အခန်း (၄၉) - ဆင့်ကဲပြောင်းလဲခြင်း ဆေးနည်း
လိုအပ်တဲ့ အချက်အလက်အားလုံးကို ရရှိထားပြီးဖြစ်သော်လည်း လီဗိုင်းကတော့ တတ်နိုင်သမျှ အပိတ်အပင်မရှိ တိကျသေချာချင်နေမိသည်။
'ဆင့်ကဲပြောင်းလဲခြင်း ဆေးနည်း' ဖော်စပ်တဲ့ အဆင့်သုံးဆင့်ထဲက တစ်ဆင့်ဆင့်မှာ အမှားအယွင်း အနည်းငယ်လေး ရှိသွားရုံနဲ့တင် ရှီယာ ရော ဘလီးဒါး ပါ ငရဲဆင်းသလို အလူးအလဲ ခံစားရလိမ့်မယ်ဆိုတာ သူ ကောင်းကောင်း သိထားသည်။
အကြောင်းမှာ နောက်ဆုံးထွက်လာမည့် ဆေးရည်၏ တာဝန်သည် မှော်ဝင်အစွမ်းပြဆေးရည်လိုမျိုး အတားအဆီးတံတိုင်းကို သက်သက်သာသာ ဖြတ်ကျော်ပေးရုံတင် မဟုတ်သောကြောင့် ဖြစ်သည်။
၎င်းသည် ဆေးနည်းမှာ သုံးထားတဲ့ ပစ္စည်းတွေအပေါ် အခြေခံပြီး တန့်နေတဲ့ ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ ဝိသေသလက္ခဏာတွေကို သော့ဖွင့် ပေးဖို့အတွက် အသုံးပြုတာ ဖြစ်သည်။ ထို့နောက်မှသာ 'အရိပ်သက်စောင့်မျိုးစေ့' က ၎င်းစွမ်းအားကို ဆက်လက်ရယူပြီး သော့ပွင့်သွားတဲ့ ဝိသေသလက္ခဏာတွေကတစ်ဆင့် ညတစ္ဆေသတ္တဝါ ကို ဆင့်ကဲပြောင်းလဲပေးမှာ ဖြစ်သည်။
တကယ်လို့ ဆေးနည်းက လုံးဝ အပြစ်အနာအဆာကင်းပြီး ပြည့်စုံနေမယ်ဆိုရင် Level 2 ကနေ Level 3 အထိ ရှိသမျှ ဆင့်ကဲပြောင်းလဲခြင်း ဝိသေသလက္ခဏာအားလုံး သော့ပွင့်သွားမှာ ဖြစ်ပြီး၊ အရိပ်သက်စောင့်မျိုးစေ့ အနေနဲ့ 'ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်း' ကို စတင်နိုင်မှာ ဖြစ်သည်။
တကယ်လို့ ဆေးနည်းက ကောင်းမွန်သော်လည်း အပြည့်အဝမပြည့်စုံဘူးဆိုရင်တော့ ဆင့်ကဲပြောင်းလဲခြင်း ဝိသေသလက္ခဏာ အများအပြား သော့ပွင့်သွားမှာ ဖြစ်သော်လည်း ကျန်ရှိတဲ့အရာတွေကတော့ ထာဝရ ပိတ်ဆို့သွားမှာ ဖြစ်သည်... ယင်းကို 'ထူးခြားထင်ရှားသော ဆဲဆင့်ကဲပြောင်းလဲခြင်း' ဟု ခေါ်ဆိုသည်။
နောက်ဆုံးတစ်ခုကတော့ ဆေးနည်းက အခြေခံအဆင့်ပဲရှိပြီး အတားအဆီးကို ဖြတ်ကျော်နိုင်ရုံသက်သက် ဖော်စပ်ထားတာမျိုးဆိုရင်တော့ အားလုံးက ကြောက်ရွံ့ကြတဲ့ 'ကန့်သတ်ချက်ရှိသော ဆဲဆင့်ကဲပြောင်းလဲခြင်း' ကို ဖြစ်ပေါ်စေလိမ့်မည်။
ဒီလိုအခြေအနေမျိုးမှာတော့ အရိပ်သက်စောင့်မျိုးစေ့ ဟာ ၎င်းရဲ့ အိမ်ရှင်တွေအပေါ်မှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အဆင်သင့်ရှိတဲ့ တစ်ခုတည်းသော ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းကိုပဲ အတင်းအကျပ် သွတ်သွင်းပေးလိုက်တော့သည်။
လီဗိုင်းက ပြီးပြည့်စုံတဲ့ ဆင့်ကဲပြောင်းလဲခြင်းကို ပေးပါ့မယ်လို့ ကတိပြုထားတာကြောင့်၊ သူ ဆေးဖော်စပ်တဲ့ လုပ်ငန်းစဉ်မှာ လုံးဝ အမှားအယွင်းမရှိ ပြည့်စုံနေဖို့ လိုအပ်သည်။
"အစ်ကိုကြီး၊ ကျွန်တော် ပြီးပြီ ထင်တယ်ဗျ။"
အာသာ က ရှုပ်ပွပြီး မည်းနက် စိမ်းရွှေရွှေ ဖြစ်နေတဲ့ ဆေးအနှစ်ကြီးကို ကြည့်ရင်း လှမ်းပြောလိုက်သည်။ လီဗိုင်းက ထိုဆေးအနှစ်နားသို့ သွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ရွံရှာဖွေရာ အက်ဆစ်နံစော်စော် အနံ့ကြီးက သူ့နှာခေါင်းထဲသို့ အလုံးအရင်း ဝင်ရောက်လာတဲ့ အခိုက်အတန့်မှာ သူက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
"လက်ရာကောင်းတယ်၊ ပြည့်စုံတယ်ကွ။"
"ဟူး... တော်သေးတာပေါ့၊ နောက် ဘာဆက်လုပ်ရမလဲ၊" အာသာက သက်ပြင်းချရင်း မေးလိုက်သည်။
စာချုပ်ပါ စည်းကမ်းချက်တွေ ပြောင်းလဲသွားပြီဖြစ်လို့ သူ့အစ်ကိုရဲ့ အသက်အန္တရာယ် မရှိတော့ဘူးဆိုတာ သိထားပေမယ့်၊ သူ ရှီယာ့ကို စိတ်ပျက်အောင်တော့ မလုပ်ချင်သေးပေ။
"ငါတို့ ပထမအဆင့်ဖြစ်တဲ့ 'ဆေးအခြေခံ တည်ဆောက်ခြင်း' တော့ ပြီးသွားပြီ။ အခုက ဒုတိယအဆင့်ဖြစ်တဲ့ 'အဆီအနှစ် ထုတ်ယူခြင်း' ကို လုပ်ရမယ့်အချိန်ပဲ။ ဒါက ဆင့်ကဲပြောင်းလဲခြင်း ဆေးနည်းဖော်စပ်တဲ့ လုပ်ငန်းစဉ်မှာ အခက်ခဲဆုံး အဆင့်လို့ ပြောလို့ရတယ်၊ ဒါပေမယ့် ကံကောင်းတာက ငါတို့က အငွေ့ပျံစေပြီး သန့်စင်ရုံပဲ လုပ်ဖို့လိုတာ။" လီဗိုင်းက ရှင်းပြလိုက်သည်။
"အစ်ကိုကြီး ပြောတာတွေ ငါ တစ်လုံးမှ နားမလည်ဘူး၊" အာသာက ပုခုံးတွန့်ပြလိုက်ရင်း - "ကျွန်တော် ဘာလုပ်ပေးရမလဲဆိုတာပဲ ပြောပါ။"
"မဟုတ်ဘူး၊ မင်း သင်ယူရမယ်... 'ဆင့်ကဲပြောင်းလဲပေးသူ' အသက်မွေးဝမ်းကျောင်းက ငါတို့ လူ့အဖွဲ့အစည်း တိုးတက်ဖို့အတွက် အကြီးမားဆုံး အခန်းကဏ္ဍကနေ ပါဝင်နေတာ။ သူတို့သာ မရှိရင် အလင်းလူသား အများစုဟာ အောက်ခြေ Level တွေမှာတင် အကြာကြီး ပိတ်မိနေကြမှာ။"
"ဒီလိုဆိုရင် ငါတို့ ဒေသတွေရဲ့ အင်အားက ပြိုလဲသွားပြီး၊ တောရိုင်းမြေတွေမှာ ပျံ့နှံ့နေတဲ့ ညတစ္ဆေသတ္တဝါတွေရဲ့ ကျူးကျော်မှုကို ရင်ဆိုင်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး။"
"မမေ့နဲ့ဦး၊ ငါတို့က မြင့်မြတ်သောအလင်းရောင်ရဲ့ အကာအကွယ်အောက်မှာ ရှိနေတယ်ဆိုပေမယ့်၊ ရှင်သန်ဖို့အတွက် တောရိုင်းမြေတွေဆီက သဘာဝသယံဇာတတွေကို လိုအပ်နေသေးတယ်ဆိုတာ။"
"ဒီလောက် အရေးကြီးတဲ့ အကြောင်းအရာကို အစည်းအဝေးပွဲ က 'ဉာဏ်စမ်းစစ်ဆေးမှု' တွေမှာ ထည့်မမေးဘူးလို့ မင်း ထင်နေတာလား။"
အစည်းအဝေးပွဲမှာ သူ၏ စွမ်းဆောင်ရည်ကို ယင်းကိစ္စက ထိခိုက်နိုင်တယ်ဆိုတာ အာသာ သဘောပေါက်သွားတဲ့ အခါမှာတော့၊ သူက ချက်ချင်းပင် စိတ်အာရုံ စူးစိုက်လိုက်ပြီး သူ့အစ်ကိုအား ရှင်းပြပေးရန် တောင်းဆိုတော့သည်။
"အဆီအနှစ် ထုတ်ယူခြင်းက အသက်အပါဆုံးနဲ့ အရှုပ်ထွေးဆုံး အဆင့်ဖြစ်ရတာကတော့... ဆေးအနှစ်တစ်ခုချင်းစီရဲ့ အဆီအနှစ်ကို ထုတ်ယူဖို့အတွက် နည်းလမ်းပေါင်း ရာနဲ့ချီ ရှိနေလို့ပဲ၊" လီဗိုင်းက ဆေးအနှစ်ကို ဆေးချက်ဖန်ဘူး ထဲသို့ အလွန်တရာ ဂရုတစိုက် လောင်းထည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ဆေးအနှစ်တစ်ခုစီမှာ ၎င်းရဲ့ အဆီအနှစ် ထုတ်ယူမှုနဲ့ အကိုက်ညီဆုံး ဖြစ်မယ့် ကိုယ်ပိုင်နည်းလမ်း ရှိကြတယ်။ ငါတို့ အခြေအနေမှာတော့ ကံကောင်းတယ်လို့ ပြောရမယ်၊ ဘာလို့လဲဆိုတော့ ဆေးအနှစ်ကို အငွေ့ပျံစေပြီး သန့်စင်တဲ့ အရည်အဖြစ် ပြောင်းလဲရုံပဲမို့လို့။ တကယ်လို့ ငါတို့က ဒီဒေသရဲ့ အဆင့်မြင့်ဆုံး စက်ပစ္စည်းတွေကို သုံးမနေဘူးဆိုရင်တော့ ဒီလုပ်ငန်းစဉ်က အတွေ့အကြုံမရှိသူတွေအတွက် အတော်လေး ရှုပ်ထွေးလိမ့်မယ်။"
"ဪ... နားလည်ပြီ၊ ဒါဆို ငါတို့အလုပ်က ပစ္စည်းတွေရဲ့ အဆီအနှစ်ကို ထုတ်ပြီး သန့်စင်တဲ့ အရည်ဖြစ်အောင် လုပ်ရမှာပေါ့ ဟုတ်လား။"
ဆေးအနှစ်ကနေ အငွေ့တွေ ထွက်လာပြီး၊ ဖန်ဘူးအသေးလေးထဲသို့ နီရဲတဲ့ အရည်စက်ကလေးတွေအဖြစ် စီးကျနေတာကို ကြည့်ရင်း အာသာက မေးလိုက်သည်။
"အပြည့်အဝတော့ မဟုတ်သေးဘူး၊ အချို့လုပ်ငန်းစဉ်တွေက ဆေးအနှစ်ကို မာကျောတဲ့ ဆေးလုံးတွေအဖြစ် ပြောင်းလဲပစ်တာမျိုး ရှိသလို၊ အချို့ကတော့ အငွေ့ပျံတဲ့ အဆင့်မှာပဲ ထားရှိတတ်ကြတယ်။ အလင်းလူသားတွေက အဲဒီလုပ်ငန်းစဉ်အတွင်း ထွက်လာတဲ့ အငွေ့ကို ရှူရှိုက်ကြရတာမျိုးပေါ့၊" လီဗိုင်းက စိတ်ဝင်တစား ပြုံးရင်း - "လေ့လာစရာတွေက အများကြီးပဲ။"
လီဗိုင်းသည် သိပ္ပံပညာနှင့် ညတစ္ဆေသတ္တဝါများနှင့် ပတ်သက်သမျှ ကိစ္စရပ်တိုင်းကို အမြဲတမ်း စိတ်အားထက်သန်စွာ စူးစမ်းလေ့လာသူ ဖြစ်သည်။ သူသည် မိခင်ဖြစ်သူ၏ ဖတ်စာအုပ်များနှင့် သုတေသနစာတမ်းများထဲတွင် ယင်းတို့အကြောင်းကို ဖတ်ရှုရင်း ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။
ယခုအခါ သူ ဖတ်ဖူးခဲ့တဲ့ ဗဟုသုတအချို့ကို လက်တွေ့အသုံးချနေရပြီ ဖြစ်တာကြောင့်၊ သူ ဤအတွေ့အကြုံကို အတော်လေး သဘောကျနှစ်သက်နေမိသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် လုပ်ငန်းစဉ်က ပြီးဆုံးသွားခဲ့သည်။ ဆေးအနှစ်ကြီးက ကတ္တရာစေးလိုမျိုး မည်းနက်သွားပြီး ဖန်ဘူးကို စွန်းထင်းသွားစေခဲ့သည်။ သို့သော် အခြားတစ်ဖက်ရှိ ဖန်ဘူးအသေးလေးထဲမှာတော့ တောက်ပနေတဲ့ နီရဲရဲ ဆေးရည်တွေ ပြည့်လျှံနေခဲ့ပြီ ဖြစ်သည်။
"ဒါနဲ့ ပြီးပြီလား။"
"မပြီးသေးဘူး၊ ငါတို့မှာ နောက်ဆုံးအဆင့်ဖြစ်တဲ့ 'နောက်ဆုံး သန့်စင်ခြင်းနဲ့ အသက်သွင်းခြင်း' (Final Refinement and Activation) ကျန်သေးတယ်၊" လီဗိုင်းက ပြန်ဖြေလိုက်သည်။
လီဗိုင်းက ဖန်ဘူးအသေးလေးကို သိမ်းဆည်းပြီး ပင်မစားပွဲဆီသို့ ပြန်လာခဲ့သည်။ သူက စက်ပစ္စည်းအချို့ကို ယူဆောင်လာခဲ့ပြီး သူ့ညီအား လုပ်ငန်းစဉ်ကို မိတ်ဆက်ပေးလိုက်သည်။
"ဒီအဆင့်က ရိုးရှင်းလွယ်ကူတယ်လို့ ထင်ရပေမယ့်၊ တကယ်လို့ အမှားတစ်ခုတည်း လုပ်မိရင်တောင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်ကွ၊" လီဗိုင်းက ပြောလိုက်သည်။
"ဘာလို့လဲဗျ။"
"ငါတို့က ဆေးနည်းကို ပိုပြီး အာနိသင်ထက်မြက်အောင် လုပ်ရမှာ ဖြစ်သလို တည်ငြိမ်အောင်လည်း လုပ်ရမယ်။ ငါတို့ အခြေအနေမှာတော့ နှစ်မိနစ်ခြားတစ်ခါ ဓာတ်ကူပစ္စည်း သုံးစက်စီ လောင်းထည့်ပေးဖို့ လိုအပ်တယ်။ အားလုံးပြီးသွားရင်တော့ 'ပရစ်စမာလစ် အမိုင်နာဆေးရည်' တစ်ခွက်နဲ့ တည်ငြိမ်အောင် လုပ်ပေးရမယ်။"
လီဗိုင်းက ရှင်းပြနေစဉ်မှာပင်၊ သူ၏ အသံကို အသုံးချပြီး သူ့ရှေ့မှာရှိတဲ့ ပုလင်းထဲက ဆေးရည်ပုံရိပ်ကို အထင်အရှား ပုံဖော်နေခဲ့သည်။ သူက ဓာတ်ကူပစ္စည်းကို ယူဆောင်လာပြီး လိုအပ်တဲ့ ဆေးစက်အရေအတွက်ကို အလွန်တရာ တိကျသေချာစွာနှင့် ဂရုတစိုက် လောင်းထည့်လိုက်သည်။ ထို့နောက် သူက ခေတ္တရပ်နားပြီး နောက်ထပ် နှစ်မိနစ်စာအတွက် ရှင်းပြချက်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
သူသည် ဤလုပ်ငန်းစဉ်ကို သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ လုပ်ဆောင်ခဲ့ပြီး၊ ဆေးရည်ထဲက တောက်ပမှုတွေ ပျောက်ကွယ်သွားတဲ့အထိ လုပ်ဆောင်ခဲ့သည်။
"ကဲ... အခုကတော့ နောက်ဆုံးအဆင့်ပဲ။"
လီဗိုင်းက အလွန်တရာ ဂရုတစိုက်ဖြင့် ကျန်ရှိနေတဲ့ နောက်ဆုံး ပုလင်းကို ဖွင့်လိုက်ပြီး ပုလင်းထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ရာ ၎င်း၏ ပမာဏက နှစ်ဆ ဖြစ်သွားခဲ့သည်။ ထို့နောက် သူက ပုလင်းအဖုံးကို ပိတ်လိုက်ပြီး ခပ်ခွာခွာ နောက်သို့ ဆုတ်လိုက်သည်။
သူနှင့် သူ့ညီသည် ပုလင်းနှင့် မီတာအနည်းငယ်အကွာမှာ မတ်တတ်ရပ်ရင်း၊ ဆေးရည်နှစ်ခုက ၎င်းတို့ဘာသာ နှောနှောင်ရောယှက်နေကြတာကို စိုက်ကြည့်နေမိကြသည်။
ခဏအကြာမှာတော့ ဆေးရည်ကနေ တောက်ပတဲ့ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး၊ လီဗိုင်းတစ်ယောက်တည်းသာ ကြားနိုင်တဲ့ အသံကြိမ်နှုန်းနိမ့် တုန်ခါသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ဆေးရည်က ပုံဆောင်ခဲအဆင့်နဲ့ အရည်အဆင့်ကို တလှည့်စီ ပြောင်းလဲနေတာကြောင့် အာသာကတော့ အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိတော့သည်။
အာသာက သူ့အစ်ကိုဘက်သို့ လှည့်ကြည့်လိုက်မိပြီး၊ ဒါက အောင်မြင်တာလား၊ ကျရှုံးတာလားဆိုတာ သူ လုံး၀ ဝေခွဲမရ ဖြစ်နေသည်။ လီဗိုင်းက စားပွဲဆီသို့ လျှောက်သွားပြီး ပုလင်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက် ၎င်း၏ အဆင့်ပြောင်းလဲနေတဲ့ တည်ငြိမ်လှတဲ့ အသံကြိမ်နှုန်းကို နားထောင်လိုက်သည်။ မည်သူ့ကိုမျှ မေးမြန်းရန်မလိုဘဲ သူ၏ ရင်ထဲကနေ ကောင်းကောင်း ခံစားသိရှိလိုက်ရသည်။
"ငါတို့ အောင်မြင်သွားပြီ၊" သူက စိတ်ကျေနပ်မှုအပြည့်နဲ့ ပြုံးလိုက်မိပြီး၊ အောင်နိုင်မှု အာရုံသစ်တစ်ခုကို ခံစားလိုက်ရသည်။
လီဗိုင်းသည် သူ 'ဆင့်ကဲပြောင်းလဲပေးသူ' တစ်ဦး ဖြစ်လာရတာကို ချစ်မြတ်နိုးမိလိမ့်မည်ဟု အမြဲတမ်း ခံစားမိခဲ့သော်လည်း၊ သူ ၎င်းဖြစ်လာဖို့ အရည်အချင်း ပြည့်မီရဲ့လားဆိုတာကိုတော့ သံသယရှိခဲ့သည်။ ပြည့်စုံတဲ့ အမြင်အာရုံနဲ့ အံ့ဩစရာကောင်းတဲ့ တိကျသေချာမှုတွေက ဗဟုသုတ ကြွယ်ဝဖို့လိုမျိုးပဲ အရေးကြီးလှသည်။
ဤအောင်မြင်မှုက သူ့အား ဤလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်မည့် အခွင့်အရေး ရှိနေကြောင်း သက်သေပြလိုက်ခြင်းပင်။
'အက်ရှ်ခရယ်ရဲ့ ညတစ္ဆေသတ္တဝါတွေအပေါ် ရှိတဲ့ အကန့်အသတ်မဲ့ ဗဟုသုတတွေနဲ့သာ ငါ ဆင့်ကဲပြောင်းလဲပေးသူတစ်ဦး ဖြစ်လာခဲ့ရင်၊ ငါ သေချာပေါက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်မှာပဲ၊' လီဗိုင်း မိမိကိုယ်ကို တွေးလိုက်မိသည် - 'သူက ကပ်စေးမနှဲဘဲ ငါ့ကို မျှဝေပေးဖို့ပဲ လိုတာ။'
လီဗိုင်းက အက်ရှ်ခရယ်အား ဘလီးဒါးရဲ့ ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းအကြောင်းကို သူ ဘယ်လိုသိသလဲဆိုပြီး မေးမြန်းခဲ့ဖူးပြီး၊ သူ ရရှိခဲ့တဲ့ အဖြေကတော့ သူ့ကို နည်းနည်းမှ စိတ်မချမ်းမြေ့စေခဲ့ပေ။
၎င်းက သူ၏ ထူးခြားတဲ့ အာရုံခံစားမှု တွေထဲက တစ်ခုနဲ့ သက်ဆိုင်နေတာကြောင့် ဖြစ်ပြီး၊ တကယ်လို့ သိချင်တယ်ဆိုရင် ထိုထူးခြားတဲ့ အာရုံခံစားမှုကို အရင်ဆုံး သော့ပွင့်အောင် ကြိုးစားအားထုတ်သင့်တယ်လို့ ပြောခဲ့သည်။
လီဗိုင်းကတော့ အက်ရှ်ခရယ်ရဲ့ ဗဟုသုတဘဏ်က အမြဲတမ်း အကန့်အသတ်မဲ့နေပုံရတာကြောင့်၊ သူ ဘလီးဒါးရဲ့ မျိုးစိတ် ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းအကြောင်းကိုလည်း အနည်းနဲ့အမွှား သိထားတာ ဖြစ်လိမ့်မယ်လို့ အရင်က ယူဆထားခဲ့ခြင်း ဖြစ်သည်။
တကယ်လို့ ၎င်းက မသိခဲ့ဘူးဆိုရင်တောင်၊ သူက ဘလီးဒါးနဲ့ စာချုပ်ချုပ်ဖို့ တကယ်ပဲ စိတ်ဆုံးဖြတ်ထားတာမို့ သေချာပေါက် လိုက်လံစုံစမ်းပြီး ရှာဖွေထားလိမ့်မယ်လို့ လီဗိုင်း ယုံကြည်ထားခဲ့သည်... သို့သော် ၎င်းက ထူးခြားတဲ့ အာရုံခံစားမှုတစ်ခုနဲ့ ဆက်စပ်နေလိမ့်မယ်လို့တော့ သူ မထင်ထားခဲ့မိချေ။
သူသည် ထိုအရာတွေကို မကြာမီအချိန်အတွင်း သော့ဖွင့်နိုင်ဦးမှာ မဟုတ်ကြောင်း သိထားတာကြောင့်၊ အက်ရှ်ခရယ်က သူ့ကို ကူညီပူးပေါင်းပေးလိမ့်မည်ဟုသာ လီဗိုင်း မျှော်လင့်နိုင်ပါတော့သည်။
...
မကြာမီမှာပင် လီဗိုင်းနှင့် အာသာတို့ စောင့်ဆိုင်းခန်းထဲသို့ ဝင်ရောက်လာခဲ့ကြပြီး၊ ပတ်ဝန်းကျင် အခြေအနေက တည်ငြိမ်လေးနက်နေတာကို သတိပြုမိလိုက်ကြသည်။ မည်သူမျှ ရယ်မောခြင်း သို့မဟုတ် စကားပြောခြင်း မရှိကြချေ။ ကြည့်ရသည်မှာ သူတို့က ဆေးရုံမှာ ခွဲစိတ်မှု ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေကြသည့်အလားပင်။
၎င်းတို့က လာဆင် ညီအစ်ကို ကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ၊ ရှီယာကတော့ စိုးရိမ်တကြီးနဲ့ အသက်ကို အောင့်ထားမိသည်။
"ယောကျ်ားလေးလေးဗျ၊" အာသာက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
လီဗိုင်းက သူ့ခြေထောက်ကို လှမ်းကန်လိုက်ပြီး၊ ရှီယာ့ရဲ့ ပြီးပြည့်စုံတဲ့ ဆင့်ကဲပြောင်းလဲခြင်း ဆေးနည်း အောင်မြင်သွားပြီဖြစ်ကြောင်း ချက်ချင်း ကြေညာလိုက်ရင်း၊ သူ၏ အိတ်ထဲကနေ ထိုဆေးပုလင်းလေးကို မြင့်မြတ်တဲ့ ရတနာတစ်ခုလိုမျိုး ထုတ်ပြလိုက်သည်။
ရှီယာနှင့် ကျန်တဲ့သူတွေက အာသာရဲ့ ပြက်လုံးအပေါစားကြီးကို ချက်ချင်း လျစ်လျူရှုလိုက်ကြပြီး လီဗိုင်းထံသို့ အပြေးအလွှား ရောက်ရှိလာကြကာ၊ ထိုဖန်ပုလင်းလေးကို အံ့ဩမှင်တက်စွာ စိုက်ကြည့်နေကြတော့သည်။
"မင်း တကယ်ပဲ အောင်မြင်သွားတာလား၊" ရှီယာက သူမ၏ ရင်ထဲမှာ ခံစားချက်မျိုးစုံ လှုပ်ခတ်နေလျက် ဥဒါန်းကြူးလိုက်မိသည်။
သူမက ပုလင်းကို လှမ်းကိုင်ချင်နေမိသော်လည်း လမ်းတစ်ဝက်မှာတင် တုံ့ဆိုင်းသွားခဲ့သည်။ တကယ်လို့ သူမက ၎င်းကို ထိတွေ့လိုက်ရင် ပျောက်ကွယ်သွားမလားဆိုပြီး သူမ ထင်မှတ်နေမိသည်။
သူမသည် အလွန်တရာ ချမ်းသာကြွယ်ဝပြီး ဖခင်ဖြစ်သူ၏ ဆန်းပြားလှတဲ့ ရတနာများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း၊ ဤပုလင်းလေးတစ်လုံးကတော့ အရာအားလုံးကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဒါက ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းသစ်တစ်ခုလုံးကို သော့ဖွင့်ပေးမည့် 'ပြီးပြည့်စုံသော ဆေးနည်း' ဖြစ်ပြီး၊ သူမအနေနဲ့ ဖြစ်နိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးတဲ့ အရာပင်။
ဘာပဲဖြစ်ဖြစ် ပြီးပြည့်စုံတဲ့ ဆေးနည်းတွေက အလွန်တရာ ရှားပါးလှပြီး အဖွဲ့အစည်းတွေနဲ့ မိသားစုကြီးတွေဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး ခရက်ဒစ်ငွေ ဘီလီယံပေါင်းများစွာ အကုန်အကျခံ သုတေသနပြုလုပ်ခဲ့ကြသော်လည်း ထူးခြားထင်ရှားတဲ့ ရလဒ်တစ်ခုမျှ ထွက်ပေါ်မလာခဲ့ကြချေ။
"ယူလိုက်ပါ၊ ဒါ မင်းအတွက်ပဲ၊" လီဗိုင်းက ပြုံးရင်း ပုလင်းကို ရှီယာ့လက်ထဲသို့ ထည့်ပေးလိုက်သည်။ ရှီယာက ပုလင်းကို လွတ်ကျသွားမှာ စိုးရိမ်သကဲ့သို့ သူမ၏ ရင်ခွင်ထဲမှာ တင်းကြပ်စွာ ပွေ့ပိုက်ထားမိသည်။
ဘလီးဒါးက သူ့ရဲ့ လက်နက်ပုံသဏ္ဌာန်ကနေ ရုန်းထွက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် - "ရှီယာ! မြန်မြန်၊ ငါတို့ ဒီမှာတင် လုပ်ကြရအောင်! ငါ နောက်ထပ် တစ်စက္ကန့်တောင် မစောင့်နိုင်တော့ဘူး!" ဟု အော်ဟစ်လိုက်တော့သည်။
ဘလီးဒါး ဤမျှ စိတ်လောနေရခြင်းကလည်း နားလည်ပေးနိုင်စရာပင်။ အကြောင်းမှာ ရှီယာ့တွင် ရှိနေတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် သူက အတားအဆီးကို စောစောစီးစီး ဖြတ်ကျော်နိုင်နေပြီဖြစ်သော်လည်း၊ သူမက 'အလုပ်သင် အလင်းလူသား' အဆင့်မှာတင် ခြောက်လလောက် အချိန်ဖြုန်းနေခဲ့ရခြင်းကြောင့် ဖြစ်သည်။
"ဒီမှာတင်လား။"
ရှီယာက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ဒီနေရာကလည်း မဆိုးလှဘူးဆိုတာ သဘောပေါက်သွားသည်။ စောင့်ဆိုင်းခန်းက ကျယ်ဝန်းပြီး ၎င်းတို့၏ လျှို့ဝှက်ချက်ကိုလည်း အတိုင်းအတာတစ်ခုအထိ အာမခံချက် ရှိသည်။
ဘာပဲဖြစ်ဖြစ် စာချုပ်ဝင် ညတစ္ဆေသတ္တဝါတွေက ဤကဲ့သို့သော အဆောက်အအုံတွေထဲမှာ သူတို့ရဲ့ အလင်းလူသားတွေ အနီးအနားမှာပဲ နေထိုင်ကြရမှာ ဖြစ်ပြီး၊ မဟုတ်ရင်တော့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုနဲ့ အတိုင်ခံရနိုင်သည်။
ဒါပေမယ့် အခြားသော လေလွင့် ညတစ္ဆေသတ္တဝါတွေကတော့... ၎င်းတို့အများစုက စာချုပ်ဝင် ညတစ္ဆေသတ္တဝါတွေကို စရိုက်မကောင်းတဲ့ သစ္စာဖောက်တွေလို့ ယူဆထားကြတာမို့ ၎င်းတို့အနီးအနားမှာ လာရောက်လှည့်ပတ်နေလေ့ မရှိကြပေ။
"ဂရုမစိုက်တော့ဘူး၊ လုပ်ကြတာပေါ့။"
ရှီယာက သူမ၏ အပေါ်ထပ် ဂျာကင်အမည်းကြီးကို ချွတ်လိုက်ပြီး မြေပြင်ပေါ်မှာ တရားထိုင်တဲ့ ပုံစံမျိုးနဲ့ ထိုင်လိုက်ကာ၊ ဘလီးဒါးရဲ့ လက်နက်ပုံသဏ္ဌာန်ကို သူမ၏ ပေါင်ပေါ်မှာ အသာအယာ တင်ထားလိုက်သည်။
"ဒါက တကယ်ပဲ ဖြစ်ပျက်နေတာလားဗျာ၊" အာသာက မျက်လုံးများ တောက်ပလျက် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
သူသည် ဆင့်ကဲပြောင်းလဲခြင်းကို လက်တွေ့တစ်ခါမျှ မမြင်ဖူးခဲ့တာကြောင့်၊ အခုလို ပြီးပြည့်စုံတဲ့ ဆင့်ကဲပြောင်းလဲခြင်းမျိုးကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာမို့ သေချာပေါက် စိတ်လှုပ်ရှားနေမိသည်။
"ထိုင်ပြီး စကားမပြောနဲ့ဦး၊ သူမ စိတ်အာရုံ စူးစိုက်ဖို့ လိုအပ်တယ်၊" လီဗိုင်းက ပြောလိုက်သည်။
သူက သူ့ညီကို ဆွဲခေါ်လိုက်ပြီး ၎င်းတို့သည် အိစက်ညက်ညောလှတဲ့ အပြာရောင် ဆိုဖာကြီးပေါ်မှာ ထိုင်လိုက်ကြရာ၊ ထိုင်လိုက်တဲ့ အခိုက်အတန့်မှာတင် တင်ပါးများ နစ်ဝင်သွားခဲ့သည်။ ထို့နောက် ၎င်းတို့သည် ရှီယာနှင့် ဘလီးဒါးတို့၏ ဆင့်ကဲပြောင်းလဲခြင်းကို မတူညီတဲ့ အမြင်နှစ်ခုကနေ စောင့်ကြည့်နေမိကြတော့သည်။
အာသာက ရှီယာ့ကို စိုက်ကြည့်နေချိန်မှာ လီဗိုင်းကတော့ ဘလီးဒါးကို အာရုံစိုက်နေခဲ့သည်။ ဆင့်ကဲပြောင်းလဲခြင်း ကိစ္စရပ်တွေမှာ ညတစ္ဆေသတ္တဝါသည် လက်နက်ပုံသဏ္ဌာန်ကို မယူထားသင့်ပေ၊ အကြောင်းမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အဓိက ထိခိုက်ခံရမှာ ဖြစ်တာကြောင့်... လက်နက်ပုံသဏ္ဌာန်မှာ ရှိနေခြင်းက ယင်းကို ပျက်ပြယ်သွားစေနိုင်သည်။
ရှီယာက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပုလင်းကို သူမ၏ မျက်နှာနားသို့ ယူဆောင်လာခဲ့သည်။ ထို့နောက် ဘာမှစဉ်းစားမနေတော့ဘဲ ပုလင်းအဖုံးကို ဖွင့်ကာ တစ်ငုံတည်းနဲ့ ကုန်အောင် သောက်ချလိုက်သည်။ မျိုးစေ့က ၎င်းတို့နှစ်ဦးစလုံးနဲ့ ဆက်သွယ်နေတာကြောင့် သူမ သောက်သည်ဖြစ်စေ၊ ဘလီးဒါး သောက်သည်ဖြစ်စေ ဘာမှကွာခြားမှုမရှိပေ။
"ငါ့ကို ဆုတောင်းပေးကြပါဦး။"
ရှီယာက သူမ၏ သူငယ်ချင်းတွေကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် မျက်လုံးများကို ပိတ်လိုက်ကာ၊ သူမ၏ စိတ်ဝိညာဉ်အာရုံကို အရိပ်သက်စောင့်မျိုးစေ့ရဲ့ အတွင်းပိုင်း စိတ်ဝိညာဉ်နယ်ပယ် ပေါ်မှာ စူးစိုက်လိုက်သည်။ ၎င်းနောက် သူမက ဂျာကင်လက်တံအနီကို တံတောင်ဆစ်အထိ လိပ်တင်လိုက်ရာ၊ အနားသတ်ကနေ ရုန်းထွက်နေတဲ့ အမြီးနှစ်ချောင်းပါတဲ့ လေပျံမြွေနဂါး ပုံသဏ္ဌာန် ဆေးမင်ကြောင် တစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းက နီရဲတဲ့ အရောင်အသွေးနဲ့ ခပ်ဖျော့ဖျော့ လင်းထိန်နေပြီး၊ သူမ အတားအဆီး ဖြတ်ကျော်မည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးနေခဲ့သည်။ တကယ်လို့ သူမက ဆင့်ကဲပြောင်းလဲခြင်း ဆေးနည်းကို အရင်မသောက်ဘဲ ယင်းကို အတင်းဖိနှိပ်လိုက်မယ်ဆိုရင်၊ မျိုးစေ့က ပိုမိုဆိုးရွားလှတဲ့ 'ကန့်သတ်ချက်ရှိသော ဆင့်ကဲပြောင်းလဲခြင်း' ကို အတင်းအကျပ် ဖြစ်ပေါ်စေလိမ့်မည်။
အလင်းလူသားတွေကတော့ ယင်းကို 'လူမွဲ ဆင့်ကဲပြောင်းလဲခြင်း' လို့ ခေါ်ဆိုကြသည်၊ အကြောင်းမှာ ၎င်းက အလကားရတာ ဖြစ်ပြီး၊ ယင်းကို သုံးဖို့ စဉ်းစားတဲ့ မိုက်မဲသူမှန်သမျှဟာ လူမွဲလို့ အခေါ်ခံရဖို့ ထိုက်တန်သောကြောင့် ဖြစ်သည်။
ဒါက မျိုးစေ့က ၎င်းရဲ့ အိမ်ရှင်တွေကို ရွေးချယ်ခွင့် ပေးလိုက်သလိုမျိုးပင် - အနည်းဆုံး ပမာဏကိုပဲ လက်ခံမလား၊ ဒါမှမဟုတ် ဆေးနည်းတွေကို ကျွမ်းကျင်အောင် လုပ်ပြီး သူတို့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အရည်အသွေးကို မြှင့်တင်ဖို့ ကြိုးစားမလား ဆိုတာပင်။
ရှီယာက ဆေးမင်ကြောင်ပေါ်ကို ဖိနှိပ်လိုက်တဲ့ အခိုက်အတန့်မှာတင်၊ သူမရော ဘလီးဒါးရဲ့ အသိစိတ်ပါ သူမ၏ အရိပ်သက်စောင့်မျိုးစေ့ရဲ့ အတွင်းပိုင်း စိတ်ဝိညာဉ်နယ်ပယ် ထဲသို့ ချက်ချင်း ရောက်ရှိသွားခဲ့တော့သည်။
၎င်းက ထိတွေ့ရုံတင်မကဘဲ အတားအဆီးကို ဖြတ်ကျော်ဖို့အတွက် သူမ၏ ဆန္ဒအပြည့်အဝ ရှိနေဖို့လည်း လိုအပ်တာကြောင့်၊ မှားယွင်းပြီး အသက်ဝင်သွားတာမျိုးတော့ မရှိနိုင်ပေ။
သူတို့ရှေ့မှာ ရှိနေတဲ့အရာကတော့ လီဗိုင်း မြင်တွေ့ခဲ့ရတဲ့အရာနဲ့ လုံးဝ နီးစပ်မှု မရှိပေ။ အောက်ခြေမှာ အမှောင်ထုနဲ့ သေခြင်းတရားရဲ့ အရိပ်အယောင်တွေ ထင်ဟပ်နေတဲ့ သာမန်ထက်ကြီးမားတဲ့ ရွှေရောင်သစ်ပင်ကြီး တစ်ပင် ဖြစ်သည်။
ရှီယာကတော့ ဤမြင်ကွင်းကို ရိုးအီနေပြီ ဖြစ်သည်။
သူမက ငြိမ်သက်နေတဲ့ ရေပြင်ပေါ်မှာ ထိုင်လိုက်ပြီး၊ သစ်ပင်ရဲ့ သစ်ကိုင်းတွေက ရိုဘော့လက်တံတွေလိုမျိုး သူမနှင့် ဘလီးဒါးထံသို့ ဦးတည်ရွေ့လျားလာတာကို စောင့်ကြည့်နေမိသည်။
မကြာမီမှာပင် သစ်ကိုင်းတွေက ၎င်းတို့အား ဖမ်းချုပ်လိုက်ကြပြီး၊ ကြည့်ရသည်မှာ ဆန်းပြားလှတဲ့ ချည်နှောင်ကစားနည်းတစ်ခုကို လုပ်ဆောင်နေသည့်အလားပင်။
သို့သော် လက်တွေ့မှာတော့ သစ်ပင်က ၎င်းတို့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း ဝိသေသလက္ခဏာ အားလုံးကို ၎င်းတို့ရဲ့ မှန်ကန်တဲ့ အဆင့် အလိုက် ဖတ်ရှုစစ်ဆေးနေခြင်း ဖြစ်သည်။ တကယ်လို့ အလင်းလူသားက ကန့်သတ်ချက်ရှိတဲ့ အတားအဆီး ဖြတ်ကျော်မှုကို ရွေးချယ်ခဲ့မယ်ဆိုရင်၊ သစ်ပင်က စကင်ဖတ်တဲ့ အဆင့်အတွင်းမှာ အထင်ရှားဆုံး ဆင့်ကဲပြောင်းလဲခြင်း ဝိသေသလက္ခဏာအချို့ကိုပဲ အသက်သွင်းပေးမှာ ဖြစ်သည်။
ဒါပေမယ့် အခု ရှီယာက ဆင့်ကဲပြောင်းလဲခြင်း ဆေးနည်းကို သောက်သုံးထားတာကြောင့်၊ ၎င်းက စွမ်းအားပြပြီးသား ဖြစ်သလို ဘလီးဒါးရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဆင့်ကဲပြောင်းလဲခြင်း ဝိသေသလက္ခဏာတိုင်းကို သော့ဖွင့်ပေးထားပြီး၊ ၎င်းတို့နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် အကောင်းဆုံး ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းအတွက် ရှာဖွေ စစ်ဆေးမှုတွေကို လုပ်ဆောင်နေခဲ့ပြီ ဖြစ်သည်!