"အို... မင်္ဂလာပါ။" လီဗိုင်းက သူမ၏ လက်ကိုဆွဲခါ နှုတ်ဆက်လိုက်ရင်း "ခင်ဗျားက မဒမ် ဖန်ကျီမာအို ဖြစ်မယ်ထင်တယ်" ဟု ဆိုလိုက်သည်။
သူမဟာ ဖန်လင်နှင့် စာချုပ်ဆိုထားသည့် ညတစ္ဆေဖြစ်ကြောင်း အများသိထားပြီးသားမို့ သူ သိနေခဲ့သော်လည်း၊ သူမကို အရင်က အနီးကပ် မြင်ဖူးခဲ့သည့် အမှတ်တရမျိုးတော့ မရှိခဲ့ပေ။
လီဗိုင်း၏ တုံ့ပြန်ပုံကိုကြည့်ပြီး မာအိုက ရိပ်မိသွားဟန်ဖြင့် 'မင်းက ဆေးရှိန်တွေ လွန်နေတော့ မှတ်မိမှာ မဟုတ်လောက်ဘူး' ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
လီဗိုင်း ပြန်မပြောရသေးခင်မှာပင် ဖန်လင်က အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်ကာ အခန်းတံခါးဝမှ ဝင်လာခဲ့သည်။
ထိုနှစ်ဦးမှာ ပခုံးနှင့် ခါးတို့တွင် အရောင်ဖျော့ဖျော့ အစင်းကြောင်းများ ပါဝင်သည့် အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ ခေါင်းပေါ်တွင် ရဲဦးထုပ်နှင့်ဆင်တူသော ဦးထုပ်များကို ဆောင်းထားပြီး ဦးထုပ်ရှေ့တွင် အမှတ်တံဆိပ်တစ်ခုစီ ပါရှိသည်။
အဆိုပါ အမှတ်တံဆိပ်မျိုးကိုပင် သူတို့၏ အပေါ်ဝတ်အင်္ကျီ ရင်ဘတ်များ၌သာမက၊ အိတ်ငယ်ငါးလုံး တပ်ဆင်ထားသော ခါးပတ်အနီး ဘောင်းဘီများပေါ်တွင်လည်း တွေ့ရသည်။
ဘောင်းဘီ၏ ညာဘက်ခြမ်းတွင်တော့ သေးငယ်လှသော မှော်စာလုံးပေါင်း သန်းနှင့်ချီ ရေးထိုးထားသည့် သစ်သား 'ပေ့ချ်' သေနတ်တစ်လက်စီကို ချိတ်ဆွဲထားကြသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့ထံမှ အာဏာစက် အရှိန်အဝါများကို မည်သူမဆို ခံစားမိနိုင်ပေသည်။ ၎င်းမှာ အစိုးရအတွက် အလုပ်လုပ်ပေးသူများထံမှသာ ရနိုင်သည့် အရှိန်အဝါမျိုး ဖြစ်သည်။
"အော့သ်မန်၊ ဆာမီရာ... ဒီကိစ္စကို ငါ တာဝန်ယူလိုက်မယ်။"
ဖန်လင်က သူတို့ကို လက်ကာပြလိုက်ရာ၊ ထိုနှစ်ဦးက ရင်ဘတ်ပေါ် လက်သုံးချောင်းတင်ကာ အလေးပြုလိုက်ကြသည်။ ထို့နောက် အခန်းပြင်သို့ ထွက်သွားပြီး အပြင်မှ စောင့်နေကြသည်။
"အာသာ။"
"ဟုတ်ကဲ့၊ ခဏနေမှ တွေ့ကြတာပေါ့။"
အာသာလည်း နေရာမှထကာ အခန်းပြင်သို့ ထွက်သွားလေရာ၊ လီဗိုင်းတစ်ယောက် ဖန်လင်နှင့်အတူ အခန်းထဲတွင် ကျန်ရစ်ခဲ့တော့သည်။
အာသာ ထွက်သွားပြီးနောက် ဖန်လင် သူ၏အနီးသို့ ချဉ်းကပ်လာသည်ကို လီဗိုင်းက အံ့ဩမင်သက်စွာ ကြည့်နေမိသည်။ ဖန်လင်၏ ကြီးမားလှသော်လည်း သေသေချာချာ ထိန်းချုပ်ထားနိုင်သည့် စိတ်ဝိညာဉ် အရှိန်အဝါကို သူ ငေးကြည့်နေမိခြင်း ဖြစ်သည်။ ၎င်းက မီးခိုးရောင်ဖြစ်ပြီး နွေဦးရာသီ အလယ်လောက်က တိုက်ခတ်လာသော လေပြေလေညင်းနှင့် ဆင်တူစွာ လှုပ်ရှားနေသည်။
ထိုအရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလှသော အက်ရှ်ခရယ်၏ သွေးရောင်အရှိန်အဝါနှင့် ယှဉ်လျှင် ၁ ရာခိုင်နှုန်းခန့်ပင် မနီးစပ်သော်လည်း၊ ဖန်လင်သည် သူ့နယ်ပယ်တွင် အတော်လေး ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်းကိုတော့ လီဗိုင်း နားလည်လိုက်သည်။
သူ့အပေါ် ကျရောက်နေသည့် ထူးဆန်းသော အကြည့်တစ်ချက်ကို ခံစားလိုက်ရသဖြင့် ဖန်လင်က အံ့ဩတကြီး မျက်ခုံးပင့်လိုက်ပြီး၊ ရှုပ်ပွနေသော ဆံပင်များအောက်ရှိ လီဗိုင်း၏ မီးလောင်ကျွမ်းထားသော အမာရွတ်များကို စိုက်ကြည့်လိုက်သည်။
"မင်း ငါ့ကို မြင်ရလို့လား။" ဖန်လင်က တိုက်ရိုက်ပင် မေးချလိုက်သည်။
"ခင်ဗျားရဲ့ စိတ်ဝိညာဉ် အရှိန်အဝါကိုပဲ မြင်ရတာပါ။" လီဗိုင်းက ယဉ်ကျေးစွာ ပြန်ဖြေသည်။
"စိတ်ဝင်စားစရာပဲ။"
ဖန်လင်က လီဗိုင်း၏ အရှေ့တည့်တည့်တွင် ရပ်လိုက်ပြီး သူ့လက်ချောင်းများဖြင့် ကိန်းဂဏန်းပုံစံတစ်ခု လုပ်ပြလိုက်သည်။ ထို့နောက် ၎င်းကို လှုပ်ယမ်းပြရင်း သူ ဘာလုပ်နေလဲဆိုတာကို မြင်ရသလား ဟု မေးလိုက်သည်။
"ခင်ဗျားက V ပုံစံ လုပ်ထားပြီး လက်ကို စက်ဝိုင်းခြမ်းပုံစံ ဝှေ့ယမ်းပြနေတာလေ" ဟု လီဗိုင်းက ပြောပြလိုက်သည်။
ဤစကားကြောင့် မာအိုနှင့် ဖန်လင် နှစ်ဦးစလုံး အံ့အားသင့်သွားကြပြီး၊ ဤအရာက လုံးဝ သာမန်မဟုတ်ကြောင်း နားလည်လိုက်ကြသည်။ စိတ်ဝိညာဉ် အမြင်အာရုံကို ဤအဆင့်ထိရောက်အောင် လေ့ကျင့်ရန်မှာ ငြင်းဆန်ဖွယ်မရှိသော ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုနှင့် မွေးရာပါ ပါရမီတို့ လိုအပ်လှသဖြင့်၊ ဝါရင့် အလင်းလူသား တစ်ဦးပင်လျှင် အခြားသူများ၏ စိတ်ဝိညာဉ် အရှိန်အဝါကို မမြင်နိုင်ကြပေ။
သို့သော်လည်း စိတ်ဝိညာဉ်စွမ်းရည် သို့မဟုတ် စွမ်းအင်ပိုင်းဆိုင်ရာ တိုးတက်မှု တစ်စုံတစ်ရာမှ မရှိသေးသည့် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က ထိုအဆင့်ကို ရောက်နေနှင့်ပြီ ဖြစ်သည်။
"မင်းမှာ တကယ့်ကို ထူးခြားတဲ့ ပါရမီ ရှိတာပဲ။" ဖန်လင်က ချီးကျူးလိုက်သည်။ "မင်းသာ အလင်းလူသား တစ်ယောက်ဖြစ်လာမယ်ဆိုရင်၊ စိတ်စွမ်းအင်ဆိုင်ရာ အထူးပြုလမ်းစဉ် ကိုပဲ ရွေးချယ်ဖို့ ငါ အလေးအနက် အကြံပြုချင်တယ်။"
"ကျေးဇူးတင်ပါတယ်... ဒါပေမယ့်..." လီဗိုင်းက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ငေးမောစွာဖြင့် "ကျွန်တော် အလင်းလူသား တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ခင်ဗျား ထင်နေတာလား" ဟု မေးလိုက်သည်။
၎င်းမှာ သူ၏ ချို့ယွင်းချက် ရှိနေသည့်တိုင် အလင်းရဲကောင်း တစ်ယောက်ဖြစ်လာရန် တစ်စုံတစ်ယောက်က အားပေးစကားပြောသည်ကို တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်သည်။ တခြားသူများကမူ သူ့ကို ရယ်မောလှောင်ပြောင်ကြသည်၊ သို့မဟုတ် သူ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်သဖြင့် စိတ်ဓာတ်ကျအောင်သာ ပြောဆိုလေ့ရှိကြသည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။" ဖန်လင်က ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အဝေးဆီသို့ ငေးကြည့်ကာ "ငါ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ အရှေ့ဖျား ဒေသတွေမှာဆိုရင်၊ ဒီထက်ပိုပြီး ဆန်းကြယ်တဲ့ ထူးဆန်းအံ့ဩဖွယ်ရာတွေကို ငါ မြင်တွေ့ခဲ့ဖူးတယ်။"
"မင်းမှာ မျက်လုံးတွေ မရှိတဲ့အတွက် ညတစ္ဆေတွေနဲ့ ပတ်သက်လာရင် မင်းရဲ့ အခွင့်အရေးတွေ အများကြီး နည်းသွားနိုင်ပေမယ့်၊ လူတစ်ယောက်ရဲ့ အခြေအနေက ဘယ်လိုပဲရှိနေပါစေ... သူတို့ရဲ့ အားနည်းချက်လို့ ထင်ရတဲ့ အရာတွေကို လက်နက်တစ်ခုလို အသုံးချနိုင်မယ့် စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ ညတစ္ဆေမျိုးတော့ အမြဲတမ်း ရှိနေတတ်တယ်ဆိုတာကို ငါ သေချာပေါက် ယုံကြည်တယ်။" သူက စကားကို ခဏရပ်လိုက်ပြီး "ငါ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးလို့ပါ။"
"ကျေးဇူးတင်ပါတယ်... အဲဒီစကားမျိုးကို ကြားရဖို့ ကျွန်တော် ဘယ်လောက်တောင် လိုအပ်နေခဲ့လဲဆိုတာ ခင်ဗျား သိမှာမဟုတ်ပါဘူး။" လီဗိုင်းက ကျေးဇူးတင်စွာဖြင့် ပြုံးလိုက်သည်။
သူကိုယ်တိုင်က အလင်းလူသား တစ်ယောက်ဖြစ်နေပြီ ဆိုသော်လည်း၊ ဖန်လင်လို လူမျိုးက သူ့အပေါ် ယုံကြည်ပေးတယ်ဆိုသည့် အတွေးက သူ့ရင်ထဲသို့ လုံခြုံနွေးထွေးမှု လှိုင်းတံပိုးတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။
"ကဲ... မင်း ဆေးရုံဆင်းလို့ရအောင် ဒီကိစ္စတွေကို မြန်မြန်အဆုံးသတ်လိုက်ကြစို့။"
ဖန်လင်က လှည့်လာပြီး ကုလားထိုင် နှစ်လုံး ယူလာကာ၊ လီဗိုင်းကို တစ်လုံးပေါ်တွင် ထိုင်စေပြီး သူက မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
သူက ဟိုလိုဂရမ် ဖန်သားပြင်တစ်ခုကို ထုတ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။ "ပထမဆုံးအနေနဲ့... အဲဒီဖြစ်ရပ်တွေ ဖြစ်နေတုန်းက မင်းရဲ့ အာရုံခံမျက်မှန် (Neuralens) စက်ကို ဖွင့်ထားခဲ့သလား။"
"ဖွင့်ထားပါတယ်။ ဒါပေမယ့် ဘက်ထရီစားသက်သာအောင်လို့ သူ့ရဲ့ စကင်ဖတ်နိုင်တဲ့ စွမ်းရည်ကိုတော့ အသုံးမပြုခဲ့ပါဘူး။" လီဗိုင်းက ပြန်ဖြေသည်။ "တောအုပ်ထဲမှာ ဘယ်လောက်ကြာကြာ နေရမလဲဆိုတာ မသိတဲ့အတွက် ကျွန်တော် သတိထားနေခဲ့တာပါ။"
"ကောင်းပြီ။" ဖန်လင်က ခေါင်းညိတ်လိုက်သည်။
မျက်မှန်ဖြင့် မှတ်တမ်းတင်ခြင်းနှင့် စက်၏ စကင်ဖတ်နိုင်စွမ်းတို့အကြား ကွာခြားချက် ကြီးမားကြောင်း သူ သိထားသဖြင့် လီဗိုင်း၏ လုပ်ရပ်အပေါ် သိပ်ပြီး မသင်္ကာဖြစ်မနေခဲ့ပေ။
မျက်မှန်က အမြင်အာရုံကိုသာ မှတ်တမ်းတင်ပေးခြင်းဖြစ်သဖြင့် စွမ်းအင် သိပ်မကုန်သော်လည်း၊ စကင်ဖတ်ခြင်းကတော့ ကွာခြားသည်။ လီဗိုင်းအတွက် ရှင်းလင်းသည့် မြင်ကွင်းတစ်ခုကို ပုံဖော်ပေးရန် စက်အနေဖြင့် ကျောက်ခဲ၊ သစ်ကိုင်း၊ ရေစက် စသည့် အသေးစိတ် အချက်အလက်တိုင်းကို လိုက်လံ စကင်ဖတ်ရမည် ဖြစ်ရာ... ဤလုပ်ငန်းစဉ်က စွမ်းအင်ပမာဏ အမြောက်အမြားကို စားသုံးပစ်လေသည်။
သေချာသည်မှာ စက်နှင့် ချိတ်ဆက်ထားသော ကင်မရာအသေးစားလေးပါသည့် မျက်မှန်မျိုးကို တပ်ဆင်ခြင်းကဲ့သို့သော... ဤပြဿနာကို ရှောင်လွှဲပြီး အမြင်အာရုံကို ရယူနိုင်သည့် တခြား လှည့်ကွက်နည်းလမ်းများစွာ ရှိသေးသည်။
(camera အားဖြုတ်ယူ၍ အခြားတစ်နေရာရာတွင်တပ်ဆင်အသုံးပြုနိုင်သကဲ့သို့ စွမ်းအင် ခြွေတာရန်အခြားနည်းလမ်းများရှိနေနိုင်ခြင်းကိုဆိုလိုခြင်းဖြစ်သည်)
သို့သော် ဖန်လင်က ထိုအကြောင်းများကို လီဗိုင်းအား ဆက်မမေးတော့ပေ။ ၎င်းမှာ လီဗိုင်း လုပ်နိုင်သမျှထဲတွင် အလည်အဝယ်ဆုံး လုပ်ရပ်တစ်ခုဖြစ်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
သူ့ကိုသာ ရွေးချယ်ခွင့်ပေးလျှင်၊ သူ့ဘဝ၏ အသေးစိတ်အချက်အလက်တိုင်းကို မှတ်တမ်းတင် သိမ်းဆည်းနေသည့် ထိုမျက်မှန်ကို သူကိုယ်တိုင်ပင် ဖယ်ရှားပစ်ချင်မိမည် ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ကာကွယ်ရန် စီမံချက်များစွာ ရှိနေလျှင်တောင်မှ၊ အချိန်ပြည့် စောင့်ကြည့်ခံနေရသည့် ဤခံစားချက်မျိုးကို သူ အလွန် မုန်းတီးမိသည်။
တခြားသူများနှင့် မတူဘဲ လီဗိုင်းတွင် မျက်မှန်မတပ်ရန် ခိုင်လုံသော ဆင်ခြေတစ်ခု ရှိနေသည်။ ဤခေတ်ကြီးထဲတွင် မျက်မမြင်တစ်ယောက် ဖြစ်နေရခြင်းသည် ကောင်းကျိုး အနည်းငယ်ထဲမှ တစ်ခုဟုပင် ဆိုရပေမည်။
ထို့ကြောင့် သူက ထိုအကြောင်းအရာကို ကျော်သွားပြီး "ခြောက်ခြားဖွယ်တောအုပ်မှာ မင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါ" ဟု ဆက်မေးလိုက်သည်။
"ဝမ်းသာစွာနဲ့ ပြောပြပါ့မယ်" လီဗိုင်းက ပူးပေါင်းပါဝင်လိုသည့် သဘောဖြင့် ခေါင်းညိတ်လိုက်သည်။
လီဗိုင်းက ရှီယာနှင့် စတင်တွေ့ဆုံခဲ့သည့် အချိန်မှစ၍ အသေးစိတ်အချက်အလက်များ နီးပါးကို ဆက်လက်ပြောပြခဲ့သည်။ ရှီယာနှင့် ကျန်တဲ့သူများက လိမ်ချင်လျှင်တောင် လိမ်၍မရနိုင်မှန်း သိထားသဖြင့် သူတို့ကြားက သဘောတူညီချက်ကိုပင် ထည့်သွင်းပြောပြခဲ့သည်။
သေချာသည်မှာ သူနှင့် ရှီယာ ချုပ်ဆိုထားသည့် စာချုပ်ထဲတွင် ဤချွင်းချက်များ ပါဝင်ပြီးဖြစ်ရာ၊ သူမအနေဖြင့် စာချုပ်ဖောက်ဖျက်မှု အကျိုးဆက်များကို ခံစားရမည် မဟုတ်ပေ။
တောအုပ်အတွင်း ပါဝင်ခဲ့သူတိုင်း၏ အချက်အလက်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရယူစစ်ဆေးမည် ဖြစ်သည်။ ၎င်းမှာ သူတို့ထဲတွင် အိပ်မက်ဆိုးကောင်များ သို့မဟုတ် လမ်းမှားရောက် အလင်းလူသားများ ပါဝင်နေခြင်း ရှိမရှိ ရှာဖွေရန် ဖြစ်သည်။
၎င်းမှာ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ကြီးကြီးမားမား ချိုးဖောက်ရာကျသော်လည်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့မှလွဲ၍ မည်သူကမျှ အဆိုပါ အချက်အလက်များကို ရယူပိုင်ခွင့် မရှိပေ။ ထို့ပြင် အဆိုပါ အချက်အလက်များကို စုံစမ်းစစ်ဆေးမှုအတွက် အသုံးပြုသည်မှလွဲ၍ လျှို့ဝှက်ထားရန် သူတို့တွင်လည်း စာချုပ်အရ တာဝန်ရှိပေသည်။
ဖန်လင်က လီဗိုင်းထံတွင် ဘလီးဒါ မျိုးစိတ်၏ အဆင့် (၃) ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှု အချက်အလက်များ ရှိနေသည်ကို ဂရုမစိုက်ဘဲ သူ၏ ရှုပ်ပွနေသော မုတ်ဆိတ်မွေးများကို ကုတ်ရင်း ဆက်လက် နားထောင်နေခဲ့သည်။
လီဗိုင်းက ညီလာခံသို့ တက်ရောက်ခွင့်ရရန် ထောက်ခံစာရရှိရေးအတွက် ဤမျှအထိ ကြိုးစားခဲ့ကြောင်း ကြားရသောအခါတွင်လည်း သူက သိပ်ပြီး တုံ့ပြန်မှု မပြခဲ့ပေ... ထိုမျှလောက်ကို လီဗိုင်းထံမှ သူ မျှော်လင့်ထားပြီးသား ဖြစ်ပုံရသည်။
သို့သော်လည်း၊ လီဗိုင်းက နောက်ဆုံး ဇာတ်သိမ်းပိုင်းသို့ ရောက်ရှိသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အက်ရှ်ခရယ် အကြောင်းကို ပြောလိုက်သောအခါတွင်မူ ဖန်လင်က သူ၏ ထိုင်ဟန်ကို ချက်ချင်း ပြင်လိုက်တော့သည်။
"မင်းလည်း သူ့ကို မြင်ခဲ့တာလား။" သူက လေးနက်စွာ မေးလိုက်သည်။
"ဟုတ်ကဲ့။ သူက ကျွန်တော့် တစ်သက်နဲ့တစ်ကိုယ် မြင်ဖူးသမျှ သတ္တဝါတွေထဲမှာ အကျည်းတန်အရုပ်ဆိုးဆုံး ကောင်တွေထဲက တစ်ကောင်ဖြစ်နေတော့ သူ့ကို မေ့ပစ်ဖို့က ခက်သားပဲ။" လီဗိုင်းက တက်တူးကိစ္စအတွက် ဒေါသထွက်နေဆဲမို့ အက်ရှ်ခရယ်ကို မဆိုင်းမတွပင် အပုပ်ချလိုက်သည်။
"သူက ပင့်ကူတွေ ဒါမှမဟုတ် ခြုံခိုပင့်ကူဘုရင်မကို ဘာလုပ်ပစ်လိုက်လဲဆိုတာ မင်း မြင်ခဲ့လား။ ဒါမှမဟုတ် မင်းလည်း တခြားသူတွေလိုပဲ သတိလစ်သွားခဲ့တာလား။" ဖန်လင်က စူးစမ်းလိုက်သည်။
"အမှန်အတိုင်း ပြောရရင် ကျွန်တော် မြင်ခဲ့ပါတယ်။" လီဗိုင်းက ဝန်ခံလိုက်သည်။
သူ၏ အဖြေကြောင့် ဖန်လင်နှင့် မာအိုတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ သူတို့က အလွန်တရာ လေးနက်သော မျက်နှာထားများဖြင့် ချက်ချင်းပင် အရှေ့သို့ ကိုင်းညွတ်လာကြသည်။
"ငါတို့ကို အားလုံးကို ပြောပြပါ၊ အသေးစိတ်လေးတွေကအစ မချန်ထားခဲ့နဲ့နော်" ဟု မာအိုက ဆိုသည်။
"ကျွန်တော် မှတ်မိသမျှကတော့... အဲဒီ အဆင့် (၃) ညတစ္ဆေက သစ်တုံးတစ်တုံးနဲ့ ကျွန်တော့် ဗိုက်ကို ဖောက်သွင်းပြီး ကျွန်တော့် သူငယ်ချင်းတွေဆီကို ပြန်လွှင့်ပစ်လိုက်တာပါပဲ။ ခဏနေတော့ ကျွန်တော့် ဒဏ်ရာတွေအကုန် သက်သာသွားပြီး ပြန်နိုးလာတဲ့အချိန်မှာ အဲဒီ ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးက နေရောင်ခြည် အမိုးခုံး ထဲမှာ ရပ်နေတာကို မြင်လိုက်ရတာပါ။"
"နေရောင်ခြည် အမိုးခုံးထဲမှာ ရပ်နေတာလား။" ဖန်လင်က မျက်လုံးမှေးကျဉ်းလိုက်ပြီး "သူ ထိခိုက်ဒဏ်ရာရသွားပုံ ပေါ်လား။ မီးလောင်သွားတာမျိုး ဒါမှမဟုတ် တစ်ခုခုဖြစ်သွားတာမျိုးများ တွေ့လိုက်ရလား။"
"ကျွန်တော် မသိဘူး၊ သူ့ရဲ့ စိတ်ဝိညာဉ် အရှိန်အဝါကိုပဲ မြင်ရတာဆိုတော့... အဲဒါကတော့ တကယ့်ကို အတိုင်းထက်အလွန် ကြောက်စရာကောင်းလွန်းတယ်။"
လီဗိုင်းက အက်ရှ်ခရယ်၏ သွေးရောင် အရှိန်အဝါကို ပြန်တွေးမိပြီး ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထသွားကာ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားသည်။ သူ၏ သဘာဝကျသော တုံ့ပြန်ပုံကို ကြည့်ပြီး ဖန်လင်နှင့် မာအိုတို့က သူ အမှန်တိုင်း ပြောနေခြင်းဖြစ်ကြောင်း သိလိုက်ကြသည်။
"အကယ်လို့ မင်းက ငါ့ရဲ့ အရှိန်အဝါနဲ့ သူ့ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်၊ ကွာခြားချက်က ဘယ်လောက်တောင် ကြီးမားလဲ။"
ဖန်လင်က သူ၏ အရှိန်အဝါအပေါ် ကန့်သတ်ထားမှုများကို ဖြုတ်ချလိုက်ပြီး လွတ်လပ်စွာ စီးဆင်းခွင့်ပြုလိုက်သည်။ လီဗိုင်းက ဖန်လင်၏ စိတ်ဝိညာဉ် အရှိန်အဝါသည် ကမ္ဘာပျက်မတတ် ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းကြီး တစ်ခုအလား လှည့်ပတ်နေသည်ကို အံ့ဩမင်သက်စွာ ကြည့်နေမိသည်။ တခြား အလင်းရဲကောင်းများနှင့် နှိုင်းယှဉ်လျှင် ဖန်လင်သည် လုံးဝ ကွဲပြားခြားနားသည့် အဆင့်အတန်းတစ်ခုတွင် ရှိနေကြောင်း ထင်ရှားလှသည်။
သို့သော်လည်း...
"ခင်ဗျားရဲ့ အရှိန်အဝါက တကယ်ကို အထင်ကြီးလောက်စရာပါ၊ ဒါပေမယ့် ကြောက်စရာကောင်းတဲ့အဆင့်တော့ မဟုတ်ဘူး။" လီဗိုင်းက ရိုးသားစွာ ပြန်ဖြေလိုက်ပြီး "ဒီလောက် ဖော်ပြပေးတာနဲ့တင် လုံလောက်ပြီ ထင်ပါတယ်နော်။"