အခန်း (၁) - မူလအချိန်သို့ ရောက်ရှိလာခြင်း
"အား... ငါ့ခေါင်းတစ်ပြင်လုံး အရမ်းကို ကိုက်ခဲနေပါလား..."
လင်းတုန် သည် လေးလံနေသော သူ၏မျက်လုံးများကို အားယူဖွင့်လိုက်စဉ်မှာပင် သူ၏ဦးနှောက်အတွင်းသို့ ပြင်းထန်သော နာကျင်မှုလှိုင်းလုံးကြီး ရိုက်ခတ်ဝင်ရောက်လာသဖြင့် ခေါင်းကို စုပ်ကိုင်ကာ နာကျင်စွာ ညည်းတွားလိုက်ရတော့သည်။
ဆယ်မိနစ်မျှ ကြာပြီးနောက်…
"ဒါပေမဲ့ ဒီနေရာက အတိအကျ ဘယ်နေရာလဲ..."
ပြင်းထန်သော နာကျင်မှုများ စတင်သက်သာသွားသည့်အခါ ကုတင်ပေါ်တွင် လဲလျောင်းနေသော လင်းတုန်သည် ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး အိမ်ငယ်လေးကို စတစ်စစ်ဆေးလိုက်သည်။
လင်းတုန်သည် ရှေးဟောင်းစတိုင် ပရိဘောဂများဖြင့် ပြင်ဆင်ထားသော အခန်းကို ငေးကြောင်ကြည့်ရှုရင်း……။
"ခဏလေး... ငါ ကူးပြောင်း ရောက်ရှိလာတာထက်၊ သေစမ်း ငါကားတိုက်ခံရလို့ ကူးပြောင်းသွားတာ လား။ အင်း... အားလုံးကို သေချာလေး စဉ်းစားကြည့်ရအောင်..." ဟု တီးတိုးရေရွတ်လိုက်သည်။
ကမ္ဘာမြေမှ ရောက်ရှိလာပြီး ကျွန်ုပ်တို့ဇာတ်လမ်း၏ သိုင်းဘိုးဘေးဇာတ်လိုက်နှင့် နာမည်တူသော အဆိုပါလူငယ်လေးသည် သူ၏မှတ်ဉာဏ်များကို ပြန်လည်စုစည်းရန် ပြင်လိုက်စဉ်မှာပင် အခန်းတံခါးမှာ "ဒုန်း" ခနဲ ရုတ်တရက် ကန်ဖွင့်ခံလိုက်ရပြီး ဒုတ်ဒုတ် ဒုတ်ဒုတ်နှင့် ခန္ဓာကိုယ်ဝဝ လူတစ်ယောက် လှိမ့်ဝင်လာခဲ့သည်။
"လင်းတုန်၊ လင်းတုန်... မင်းအဖေ သေတော့မယ်"
ကလေးဆန်သော်လည်း စိုးရိမ်တကြီး အော်ဟစ်လိုက်သော အသံတစ်ခုမှာ လင်းတုန်၏ နားထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။
"စောက်ရေးမပါတာ၊ မင်းအဖေမှ သေတော့မှာ"
လင်းတုန်သည် အတွေးများ မရေမရာ ဖြစ်နေဆဲဖြစ်သော်လည်း မသိစိတ်မှ မော့ကြည့်ကာ ရင်းနှီးစွာပင် တုံ့ပြန်လိုက်သည်။
ရောက်ရှိလာသူမှာ အသက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့်ရှိပြီး ခန္ဓာကိုယ် လုံးလုံးဝိုင်းဝိုင်း ပုံစံရှိသော ပုပုဝဝ ကလေးငယ်တစ်ဦး ဖြစ်သည်။
အကြောင်းရင်းမရှိဘဲ ထိုကလေးငယ်၏ နာမည်—"လင်းချန်ချင်း" ဆိုသည့်အမည်မှာ လင်းတုန်၏ စိတ်ထဲတွင် မသိစိတ်မှ ထွက်ပေါ်လာခဲ့သည်။ သို့သော် သူသည် သူ၏ ပဉ္စမမြောက် ဦးလေး၏ သားဖြစ်ပြီး ငယ်သူငယ်ချင်း ကစားဖော်ကစားဖက် တစ်ဦးဖြစ်သည်။
အဲ... ခဏစောင့်ပါဦး၊ ငါ့အဘိုးမှာ သားတစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလား၊ ငါ့အဖေလေ။ ငါ့မှာ ပဉ္စမမြောက် ဦးလေး ဆိုတာ ဘယ်ကနေ ရောက်လာတာလဲ။
သို့သော် လင်းတုန် ထပ်မံတွေးတော မပြီးသေးမီမှာပင် လင်းချန်ချင်း ဆိုသော ထိုကောင်လေးသည် လင်းတုန်အား ကုတင်ပေါ်မှ ဆွဲခေါ်ကာ အပြင်သို့ အလျင်အမြန် ပြေးထွက်သွားရင်း …..။
"တကယ်ပြောတာ ဦးလေး လင်းရှောင်း က တာ့ယန်စီရင်စု ရဲ့ လင်းမျိုးနွယ်စု ပြိုင်ပွဲကနေ ပြန်ရောက်လာတာ။
ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တာတင် မကပဲ တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ သေလုနီးပါး ဒဏ်ရာရခဲ့တာ။
သူ့အသက်တောင် ကယ်လို့ မရတော့ဘူးလို့ ကြားတယ်။ အဖေက မင်းကို အမြန်သွားခေါ်ခိုင်းလိုက်တာ။ အချိန်မရှိတော့ဘူး၊ ငါနဲ့ မြန်မြန်လိုက်ခဲ့" ဟု ပူပန်စွာ ပြောဆိုလိုက်သည်။
ထို့ကြောင့် ဝေဝေဝါးဝါး ဖြစ်နေသော လင်းတုန်သည် လင်းချန်ချင်း၏ ဆွဲခေါ်မှုကြောင့် ကျယ်ဝန်းသော်လည်း ရိုးရှင်းသော အခန်းတစ်ခန်းအတွင်းသို့ ရောက်ရှိသွားခဲ့သည်။
အခန်းအတွင်း၌ တည်ငြိမ်လေးနက်သော မျက်နှာထားရှိသည့် မျိုးနွယ်စုဝင်များ ပြည့်နှက်နေ၏။
သူတို့သည် ကုတင်တစ်လုံးကို ဝိုင်းရံထားကြပြီး ထိုကုတင်ပေါ်တွင် ရဲရင့်သော ရုပ်ရည်ရှိသည့် လူငယ်တစ်ဦးသည် မျက်နှာဖြူလျော့ကာ မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားလျက် လဲလျောင်းနေသည်။
သူ၏ မျက်ခုံးနှစ်ခုကြားတွင် နာကျင်သော အရိပ်အယောင်အချို့ မထင်မရှား ရှိနေသော်လည်း ပြင်းထန်သော ဒဏ်ရာရရှိထားကြောင်း ထင်ရှားနေသည်။
ရောက်ရှိလာသည့်အခါ လမ်းတစ်လျှောက်လုံး ဆူဆူပူပူ လုပ်လာခဲ့သော လင်းချန်ချင်းသည် မရဲမဝံ့ အသံတိတ်သွားခဲ့သည်။
သူက လင်းတုန်ကို ဆွဲခေါ်ကာ အခန်း၏ ထောင့်တစ်ထောင့်တွင် ကုပ်ကုပ်လေး ဝင်ထိုင်လိုက်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိကာ သတိလစ်နေသော အမျိုးသားကို ညွှန်ပြလျက် "ကြည့်စမ်း၊ ဟောဟိုမှာ မင်းအဖေ" ဟု တိုးတိုးလေး ပြောလိုက်သည်။
"ငါ့အဖေ"
ဇဝေဇဝါ ဖြစ်နေဆဲဖြစ်သော လင်းတုန်သည် အာရုံစိုက် ကြည့်ရှုလိုက်ရာ ကုတင်ပေါ်မှ အမျိုးသား၊ ကုတင်ဘေးတွင် စောင့်ကြပ်နေသော နုနယ်ပျော့ပျောင်းသည့် အမျိုးသမီးနှင့် ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် ခန့်ညားသော အဘိုးအိုတစ်ဦးကို တွေ့ရှိလိုက်ရသည်။
"အဖေ.. အကိုရှောင် မှာ အတိအကျ ဘာဖြစ်ခဲ့တာလဲ။ သူက ကောင်းကင်ယွမ်အဆင့် ကျွမ်းကျင်သူလေ ပြီးတော့ သားတို့အားလုံး တာ့ယန်စီရင်စုမှာရှိတဲ့ အတွင်းပိုင်း မျိုးနွယ်စုဆီကို မျိုးနွယ်စုဂရန်းပြိုင်ပွဲအတွက် အတူတူ သွားခဲ့ကြတာ မဟုတ်ဘူးလား"
နုနယ်သောအမျိုးသမီးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဝမ်းနည်းမှုကို ထိန်းချုပ်ရင်း သူမ၏ ဘေးနားရှိ ခန့်ညားသောအဘိုးအို—သူမ ယောကျ်ား၏ အဖေဖြစ်သူ လင်းမျိုးနွယ်စု ခေါင်းဆောင်ကို ကြည့်လိုက်သည်။
"သူ့ရဲ့ ပထမဆုံး ပွဲစဉ်မှာတင် တတိယသားက အတွင်းပိုင်း မျိုးနွယ်စုက လင်းလန်ထျန်း ဆိုတဲ့ ပါရမီရှင် လူငယ်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ ရှုံးနိမ့်ခဲ့ရတာ။ လင်းလန်ထျန်းဟာ တတိယသားကို တစ်ကွက် တိုက်ခိုက်ခြေမှုန်းခဲ့ရုံတင် မကဘူး၊ သူ့ရဲ့ ကြမ်းတမ်းတဲ့ ယွမ်စွမ်းအား ကို သုံးပြီး တတိယညီလေးရဲ့ အတွင်းအင်္ဂါတွေကို ပြင်းထန်စွာ ဖျက်ဆီးပစ်ခဲ့တယ်"
"တတိယသားက အခုဆိုရင် အတွင်းဒဏ်ရာ ပြင်းထန်စွာ ရရှိထားပြီး သွေးကြောမျှင်တွေ အပြင်းအထန် ပိတ်ဆို့နေတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ဟာ ကောင်းကင်ယွမ်အဆင့်ကနေ မြေကမ္ဘာယွမ်အဆင့် ကို ပြန်လည် လျှော့ကျသွားတာတင် မကဘူး၊ တစ်သက်လုံး သူ့ရဲ့ ကျင့်ကြံခြင်းကို ဘယ်တော့မှ တိုးတက်အောင် ပြုလုပ်နိုင်တော့မှာ မဟုတ်ဘူး"
ခန့်ညားသော အဘိုးအို၏ မျက်နှာမှာ မည်းမှောင်နေ၏။ သူသည် ခြောက်သွေ့နေသော နှုတ်ခမ်းများကို စိစပ်ထားပြီး သြရှရှ အသံဖြင့် ရှင်းပြလိုက်သည်။
"ဒါဆို... ဒါဆို အကိုရှောင်က ဒုက္ခိတ ဖြစ်သွားပြီပေါ့"
နုနယ်သော အမျိုးသမီးသည် ထိုသတင်းကြောင့် တုန်လှုပ်သွားပြီး မိန်းမောစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
ကိစ္စတွေက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ။
သူမ၏ ခင်ပွန်း လင်းရှောင်းသည် ညီအစ်ကို ငါးယောက်အနက် ခန္ဓာကိုယ်ကျင့်ကြံခြင်း နဝမအဆင့်ကို ပထမဆုံး ဖောက်ထွက်ကာ မြေကမ္ဘာယွမ်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည့် ကျင့်ကြံခြင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။
ထို့အပြင် နောက်ပိုင်း လေးနှစ်တာ ကာလတိုအတွင်းမှာပင် မြေကမ္ဘာယွမ်အဆင့်ကို ထပ်မံဖောက်ထွက်၍ ကောင်းကင်ယွမ်အဆင့်သို့ ခြေလှမ်းလှမ်းနိုင်ခဲ့ကာ လင်းမျိုးနွယ်စု ခေါင်းဆောင် လင်းကျန်းထျန်း မှလွဲ၍ လင်းမျိုးနွယ်စုတွင် ဒုတိယမြောက် ကောင်းကင်ယွမ်အဆင့် ကျွမ်းကျင်သူ ဖြစ်လာခဲ့သူ ဖြစ်သည်။
ထိုသို့သော ကျင့်ကြံခြင်း အရှိန်အဟုန်ကြောင့် သူမ၏ စည်းကမ်းကြီးမားသော ယောကျ်ားဖြစ်သူ၏ အဖေပင်လျှင် ကျေနပ်အားရသော အပြုံးကို ပြသလေ့ရှိသည်။
ဆယ်စုနှစ်တစ်ခုလျှင် တစ်ကြိမ် ပြုလုပ်သော မျိုးနွယ်စုပြိုင်ပွဲ နီးကပ်လာသောအခါ လင်းရှောင်းသည် မထွက်ခွာမီ သူမအား ယုံကြည်ချက်အပြည့်ဖြင့် ပြောကြားခဲ့ဖူးသည်။
"အာယန်၊ ငါ မျိုးနွယ်စု ပြိုင်ပွဲရဲ့ ထိပ်တန်း ဆယ်ယောက်ထဲကို ခန့်မှန်းခြေ ရောက်အောင် ဝင်ပြီး ငါတို့ရဲ့ ချင်းရန်မြို့ လင်းမျိုးနွယ်စုကို အတွင်းမျိုးနွယ်စု အဆင့်အတန်းဆီ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ပေးမယ်"
ထိုအချိန်က လင်းရှောင်သည် စိတ်ဓာတ်တက်ကြွမှု အပြည့်ရှိခဲ့သော်လည်း ယခုအခါတွင်မူ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရုံတင် မကဘဲ တစ်သက်လုံး ကျင့်ကြံခြင်း တိုးတက်တော့မည်မဟုတ်သော ဒုက္ခိတတစ်ဦး ဖြစ်သွားခဲ့ရပြီ။
သူမ ခင်ပွန်း၏ စရိုက်ကို နက်နက်နဲနဲ နားလည်ထားသော လျူယန် သည် မာနကြီးသော သူမ၏ ခင်ပွန်း နိုးထလာပါက မည်သို့သော နာကျင်ခံစားမှုများနှင့် ရင်ဆိုင်ရမည်ကိုလည်းကောင်း၊ မည်မျှနက်ရှိုင်းသော စိတ်ပျက်အားငယ်မှုအတွင်းသို့ ကျဆင်းသွားမည်ကိုလည်းကောင်း သိရှိနေပေသည်။
"ဒုက္ခိတ ဟုတ်လား။ အဲဒီလောက်ထိ မဟုတ်ပါဘူး။ ငါတို့ လင်းမျိုးနွယ်စု ဒီမှာရှိနေသရွေ့ တတိယညီလေးဟာ ဒုက္ခိတ မဟုတ်ပါဘူး။ တတိယညီလေးဟာ မနက်ဖြန်လောက်ဆို နိုးလာမှာပါ။ သူ့ကို သေချာ ဂရုစိုက်ပေးလိုက်ပါ"
ခန့်ညားသော အဘိုးအိုသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဒီညွှန်ကြားချက်ကို ပေးလိုက်သည်။
ထိုနေရာတွင် ဆက်လက်မနေလိုတော့သဖြင့် သူသည် ချက်ချင်းလှည့်ထွက်သွားခဲ့သည်။
သူ၏ အတော်ဆုံး သားဖြစ်သူမှာ ထိုသို့သော အခြေအနေသို့ ရောက်ရှိသွားခဲ့ရပြီး အတွင်းပိုင်း မျိုးနွယ်စုသို့ ပြန်လည်ဝင်ရောက်ရန် မျှော်လင့်ချက်မှာလည်း ချေမှုန်းခံလိုက်ရပြီ... ဒါတွေအားလုံးသည် အဘိုးအိုအတွက် လက်ခံနိုင်ဖွယ် မရှိပေ။
"လင်းမျိုးနွယ်စု၊ လင်းရှောင်၊ လင်းမျိုးနွယ်စု၊ လင်းလန်ထျန်း..."
ထောင့်စွန်းတွင် ကုပ်ကုပ်လေး ထိုင်နေသော လင်းတုန်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် သူ ရောက်ရှိနေသည့်နေရာကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
သူ၏ မျက်လုံးများထဲမှ အလင်းရောင်သည် ပိုမိုတောက်ပလာပြီး စိတ်လှုပ်ရှားစွာဖြင့်….။
"ငါသိပြီ ဒါက ထျန်းရွှမ်တိုက်ကြီး ပဲ၊ ဒါဟာ တာ့ယန်အင်ပါယာရဲ့ ချင်းရန်မြို့ပဲ၊ ဒါက..."
"ဝုန်း"
လင်းတုန် စကားပြော၍ မပြီးသေးမီမှာပင် သူ၏ မြင်ကွင်းမှာ မှောင်မိုက်သွားခဲ့ပြီး ထူထပ်လှသော မှတ်ဉာဏ်များစွာသည် သမုဒ္ဒရာဒီရေလှိုင်းများကဲ့သို့ သူ၏ စိတ်အတွင်းထဲမှ ရူးသွပ်စွာ တိုးဝင်လာခဲ့သဖြင့် လင်းတုန်သည် သတိလစ်မေ့မြောသွားတော့သည်။
မှတ်ဉာဏ်များ ပေါင်းစပ်ခြင်း စတင်လိုက်ပြီဖြစ်သည်။
"လင်းတုန်၊ လင်းတုန်... ဘာဖြစ်တာလဲ လင်းတုန်။ အဖေ... အားလုံးပဲ ကြည့်ကြပါဦး လင်းတုန် ဝမ်းနည်းလွန်းလို့ သတိလစ်သွားပြီ..."
လင်းတုန်၏ ဘေးနားရှိ လင်းချန်ချင်းသည် လဲကျသွားသော လင်းတုန်ကို ချက်ချင်း ဖမ်းထိန်းလိုက်ပြီး မျက်နှာတွင် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
တံခါးဝသို့ ရောက်ရှိနေပြီဖြစ်သော လင်းကျန်းထျန်းသည် ရပ်တန့်လိုက်ပြီး သူသည် ထောင့်စွန်းတွင် ရုတ်တရက် သတိလစ်သွားသော လင်းတုန်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ပြင်းထန်စွာ ချလိုက်လေ၏။
"အင်း... တတိယသားမှာ သားကောင်းတစ်ယောက် ရှိတာပဲ။ မင်းတို့အားလုံး တုန်အာ ကို သေချာ ဂရုစိုက်ပေးလိုက်ကြ"
ထိုသို့ပြောပြီးနောက် လင်းကျန်းထျန်းသည် ခေါင်းကို ခါယမ်းကာ ဝမ်းနည်းသော မျက်နှာထားဖြင့် အခန်းအတွင်းမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
သူသည် ဒီဝမ်းနည်းစရာ ကောင်းသောနေရာတွင် တစ်မိနစ်မျှပင် ဆက်မနေလိုတော့ပေ။
မျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်အနေဖြင့် မျိုးနွယ်စုဝင်များ၏ ရှေ့တွင် ပျော့ကွက်ကို လုံးဝ ပြသ၍ မဖြစ်ပေ။
"တုန်အာ..."
သူမ၏ ခင်ပွန်းကို စောင့်ကြည့်နေသော လျူယန်သည် သူမ၏ သားဖြစ်သူပါ သတိလစ်သွားသည်ကို မြင်လိုက်ရသောအခါ စိုပြေသော မျက်လုံးများမှ မျက်ရည်များ ချက်ချင်း စီးကျလာခဲ့သည်။
သူမ ဘာလုပ်ရမည်နည်း။ သူမ၏ ခင်ပွန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး သတိလစ်နေသလို၊ သားဖြစ်သူမှာလည်း ဝမ်းနည်းလွန်း၍ သတိလစ်သွားခဲ့ရပြီ ဖြစ်သည်။
သမီးဖြစ်သူမှာလည်း ငယ်ရွယ်လွန်းသေးသဖြင့် ဒီသတင်းကို မသိစေရဲသေးပေ။
အရာအားလုံးကို နုနယ်သော အမျိုးသမီးတစ်ယောက်ဖြစ်သည့် သူမ တစ်ယောက်တည်းကသာ တာဝန်ယူ ရင်ဆိုင်ရတော့မည် ဖြစ်သည်။ သူမ ဘာများ လုပ်နိုင်ပါမည်နည်း။
"လျူယန်... ကိစ္စမရှိပါဘူး။ တုန်အာက ခဏ သတိလစ်သွားတာပါ။ လာပါ ချမ်းချန်၊ တုန်အာကို အမြန် ထိန်းပေးလိုက်..."
အခြားသော အိမ်တော် ခွဲလေးခုမှ အမျိုးသမီးများသည် လျူယန်အား ချက်ချင်း နှစ်သိမ့်ပေးလိုက်ကြသည်...။
အမည်မသိ နေရာတစ်ခုတွင် အပြောင်းအလဲတစ်ခုမှာ တိတ်တဆိတ် ဖြစ်ပေါ်သွားခဲ့ပြီး သမိုင်း၏ လှည့်ဘီးကြီးသည် မသိရှိနိုင်သော အရပ်မျက်နှာတစ်ခုသို့ ဖြည်းဖြည်းချင်း စတင် လှည့်ပတ်သွားခဲ့လေပြီ။
ဤနှစ်တွင် လင်းတုန်သည် အသက် ရှစ်နှစ်ရှိပြီဖြစ်ပြီး လင်းရှောင်မှာမူ အသက် နှစ်ဆယ့်ခြောက်နှစ် ရှိပြီဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်များမှာ
1/ (ခန္ဓာကိုယ်ကျင့်ကြံခြင်း)
၁ မှ ၉ အဆင့်
2/(မြေကမ္ဘာယွမ်အဆင့်)
အစောပိုင်း
အလယ်ပိုင်း
နှောင်း
3/(ကောင်းကင်ယွမ်အဆင့်)
အစောပိုင်း
အလယ်ပိုင်း
နှောင်းပိုင်း
4/ (ယွမ်ဒန်အဆင့်)(အစောပိုင်း)
(အစ)
(အထွတ်အထိပ်)
(ပြည့်စုံခြင်း)
5/ယွမ်ဒန် (အလယ်ပိုင်း)
အစ
အထွတ်အထိပ်
ပြီးပြည့်စုံခြင်း
6/ယွမ်ဒန်(နှောင်းပိုင်း)
အစ
အထွတ်အထိပ်
ပြီးပြည့်စုံ
ယွမ်စွမ်းအင်ကျင့်စဉ်
1/တတိယတန်းစား
2/ဒုတိယတန်းစား
3/ပထမတန်းစား
(နောက်ပိုင်းတွေဒီထက်ပိုမြင့်တဲ့ ကျင့်စဉ်တွေပါလာပါ့မယ်)
သိုင်းပညာရပ်
1/၁ကနေ၉ အထိ
နောက်ပိုင်းတွေပြန်ရေးပေးပါ့မယ် အဆင့်တွေ တူမတူ ပြန်စစ်နေလို့ပါ