အခန်း (၃၁)။ ယဉ်ကျေးမှုကျူးကျော်စစ်ပွဲ အဆုံးသတ်ရန် နီးကပ်လာခြင်း
အရှင်မင်းကြီး၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် လူသားတို့သည် မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်နေရန် မလိုတော့ဘဲ မိမိတို့၏ သက်တမ်းကို တိုးမြှင့်ရန်အတွက် ဤနည်းပညာကို စတင်အသုံးပြုကြတော့သည်။
နတ်ဘုရားဗျာဒိတ်တော် ၁၆၁ နှစ်မြောက်တွင် လူသားမျိုးနွယ်အားလုံး သက်တမ်းတိုးမြှင့်ခြင်း လုပ်ငန်းစဉ် ပြီးစီးသွားခဲ့ပြီး တစ်ဦးချင်းစီတိုင်းက ကျန်းဖန်အား ကျေးဇူးတင်ရှိကြောင်း ချီးမွမ်းထောမနာပြုကြလေသည်။ သက်တမ်း ပိုမိုရရှိလာသည်နှင့်အမျှ လူသားအားလုံးသည် နည်းပညာသုတေသနလုပ်ငန်းများတွင် ယခင်ကထက် ပိုမို၍ စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ကိုင်လာကြ၏။
မှော်အတတ်ဆိုင်ရာ သုတေသနလုပ်ငန်းမှာ ကနဦးအဆင့်တွင်သာ ရှိနေသေးသော်လည်း သိပ္ပံနှင့် နည်းပညာ၏ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုကြောင့် အနုကြည့်နည်းပညာဆိုင်ရာ လေ့လာမှုများမှာ တဖြည်းဖြည်း အရေးပါလာခဲ့သည်။
နတ်ဘုရားဗျာဒိတ်တော် ၁၇၀ ပြည့်နှစ်တွင် လူသားမျိုးနွယ်သည် အနုကြည့်အဆင့်၌ ကြီးမားသော ထိုးဖောက်အောင်မြင်မှုတစ်ခု ရရှိခဲ့သည်။ ၎င်းတို့၏ မှော်အတတ်ဆိုင်ရာ သုတေသနပြုချက်များအရ ဂေါ့ဘလင်များ ထုတ်ဖော်သည့် မှော်အတတ်ဆိုသည်မှာ ဂါထာများရွတ်ဆိုခြင်းဖြင့် အနုကြည့်အဆင့်ရှိ မှော်ဓာတ်ခံ များကို ပြန်လည်စီစဉ်ခြင်းနှင့် အစဉ်လိုက်ဖြစ်အောင် ပြုလုပ်ခြင်းမျှသာဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
၎င်းမှာ ပရမ်းပတာဖြစ်နေသော အခြေအနေမှ စနစ်တကျရှိသော အခြေအနေသို့ ကူးပြောင်းသည့် လုပ်ငန်းစဉ်ပင် ဖြစ်သည်။ မှော်အတတ် အမျိုးအစားတစ်ခုစီအတွက် မှော်ဓာတ်ခံများ၏ စီစဉ်ပုံမှာ ကွဲပြားကြပြီး မှော်အသုံးပြုသူ၏ အလိုဆန္ဒအလိုက် ထိုအစီအစဉ်ကို ပြောင်းလဲနိုင်သဖြင့် အကျိုးသက်ရောက်မှုများလည်း ကွဲပြားသွားခြင်း ဖြစ်သည်။ ထိုစီစဉ်ပုံ အခြေခံများမှာ အလွန်တရာ ကျယ်ပြန့်လှသဖြင့် ယနေ့ခေတ်၏ အဆင့်မြင့် အသိဉာဏ်တု (AI) ပင်လျှင် အလုံးစုံ တွက်ချက်နိုင်ခြင်း မရှိသေးပေ။
လူသားမျိုးနွယ်သည် မှော်ဓာတ်ခံများ၏ စီစဉ်ပုံအားလုံးကို လိုက်လံမှတ်တမ်းတင်နေမည့်အစား အစွမ်းထက်လှသော မှော်ဂါထာအချို့ကိုသာ ရွေးချယ်မှတ်တမ်းတင်ရန် အာရုံစိုက်လိုက်ကြသည်။ ထို့ပြင် ၎င်းတို့မှာ စိတ်ကူးသစ်တစ်ခုကိုလည်း ရရှိခဲ့ကြသည် - အကယ်၍ နည်းပညာကို သုံးပြီး ဟင်းလင်းပြင်ထဲရှိ မှော်ဓာတ်အားလုံးကို ပိတ်ဆို့ထားနိုင်မည်ဆိုလျှင် အခြားသူများ မှော်အတတ်ကို သုံးနိုင်ပါဦးမည်လော။
ကံမကောင်းစွာဖြင့် လက်ရှိနည်းလမ်းများမှာ ထိုအဆင့်သို့ ရောက်ရန် အင်အားမလုံလောက်သေးသော်လည်း နည်းပညာသာ ဆက်လက်တိုးတက်နေမည်ဆိုလျှင် ဤပန်းတိုင်သို့ တဖြည်းဖြည်း နီးကပ်လာမည် ဖြစ်သည်။ အကယ်၍ ဤနည်းပညာကိုသာ အမှန်တကယ် ပိုင်ဆိုင်သွားမည်ဆိုပါက နောင်တစ်ချိန်တွင် မှော်ယဉ်ကျေးမှုများနှင့် ရင်ဆိုင်ရလျှင် ရန်သူကို အပြတ်အသတ် ချေမှုန်းနိုင်မည့် လက်နက်ကောင်းတစ်ခု ဖြစ်လာပေလိမည်။ လူသားမျိုးနွယ်သည် အနုကြည့်ကမ္ဘာကို ပိုမိုစူးစမ်းလေ့လာခြင်းဖြင့် ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်လှစ်နိုင်ခဲ့ကြသည်။
နတ်ဘုရားဗျာဒိတ်တော် ၁၈၀ ပြည့်နှစ်တွင် လူသားမျိုးနွယ်သည် 'ဟင်းလင်းပြင်ခေါက်ချိုးနည်းပညာ'ကို ပိုင်နိုင်စွာ တတ်မြောက်ခဲ့ပြီး ဧရာမ အရာဝတ္ထုကြီးများကို လက်သည်းခွံခန့်အထိ ချုံ့ပစ်နိုင်ခဲ့သည်။ ဤနည်းပညာမှတစ်ဆင့် ဟင်းလင်းပြင်ကို ခေါက်ချိုးနိုင်ကြောင်းနှင့် အချိန်နှင့် ဟင်းလင်းပြင်ကို ကွေးညွတ်စေနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြ၏။ ထိုသို့ဖြင့် လူသားတို့သည် ဟင်းလင်းပြင်လက်နက်များကို စတင်သုတေသနပြုလာကြသည်။
နတ်ဘုရားဗျာဒိတ်တော် ၂၀၀ ပြည့်နှစ်တွင် လူသားတို့သည် ဟင်းလင်းပြင်လက်နက်များအတွက် အချိန်များစွာ ပေးခဲ့ကြသည်။ သီအိုရီအရ အောင်မြင်သော်လည်း လက်တွေ့တွင်မူ လက်နက်များကို ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။ ဟင်းလင်းပြင်လက်နက် ထုတ်လုပ်ရန်မှာ ထင်ထားသလောက် မလွယ်ကူကြောင်း ၎င်းတို့ သိရှိသွားကြသည်။ ဤလက်နက်သည် နယ်ပယ်ပေါင်းစုံနှင့် ဆက်စပ်နေသဖြင့် အချို့သော နည်းပညာနယ်ပယ်များ နောက်ကျကျန်နေခြင်းက တစ်ခုလုံးကို ထိခိုက်စေကာ သီအိုရီအရ ပြည့်စုံသော်လည်း လက်တွေ့တွင် မတည်ဆောက်နိုင်သည့် အခြေအနေနှင့် ကြုံခဲ့ရသည်။ ထို့ကြောင့် ဟင်းလင်းပြင်လက်နက်ကို ခေတ္တဆိုင်းငံ့ထားပြီး နယ်ပယ်စုံ နည်းပညာများကို ဟန်ချက်ညီညီ တိုးတက်အောင် ပြန်လည်လုပ်ဆောင်ကြတော့သည်။
နတ်ဘုရားဗျာဒိတ်တော် ၂၂၅ ခုနှစ်တွင် ယဉ်ကျေးမှုကျူးကျော်စစ် ပြီးဆုံးရန် တစ်နှစ်သာ လိုတော့သည်။ ဂေါ့ဘလင်ကမ္ဘာ၏ သယံဇာတများမှာ လူသားတို့၏ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုကြောင့် ကုန်ခန်းလုနီးပါးဖြစ်ကာ ဂြိုဟ်မှာ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ သယံဇာတအားလုံးကို လူသားတို့က လုယက်ခဲ့ကြသည်။ ကျောက်ယွမ်မင် စိုးရိမ်နေသည့် တစ်ခုတည်းသော အချက်မှာ ရန်သူ၏ ဖန်ဆင်းရှင် နတ်ဘုရားပင် ဖြစ်သည်။ စစ်ပွဲတစ်လျှောက်လုံးတွင် ထိုနတ်ဘုရားမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိသလောက်ဖြစ်နေသဖြင့် တစ်ဖက်လူက တစ်စုံတစ်ရာကို ကြံစည်နေသလောဟု သံသယဖြစ်စရာပင်။
"ဒီလူက ငါ့ထက်တောင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေပါလား"
အမှောင်ထဲတွင် ပုန်းနေသော ကျန်းဖန်က နှုတ်ခမ်းမဲ့ကာ ရေရွတ်လိုက်သည်။ ယခုအခါ စစ်ပွဲက ပြီးဆုံးတော့မည်ဖြစ်ရာ သူ ကိုယ်ထင်ပြရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ "နှစ်ပေါင်းတစ်ရာကြာ အေးအေးဆေးဆေး အနားယူခဲ့ရတာ တကယ်ကို ကောင်းတာပဲ!"
သူသည် သူ၏ မူလပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်ကာ ရွှေရောင်အလင်းတန်းများနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
"ဝုန်း!"
နတ်ဘုရားနန်းတော်၏ ကောင်းကင်ယံတွင် ထူးခြားသော အရှိန်အဝါများ ပေါ်ထွက်လာရာ လမ်းသွားလမ်းလာများမှာ ချက်ချင်းပင် ဒူးထောက်ဝတ်ပြုကြတော့သည်။ ကျောက်ယွမ်မင်နှင့် အဖွဲ့သားများလည်း အပြေးအလွှား လာရောက်ကြိုဆိုကြ၏။
"အရှင်မင်းကြီး ဆင်းသက်လာတာကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်!"
"အရှင်မင်းကြီး ဆင်းသက်လာတာကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်!"
......
"အားလုံး ထကြ။ ဒီတိုက်ပွဲရဲ့ ရလဒ်ကတော့ ဆုံးဖြတ်ပြီးသားပါပဲ။ မင်းတို့အားလုံး အစွမ်းကုန် ကြိုးစားခဲ့ကြတယ်!"
ကျန်းဖန်သည် ထူးခြားသောအလင်းတန်းများကြားတွင် ခန့်ညားစွာ ရပ်နေပြီး သူ၏ အရှိန်အဝါမှာ မည်သူမျှ စူးစူးစိုက်စိုက် မကြည့်ဝံ့လောက်အောင် ပြင်းထန်လှသည်။
"ဒါတွေအားလုံးဟာ အရှင်မင်းကြီးရဲ့ ကျေးဇူးကြောင့်ပါပဲ။ အရှင်မင်းကြီးရဲ့ ကြီးမြတ်မှုက လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှုကို ဖန်တီးပေးခဲ့တာပါ။ အရှင်မင်းကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို ကျုပ်တို့ ထာဝရ ချီးမွမ်းသွားပါ့မယ်" ဟု ကျောက်ယွမ်မင်က စိတ်အားထက်သန်စွာ လျှောက်တင်လိုက်သည်။
ကျန်းဖန်မှာ ထိုစကားကို ကြားရသဖြင့် အလွန်ကျေနပ်သွားမိသည်။ မြှောက်ပင့်စကားကို မည်သူက မကြိုက်ဘဲ နေပါမည်နည်း။
"အဟမ်း... စစ်ပွဲက ပြီးဆုံးတော့မယ်၊ ဒါပေမဲ့ ရန်သူ့ဖန်ဆင်းရှင်ကတော့ အမှောင်ထဲမှာ ပုန်းနေတုန်းပဲ။ အဲဒီလူကို အမဲလိုက်ဖို့ ငါရောက်လာတာ"
"အရှင်မင်းကြီးရဲ့ အာနုဘော်တော် ကြီးမြတ်ပါစေ! ကျုပ်တို့ နောက်လိုက်တွေဟာ အရှင်မင်းကြီးရဲ့ ခြေရာကို လိုက်ပါပါ့မယ်! ရန်သူက နတ်ဘုရားဖြစ်နေပါစေဦး၊ ကျုပ်တို့က မိစ္ဆာတွေအဖြစ် ပြောင်းလဲပြီး သူတို့ရဲ့ အတောင်ပံတွေကို ဖြတ်တောက်ကာ ဦးခေါင်းကို အရှင်မင်းကြီးဆီ ဆက်သပါ့မယ်!"
"အင်း... မင်းတို့ရဲ့ စိတ်စေတနာကို ကျေးဇူးတင်ပါတယ်။ ဒီခရီးလမ်းမှာ မင်းတို့လည်း နတ်ဘုရားတွေရဲ့ စွမ်းအားကို ခံစားဖူးခဲ့ပြီပဲ။ ငါက တစ်ဖက်လူကို အပြင်ရောက်အောင် ဆွဲထုတ်ပေးမယ်၊ မင်းတို့က အရင်ဆုံး စမ်းသပ်တိုက်ခိုက်ကြည့်ကြတာပေါ့။ ငါကတော့ နောက်ကနေ ပံ့ပိုးပေးမယ်!"
ကျန်းဖန် အနည်းငယ်တော့ အားနာမိသည်။ သို့သော် အခြားနည်းလမ်းမရှိပေ။ နှစ်ဖက်စလုံးက တတိယအဆင့် ကြယ်တာရာသခင်တွေ ဖြစ်နေကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ နည်းပညာစွမ်းအားကို သုံးပြီး တစ်ဖက်လူကို အရင်ဆုံး အင်အားချည့်နဲ့အောင် လုပ်ခိုင်းပြီးမှ သူက နောက်ဆုံးမှာ အသာလေး ဝင်ပြီး အနိုင်ယူလိုက်မည်။ ထို့နောက်တွင်မှ ဒါဟာ ငါ့စွမ်းအားရဲ့ ကုဋေတစ်သန်းပုံ တစ်ပုံပဲ ရှိသေးတယ်လို့ ကြွားလိုက်လျှင်... အဆင့်အတန်းက တစ်ခါတည်း မြင့်သွားတော့မည် မဟုတ်ပါလား။
"အရှင်မင်းကြီးရဲ့ ဂရုဏာတော်ကို ကျေးဇူးတင်လှပါတယ်!"
ကျောက်ယွမ်မင်မှာ အလွန်စိတ်လှုပ်ရှားနေသည်။ နတ်ဘုရားတို့၏ တိုက်ပွဲကို မည်သူက စိတ်မဝင်စားဘဲ နေပါမည်နည်း။ ၎င်းတို့၏ နတ်ဘုရားမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။ အခြားသူများလည်း ရိုသေစွာ ဝတ်ပြုကြရင်း နတ်ဘုရားကို တိုက်ခိုက်ရမည့် အခွင့်အရေးကို တွေးကာ ရင်ခုန်နေကြသည်။
"ကဲ... သွားပြင်ဆင်ကြတော့။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် နတ်ဘုရားနန်းတော်က နတ်ဘုရားကို သတ်ဖို့ ချီတက်ကြမယ်!"
"နတ်ဘုရားဗျာဒိတ်တော်အတိုင်း နာခံပါမည်!"
ချက်ချင်းပင် လူတိုင်းသည် စစ်အင်အားများကို စုစည်းကာ မိမိတို့၏ အကောင်းဆုံးသော နည်းပညာလက်နက်များကို ထုတ်ဖော်ကြတော့သည်။ ၎င်းမှာ မိမိတို့၏ ကြိုးစားအားထုတ်မှုကို နတ်ဘုရားအား ပြသရန်နှင့် မိမိတို့ နည်းပညာသည် နတ်ဘုရားတစ်ပါးကို အမှန်တကယ် ထိခိုက်စေနိုင်ခြင်း ရှိမရှိ စမ်းသပ်ရန်လည်း ဖြစ်သည်။
သုံးရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။
"အရှင်မင်းကြီး... နောက်လိုက်တွေ အဆင်သင့်ဖြစ်ပါပြီ၊ အမိန့်ပေးတော်မူပါ!" ကျောက်ယွမ်မင်က ပလ္လင်ပေါ်တွင် ထိုင်နေသော ကျန်းဖန်အား ရိုသေစွာ လျှောက်ထားလိုက်သည်။
ကျန်းဖန်သည် မျက်လုံးကို မှိတ်ကာ တည်ငြိမ်စွာဖြင့် စကားနှစ်လုံးကို ဆိုလိုက်သည် - "စစ်စတင်စေ!"
နတ်ဘုရားနန်းတော်ကြီးသည် စတင် ချီတက်တော့သည်။ နည်းပညာတိုးတက်မှုကြောင့် ဧရာမ နတ်ဘုရားနန်းတော်ကြီးကို လူသားတို့သည် အလွယ်တကူ ရွှေ့ပြောင်းနိုင်နေပြီ ဖြစ်သည်။ ကျန်းဖန်သည် နန်းတော်၏ အမြင့်ဆုံးနေရာတွင် ရပ်ကာ အခြေအနေကို စောင့်ကြည့်နေ၏။ ဂေါ့ဘလင်ကမ္ဘာမှာ ယခုအခါ ပျက်စီးယိုယွင်းနေပြီး ၎င်းမှာ ရာစုနှစ်တစ်ခုအတွင်း စစ်ပွဲများစွာ၏ ရလဒ်ပင် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် အဓိက စစ်မြေပြင်မှာ လူသားမျိုးနွယ်ဘက်၌ မဟုတ်ခဲ့ပေ။
ကျန်းဖန်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျောက်ယွမ်မင်တို့ နျူကလီးယားဗုံးသုံးခဲ့သဖြင့် ပျက်စီးသွားသော နယ်မြေများကို နတ်ဘုရားတန်ခိုးဖြင့် ပြန်လည် သန့်စင်ပေးခဲ့သည်။ ဖန်ဆင်းခြင်းအမှတ် အနည်းငယ် အသုံးပြုရုံဖြင့် မိမိ၏ ကြီးမြတ်မှုကို ပြသနိုင်ပြီး လူထု၏ ကြည်ညိုမှုကို ရယူနိုင်သည်မှာ အလွန်ပင် တွက်ခြေကိုက်လှပေသည်။
ကျန်းဖန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ၎င်းမှာ သူ ဂေါ့ဘလင်ကမ္ဘာသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းပင် ဖြစ်သည်။ တစ်ဖက်မှ ကြယ်တာရာသခင်မှာ ဤကမ္ဘာ၏ တစ်နေရာရာတွင် ပုန်းနေရမည် ဖြစ်သည်။ သူ၏ နတ်ဘုရားအာရုံဖြင့် စတင် ရှာဖွေလိုက်တော့သည်။
ထိုခဏ၌ အမှောင်ထဲတွင် ပုန်းနေသော ကြယ်တာရာသခင်မှာ မျက်နှာ ဖြူလျော်သွားတော့သည် - "တစ်ဖက်က ကြယ်တာရာသခင်က တကယ်ပဲ ရောက်လာတာလား! တောက်... ယဉ်ကျေးမှုစစ်ပွဲ ပြီးဖို့ တစ်နှစ်ပဲ လိုတော့တာကို! သူတို့တွေ ဒီလောက် အမြတ်ထွက်နေတာတောင် မတင်းတိမ်နိုင်ဘဲ ငါ့ကိုပါ သတ်ဖို့ ကိုယ်တိုင် လာခဲ့တာပေါ့!"