အခန်း (၁၃) - ကမ္ဘာကူးပြောင်းသူအသစ်
ဤသို့ ကွာဟချက်ရှိနေခြင်းမှာ ရဲယွီကြောင့် မဟုတ်သည်တော့ အမှန်ပင် ဖြစ်သည်။ ချောင်မို၏ ယဉ်ကျေးမှုမှာ အစကတည်းက ပျက်စီးသွားခဲ့ခြင်း မရှိချေ။
စနစ် ရောက်ရှိလာချိန်တွင် သူ၏ ယဉ်ကျေးမှုအဆင့်မှာ ပဒေသရာဇ်ခေတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လူမှုစနစ် အဆင့်အတန်းနှင့် ဘာသာစကားစနစ် စသည်တို့မှာလည်း အလွန်ပင် ပြည့်စုံနေခဲ့ပြီ ဖြစ်သည်။ စနစ် ရောက်ရှိလာပြီးနောက်တွင်မှ တရားဝင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ရဲယွီ၏ ဘက်မှ အိမ်ရှင်မှာမတူဘဲ ၎င်း၏ ယဉ်ကျေးမှုမှာ မကြာသေးမီကမှ ပျက်စီးသွားခဲ့ခြင်းဖြစ်၍ အရာအားလုံးကို အစမှ ပြန်လည်စတင် ပျိုးထောင်ခဲ့ရသည်။
ကံကောင်းသည်မှာ ဤအရာအားလုံးကို အမီလိုက်နိုင်ခြင်းပင် ဖြစ်သည်။ ယခုအခါ ချောင်မို၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မှာ များစွာ လျော့နည်းသွားခဲ့ပြီဖြစ်ရာ သူသည် ယခင်ကကဲ့သို့ အချိန်ရေစီးကြောင်းကို အရှိန်မြှင့်ရန်အတွက် ဖန်ဆင်းခြင်းအမှတ် အမြောက်အမြားကို ပုံအော၍ မသုံးစွဲနိုင်တော့ချေ။
သူ၏ ဖန်ဆင်းခြင်းအမှတ်များသည် နှစ်ပေါင်းရာချီသော အရှိန်မြှင့်တင်မှုကို မပံ့ပိုးနိုင်တော့ဘဲ ခန်းခြောက်သွားပေလိမ့်မည်။
ချောင်မို၏ မျက်နှာ အမူအရာ တောင့်တင်းသွားခဲ့ရသည် - "အန္တရာယ်ရှိတဲ့ ရန်သူ ဟုတ်လား။ ဘယ်သူလဲ"
စနစ် ပြောဆိုနေသော အန္တရာယ်ရှိသည့် ရန်သူနှင့် ပတ်သက်၍ သူ အလွန် အံ့အားသင့်သွားခဲ့ရသလို သတိလည်း ကြီးစွာ ထားလိုက်မိသည်။ ယခင်က ဆုံတွေ့ခဲ့ဖူးသော အဆင့် ၂ ရှိသည့် ယဉ်ကျေးမှုပိုင်ရှင် ကြယ်တာရာအရှင်သခင်ကိုပင် သူ၏ စနစ်က မျက်စိထဲ ထည့်ခဲ့ခြင်း မရှိချေ။
ချောင်မို၏ မေးခွန်းနှင့် ပတ်သက်၍မူ စနစ်သည် တိတ်ဆိတ်နေခဲ့သည်။ စည်းမျဉ်းများ၏ ကန့်သတ်ချက်ကြောင့် ဤစစ်ဆေးအကဲဖြတ်မှုအကြောင်းကို ဖွင့်ဟပြောဆိုခွင့် မရှိသော်လည်း လိုအပ်သော သတိပေးချက်များကိုမူ ထုတ်ပြန်ခွင့် ရှိပေသည်။
【အိမ်ရှင်အနေဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်အောင်သာ လုပ်ဆောင်ရန် လိုအပ်ပါသည်။ အခြားပြိုင်ဘက်၏ ခြိမ်းခြောက်မှုက အလွန်ကြီးမားလှပြီး ၎င်းတို့၏ အလားအလာမှာလည်း သင်နှင့် အဆင့်အတန်း တူညီနိုင်ပါသည်】
ချောင်မို၏ မျက်သူငယ်အိမ် ကျုံ့သွားခဲ့ရသည်၊ အလားအလာချင်း အဆင့်အတန်း တူညီနိုင်သည် ဟုတ်လား။
မိမိ၏ အကန့်အသတ်ကိုပင် သူကိုယ်တိုင် ဝေခွဲမရနိုင်ချေ။ စနစ် ရှိနေသရွေ့ သူ့တွင် အတိုင်းအဆမရှိသော ဖြစ်နိုင်ခြေများ ရှိနေသည် မဟုတ်ပါလော။
သို့သော်လည်း စနစ်၏ အဖြေက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ သူသည် လူအမဟုတ်သဖြင့် မိမိစနစ်၏ အရိပ်အမြွက် ပြောဆိုချက်အပေါ် စိတ်ထဲ၌ အချို့သော ခန့်မှန်းချက်များ ရှိနေခဲ့ပြီ ဖြစ်သည်။
ချောင်မို မျက်ဝန်းများကို အနည်းငယ် မှေးစိုက်လိုက်မိသည် - "ငါ နားလည်ပါပြီ၊ ငါ တတ်နိုင်သမျှ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပါ့မယ်။"
......
မြင်ကွင်းကို ပြန်လည်ကူးပြောင်းလိုက်ကြစို့။
လီဇီမုကို ပြန်လည်ပို့ဆောင်ပေးပြီးနောက် ကျန်းဖန်သည် အချိန်ရေစီးကြောင်းကို ဆက်လက် လှုံ့ဆော်ခဲ့သည်။
"ဒီလို ဖွံ့ဖြိုးတိုးတက်တဲ့ စွမ်းဆောင်ရည်က နည်းနည်းတော့ နိမ့်လွန်းသေးတယ်။ ငါကိုယ်တိုင် ဝင်ရောက်လုပ်ဆောင်ရမလား..."
ကျန်းဖန် တွေးတောလိုက်သည်။
【လူတိုင်း၌ မိမိတို့ ကျွမ်းကျင်ရာ ကဏ္ဍသီးသန့် ရှိကြသည်သာ ဖြစ်သည်။ လက်ရှိ လူသားမျိုးနွယ် ယဉ်ကျေးမှု ကြီးမားစွာ ခုန်ပျံကျော်လွှားနိုင်ရန်အတွက် ပထမဆုံးအနေဖြင့် ဘာသာစကား ပြဿနာကို ဖြေရှင်းရပါလိမ့်မည်။ အကယ်၍ ဤအရာကို အချိန်ကာလ ဆင့်ကဲပြောင်းလဲမှုအောက်၌ မလုပ်ဆောင်ချင်ပါက အတင်းအကြပ် ဝင်ရောက်ကူညီရုံသာ ရှိတော့မည်ဖြစ်ပြီး အိမ်ရှင်ကိုယ်တိုင်မူ ဘာသာစကားစနစ်ပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်ပါ】
ရဲယွီက သတိပေးလိုက်သည်။
"ဒါလည်း ဟုတ်တာပဲ..."
ကျန်းဖန် ခေါင်းငြိမ့်လိုက်ပြီးနောက် ဤနည်းလမ်းအတိုင်းသာ လုပ်ဆောင်ရတော့မည် ဖြစ်သည် - "စနစ်... ကမ္ဘာကူးဆင့်ခေါ်ခြင်း လုပ်ဆောင်ချက်ကို သုံးမယ်။ ဒီတစ်ကြိမ်တော့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီပေးနိုင်မယ့် ဘာသာစကားပညာရှင်တစ်ယောက်လောက် ရှာပေးပါဦး"
【ဒင်။ ပြဿနာမရှိပါဘူးခင်ဗျာ၊ စတင်ဆင့်ခေါ်နေပါပြီ... ခေတ္တစောင့်ဆိုင်းပါ...】
ယခုတစ်ကြိမ် ဖွင့်လှစ်လိုက်သော ကမ္ဘာ့ဝင်ပေါက်လမ်းကြောင်းမှာ လီဇီမု၏ ကမ္ဘာ မဟုတ်သော်လည်း ရဲယွီ အာရုံခံကြည့်ရာတွင် သာမန်ကမ္ဘာတစ်ခုမျှသာ ဖြစ်ကြောင်း သိရှိလိုက်ရသည်။
ထိုကမ္ဘာ၏ အခြေအနေကို နားလည်ပြီးနောက် ရဲယွီသည် သင့်တော်သော လူသားတစ်ဦးကို ရွေးချယ်လိုက်တော့သည်။
【ဒင်။ ကမ္ဘာကူးပြောင်းသူ အဆင်သင့် ဖြစ်ပါပြီု】
"ကောင်းပြီ၊ ဒါဆို သူ့ကို ကမ္ဘာမြေဂြိုဟ်ထဲ ထည့်လိုက်တော့။"
ကျန်းဖန် ခေါင်းငြိမ့်လိုက်သော်လည်း ဤအခိုက်အတန့်တွင် ရဲယွီက ထပ်မံ ပြောဆိုလိုက်ပြန်သည် - "ဒီတစ်ကြိမ် အခြေအနေက နည်းနည်းတော့ ထူးခြားနေတယ်ခင်ဗျ။"
"ထူးခြားတယ် ဟုတ်လား"
ကျန်းဖန် ဝေခွဲမရ ဖြစ်သွားခဲ့သည်။
【ဒီရွေးချယ်ခံရတဲ့သူက အသက်ကြီးနေပြီခင်ဗျာ။ အကယ်၍ ခန္ဓာကိုယ်ပါ တိုက်ရိုက် ကမ္ဘာကူးပြောင်းခိုင်းမယ်ဆိုရင် သူ အချိန်အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး】
ဤစကားကို ကြားရသောအခါ ကျန်းဖန် ဆွံ့အသွားခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ဘာသာစကားပိုင်းတွင် ကျွမ်းကျင်လှသော တက္ကသိုလ်ပညာရှင်တစ်ဦး ဖြစ်သည့်အတွက် သူ၏ ဝါရင့်မှုမှာ မြင့်မားလှသည်ဖြစ်ရာ အသက်အရွယ်မှာ အမှန်တကယ်ပင် ပြဿနာတစ်ခု ဖြစ်ပေသည်။
"ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိမလား"
【ဝိညာဉ်ကူးပြောင်းခိုင်း ရင်ပဲ လုံလောက်ပါတယ်ခင်ဗျာ။ သူရဲ့ မူလရုပ်ခန္ဓာကိုတော့ ယာယီ ထိန်းသိမ်းထားပေးလို့ရပါတယ်။】
"ကောင်းပြီ... ဘာမှ ထူးထူးခြားခြား ကွာခြားတာ မဟုတ်ပါဘူး၊ ဒါဆို ဝိညာဉ်ကူးပြောင်းတာကိုပဲ သုံးကြစို့!"
ထို့ကြောင့် ရဲယွီသည် ထိုလူ၏ ဝိညာဉ်ကို အသက်ဇီဝ စတင်သန္ဓေတည်ခါစဖြစ်သော လူသားမျိုးနွယ်ဝင် မိခင်တစ်ဦး၏ ဝမ်းကြာတိုက်အတွင်းသို့ ထည့်သွင်းပေးလိုက်တော့သည်။
......
"ဟင်... ဘာတွေဖြစ်နေတာလဲ။ ငါ ဘာဖြစ်လို့ မျက်လုံးဖွင့်လို့မရတာလဲ..."
ဝေဇီရွှမ်းသည် သူ၏ မျက်လုံးများကို ဖွင့်ရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။
သို့သော်လည်း သူ မည်မျှပင် အားစိုက်ပါစေ၊ လေးလံလှသော ထိုမျက်ခွံများကို ဖွင့်နိုင်ခြင်း မရှိချေ။
ဤအရာတင်မကသေးဘဲ သူ၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းလည်း လုံးဝ ကင်းမဲ့နေခဲ့သည်။
ဤအပြောင်းအလဲကြောင့် သူ့ကိုယ်သူ လူနာကုတင်ပေါ်တွင် အသက်ရှင်နေသော်လည်း ဝိညာဉ်မဲ့နေသည့် ဟင်းသီးဟင်းရွက်လူနာတစ်ဦး ဖြစ်သွားခဲ့ပြီလားဟုပင် သံသယဝင်မိခဲ့သည်။
သူသည် မူလက ကုလားထိုင်ပေါ်တွင် ခေတ္တမျှ မှေးစက်နေခဲ့ခြင်းသာ ဖြစ်သည်မဟုတ်ပါလော၊ အဘယ်ကြောင့် ရုတ်တရက် သတိရလာချိန်တွင် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားရသနည်း။
မှောင်မိုက်လွန်းလှပြီး နေ့ရက်အလင်းရောင် မရှိသော ဤနေရာတွင် အချိန်မည်မျှ ကုန်လွန်သွားခဲ့ပြီလဲဆိုသည်ကို ဝေဇီရွှမ်း မသိရှိပေ။
သူသည် ဝေဝေဝါဝါ ဖြစ်နေခဲ့ပြီး နေ့စဉ် ဆယ်မိနစ်ခန့်သာ အသိစိတ်ပွင့်လင်းလေ့ရှိကာ ကျန်ရှိသော အချိန်များတွင်မူ မိန်းမောတွေဝေနေခဲ့ရသည်။
အချိန်များ တစ်စစ ကုန်လွန်သွားခဲ့ပြီး သူ၏ အာရုံခံစားမှုမှာ တဖြည်းဖြည်း ချောမွေ့လာခဲ့ရာ သူ ဘယ်နေရာမှာ ရောက်ရှိနေသလဲဟူသည်ကို နောက်ဆုံး၌ ရိပ်မိသွားခဲ့တော့သည်...
မိခင်၏ ဝမ်းကြာတိုက်အတွင်း ရောက်နေတာပဲ!!!
ဤကဲ့သို့သော ကောက်ချက်ကို ချလိုက်မိခြင်းက သူ့ကို ကြောက်လန့်တကြား ဆွံ့အသွားစေခဲ့သည်။ သူသည် အသက်လေးဆယ်ကျော် အရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ အဘယ်ကြောင့် မိခင်၏ ဝမ်းကြာတိုက်အတွင်းသို့ တစ်ကျော့ပြန် ပြန်လည်ရောက်ရှိနေရသနည်း။
သို့သော်လည်း သူ အကြိမ်ကြိမ် အတည်ပြုကြည့်ပြီးနောက်တွင်မူ ဤလက်တွေ့ဘဝကို လက်ခံလိုက်ရုံမှတစ်ပါး အခြားနည်းလမ်းမရှိတော့ပေ။ လူငယ်များ ဖတ်ရှုလေ့ရှိကြသော ဝတ္ထုများထဲမှ အကြောင်းအရာများကိုလည်း သူ အကြမ်းဖျင်း သိရှိထားသည်ဖြစ်ရာ သူ၏ လက်ရှိအခြေအနေတွင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိပေသည် -
ပထမအချက် - သူ ကမ္ဘာကူးပြောင်းလာခဲ့ခြင်း။
ဒုတိယအချက် - သူ တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာခြင်း။
ပြင်ပကမ္ဘာ၌ ရှစ်လတာ ကာလအတွင်း ဤသို့ဖြင့် ကုန်လွန်သွားခဲ့သည်။
ဤနေ့တွင်မူ ဝေဇီရွှမ်းသည် သူ၏ ဦးခေါင်းကို တစ်စုံတစ်ရာက ဆွဲထုတ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်ပသို့ ထွက်ပေါ်လာခဲ့သည်နှင့်အမျှ လန်းဆန်းလှသော ပြင်ပလေထုကို သူ ဝဝလင်လင် ရှူရှိုက်လိုက်မိတော့သည်။
သူ၏ လည်ချောင်းအတွင်း တုန်ခါမှုနှင့်အတူ ငိုကြွေးသံတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူသားများသည် ဝေဇီရွှမ်း၏ ငိုသံကို ကြားလိုက်ရသည့်အခါမှသာ သက်ပြင်းတစ်ချက် ချနိုင်ကြတော့သည်။ ငိုကြွေးခြင်းဟူသည် ကျန်းမာခြင်း၏ ပြရုပ်တစ်ခု မဟုတ်ပါလော။
အချိန်များသည် တရိပ်ရိပ် ကုန်လွန်သွားခဲ့ပြီး ဆယ့်သုံးနှစ်တိုင်တိုင် ကုန်ဆုံးသွားခဲ့ချေပြီ။
ဝေဇီရွှမ်းသည်လည်း သူ၏ အခြေအနေကို လုံးဝ သိရှိနားလည်သွားခဲ့ပြီ ဖြစ်သည်။ သူသည် သေချာပေါက် ကမ္ဘာကူးပြောင်းလာခဲ့ခြင်း ဖြစ်ပြီး ဝိညာဉ်ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူ ကမ္ဘာကူးပြောင်းလာမိသည့် ဤကမ္ဘာကြီးက သူ့ကို စကားမရှိအောင် ဖြစ်စေခဲ့သည်။ သူ၏ မျက်စိထဲတွင် ဤနေရာမှာ ခေတ်နောက်ကျလှသော ပကတိအစဦး ယဉ်ကျေးမှုအဆင့်ရှိသည့် မျိုးနွယ်စုစခန်းမျှသာ ဖြစ်ပေသည်။
စနစ်တကျရှိသော ဘာသာစကားစနစ်တစ်ခုပင်လျှင် လုံးဝ တည်ရှိနေခြင်း မရှိချေ။
သူသည် ယခင်က အပြောင်းအလဲအချို့ ပြုလုပ်ရန် တွေးတောခဲ့ဖူးသည်။ သူ၏ အသိပညာများဖြင့်ဆိုလျှင် ဤနေရာ၌ ဘာသာစကားစနစ်တစ်ခု ထူထောင်ရန်မှာ ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပေ။
သို့သော်လည်း ကံဆိုးစွာပင် မျိုးနွယ်စုအတွင်း၌ သူ၏ သြဇာတိက္ကမမှာ မလုံလောက်သေးသည့်အပြင် သူသည် ကလေးငယ်တစ်ဦးသာ ရှိသေးသည် မဟုတ်ပါလော။
ဤအကြောင်းကြောင့်ပင် သူသည် ဤအတွေးကို ယာယီ စွန့်လွှတ်လိုက်ရပြီး ပထမဆုံးအနေဖြင့် မျိုးနွယ်စုအတွင်း၌ မိမိ၏ သြဇာတိက္ကမ မြင့်မားလာစေရန် အရင်ဆုံး လုပ်ဆောင်ရမည် ဖြစ်သည်။
ဤလုပ်ငန်းစဉ်သည် ရှည်လျားလှသော အချိန်ကာလတစ်ခု သေချာပေါက် ကုန်လွန်ရဦးမည် ဖြစ်သည်။
ကံကောင်းသည်မှာ သူ၏ ထူးချွန်လှသော အသိပညာများကြောင့် မျိုးနွယ်စုသည် သူ၏ လမ်းညွှန်မှုအောက်တွင် များစွာ တိုးတက်ပြောင်းလဲလာခဲ့ပြီး ထို့ကြောင့်ပင် သူ၏ အဆင့်အတန်းမှာလည်း မြင့်မားလာခဲ့ခြင်း ဖြစ်သည်။
ဝေဇီရွှမ်း သစ်ပင်တစ်ပင်အောက်တွင် မှေးစက်ရင်း ရေရွတ်လိုက်မိသည် - "ဒီမျိုးနွယ်စုက ဘာဖြစ်လို့ တစ်ခုခု ထူးဆန်းနေသလို ခံစားရတာလဲ။ ဘယ်နေရာမှာ ထူးဆန်းနေလဲဆိုတာကိုတော့ ငါ အတိအကျ ပြောရခက်နေတယ်..."
ဤနှစ်များအတွင်း သူသည် ဤမျိုးနွယ်စု၏ ထူးခြားလှသော သဘာဝကိုလည်း အာရုံခံမိခဲ့သည်။ ဘာသာစကားစနစ်ပင် မရှိသေးသော ပကတိအစဦး ယဉ်ကျေးမှုခေတ်တွင် အိမ်များဆောက်လုပ်ရန် အသုံးပြုထားသော ပစ္စည်းများမှာ အမှန်တကယ်ပင် ဘိလပ်မြေများ ဖြစ်နေခဲ့သလို ပတ်ပတ်လည်ရှိ တံတိုင်းကြီးများမှာလည်း ထိုနည်းတူပင် ဖြစ်နေခဲ့သည်။
ဒါက အရမ်း ထူးဆန်းလွန်းလှသည်။ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းသည် ယခုကဲ့သို့ မဖြစ်နိုင်ချေ။
သူသည် ဤအရာအားလုံးကို သူ၏ နှလုံးသားထဲ၌သာ မြှုပ်နှံထားနိုင်ခဲ့သည်။ သူ သေဆုံးသွားသည့်အချိန်အထိ မိမိ၏ အရှေ့တွင် အခြားသော ကမ္ဘာကူးပြောင်းသူတစ်ဦး ရှိခဲ့ဖူးကြောင်းကို သူ သိရှိသွားလိမ့်မည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် မျိုးနွယ်စုအတွင်း၌ မည်သည့် စာပေမှတ်တမ်းမျှ ရှိမနေခဲ့သောကြောင့် ဖြစ်သည်။
"ခေါင်းဆောင်က ကွယ်လွန်တော့မယ့် အခြေအနေကို ရောက်နေပြီပဲ။ နောက်ထပ် နှစ်အနည်းငယ်ဆိုရင် သူ အိုမင်းပြီး သေဆုံးသွားတော့မှာ။ အဲဒီအချိန်ကျရင် ခေါင်းဆောင်ဖြစ်လာဖို့ အလားအလာအရှိဆုံးလူက သဘာဝကျကျပဲ ငါ ဖြစ်လာမှာ။ အဲဒီအချိန်ကျမှပဲ ငါ ဘာသာစကားစနစ်ကို စတင်ထူထောင်ရတော့မယ်!"
ဝေဇီရွှမ်း အနည်းငယ် စိတ်လှုပ်ရှားလာခဲ့ရသည်။ သူ၏ တစ်ဘဝလုံး ဘာသာစကားကို လေ့လာခဲ့သူပီပီ ယဉ်ကျေးမှုတစ်ခုအတွက် ဘာသာစကားစနစ်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ထူထောင်ပေးရခြင်းထက် ပိုမိုစိတ်လှုပ်ရှားစရာကောင်းသော အရာ ဤလောကတွင် ရှိဦးမည်နည်း။
အချိန်များသည် အေးအေးလူလူ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် နှစ်နှစ် ကုန်ဆုံးသွားခဲ့ပြန်သည်။
ဤနေ့တွင်မူ မျိုးနွယ်စု၏ ခေါင်းဆောင်သည် ဝေဇီရွှမ်းအား အခန်းတွင်းသို့ ခေါ်ယူခဲ့သည်။
အခန်းတွင်း၌ အခြားသော လူသားအချို့လည်း ရောက်ရှိနေခဲ့ကြသည်။ ဤလူသားအားလုံးမှာ မျိုးနွယ်စုအတွင်း၌ သြဇာတိက္ကမ ရှိကြသူများ ဖြစ်ကြသည်။
သို့သော်လည်း ဤလူများ၏ သြဇာတိက္ကမမှာ ဝေဇီရွှမ်းနှင့် ယှဉ်လျှင် ပြောပလောက်အောင် မရှိချေ။ သူ အခန်းတွင်းသို့ ဝေ့ဝဲကြည့်လိုက်သည်နှင့်အမျှ ယနေ့သည် ခေါင်းဆောင်သစ် ရွေးချယ်ရမည့် နေ့ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ခေါင်းဆောင်သည် ကုလားထိုင်ကို မှီထားရင်း ရောက်ရှိလာကြသော လူအုပ်ကြီးကို လေးနက်တည်ကြည်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။
လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ခေါင်းဆောင်သည် ဝေဇီရွှမ်းအား ရှေ့သို့ တက်လာရန် လက်ဟန်ပြလိုက်သည်။ အခြားလူသားများသည်လည်း ဤရလဒ်နှင့် ပတ်သက်၍ အံ့အားသင့်ခြင်း မရှိကြပေ။
လူတိုင်းသည် နှစ်ပေါင်းများစွာအတွင်း ဝေဇီရွှမ်း၏ စွမ်းဆောင်ရည်များကို မြင်တွေ့ခဲ့ကြပြီးဖြစ်ရာ သူ ခေါင်းဆောင်ရာထူးကို ဆက်ခံရမည်ဟူသောအချက်ကို လူတိုင်းက လုံးဝ ဥဿုံ သဘောတူ လက်ခံထားကြပြီးသား ဖြစ်ချေသည်။