အခန်း (၁၀) ချင်မင်းဆက် နေ့တစ်ပိုင်းခရီးစဉ် ပြီးဆုံးခြင်း
မကြာသေးမီနှစ်များအတွင်း အရှင်မင်းကြီးသည် လောကီပြင်ပမှ လူများကို အထူးအာရုံစိုက်လာခဲ့ပြီး နတ်ဘုရားများနှင့် သက်တမ်းရှည်ခြင်းကို ရှာဖွေရေးတို့တွင် အထူးစိတ်ဝင်စားလျက်ရှိပေသည်။
ယနေ့ ဤကိစ္စနှင့် ကြုံတွေ့ရသောအခါ မုန်ရီသည် အရှင်မင်းကြီး ဤကိစ္စတွင် နစ်မွန်းသွားမည်ကို စိုးရိမ်သဖြင့် သီးသန့်အနေဖြင့် သတင်းမပို့လိုချေ။ သို့သော် သတင်းမပို့ပါကလည်း သစ္စာဖောက်ရာ ကျပေမည်။
မုန်ရီသည် မှောင်မိုက်နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး ယာယီနန်းတော်တွင် လင်းနေဆဲဖြစ်သော မီးရောင်များကို ငေးကြည့်ကာ သက်ပြင်းရှည်ကြီးကို ရှူသွင်းလိုက်ပြီးနောက် ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။
တံခါးစောင့်နေသော မိန်းမစိုးလေးက ဝန်ကြီး မုန်ရီကို မြင်သောအခါ အလျင်အမြန် ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်၏။
“ဝန်ကြီးမင်းမုန်...”
မုန်ရီက ဩရှရှအသံဖြင့် ပြောလိုက်သည်။ “သံတော်ဦး တင်ပေးပါ...”
မိန်းမစိုးလေးက အမိန့်ကို လက်ခံလိုက်ပြီး ခန်းမထဲသို့ လှည့်ဝင်သွားလေသည်။
မကြာမီပင် မိန်းမစိုးလေး အလျင်အမြန် ပြန်ထွက်လာပြီး ဦးညွှတ်ကာ မုန်ရီကို ခန်းမထဲသို့ ခေါ်ဆောင်သွားလိုက်သည်။
ခန်းမထဲရှိ ဖယောင်းတိုင်မီးရောင်များက အေးမြသော ညလေညင်းတွင် တဖျပ်ဖျပ် လှုပ်ခတ်နေပြီး ဆီမီးခွက် ဒါဇင်ပေါင်းများစွာက တိတ်ဆိတ်စွာ လောင်ကျွမ်းနေကာ စားပွဲပေါ်တွင် ကိုင်းညွတ်နေသော ယင်ကျန်း၏ ပုံရိပ်ကို သူ၏အနောက်ရှိ ကန့်လန့်ကာပေါ်သို့ ပန်းပုထုထားသော ပန်းချီကားတစ်ချပ်ကဲ့သို့ ထင်ဟပ်နေစေသည်။
သူ့မျက်နှာတစ်ဝက်မှာ မီးရောင်အောက်တွင် ဖုံးကွယ်နေပြီး သွယ်လျသော လက်ချောင်းများက အနီရောင်စုတ်တံကို ကိုင်ဆောင်ကာ ဖြန့်ချထားသော ဝါးရွက်စာလိပ်များပေါ်တွင် မှတ်ချက်များ ရေးဆွဲနေချေသည်။
မင်များ မခြောက်သေးသော်လည်း စုတ်ချက်များမှာ ဓားတစ်လက်ကဲ့သို့ ထက်မြက်နေပြီး အနီရောင် မှတ်ချက်တိုင်းက မေးခွန်းထုတ်စရာမလိုသော ပြတ်သားမှုတစ်ခုကို သယ်ဆောင်ထားပုံရ၏။
တစ်ခါတစ်ရံတွင် သူသည် ရပ်တန့်သွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ရာ သူ၏ သရဖူမှ တွဲလောင်းကျနေသော ကျောက်စိမ်းပုတီးစေ့များ အချင်းချင်း ညင်သာစွာ ထိခိုက်မိသွားပြီး တိတ်ဆိတ်နေသော ခန်းမထဲတွင် အထူးသဖြင့် ရှင်းလင်းပြတ်သားသော သိမ်မွေ့သည့် အသံတစ်ခု ထွက်ပေါ်လာစေလေသည်။
မုန်ရီသည် ရင်ဘတ်ရှေ့တွင် လက်အုပ်ချီကာ ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။ “ကျွန်တော်မျိုး မုန်ရီ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
အမိန့်ပြန်တမ်းများ ပြုစုရန် စားပွဲပေါ်တွင် ကိုင်းညွတ်နေသော ယင်ကျန်းသည် ခေါင်းကို ဖြည်းညင်းစွာ မော့လာပြီး သူ၏ စူးရှသော သိမ်းငှက်မျက်လုံးများက မုန်ရီကို အကဲခတ်လိုက်လေသည်။ “ဝန်ကြီးမင်းမုန်... ညဉ့်နက်မှ ငါကိုယ်တော့်ကို လာတွေ့ရအောင် အရေးကြီးတဲ့ကိစ္စ ရှိလို့လား”
“အရှင်မင်းကြီး... ဒီကနေ့ မြို့ထဲဝင်လာတုန်းက ဖမ်းမိခဲ့တဲ့ သံသယရှိသူ ခြောက်ယောက်က အရှင်မင်းကြီးထံ ရတနာဆက်သဖို့ လာခဲ့တာလို့ ဆိုပါတယ်”
ယင်ကျန်းသည် တိတ်ဆိတ်နေပြီး မုန်ရီ၏ စကားကို ဆက်လက် နားထောင်ရန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။
“သူတို့ ဆက်သတဲ့ ပစ္စည်းတွေကို ကျွန်တော်မျိုး သေချာစစ်ဆေးကြည့်ပြီးပါပြီ... တကယ်ကို ထူးခြားဆန်းကြယ်လှပါတယ်... အရင်က တစ်ခါမှ မကြားဖူးသလို တစ်ခါမှလည်း မမြင်ဖူးပါဘူး”
နောက်ဆုံးတွင် ယင်ကျန်းက တုံ့ပြန်လိုက်ပြီး သူ၏ အသံမှာ တိုးညင်းကာ ခံစားချက်ကင်းမဲ့နေချေသည်။ “အို... ”
နောက်ခဏ၌ မုန်ရီက သူ၏ အင်္ကျီအိတ်ကပ်ထဲမှ ဖုန်းနှင့် ရေသန့်ဘူးကို ထုတ်ယူလိုက်သည်။
ပြောစရာမလိုဘဲ ကျောက်ကောင်းသည် မုန်ရီထံသို့ လျှောက်သွားပြီး ထိုရတနာနှစ်ခုကို ယူဆောင်လိုက်လေသည်။
ထို့နောက် ကျောက်ကောင်းက ပစ္စည်းနှစ်ခုကို စားပွဲပေါ်တွင် ဂရုတစိုက် တင်လိုက်၏။ ယင်ကျန်းက ရေသန့်ဘူးကို ကောက်ယူကာ လက်ထဲတွင် ကိုင်ထားပြီး ပုလင်း၏ ချောမွေ့သော အထိအတွေ့နှင့် ယင်းပေါ်တွင် ထွင်းထုထားသော ပုံစံများကို ခံစားကြည့်လိုက်လေသည်။ “ဒါက ဘာလဲ... ဘာအတွက် သုံးတာလဲ”
“အရှင်မင်းကြီး... ဒါက ရေအိတ်ပါ... ရေသိုလှောင်ဖို့ သုံးနိုင်ပါတယ်” မုန်ရီက လျှောက်တင်လိုက်သည်။
“အနီရောင်အဖုံးကို ဘယ်ဘက်လှည့်ရင် ပွင့်သွားပါမယ်။ ညာဘက်လှည့်ရင်တော့ ပိတ်သွားပါမယ်”
မုန်ရီ၏ လမ်းညွှန်ချက်အတိုင်း ယင်ကျန်းသည် ပုလင်းအဖုံးကို လှည့်ကြည့်ရာ လွယ်ကူစွာ ပွင့်သွားပြီးနောက်၊ ပြန်လည် ပိတ်ကြည့်လိုက်၏။ “တော်တော်လေး ပါးနပ်တဲ့ တီထွင်မှုပဲ”
သူက ရေသန့်ဘူးကို ဘေးဖယ်ထားလိုက်ပြီး နောက်ထပ် ရတနာတစ်ခုကို ကောက်ကိုင်လိုက်လေသည်။
ယင်ကျန်း ထပ်မမေးမီမှာပင် မုန်ရီက ရှင်းပြလိုက်သည်။ “ဒီပစ္စည်းကို လက်ကိုင်ဖုန်းလို့ ခေါ်ပါတယ်။ ဆီမီးခွက်မလိုဘဲ အလင်းရောင်ပေးဖို့ သုံးနိုင်ပြီး ပုံဆွဲဖို့လည်း သုံးနိုင်ပါတယ်။ သူဖန်တီးတဲ့ ပုံတူတွေက အစစ်နဲ့ ခွဲမရလောက်အောင်ကို အသက်ဝင်ပါတယ်”
“အို... ” ယင်ကျန်းက ဖုန်း၏ သတ္တုအထိအတွေ့ကို ပွတ်သပ်လိုက်၏။ “ဒါကို ဘယ်လို ဖွင့်ရမလဲ”
“ကျွန်တော်မျိုး ပြသပါရစေ...”
ကျောက်ကောင်း ရှေ့ထွက်လာပြီး ဖုန်းကို ယူကာ မုန်ရီထံ ကမ်းပေးလိုက်လေသည်။
မုန်ရီက အလင်းရောင်ပေးခြင်းဖြင့် စတင်လိုက်၏။ ဖုန်းဓာတ်မီး ဖွင့်လိုက်သည်နှင့် အဖြူရောင် အလင်းတန်းကြောင့် ယင်ကျန်း မျက်ခုံးပင့်သွားပြီး သူ၏ နက်ရှိုင်းသော မျက်လုံးနက်ကြီးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ပေါ်လာချေသည်။
“ငါကိုယ်တော် ကြည့်ပါရစေဦး”
မုန်ရီက ဖုန်းကို ကမ်းပေးလိုက်ရာ ယင်ကျန်းသည် ဖုန်းမှ ထွက်ပေါ်လာသော အလင်းရောင်ကို ကြည့်ပြီး အံ့အားသင့်စွာ စုတ်သပ်လိုက်၏။ “ဒါက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဆီမီးမလိုဘဲ အလင်းရောင် ပေးနိုင်တယ်... ဒီပစ္စည်းက တကယ်ကို ရှားပါးတာပဲ”
ခဏမျှ အကဲခတ်ကြည့်ပြီးနောက် နားမလည်နိုင်သဖြင့် သူက ဖုန်းကို မုန်ရီထံ ပြန်ပေးလိုက်လေသည်။
“ပြီးတော့ သူက ဘယ်လို ပုံဆွဲတာလဲ..”
မုန်ရီက ထပ်မံပြသလိုက်ပြီး ပထမဦးစွာ ဓာတ်မီးကို ပိတ်လိုက်သည်။ ထို့နောက် ကင်မရာ လုပ်ဆောင်ချက်ကို ဖွင့်ကာ မျက်နှာပြင်ကို ဂရုတစိုက် ပုတ်၍ ခန်းမထဲရှိ ကြေးဝါဆီမီးခွက်သစ်ပင်၏ ဓာတ်ပုံကို ရိုက်လိုက်လေသည်။
“အရှင်မင်းကြီး... ကြည့်ပါဦး”
ယင်ကျန်းသည် မျက်နှာပြင်ပေါ်ရှိ ပုံရိပ်ကို ကြည့်လိုက် အပြင်ရှိ တကယ့်အရာဝတ္ထုကို ကြည့်လိုက်လုပ်ပြီးနောက် တွေးလိုက်၏။ ‘အစစ်နဲ့ကို လုံးဝ ခွဲမရတာပဲ...’
မုန်ရီက ဆက်ပြောလေသည်။ “ဒီပစ္စည်းက နေ့ဘက်မှာ ပိုအလုပ်လုပ်တယ်လို့ ဆိုပါတယ်။ ညဘက်မှာတော့ အားနည်းချက် နည်းနည်း ရှိပါတယ်”
“အားနည်းချက် ရှိတယ်ဆိုရင်တောင် ဒီလောက် အဆင့်အတန်းမျိုး ရဖို့ဆိုတာ တကယ်ကို အံ့ဖွယ်ပဲ” ယင်ကျန်းက ဓာတ်ပုံကို ကျေနပ်စွာ ကြည့်လိုက်သည်။
ထို့နောက် သူက ဖုန်းကို ချထားလိုက်ပြီး မုန်ရီကို သူ၏ နက်ရှိုင်းသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ “အဲဒီလူခြောက်ယောက်က ဘယ်သူတွေလဲဆိုတာ မင်း စုံစမ်းပြီးပြီလား..”
မုန်ရီသည် ရုတ်တရက် ဒူးထောက်ချလိုက်လေသည်။ “အရှင်မင်းကြီး... ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ။ ဒီနေ့ ဒီကို လာခဲ့တာက ဒီကိစ္စအတွက်ပါပဲ”
သူ ခဏရပ်လိုက်ပြီး ဆက်ပြောလေသည်။ “ဒီအကြောင်းကို သိသိချင်း အကျဉ်းထောင်ကို ချက်ချင်း သွားခဲ့ပေမယ့် အဲဒီလူခြောက်ယောက် ပျောက်ကွယ်သွားတာကိုပဲ တွေ့ခဲ့ရပါတယ်”
ယင်ကျန်း၏ နက်ရှိုင်းသော မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားရသည်။ “ပျောက်ကွယ်သွားတယ်...”
“မှန်လှပါ... အကျဉ်းခန်းထဲက အကျဉ်းသားတွေ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ပါပဲ။ အဖြူရောင် အလင်းတန်း လင်းသွားပြီးတဲ့နောက် သူတို့မျက်စိရှေ့မှာတင် အဲဒီလူခြောက်ယောက် ပျောက်ကွယ်သွားတာပါ...”
“ကျွန်တော်မျိုး အကျဉ်းခန်းကို သေချာစစ်ဆေးကြည့်ခဲ့ပေမယ့် အပြင်ကိုထွက်တဲ့ ဘယ်လို လျှို့ဝှက်လမ်းကြောင်းမှ မတွေ့ခဲ့ပါဘူး။ အဲဒီလူခြောက်ယောက်က လေထဲကို ရုတ်တရက် ပျောက်ကွယ်သွားသလိုပါပဲ..”
ဘေးတွင် ရပ်နေသော ကျောက်ကောင်းသည် မုန်ရီ၏ အဖြေကို နားထောင်ရင်း နားမလည်နိုင် ဖြစ်နေခဲ့ရသည်။
လန်ယာသည် တကယ့်ကို ထူးခြားဆန်းကြယ်သော လူများနှင့် ဖြစ်ရပ်များ ပေါ်ပေါက်ရာ နေရာတစ်ခုပင်။
ကျောက်ကောင်း၏ မျက်လုံးများ ဟိုဟိုဒီဒီ ကစားသွားပြီး သူက ယင်ကျန်းကို ဦးညွှတ်ကာ မြှောက်ပင့်သော အသံဖြင့် ပြောလိုက်၏။ “ကျွန်တော်မျိုး ကောင်းက အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ နတ်ဘုရားတွေက အရှင်မင်းကြီးကို အထူးရတနာ ဆက်သလာတာပါပဲ။ ဒါက မင်္ဂလာသတင်းကြီးပါပဲ...”
မုန်ရီသည် ကျောက်ကောင်း၏ စကားကို နားထောင်ရင်း နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသော်လည်း ဧကရာဇ်မင်း၏ နှစ်သက်မှုများကို တိကျစွာ သိရှိနားလည်သည့်အတွက် သူ့ကို အထင်ကြီးလေးစားမိသွားရသည်။
နတ်ဘုရားများ၏ ကောင်းချီးပေးခြင်းကို ခံရသော်လည်း ယင်ကျန်းသည် အနည်းငယ်မျှပင် ဝမ်းသာသည့် အရိပ်အယောင် မပြချေ။
သူ၏ မျက်လုံးများက အနည်းငယ် မှေးကျဉ်းသွားပြီး သူ၏လက်ချောင်းများကို စားပွဲပေါ်တွင် ညင်သာစွာ ခေါက်နေခဲ့သည်။ “မင်းလို အိုကြီးအိုမက အမှန်တရားကို ပြောတတ်သားပဲ...”
မုန်ရီ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး သူ၏ မျက်လုံးများထဲတွင် နားလည်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားချေသည်။
“နိုင်ငံခြောက်နိုင်ငံက အကြွင်းအကျန်တွေက ငါကိုယ်တော် ဒီထီးနန်းပေါ် ထိုင်ဖို့ မထိုက်တန်ဘူးလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေကြတာ။ ငါကိုယ်တော်ကို ကောင်းကင်ဘုံက ရွေးချယ်ထားတာ ဟုတ်မဟုတ် ကမ္ဘာကြီးက သူ့ဟာသူ မြင်ပါစေ...”
ယင်ကျန်း၏ စူးရှသော အကြည့်က မုန်ရီအပေါ် ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် ကျောက်ကောင်းထံသို့ ရောက်သွားလေသည်။ “ဒီကိစ္စကို မင်း တာဝန်ယူလိုက်...”
အမိန့်ကို လက်ခံရရှိပြီးနောက် ကျောက်ကောင်းက ဝမ်းသာအားရ သဘောတူလိုက်၏။ “ကျွန်တော်မျိုး နာခံပါ့မယ်...”
မုန်ရီသည် ဤကိစ္စကို ကန့်ကွက်စရာ မရှိချေ။ မည်သို့ပင်ဆိုစေ နတ်ဘုရားများက အရှင်မင်းကြီးထံ ရတနာဆက်သသည်ဟူသော ဝါဒဖြန့်ချိရေးနှင့် အကြံအစည်များမှာ သူ၏ အားသာချက် မဟုတ်ပေ။
ဤကဲ့သို့သော အလုပ်မျိုးက ကျောက်ကောင်းကဲ့သို့သော လူများနှင့်သာ သင့်တော်၏။
ကမ္ဘာကြီးကို မည်သို့ ယုံကြည်အောင် လုပ်ရမည်ဆိုသည်ကိုတော့ ကျောက်ကောင်း၏ ကောက်ကျစ်သော စိတ်ကူးဖြင့် သဘာဝကျကျပင် သူ စိုးရိမ်ရန် မလိုချေ။
ထို့အပြင် ဤအရာက လေထဲမှ ဖန်တီးထားခြင်းမဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းပင်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့ ဝင်ရောက်လာမှုကြောင့် ချင်မင်းဆက်သည် ခြားနားသော လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိသွားလေတော့သည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့က ဤအဖြစ်အပျက် အလှည့်အပြောင်းကို မသိရှိခဲ့ကြချေ။
ထိုအချိန်တွင် အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး အလင်းရောင်လုံးဝ မှေးမှိန်သွားချိန်တွင် သူတို့ မျက်စိရှေ့ရှိ မြင်ကွင်းကို ရှင်းလင်းစွာ ပြန်လည်မြင်တွေ့ရသောအခါ သူတို့ ဥမင်လှိုဏ်ခေါင်းထဲတွင် ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိရသဖြင့် အားလုံး အံ့အားသင့်သွားကြရသည်။
SUV ကားကြီးက ဥမင်လှိုဏ်ခေါင်းထဲမှ ဖြည်းညင်းစွာ ထွက်လာပြီး ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည်များက ကားထဲသို့ ဝင်ရောက်လာခေတသည်။
“ငါ ပြန်ရောက်ပြီ...” ကျန်းထောင်သည် ပြတင်းပေါက်ကို မှီကာ ရင်းနှီးနေသော မြင်ကွင်းကို ကြည့်လိုက်၏။
“ကျွန်တော်တို့ တကယ်ပဲ ချင်မင်းဆက်ကို ရောက်ခဲ့တာလား...” ကျန်းမင်ဟွေက သူ့ဟာသူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
လျိုကျန်တုန်းက အံ့အားသင့်စွာ အော်ဟစ်လိုက်၏။ “နေ့ဘက်ကြီးပဲ ရှိသေးတယ်...”
ဤသတိပေးချက်က သူတို့ကို အသိပြန်ဝင်လာစေပြီး SUV ကားပေါ်ရှိ အချိန်ပြသသည့် နေရာကို အားလုံး မော့ကြည့်လိုက်ရာ မနက် ၈ နာရီ ၃၁ မိနစ် ဟု ပြသနေချေသည်။
သူတို့သည် ချင်မင်းဆက်တွင် ရှင်းလင်းစွာပင် ဆယ့်နှစ်နာရီကြာ အချိန်ကုန်ဆုံးခဲ့သော်လည်း အမှန်တကယ်တွင်မူ သူတို့ အချိန်ခရီးသွားခဲ့သည့် အချိန်ကာလတွင်ပင် ရှိနေဆဲဖြစ်သည်။
မဟုတ်ဘူး... တစ်မိနစ်တော့ ကုန်သွားခဲ့ချေပြီ။
ကျန်းယဲ့သည် စတီယာရင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားတစ်ဖက်ဖြင့် လူတိုင်း၏ ဖုန်းများကို ပြန်ပေးလိုက်၏။
ကျန်းထောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ထိုဟင်းလင်းပြင်မှ ထွက်လာပြီးသည်နှင့် ချက်ချင်းပင် အွန်လိုင်း ပြန်တက်လာလေသည်။
ကြည့်ရှုသူများအတွက်မူ သူတို့ဟာ အော့ဖ်လိုင်း ခဏသာ ဖြစ်သွားပြီး ချက်ချင်း အွန်လိုင်း ပြန်တက်လာသည်ဟု ထင်ရလေသည်။
သို့သော် သူတို့ အော့ဖ်လိုင်း ဖြစ်နေချိန်အတွင်း သူတို့၏ လိုက်ဖ်လွှင့်သူမှာ ချင်မင်းဆက်သို့ တစ်ရက်ကြာ အချိန်ခရီးသွားခဲ့ပြီးဖြစ်ကြောင်း သူတို့ မသိခဲ့ကြချေ။