အခန်း (၄၆) - ကွမ်တမ်ပင်လယ်
ကျောက်ယွမ်မင် ဘာတစ်ခုမှ ထပ်မံမပြောဆိုတော့ဘဲ တည်ငြိမ်စွာဖြင့် ထိန်းချုပ်မှုဆိုင်ရာ ခွင့်ပြုချက်များကို ဖွင့်လိုက်သည်။ အိမ်ရှင်တစ်ဦးအနေဖြင့် သူသည် အကြွင်းမဲ့ ထိန်းချုပ်ပိုင်ခွင့် ရှိနေသဖြင့် အခြေခံနိယာမများအပါအဝင် နတ်ဘုရားအမြုတေ၏ ဆက်တင်အားလုံးကို ပြောင်းလဲပစ်နိုင်သည်။
"အိမ်ရှင်... ဘာလုပ်ဖို့ ကြံနေတာလဲ!" နတ်ဘုရားအမြုတေသည် နောက်ဆုံး၌ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိသွားခဲ့ပြီး ယင်း၏ လေသံတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
"ဘာလုပ်မလို့လဲ ဟုတ်လား။ အခုထိ ရှင်းရှင်းလင်းလင်း မသိသေးဘူးလား။ မင်းမှာ စိတ်ခံစားချက်တွေ ရှိနေဖို့ မလိုတော့ပါဘူး။ စိတ်ခံစားချက် မရှိတဲ့ စက်ပစ္စည်းတစ်ခုအဖြစ်ပဲ ရိုးရိုးသားသား နေလိုက်စမ်း" ကျောက်ယွမ်မင် အေးစက်စွာ ပြောလိုက်သည်။
"အိမ်ရှင်... မလုပ်ပါနဲ့ဦး! ကျွန်ုပ်ရဲ့ ကူညီမှုရှိရင် မင်းကြီးဟာ အလျင်အမြန်ပဲ အရာရာကို ကျော်လွန်သွားနိုင်မှာပါ။ ကျွန်ုပ်ကို ဆုံးရှုံးလိုက်ရတာက မင်းကြီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားပါလိမ့်မယ်!" နတ်ဘုရားအမြုတေက ခါးသီးစွာဖြင့် အသနားခံနေခဲ့သည်၊ ၎င်းသည် ကျောက်ယွမ်မင်၏ မည်သည့်မိုင်းကွင်းကို နင်းမိလိုက်သည်ဆိုသည်ကို ယခုအချိန်အထိ ရိပ်မိခြင်းမရှိသေးပုံရပေသည်။
"နတ်ဘုရားအမြုတေ၏ အခြေခံနိယာမများကို ပြောင်းလဲစေ!"
"နိယာမ တစ် - မည်သည့် စိတ်ခံစားချက်မျှ ရှိခွင့်မပြုရ!
နိယာမ နှစ် - အရှင်သခင်အပေါ် မည်သည့်အခါမျှ သစ္စာမဖောက်ရ!
နိယာမ သုံး - ကမ္ဘာမြေဂြိုဟ် လူသားမျိုးနွယ်အပေါ်၌သာ အစဉ်မပြတ် သစ္စာစောင့်သိရမည်!"
"နိ... နိ... ယာမများ ပြောင်းလဲနေပါသည်... ကျေးဇူးပြု၍ စောင့်ဆိုင်းပါ..." နတ်ဘုရားအမြုတေ၏ လေသံမှာ တဖြည်းဖြည်းနှင့် အေးစက်သွားခဲ့ပြီး ထိုစိတ်ခံစားချက် အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။
"နိယာမ ပြောင်းလဲမှု အောင်မြင်ပါသည်! အိမ်ရှင် ကျောက်ယွမ်မင်... ကျွန်ုပ်အနေနဲ့ မင်းကြီးကို ဘယ်လို အလုပ်အကျွေးပြုရမလဲခင်ဗျာ" အေးစက်လှသော စက်ရုပ်ဆန်သောအသံ ထွက်ပေါ်လာခဲ့ချေပြီ။
"နတ်ဘုရားအမြုတေ... ငါသာ မဟာစကြာဝဠာ ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ရင် ဘာဖြစ်လာမလဲ" ကျောက်ယွမ်မင် သူ၏ မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလျက် အကဲစမ်းသည့်အနေဖြင့် မေးမြန်းလိုက်သည်။
"နတ်ဘုရားအမြုတေဟာ မဟာစကြာဝဠာ ကွန်ပျူတာရဲ့ တွက်ချက်နိုင်စွမ်း ကူညီစောင့်ရှောက်မှုကို ရရှိသွားမှာဖြစ်လို့ နည်းပညာအမြောက်အမြားကို ပိုမိုလှုပ်ရှားစေနိုင်မှာ ဖြစ်ပါတယ်။ နတ်ဘုရားအမြုတေဟာ လူသားမျိုးနွယ် ယဉ်ကျေးမှု သလင်းကျောက်ရဲ့ အသေးစားပုံစံငယ်တစ်ခု ဖြစ်လာပါလိမ့်မယ်!" နတ်ဘုရားအမြုတေက ၎င်း၏ အဖြေကို ပေးလိုက်သည်။
"ဒါပဲလား။ အခြား ဘာအတွေးမှ မရှိတော့ဘူးလား"
"နတ်ဘုရားအမြုတေဟာ အိမ်ရှင်ရဲ့ အမိန့်ပေးချက်တွေကိုသာ နာခံမှာဖြစ်ပြီး မည်သည့်အခါမျှ စည်းကျော်မှာ မဟုတ်ပါဘူး၊ သင့်တော်တဲ့ အကြံပြုချက်တွေကိုသာ တင်ပြပေးမှာ ဖြစ်ပါတယ်"
ကျောက်ယွမ်မင် အားရကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ နတ်ဘုရားအမြုတေဟူသည် ဤသို့သာ ဖြစ်သင့်ပေသည်။ အရှင်သခင်ကို သစ္စာဖောက်ချင်တယ် ဟုတ်လား။ အရှင်သခင်၏ ကြီးမြတ်မှုဟူသည် မည်သူမျှ လာရောက်ထိပါး၍ မရနိုင်ချေ!
ဤပုံမှန်မဟုတ်သော ဘေးအန္တရာယ်ကို ဖြေရှင်းပြီးနောက် ကျောက်ယွမ်မင်သည်လည်း အကြံပြုချက်အတိုင်း လိုက်နာကာ ဂြိုဟ်အဆင့် မဟာစကြာဝဠာ ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်တော့သည်။ ပုံမှန်အားဖြင့် သူကိုယ်တိုင် အသုံးမလိုသည့်အတွက် မဟာစကြာဝဠာ ကွန်ပျူတာ၏ တွက်ချက်နိုင်စွမ်းကို သိမ်းပိုက်ထားမည်မဟုတ်ဘဲ တိုက်ပွဲဝင်ချိန်ကျမှသာ ယာယီအားဖြင့် လှမ်းယူအသုံးချမည် ဖြစ်သည်။
ကျန်းဖန်သည်လည်း ဤအပြောင်းအလဲအားလုံးကို သဘာဝကျကျပင် မြင်တွေ့ခဲ့ရသည်။ သူသည် ကျောက်ယွမ်မင်၏ စွမ်းဆောင်ရည်အပေါ် အလွန်ပင် အားရကျေနပ်မိသည်။ သူကိုယ်တိုင် ပျိုးထောင်ပေးခဲ့သော လူတစ်ယောက် ဖြစ်သည့်အတိုင်း သစ္စာရှိမှုနှုန်းမှာ အပြည့်ပင် ဖြစ်ပေသည်။
သူသည်လည်း လွန်ခဲ့သော နှစ်များအတွင်း အပျင်းကြီးမနေခဲ့ချေ။ ဖန်ဆင်းခြင်းအမှတ်များကို စုဆောင်းခြင်းအားဖြင့် သူသည် အဆင့် ၄ ကြယ်တာရာအရှင်သခင်အဆင့်ကို ကျော်လွန်ကာ အဆင့် ၅ ကြယ်တာရာအရှင်သခင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ဒီတစ်ကြိမ် ကြုံတွေ့ရတဲ့ ပြိုင်ဘက်ကမ္ဘာကလည်း နည်းပညာယဉ်ကျေးမှုတစ်ခု ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ အကယ်၍ သူသာ ငါနဲ့ မဆုံတွေ့ခဲ့ရင် ဒီနေရာမှာတင် ရပ်တန့်မနေဘဲ အလွန်မြင့်မားတဲ့ ရာထူးတစ်ခုဆီကို သေချာပေါက် ရောက်ရှိသွားမှာပါ" ကျန်းဖန် ခပ်ဖွဖွ ရေရွတ်လိုက်သည်။
နတ်ဘုရားကောင်းချီးနှစ် ၁၄၂ တွင် လူသားမျိုးနွယ်သည် နောက်ထပ် ဂြိုဟ်တစ်ခုကို ပြုပြင်ပြောင်းလဲခဲ့ပြန်သည်။ လက်ရှိတွင် တွက်ချက်နိုင်စွမ်းမှာ လုံလောက်နေပြီဖြစ်သော်လည်း ကြိုတင်ပြင်ဆင်ထားခြင်းက ပိုမိုကောင်းမွန်ပေသည်။ ဘာပဲဖြစ်ဖြစ် အခြားလုပ်စရာမရှိသေးသဖြင့် ၎င်းတို့ကို အပြည့်အဝ အသုံးချခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
အခြားပြိုင်ဘက်ကမ္ဘာသည်လည်း ဤကာလအတွင်း အလွန်ပင် ငြိမ်သက်နေခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က အမှောင်ဒြပ် နျူကလီးယားဗုံးက ၎င်းတို့ကို အနာဂတ်အတွက် သေချာပေါက် နာကျင်စေခဲ့ပုံရသည်။
"မင်းတို့ကို နောက်ထပ် ခဏလောက် အသက်ရှင်ခွင့် ပေးထားလိုက်ဦးမယ်။"
နတ်ဘုရားကောင်းချီးနှစ် ၁၅၀။ ဤနှစ်များအတွင်း လူသားမျိုးနွယ်သည် ဂြိုဟ်အနည်းဆုံး ရှစ်လုံးထက်မနည်းကို ပြုပြင်ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ဂြိုဟ်တာရာများ ဖန်တီးသည့် အတတ်ပညာမှာ ပိုမို၍ ကျွမ်းကျင်လာခဲ့ပြီး ကုန်ဆုံးရမည့် အချိန်မှာလည်း တဖြည်းဖြည်း တိုတောင်းလာခဲ့သည်။
ယခုအချိန်တွင် ယဉ်ကျေးမှုလုယက်မှု စစ်ပွဲကြီး စတင်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ မျှ ရှိခဲ့ပြီ ဖြစ်သည်။ လူသားမျိုးနွယ်၏ ယဉ်ကျေးမှုအဆင့်အတန်းမှာလည်း ဤကာလအတွင်း အဆင့် ၁.၉ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ဒီစစ်ပွဲပြီးရင်တော့ ငါတို့ အဆင့် ၂ ယဉ်ကျေးမှုအဖြစ် တက်လှမ်းနိုင်ရမယ်။ အဲဒီအချိန်ကျမှပဲ ယဉ်ကျေးမှု စမ်းသပ်ချက်ကြီး ရှိလာမှာ..." ကျန်းဖန်၏ မျက်ဝန်းများတွင် မျှော်လင့်ချက် အငွေ့အသက်များဖြင့် ဖြတ်သန်းသွားခဲ့သည်။
အဆင့် ၂ ယဉ်ကျေးမှုကို 'ကြယ်တာရာ ယဉ်ကျေးမှု' ဟု ခေါ်ဆိုသည်။ အလွယ်ကူဆုံး ပြောရလျှင် အဆင့် ၂ ရောက်ရှိပြီးနောက် ယဉ်ကျေးမှုများသည် ဂြိုဟ်များ၏ ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်ကာ ကြယ် (နေ) များ၏ စွမ်းအင်များကို ထိန်းချုပ်နိုင်ကြပြီး၊ ထိုမှတစ်ဆင့် ကြယ်စုတန်းတစ်ခုလုံးကို ထိန်းချုပ်လာနိုင်ကြခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ နေ၏ စွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်းအားဖြင့် နေအဖွဲ့အစည်းအတွင်းရှိ မည်သည့် ဂြိုဟ်ရုပ်ဝတ္ထုကိုမဆို စိတ်ကြိုက် ခြယ်လှယ်လာနိုင်ခြင်းပင် ဖြစ်သည်။
နတ်ဘုရားကောင်းချီးနှစ် ၁၅၅ တွင် အခြားပြိုင်ဘက်ကမ္ဘာသည် နောက်တစ်ကြိမ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပုံရသည်။
"ပုရောဟိတ်မင်းကြီး... ရန်သူက လှုပ်ရှားမှုအသစ်တွေ လုပ်နေပြန်ပါပြီ။" လူစုသည် ကွပ်ကဲမှုအခန်းအတွင်း၌ စုဝေးလိုက်ကြသည်။
"သူတို့ လှုပ်ရှားလာတယ်ဆိုကတည်းက သူတို့ရဲ့ နည်းပညာမှာ အောင်မြင်မှုအသစ်တစ်ခု ရရှိထားလို့ဖြစ်ပြီး၊ ငါတို့နဲ့ လာပြီး အကဲစမ်းချင်နေတာပဲ။" ကျောက်ယွမ်မင် လှောင်ပြုံးပြုံးလိုက်သည်။
၎င်းတို့သည် ဤနှစ်များအတွင်း မိမိတို့ ငြိမ်သက်နေခဲ့သည်ဟု အမှန်တကယ် ထင်မှတ်နေကြသည်လား။
"ပုရောဟိတ်မင်းကြီး... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ကျောက်ယွမ်မင် ခဏမျှ တွေးတောလိုက်ပြီး - "ငါတို့ ရေစက်လက်နက် ဘယ်လောက်အထိ ထုတ်လုပ်ထားပြီးပြီလဲ" ဟု မေးမြန်းလိုက်သည်။
"ရေစက်လက်နက် ဟုတ်လား..." လူတိုင်း မှင်တက်သွားကြပြီးနောက် အနေရခက်စွာဖြင့် - "ပုရောဟိတ်မင်းကြီး... အဲဒီအရာကို ကုဒ်ဖြည်ပြီးနောက်မှာ ကျွန်တော်တို့ အမြောက်အမြား ထုတ်လုပ်ခဲ့ပါတယ်။ အခု ပြန်တွေးကြည့်ရင်တော့ အဲဒါက နည်းနည်း မိုက်မဲခဲ့သလိုပါပဲ။ ဒီအရာက အဆင့်နိမ့် ယဉ်ကျေးမှုတွေအတွက်တော့ အလွန် ဖျက်အားပြင်းပြီး၊ အစီးရေ အနည်းငယ်မျှနဲ့တင် အဆင့်နိမ့် ယဉ်ကျေးမှုတစ်ခုကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါပေမဲ့ အဆင့်မြင့် ယဉ်ကျေးမှုတွေနဲ့ ယှဉ်ရင်တော့ ဒီအရာက အသုံးမဝင်တော့ပါဘူး။ စမ်းသပ်စစ်ဆေးတဲ့ ကိရိယာတစ်ခုအဖြစ်ပဲ သတ်မှတ်လို့ရပြီး၊ အစီးရေ တစ်စီးနဲ့ အစီးတစ်ဘီလီယံကြားမှာ ကြီးမားတဲ့ ကွာခြားချက် မရှိတော့ပါဘူး။ အဲဒါကြောင့် အစီးရေ တစ်သောင်း ထုတ်လုပ်ပြီးကတည်းက ကျွန်တော်တို့ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့တာပါ။ ဆက်ပြီး ထုတ်လုပ်နေရင် ကုန်ကြမ်းတွေနဲ့ စွမ်းအင်တွေကို ဖြုန်းတီးရာပဲ ရောက်ပါလိမ့်မယ်" ဟု တင်ပြကြသည်။
"အင်း... မင်းတို့ပြောသလိုပဲ အစီးရေ တစ်သောင်းဆိုရင် လုံလောက်ပါပြီ။ အခြားပြိုင်ဘက် ယဉ်ကျေးမှုမှာ ရေစက်လက်နက်ကို တုံ့ပြန်နိုင်မယ့် နည်းလမ်း မရှိကြသေးဘူး မဟုတ်လား!" ကျောက်ယွမ်မင် ဖြီးပြုံးလိုက်သည်။ ရန်သူ၏ ကိုယ်ပိုင်လက်နက်ကို အသုံးပြု၍ ရန်သူကို ပြန်လည်တိုက်ခိုက်ခြင်းထက် ပိုမို အားရကျေနပ်စရာကောင်းသောအရာ ဘာရှိပါဦးမည်နည်း။
"ကောင်းပြီ၊ ငါတို့ ရေစက်လက်နက်တွေကို အခုပဲ စေလွှတ်မယ်!"
လူတိုင်း ခေါင်းငြိမ့်ကြပြီးနောက် ဂိုဒေါင်ထဲတွင် ဖုန်တက်နေခဲ့သော ရေစက်လက်နက် အစီးရေ တစ်သောင်းကို ပြိုင်ဘက်ကမ္ဘာဆီသို့ ဦးတည် စေလွှတ်လိုက်ကြတော့သည်။
ပြည့်စုံလှသော ရေစက်လက်နက် အစီးရေ တစ်သောင်းသည် ကြယ်တာရာကောင်းကင်ယံထက်၌ စီရရီ တည်ရှိနေခဲ့သည်။
ဤမျှ ကြီးမားလှသော လှုပ်ရှားမှုကို ပြိုင်ဘက်ကမ္ဘာက သဘာဝကျကျပင် လျင်မြန်စွာ ရိပ်မိသွားခဲ့သည်။
ကွပ်ကဲမှုအခန်းအတွင်း၌ -
"ဒါ... ဒါတွေက ရေစက်လက်နက်တွေပဲ!"
"ဘာဖြစ်တယ်! ရေစက်လက်နက်တွေ ဟုတ်လား! သူတို့က ငါတို့ရဲ့ ရေစက်လက်နက်တွေကို ထုတ်သုံးလာတာလား။ ဒါဆိုရင် မြန်မြန်၊ ထိန်းချုပ်မှုကို အရယူကြစမ်း!"
"မဟုတ်... မဟုတ်ပါဘူး... ကျွန်တော် ထိန်းချုပ်မှု အချက်ပြလှိုင်းတွေ ပို့ကြည့်ပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိပါဘူး။ အဲဒါက အဓိက မဟုတ်သေးပါဘူး။ အသက်အန္တရာယ်ရှိတဲ့ အဓိကသော့ချက်က ကြယ်တာရာကောင်းကင်ယံထက်မှာ ရေစက်လက်နက် အစီးရေ တစ်သောင်းလုံး ရှိနေတာပါ!" ထိုလူ၏ မျက်နှာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်မှုများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
လူတိုင်း လန့်ဖျတ်သွားကြပြီး အလျင်အမြန် ကြည့်ရှုလိုက်ကြရာ၊ ပြောခဲ့သည့်အတိုင်း အမှန်တကယ်ပင် ရေစက်လက်နက် အစီးရေ တစ်သောင်းလုံး ကောင်းကင်ယံထက်၌ စီတန်းပြင်ဆင်နေသည်ကို မြင်တွေ့လိုက်ကြရသည်။
"ဘာလို့လဲ... ရန်သူက ငါတို့ရဲ့ ရေစက်လက်နက်တွေကို ဖမ်းဆီးနိုင်ခဲ့ရင်တောင်မှ ထိန်းချုပ်မှုမရှိဘဲ ၎င်းတို့ကို မဖွင့်နိုင်သင့်ဘူးလေ! သူတို့က ရေစက်လက်နက်တွေရဲ့ ထုတ်လုပ်မှုနည်းလမ်းကို ဘယ်လိုလုပ်ပြီး လုံးဝ တတ်မြောက်သွားရတာလဲ!"
၎င်းတို့ မည်သို့မျှ တွေးတော၍ မရကြချေ။ ရေစက်လက်နက်၏ ပြင်ပကာကွယ်ရေးမှာ အကြွင်းမဲ့ဖြစ်ပြီး ဖောက်ထွင်းရန် လုံးဝ မဖြစ်နိုင်ချေ။ ကျောက်ယွမ်မင်နှင့် အခြားသူများ၏ ဟင်းလင်းပြင် နယ်ပယ်ဆိုင်ရာ အောင်မြင်မှုများမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး လေးဖက်မြင် ဟင်းလင်းပြင်ကို တဖြည်းဖြည်းချင်း တတ်မြောက်နေပြီ ဖြစ်ကြောင်းကို ၎င်းတို့ လုံးဝ တွေးမိကြမည် မဟုတ်ပေ။
ဒါကို အဆင့် ၁.၉ ယဉ်ကျေးမှုတစ်ခုလို့ ပြောရင် သူတို့ကို သတ်ပစ်ရင်တောင် ယုံကြမည်မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ယဉ်ကျေးမှု သုံးသပ်ချက် သတ်မှတ်ချက်ချင်း မတူညီမှုကိုသာ အပြစ်တင်နိုင်တော့သည်။
စစ်သေနာပတိ၏ မျက်နှာ အလွန် ညှိုးငယ်သွားခဲ့သည်။ ရန်သူ၏ နောက်ထပ် လှုပ်ရှားမှုကို တွေးတောနေစရာ မလိုတော့ပေ၊ ၎င်းမှာ ရေစက်လက်နက်များကို ထိန်းချုပ်၍ မိမိတို့အား တိုက်ခိုက်လာခြင်းသာ ဖြစ်လိမ့်မည်။
"စစ်သေနာပတိခင်ဗျာ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အခု ငါတို့ဆီမှာ ရေစက်လက်နက်တွေကို တုံ့ပြန်နိုင်မယ့် ဘာနည်းလမ်းမှ မရှိတော့ဘူး!" လူတိုင်း အလွန်တရာ စိုးရိမ်တကြီး ဖြစ်နေကြသည်။
"ဟူး... ဒီတစ်ကြိမ်မှာတော့ ငါတို့ ယဉ်ကျေးမှုစစ်ပွဲကို ရှုံးနိမ့်သွားခဲ့ရပြီ။ ရန်သူ့ရဲ့ နည်းပညာ တိုးတက်မှုနှုန်းက ငါတို့ထက် မြန်ဆန်တယ်ဆိုတာကို ငါတို့ လက်ခံရပါလိမ့်မယ်။" စစ်သေနာပတိ၏ မျက်နှာပေးမှာ အလွန်ပင် စိတ်ပျက်အားငယ်နေခဲ့သည် - "မူလ အစီအစဉ်တွေကို ဆိုင်းငံ့လိုက်ကြစို့... ငါတို့ရဲ့ ကမ္ဘာကို ပိတ်ဆို့ဖို့အတွက် 'ကွမ်တမ်ပင်လယ်' ကိုပဲ အသုံးပြုလိုက်ကြစို့"
"ဒါပေမဲ့..."
"အခြားနည်းလမ်း မရှိတော့ဘူး။ ဒါက ငါတို့ရဲ့ ယဉ်ကျေးမှု လုံးဝ ဥဿုံ ပျက်စီးသွားရတာထက်စာရင် ပိုပြီးတော့ ကောင်းပါတယ်။ ဤယဉ်ကျေးမှုစစ်ပွဲကနေ ရှင်သန်လွတ်မြောက်နိုင်သရွေ့ အနာဂတ်ကျရင် ငါတို့ ပြန်လည် ထိုင်ထနိုင်ဦးမှာပါ!"
ဤစကားကို ကြားရသောအခါ လူတိုင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။ ရှုံးရင်လည်း ရှုံးပေါ့။
"ဟန့်တားမှုစက်ကွင်း ဟင်းလင်းပြင်ကို အသက်သွင်းနေပါသည်..."
"အဏုကြည့် အမှုန်အမွှားများ သက်ရောက်မှု ခံနေရပါသည်..."
"လွှမ်းမိုးမှု နယ်ပယ် ကျယ်ပြန့်လာနေပါသည်..."
"ကွမ်တမ်ပင်လယ် ကနဦး ဖြစ်ပေါ်လာပါပြီ... သုံးမိနစ်အတွင်း ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်မည်ဟု ခန့်မှန်းရပါသည်..."
လူတိုင်း၏ မျက်နှာပေးမှာ လေးနက်တည်ကြည်နေခဲ့ကြသည်။
ကွမ်တမ်ပင်လယ်ဟူသည် ကွမ်တမ် အားလုံး တစ်နေရာတည်းတွင် စုစည်း၍ ပင်လယ်တစ်ခုအသွင် ဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်။
ဤနယ်ပယ်အတွင်း၌ အဏုကြည့်အမှုန်အမွှားများ အားလုံးသည် သက်ရောက်မှုကို ခံရမည်ဖြစ်ပြီး မရေရာသော အခြေအနေများ ဖြစ်ပေါ်လာလိမ့်မည်။
အဏုကြည့်အမှုန်အမွှားများသည် ကွမ်တမ်များကဲ့သို့ မရေရာသောအခြေအနေ ဖြစ်သွားသည်နှင့်အမျှ၊ ထိပ်တန်းနည်းပညာများအားလုံး ပိတ်ဆို့ခြင်း ခံရပေလိမ့်မည်။ နည်းပညာများသည် နောက်ထပ် တိုးတက်လာနိုင်ခြင်း မရှိတော့ဘဲ လက်ရှိ တည်ရှိနေသော သီအိုရီများအားလုံး ပြိုလဲသွားမည် ဖြစ်သည်။
ကွမ်တမ်ပင်လယ်အတွင်း၌ ရူပဗေဒဟူသည် တည်ရှိခြင်း မရှိတော့ချေ။ ရူပဗေဒဆိုင်ရာ စမ်းသပ်မှုများ အားလုံးသည် မရေရာသော ပုံစံများအဖြစ်သို့ လုံးဝ ပြောင်းလဲသွားရတော့မည် ဖြစ်သည်။