အခန်း (၁) ဟင်းလင်းပြင် ခရီးသွားစနစ်
အပြိုင်ကမ္ဘာ... ဘလူးစတား
ကျန်းယဲ့သည် ခရီးသွားအေဂျင်စီ ကောင်တာနောက်တွင် ထိုင်နေပြီး နံနက်ခင်းနေရောင်ခြည်က မှန်ပြတင်းပေါက်မှတစ်ဆင့် သူ၏ ဖြူဖျော့နေသော မျက်နှာပေါ်သို့ ကျရောက်နေခဲ့သည်။
သူ၏ လက်ထဲရှိ ဆေးစစ်ချက် အစီရင်ခံစာမှာ တွန့်ကြေနေပြီး ထောင့်စွန်းများ စုတ်ပြဲနေချေပြီ။
သူ၏ မျက်လုံးများမှာလည်း အရောင်အဝါကင်းမဲ့နေပြီး သူ၏ ရှေ့မှောက်ရှိ အမှန်တရားကို လက်မခံနိုင်ဖြစ်နေလေသည်။
ကင်ဆာရောဂါ နောက်ဆုံးအဆင့်....
အသက်ရှင်ရန် သုံးလသာ အချိန်ကျန်တော့ချေသည်။
မိဘများ ကွယ်လွန်သွားပြီးနောက် သူတို့၏ ဘဝတစ်သက်တာ သွေးချွေးများ ရင်းနှီးမြှုပ်နှံထားခဲ့သော ခရီးသွားအေဂျင်စီသည်လည်း အချိန်၏ ရေစီးကြောင်းကြားတွင် ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီး ဆက်လက် ရပ်တည်နိုင်ရန် မဖြစ်နိုင်တော့သည့် အနေအထားတွင် ရှိနေ၏။
သူ့ကိုယ်တိုင်အတွက်မူ......
သူ၏ ဘဝသည်လည်း နိဂုံးချုပ်ရန် နီးကပ်နေပြီ မဟုတ်လော။
ဒီလောကမှာ သူ့လောက် ကံဆိုးတဲ့သူ ရှိမယ်မထင်....
ကျန်းယဲ့သည် ပြတင်းပေါက်အပြင်ဘက်ရှိ ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်နေစဉ် အွန်လိုင်းဝတ္ထုလောကမှ နောက်ပြောင်လေ့ရှိသော စကားတစ်ခွန်းက သူ၏ စိတ်ထဲသို့ အကြောင်းမဲ့ ရောက်လာ၏။
‘မိဘတွေ ကောင်းကင်ဘုံကို စတေးခံလိုက်ရရင် သူတို့ရဲ့ စွမ်းအားတွေက အဆုံးအစမရှိ ဖြစ်လာတယ်’
( NT- မိဘတွေတွေရင် ဇာတ်လိုက်က နာကျည်းချက်တွေနဲ ပိုပြီး အစွမ်းထက်လာတာကို တင်စားတာပါ)
သူ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်၏။
အခြားသူများက ဇာတ်လိုက်၏ ဇာတ်ညွှန်းကို ရရှိပြီး ကံကြမ္မာကို အန်တုကာ သူတို့၏ ဘဝကို လမ်းတစ်လျှောက်လုံး ပြောင်းလဲပစ်နိုင်ကြသည်။
သူဟာလည်း အလားတူ အခြေအနေမျိုး ကြုံရပေမယ့် ကံမကောင်းစွာနဲ့ပဲ ဇာတ်လိုက်တစ်ယောက်ရဲ့ ကံကြမ္မာမျိုး မရှိခဲ့ချေ။
ထိုစဉ် အေးစက်စက် စက်သံတစ်ခု သူ၏ နားထဲတွင် ပဲ့တင့်ထပ်သွားလေသည်။
[ဒင်... ချိတ်ဆက်ရန် သတ်မှတ်ချက်များ ပြည့်မီပါသည်။ ချိတ်ဆက်ခြင်းကို စတင်နေပါပြီ]
[ဒင်... ချိတ်ဆက်ခြင်း အောင်မြင်ပါသည်။ ဟင်းလင်းပြင်ခရီးသွားစနစ်က သင့်အား ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါတယ်။ ချင်မင်းဆက်သို့ နေ့တစ်ပိုင်း ခရီးစဉ်အတွက် သုံးရက်အတွင်း ခရီးသွား ငါးဦးကို ကျေးဇူးပြု၍ ရှာဖွေပါ။ စျေးနှုန်းမှာ တစ်ဦးလျှင် ယွမ် ၁၀၀၀ ဖြစ်ပါတယ်။ မှတ်ချက်- ခရီးစဉ်နေရာကို ရှင်းလင်းစွာ ဖော်ပြရမည်။ လှည့်စားခြင်း သို့မဟုတ် လိမ်လည်သော နည်းလမ်းများကို တင်းကျပ်စွာ တားမြစ်ထားပါသည်]
[မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး သက်တမ်း ခုနစ်ရက်နှင့် ယွမ် ၁၀၀,၀၀၀ ဆုကြေးငွေကို ရယူပါ...]
ကျန်းယဲ့ဟာ သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ထင်လိုက်မိ၏။
သူ... သူ... သူ နောက်ဆုံးတော့ ကံကောင်းသွားပြီပေါ့။
ဆုကြေးငွေအကြောင်း ကြားလိုက်ရချိန်တွင် ကျန်းယဲ့ဟာ သူ၏ မျက်စိရှေ့တွင် လမ်းအသစ်တစ်ခု ပွင့်သွားသလို ခံစားလိုက်ရလေသည်။
သို့သော် ဤပျော်ရွှင်မှုက နှစ်စက္ကန့်ပင် မခံလိုက်ဘဲ သူ၏ မျက်နှာအမူရာက အေးခဲသွားရသည်။
[ဤမစ်ရှင်က အကဲဖြတ်မှုတစ်ခုလည်းဖြစ်ပြီး လက်ခံသူက မစ်ရှင်လုပ်ဆောင်သူအဖြစ် အရည်အချင်းပြည့်မီခြင်း ရှိမရှိ စမ်းသပ်ခြင်း ဖြစ်ပါတယ်။ အကယ်၍ မစ်ရှင် ကျရှုံးပါက စနစ်ဟာ လက်ခံသူဆီမှ ထွက်ခွာသွားမှာ ဖြစ်ပါတယ်]
“စနစ်... ချင်မင်းဆက် နေ့တစ်ပိုင်းခရီးစဉ်ဆိုတာ ငါသိထားတဲ့ တစ်ခုလား”
[ချင်မင်းဆက်က လက်ခံသူထက် နှစ်ပေါင်း နှစ်ထောင်ကျော် စောသော ကာလဖြစ်ပါတယ်...]
အတည်ပြုချက်ကို ကြားလိုက်သည်နှင့် အချိန်ဆွဲမနေတော့ဘဲ ကျန်းယဲ့ဟာ သူ၏ ဖုန်းကို ကောက်ကိုင်လိုက်ကာ ခရီးသွားအေဂျင်စီ၏ သယ်ဆောင်ရလွယ်ကူသော ကြော်ငြာသင်ပုန်းနှင့် အခြား ဖောက်သည်ဆွဲဆောင်သည့် ပစ္စည်းများကို ယူဆောင်ပြီး အစည်ကားဆုံး ရထားဘူတာရုံဆီသို့ ဦးတည်သွားလိုက်လေသည်။
ထို့နောက် ကျန်းယဲ့ ကြော်ငြာသင်ပုန်းကို ယူကာ ကြော်ငြာခေါင်းစဉ်များကို စတင်ရေးသားလိုက်၏။
သူ အောင်မြင်မည် မအောင်မြင်မည်မှာ အထက်ပါ အကြောင်းအရာများပေါ်တွင် မူတည်နေသည်မဟုတ်လော။
စနစ်၏ လိုအပ်ချက်များအရ ရိုးသားမှုက မရှိမဖြစ် လိုအပ်ချေသည်။ ဆိုလိုသည်မှာ ခရီးသွားများက သူတို့၏ ခရီးစဉ်မှာ ရှေးဟောင်းအဆောက်အအုံများကို ပုံတူကူးထားသည့် နေရာမဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က ချင်မင်းဆက်ဖြစ်ကြောင်း နားလည်ရမည် ဖြစ်၏။
တစ်ဦးလျှင် ယွမ် ၁၀၀၀ ဆိုသည့် စျေးနှုန်းနှင့် ပတ်သက်၍မူ.... နှစ်ထောင်ပေါင်းများစွာကို ဖြတ်ကျော်ပြီး ခရီးသွားရမည့် ခရီးစဉ်အတွက် တစ်ဦးလျှင် ယွမ် ၁၀၀၀ ဆိုသည်မှာ အတွင်းရေးကို သိသူများအနေဖြင့် အလွန်တန်သည်ဟု ခံစားရမည်ဖြစ်ပြီး “သောက်ကျိုးနည်း.... ဒါ အရမ်းကို ဈေးပေါတာပဲ” ဟုပင် အော်ဟစ်မိကြမည် ဖြစ်သည်။
သို့သော် မေးစရာရှိသည်မှာ ထိုအရာကို တစ်ယောက်ယောက်က ယုံပါ့မလားဆိုသည်ပင်။
ချင်မင်းဆက်ဆီ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကကို ပြန်သွားရမယ့် ခရီးစဉ်......
အဲဒီအပေါ်မှာ အပိုထပ်ဆောင်း ယွမ် ၁၀၀၀.....
ဤသည်က လိမ်လည်နေခြင်း မဟုတ်လော။
လူတိုင်းက အရူးမဟုတ်ချေ။
သူ၏ စိတ်ထဲတွင် စနစ်သာ မရှိခဲ့ပါက ဤအရာကို သူကိုယ်တိုင်လည်း လုံးဝ ယုံကြည်မည် မဟုတ်ချေ။
ဆိုရိုးစကားရှိသည့်အတိုင်း ‘ကြီးမားတဲ့ ဆုလာဘ်က ရဲရင့်သူတွေကို ထွက်ပေါ်လာစေမှာ အသေအချာပဲ’
ကျန်းယဲ့သည် သင်ပုန်းပေါ်တွင် ရေးလိုက်၏။“လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက်သို့ ပြန်လည်သွားရောက်မည့် တစ်ရက်တာ ခရီးစဉ်... တစ်ဦးလျှင် ယွမ် ၁၀၀၀..... အကယ်၍ လိမ်လည်မှုဖြစ်ကြောင်းတွေ့ရှိပါက တစ်ဦးလျှင် လျော်ကြေးငွေ ယွမ် ၁၀၀,၀၀၀ ပေးအပ်မည်”
စနစ်က ၎င်းကို နေ့တစ်ပိုင်းခရီးစဉ်အဖြစ် သတ်မှတ်ထားသော်လည်း အမှန်တကယ်တွင်မူ တစ်နေကုန် ခရီးစဉ်တစ်ခု ဖြစ်နေသည်မှာ သေချာပေသည်။
သမားရိုးကျအားဖြင့် နေ့ချင်းပြန် ခရီးစဉ်တစ်ခုက တကယ်တမ်း ၂၄ နာရီ ကြာမြင့်လေ့ မရှိချေ။
လူများက များသောအားဖြင့် နံနက် ငါးနာရီ သို့မဟုတ် ခြောက်နာရီတွင် တွေ့ဆုံထွက်ခွာကြပြီး ညနေစောင်းတွင် ဆုံရပ်သို့ ပြန်လည်ရောက်ရှိလေ့ ရှိကြ၏။
ထို့ကြောင့် စနစ်ထဲတွင် နေ့တစ်ဝက်ခရီးစဉ်ဆိုသည်မှာ လက်တွေ့ဘဝတွင် တစ်နေကုန် ခရီးစဉ်ဖြစ်သည်။
သူက သင်ပုန်းပေါ်တွင် “တစ်ရက်တာ ခရီးစဉ်” ဟု ရေးထားသော်လည်း စနစ်က ခွင့်ပြုထားသဖြင့် လိမ်လည်မှုဟု မသတ်မှတ်ချေ။
အရှေ့ပိုင်းက အကြောင်းအရာတွေက အစချီရုံသက်သက်သာ ဖြစ်ပြီး အဓိကကတော့ နောက်ဆုံးစကားလုံးဖြစ်တဲ့ ‘တစ်သိန်း’ဆိုတာပဲ။
ကျန်းယဲ့သည် ထိုစကားလုံးကို အလွန်ကြီးမားပြီး မျက်စိဖမ်းစားနိုင်အောင် ရေးထားကာ လူများ မြင်လိုက်သည်နှင့် တစ်ချက်တည်း သတိထားမိစေရန် သေချာလုပ်ထားလေသည်။
ထို့နောက် ကျန်းယဲ့ဟာ သူ ရေးထားသော သင်ပုန်းကို ရှေ့တွင်ချထားကာ ငါးစာမိမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
အကယ်၍ ဤအစီအစဉ် ကျရှုံးပါက သူ၌ ဒုတိယအစီအစဉ်တစ်ခု ရှိသေး၏။
သို့သော် ၎င်းက ငွေအချို့ ကုန်ကျချေမည်။ လောလောဆယ် ကျန်းယဲ့၏ အိတ်ကပ်ထဲတွင် ငွေများများစားစား မရှိသဖြင့် ရနိုင်သမျှ ချွေတာနေရလေသည်။
မတက်နိုင်.... တခြားနည်းလမ်း မရှိတော့ပါက သုံးရမည်သာပင်။
ဘူတာရုံ အဝင်အထွက်တွင်တော့ ခရီးသည်များနှင့် ပွဲစားများ အများအပြား သွားလာနေခဲ့ကြသည်။ ထို့ကြောင့် ကျန်းယဲ့၏ ဆိုင်းဘုတ်ကို ထောင်လိုက်သည်နှင့် လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားလေသည်။
အနီးအနားတွင် နေထိုင်သော သက်ကြီးရွယ်အိုတစ်ဦးက နံနက်ခင်း လမ်းလျှောက်ထွက်လာစဉ် လျော်ကြေးငွေ ယွမ် ၁၀၀,၀၀၀ ဆိုသည်ကို မြင်ပြီး ရပ်တန့်သွားခဲ့သည်။
“လူငယ်လေး... ဒီ ‘ချင်မင်းဆက်ဆီသို့’ ဆိုတဲ့ ခရီးစဉ်က ရုပ်ရှင်စတူဒီယိုထဲက ချင်နန်းတော်ကို သွားမှာလား”
နောက်ဆုံးတော့ တစ်ယောက်ယောက်က လာမေးချေပြီ။
ကျန်းယဲ့က ပြုံးကာ ဆိုလိုက်သည်။ “မဟုတ်ပါဘူးဗျ... ခင်ဗျားတို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက်ဆီ တစ်ရက်တာ ခေါ်သွားမှာပါ”
ပတ်ဝန်းကျင်ရှိ လူများစွာက စိတ်ဝင်တစား နားထောင်နေကြပြီး ကျန်းယဲ့၏ အဖြေကို ကြားပြီးနောက် အားလုံးက သူ့ကို ‘အရူး’ဟု ပြောနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
“အစ်ကိုရာ... လိမ်မယ်ဆိုရင်တောင် ယုံလောက်စရာ အကြောင်းပြချက်လေး ဖြစ်အုံးမှပေါ့ဗျ”
“လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက်ဆီ ခရီးသွားမယ် ဟုတ်လား။ ဘယ်လိုများ ပြောထွက်ရတာလဲ...”
“မင်းမှာ အဲဒီလိုစွမ်းရည် တကယ်ရှိရင် ဧည့်သည်ခေါ်ဖို့ ဘာလို့ ဒီမှာ လာပြီး ဆိုင်ဖွင့်နေရတာလဲ...”
...
ထိုစဉ် ဘူတာရုံသို့ ရထားနှစ်စင်း ဆိုက်ရောက်လာပြီး ထွက်ပေါက်မှ ခရီးသည် အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။
သူတို့ထဲတွင် ဆဲလ်ဖီတုတ်ကို ကိုင်ကာ ကင်မရာထဲတွင် သူ့ကိုယ်သူ ချိန်ရွယ်ပြီး လမ်းလျှောက်ရင်း တတွတ်တွတ် ပြောဆိုနေသော ဝဝဖြိုးဖြိုး လူငယ်တစ်ဦးလည်း ပါဝင်ချေသည်။
“အမျိုးတို့ရေ... ကျွန်တော် ဟန်ကျိုးကို ရောက်နေပါပြီနော်။ နာမည်ကြီး အနောက်ကန် ရှာလကာရည် ငါးဟင်းကို မြည်းစမ်းဖို့ နောက်နည်းနည်းနေရင် အနောက်ကန်ကို တက္ကစီနဲ့ သွားပါမယ်”
“အခုလောလောဆယ်တော့ တကယ်ဆိုးသလားဆိုတာ မပြောနိုင်သေးဘူး။ ကျွန်တော်ကိုယ်တိုင် မမြည်းစမ်းရသေးဘဲနဲ့ တခြားသူတွေ ပြောတာကို ဒီတိုင်း လိုက်ပြောလို့ မရဘူးလေ.. ဟုတ်တယ်မဟုတ်လား.... မြည်းစမ်းကြည့်ပြီးရင် အမျိုးတို့ကို ပြောပြပါ့မယ်နော်”
ကျန်းထောင်သည် ခရီးသွားနှင့် အစားအသောက် ဘလော့ဂါတစ်ဦး ဖြစ်၏။ မကြာသေးမီက အနောက်ကန် ရှာလကာရည် ငါးဟင်းက နာမည်ကြီးလာခဲ့ပြီး ဤရေပန်းစားမှုကို အခွင့်ကောင်းယူကာ အထူးအစီအစဉ်တစ်ခု လုပ်ရန် စီစဉ်ထားလေသည်။
ထို့နောက် ဘူတာရုံမှ ထွက်ထွက်ချင်းပင် မလှမ်းမကမ်းတွင် လူတစ်စု စုဝေးနေသည်ကို သူ မြင်လိုက်ရလေသည်။ ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်လိုသော စိတ်ဓာတ်ဖြင့် သူဟာ ထိုနေရာသို့ စိတ်အားထက်သန်စွာ သွားရောက်ခဲ့ပြီး ကင်မရာထဲရှိ ပရိသတ်များကိုလည်း မိတ်ဆက်ပေးရန် မမေ့ခဲ့ချေ။ “အမျိုးတို့ရေ... ရှေ့မှာ တစ်ခုခု ဖြစ်နေပုံပဲဗျ...”
ကျန်းထောင်သည် ထိုဦးတည်ချက်သို့ အမြန်လျှောက်သွားပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ် အရွယ်အစားကြောင့် အနောက်ဆုံးနေရာအထိ အောင်မြင်စွာ တိုးဝင်နိုင်ခဲ့ချေသည်။
ထို့နောက် ကျန်းထောင်သည် သင်ပုန်းပေါ်ရှိ မျက်စိဖမ်းစားနိုင်သော ‘ယွမ် ၁၀၀,၀၀၀’ ကို ချက်ချင်း သတိထားမိလိုက်၏။
ဘလော့ဂါတစ်ဦးအနေဖြင့် ၎င်းက စိတ်ဝင်စားစရာ အချက်တစ်ခုဖြစ်ကြောင်း လျင်မြန်စွာ သဘောပေါက်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ သူ၏ ပရိသတ်များကို ချက်ချင်း ဆိုလိုက်သည်။ “အမျိုးတို့ရေ... ဟန်ကျိုးကို ရောက်ရောက်ချင်း ဒီလို ရှားရှားပါးပါး ကိစ္စမျိုးနဲ့ ကြုံရလိမ့်မယ်လို့ မထင်ထားဘူး”
သူ စကားပြောနေစဉ်မှာပင် ကင်မရာကို သင်ပုန်းပေါ်ရှိ ကြော်ငြာဆီသို့ လှည့်လိုက်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများက သင်ပုန်းပေါ်တွင် ရေးထားသည်ကို မြင်သောအခါ ရူးသွပ်သွားကြတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များကို လျစ်လျူရှုကာ ကျန်းထောင်က ကျန်းယဲ့ကို ကြည့်ပြီး မေးလိုက်၏။ “လူချောလေး... ချင်မင်းဆက်ဆီ ခရီးသွားမယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက်ဆီကို သွားမှာလို့ ပြောချင်တာလား”
သူ၏ လေသံတွင် နောက်ပြောင်လိုသော အရိပ်အယောင်များ အပြည့်ပါဝင်နေပြီး မျက်နှာပေါ်တွင်လည်း ရွှင်မြူးသော အပြုံးတစ်ခု ရှိနေခဲ့သည်။
သို့သော် တစ်ဖက်လူ၏ အဖြေကို ကြားလိုက်ရချိန်တွင် ထိုအပြုံးမှာ အေးခဲသွားရချေသည်။
“ဟုတ်ပါတယ်” ဟု ကျန်းယဲ့က အလေးအနက် ပြန်ဖြေလိုက်၏။
ကျန်းထောင်ဟာ အနည်းငယ် အံ့အားသင့်သွားပြီး နောက်တစ်စက္ကန့်တွင် ရယ်မောလိုက်ကာ “လူချောလေး.... မင်း ငါ့ကို နောက်နေတာလား”
ကျန်းယဲ့က သင်ပုန်းပေါ်ရှိ “ယွမ် ၁၀၀,၀၀၀ လျော်ကြေး” ဆိုသည့် စာသားကို လက်ညှိုးထိုးပြလိုက်ပြီး “အကယ်၍ လိမ်လည်ကြော်ငြာတာဆိုရင် ခင်ဗျားတို့ကို ယွမ် တစ်သိန်း လျော်ကြေးပေးပါ့မယ်”
မင်း တကယ်ပြောနေတာလား.....
ကျန်းထောင်ဟာ မျက်လုံးပြူးကာ ကျန်းယဲ့ကို အထက်အောက် ကြည့်လိုက်၏။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေချေသည်... ‘ဒီကောင် ခေါင်းထဲ တစ်ခုခု မှားနေတာများလား’
သို့သော် သူက ထိုသို့ ဖြစ်နေပုံ မရချေ။
ထိုတိုတောင်းသော တစ်မိနစ်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှုရှိ မှတ်ချက်အရေအတွက်သည်လည်း အဆမတန် တိုးလာခဲ့လေသည်။
ကျန်းထောင်ဟာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင်းရှိ လှုပ်ရှားမှုကို သတိပြုမိလိုက်၏။ စကားပြောခန်း တစ်ခုလုံးသည် အလွန် သက်ဝင်လှုပ်ရှားနေပြီး ပရိသတ်များ၏ တက်ကြွမှု အဆင့်မှာ သူ၏ အထွတ်အထိပ်ကာလနှင့် နှိုင်းယှဉ်နိုင်လောက်ပေသည်။
[ထောင်ဇီ... ဘာဖြစ်တာလဲဆိုတာ မင်းအဖေကို မြန်မြန်ပြောပြစမ်း... ]
[သောက်ကျိုးနည်း... ငါ အခု ဘာကြားလိုက်တာလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက်ဆီကို ခရီးသွားမယ် ဟုတ်လား... ]
[ဟားဟားဟား.... ဒီခေတ်က လိမ်တဲ့သူတွေက ဒီလောက်တောင်သတ္တိရှိနေကြပြီလား]
[ဟေး ဟေး ဟေး... မင်းတို့တွေ အရေးကြီးတဲ့အပိုင်းကို သတိမထားမိကြဘူးလား။ ချင်မင်းဆက်ဆီ မသွားရရင် ယွမ် တစ်သိန်း လျော်ကြေးရမယ်တဲ့။ အဲဒီ ယွမ် တစ်သိန်းက အဓိကပဲဟ...]
[ငါ ဘာလို့ ဒီလို ငွေဖြုန်းတဲ့သူမျိုးနဲ့ မကြုံရတာလဲ။ အား... အဲဒီ ယွမ်တစ်သိန်းကို ငါ လိုချင်တယ်ကွ...]