေ။ သူက လက်ဖက်ရည် တစ်ကျိုက်ကိုသာ သောက်လိုက်၏။
မွှေးကြိုင်သော လက်ဖက်ရည်နံ့များကြားတွင် သူသည် ပြတင်းပေါက် အပြင်ဘက်မှ တောက်ပနေသော နေရောင်ခြည်ကို တည်ငြိမ်စွာ ငေးကြည့်နေခဲ့သည်။
‘ဒီတစ်ခေါက်လည်း အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားဖို့ မျှော်လင့်ပါတယ်...’
အချိန်များ ကုန်လွန်သွားပြီး နောက်တစ်နေ့ ည ၁၀ နာရီ ၂၅ မိနစ်သို့ ရောက်လာခဲ့ချေပြီ။
မရေမတွက်နိုင်သော ဖုန်းမျက်နှာပြင်များက တစ်ပြိုင်နက် လင်းထိန်လာပြီး အားလုံးက ရီယဲ့ ခရီးသွားအေဂျင်စီ၏ တိုရင်စာမျက်နှာကို ဖွင့်ထားကြလေသည်။
အားလုံးထက် အကြိုးစားဆုံးများမှာ အချိန်ခရီးသွားဖူးသော ခရီးသွားအဟောင်းများ နှင့် သူတို့၏ ဆွေမျိုးများပင်။
ဤလူများက ဝယ်ယူရမည့် လုပ်ငန်းစဉ်ကို နှုတ်တိုက်ရနေပြီဖြစ်ပြီး အချို့မှာ သုံးနာရီကြိုတင်ကာ သွေးပူလေ့ကျင့်ခန်းလုပ်သည့်အနေဖြင့် လက်များကို ပွတ်သပ်နေခဲ့ကြ၏။
သို့သော်လည်း အထက်သန်ဆုံး ပရိသတ်များမှာ ကောရွှိုက်၏ ပရိသတ်တပ်ကြီးပင်။
သူတို့၏ အိုင်ဒေါက နေရာတစ်နေရာအတွက် ကိုယ်တိုင်ဝင်လုမည်ဆိုသည့် သတင်းထွက်လာကတည်းက စိတ်လှုပ်ရှားမှုများနှင့် ပေါက်ကွဲထွက်နေခဲ့ကြသည်။
မိန်းမပျိုလေးများက အားလုံး အဆင်သင့် ပြင်ဆင်ထားပြီး နေရာတစ်ခု ရရန်နှင့် သူတို့၏ ဝီချတ် Momentsတွင် တင်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။
[ငါ့ယောက်ျားနဲ့ အချိန်ဖြတ်ကျော် ဒိတ်လုပ်ခြင်း...]
ပို၍ အံ့သြစရာကောင်းသည်မှာ အခြား အီးစပေါ့ ကြယ်ပွင့်များ၏ ပရိသတ်များကပါ ဤသတင်းကို ကြားသွားကြပြီး အီးစပေါ့အသိုင်းအဝိုင်းတစ်ခုလုံးမှ ပရိသတ်များက ယနေ့ညတွင် ကျင်းပမည့် ကြီးမားသော အဆုံးအဖြတ်ပွဲအတွက် စုပေါင်း ပြင်ဆင်နေကြခြင်းပင်။