အက်ရှ်ခရယ်ပြောသမျှ ဆန်းကြယ်ထူးဆန်းတဲ့ အရာတွေထဲမှာ အခုတစ်ခေါက်ပြောလိုက်တဲ့စကားကတော့ လီဗိုင်းအတွက် ထိပ်တန်းအတုန်လှုပ်ရဆုံးပဲ ဖြစ်သည်။ လူသားစစ်စစ် ၁၀၀ ရာခိုင်နှုန်း မဟုတ်ဘူးတဲ့လား... လီဗိုင်းအနေနဲ့ ဒါကို လုံးဝ မယုံကြည်နိုင်ခဲ့။
'မင်း မယုံရဲဖြစ်နေတာကို ငါနားလည်ပါတယ်။ အမှန်အတိုင်းပြောရရင် ငါ့ရဲ့ဒီတွေးဆချက်က ရာနှုန်းပြည့်မှန်ရဲ့လားဆိုတာ ငါကိုယ်တိုင်လည်း သေချာမသိသေးဘူး' အက်ရှ်ခရယ်က ပြန်ပြောသည်။ 'ညကျရင်တော့ ငါတို့ ဒါကို သိရမှာပါ။'
'ဘာကို ဆိုလိုတာလဲ။'
'အခုရှင်းပြနေလည်း အပိုပဲ။ ညမိုးချုပ်တာနဲ့ ငါ့မှာရှိတဲ့ လုံးဝအမှားအယွင်းမရှိစေမယ့် နည်းလမ်းတစ်ခုနဲ့ စမ်းသပ်ကြည့်ကြတာပေါ့' အက်ရှ်ခရယ်က ဆက်ပြောသည်။ 'အခုလောလောဆယ်တော့ မင်းဘက်က အဓိကပန်းတိုင် သုံးခုကိုပဲ အာရုံစိုက်ထားပါ။ ပထမဆုံးက "ခြောက်ခြားဖွယ်တောအုပ်" က လူအစုအပြုံလိုက် သတ်ဖြတ်မှုမှာ မင်းအပေါ် ကျရောက်လာနိုင်တဲ့ သံသယတွေကို ရှင်းထုတ်ဖို့၊ ဒုတိယက အာရုံကိုးပါး ဆင့်ကဲပြောင်းလဲမှုလမ်းစဉ်ရဲ့ အဆင့် (၁) ကိုရောက်အောင်လုပ်ပြီး မင်းရဲ့ပထမဆုံး လက်နက်နဲ့ စွမ်းရည်ကို ဖော်ထုတ်ဖို့၊ နောက်ဆုံးတစ်ခုကတော့ ငါတို့နှစ်ယောက်ရဲ့ ပူးပေါင်းမှုကို တရားဝင်ဖြစ်စေဖို့အတွက် မကြာခင်ကျင်းပမယ့် ညီလာခံမှာ ပါဝင်ဖို့ပဲ။'
လီဗိုင်းလည်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ရင်း သွေးသားမျိုးနွယ်အရေးကို ခေါင်းထဲက ခဏထုတ်ထားလိုက်သည်။ သူ့မှာ ဒါထက်ပိုပြီး ဖြေရှင်းရမယ့် ပြဿနာကြီးတွေ ရှိနေသေးသည်။ ထိုအထဲက တစ်ခုမှာ မကြာခင် ကြုံတွေ့ရမယ့် စစ်ဆေးမေးမြန်းမှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာပင်။
'ငါ ညကျမှ ပြန်လာခဲ့မယ်။ ငါတို့ရဲ့ ကန်ထရိုက်စာချုပ် တရားဝင်မဖြစ်ခင်အထိတော့ လူအများရှေ့မှာ ငါ့ကို မင်းနဲ့အတူ မမြင်စေတာ အကောင်းဆုံးပဲ။'
လူအများအပြားရဲ့ အရှိန်အဝါတွေ ချဉ်းကပ်လာတာကို ခံစားမိတာကြောင့် အက်ရှ်ခရယ်က သူ့ရဲ့မျက်လုံးကို မှိတ်လိုက်ပြီး အမှောင်တံတားထဲကနေ ထွက်ခွာကာ အရိပ်ကမ္ဘာဆီ ပြန်သွားခဲ့သည်။
ခဏအကြာတွင် အခန်းတံခါး ပွင့်လာပြီး ရှီယာ၊ ဆာဂျီယိုနှင့် ဂျမားလ်တို့သည် ပန်းစည်းများ၊ မီးပုံးပျံများနှင့် ချောကလက်ထုပ်များစွာကို ကိုင်ဆောင်ကာ ဝင်လာကြသည်။ ထုံးစံအတိုင်း ရှီယာကတော့ လက်ထဲမှာ ဘာမှမပါဘဲ ပါးစပ်ထဲမှာ ရေခဲချောင်းတစ်ချောင်းကိုပဲ ကိုက်ထားလေသည်။
ကုတင်ပေါ်မှာ ထိုင်နေပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေကြား လေပြေညင်းလေး ဖြတ်တိုက်နေတဲ့ လီဗိုင်းကို မြင်လိုက်ရတဲ့အခါ သူတို့အားလုံးရဲ့ မျက်လုံးတွေက ဝမ်းသာအားရဖြင့် တောက်ပသွားကြသည်။
"လီဗိုင်း! မင်း နောက်ဆုံးတော့ နိုးလာပြီပဲ!"
ရှီယာက အရင်ဆုံး ပြေးလာပြီး သူ့ကို တင်းကျပ်စွာ ဖက်လိုက်သည်။ လီဗိုင်းကတော့ ရုတ်တရက်ဆိုသလို လူတွေ အထိအတွေ့လုပ်တာကို မကြိုက်တာကြောင့် အစပိုင်းမှာ လန့်သွားမိသည်။ မျက်စိမမြင်ရတဲ့သူတစ်ယောက်အနေနဲ့ မိမိရဲ့ ကိုယ်ပိုင်နယ်ပယ်ထဲကို အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ခံရသလို ခံစားရတတ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း လာဖက်သူမှာ ရှီယာမှန်း သိလိုက်ရသဖြင့် သူ ပခုံးကိုလျှော့ချကာ နွေးထွေးတဲ့ အပြုံးလေးဖြင့် အလိုက်သင့် ပြန်လည်ဖက်လဲတကင်းပြုလိုက်သည်။
"မင်းက အရမ်းကြာအောင် အိပ်ပျော်နေတော့ ငါတို့အားလုံး စိတ်ပူနေကြတာ" ဂျမားလ်က ကုတင်ဘေးတွင် လက်ဆောင်များကို ချရင်း ပြောလိုက်သည်။
"မင်းရဲ့ အိပ်မက်ထဲကို ဘယ်သူမှ ကျူးကျော်တာမျိုး မရှိဘူးမလား။ သူတို့ ရုပ်ရည်က ဘယ်လိုလဲဆိုတာသာ ငါ့ကိုပြော၊ ငါ အပြတ်ရှင်းပေးမယ်" ရှီယာက လီဗိုင်းဆီကနေ ခွာလိုက်ရင်း အေးစက်စက် လေသံဖြင့် မေးသည်။
"စိတ်ပူပေးလို့ ကျေးဇူးပါပဲ။ ဒါပေမယ့် ငါ ကောင်းကောင်း အိပ်ပျော်ခဲ့ပါတယ်" လီဗိုင်းက ပြုံး၍ ပြန်ပြောသည်။
"တော်သေးတာပေါ့။ ငါတို့လည်း မင်းဘေးမှာ ဆက်စောင့်နေချင်ပေမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကူညီပေးဖို့ ဆင့်ခေါ်ခံလိုက်ရလို့" ဆာဂျီယိုက တည်ငြိမ်စွာပြောရင်း အာသာ အိပ်ပျော်နေတဲ့ ဆိုဖာကို သွားကန်ကာ သူ့ကို နှိုးလိုက်သည်။
မှုန်ဝါးနေတဲ့ မျက်လုံးတွေက အလင်းရောင်ဆီ ရောက်သွားပြီး သူ့အစ်ကို နိုးနေတာကို မြင်လိုက်ရတဲ့အခါ အာသာက ပျင်းရိပျင်းတွဲ သမ်းဝေရင်း မေးလိုက်သည်။ "အစ်ကိုကြီး... အဆင်ပြေရဲ့လား။"
"လုံးဝကို လန်းဆန်းနေတာ။"
"အိုကေ... ဒါဆို နောက်တစ်နာရီ ဒါမှမဟုတ် နှစ်နာရီလောက်နေရင် ငါ့ကို ပြန်နှိုးဦး။"
"ရတယ်။"
ထို့နောက် သူက မျက်လုံးပြန်မှိတ်ကာ ဟောက်သံတစီစီဖြင့် ပြန်လည်အိပ်ပျော်သွားတော့သည်။ လီဗိုင်းအနေဖြင့် ညီဖြစ်သူ၏ တုံ့ပြန်မှုအပေါ် စိတ်အနှောင့်အယှက် မဖြစ်မိပေ။ ဘာကြောင့်လဲဆိုတော့ ၎င်းမှာ သူတို့ညီအစ်ကိုနှစ်ဦး အပြန်အလှန် အခြေအနေမေးမြန်းကြသည့် ပုံစံဖြစ်သောကြောင့်ပင်။ တစ်ဖက်လူ အသက်ရှင်လျက် အဆင်ပြေပြေ ရှိနေသရွေ့ ကိစ္စအကြီးအကျယ် လုပ်နေစရာ မလိုဟု သူတို့ ခံယူထားကြသည်။
ရှီယာနှင့် ကျန်တဲ့သူတွေကလည်း အာသာရဲ့ တုံ့ပြန်မှုကို အပြစ်မမြင်ကြချေ။ အဘယ်ကြောင့်ဆိုသော် လီဗိုင်း နိုးမလာမချင်း အာသာတစ်ယောက် မိမိဒဏ်ရာအချို့ကိုတောင် ကုသမှုမခံယူဘဲ လီဗိုင်းဘေးနားမှာ အမြဲတမ်း စောင့်ရှောက်ပေးနေခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ရ၍ ဖြစ်သည်။
အချစ်ဆိုတာ လုပ်ရပ်က သက်သေပြတာပဲဟု ဆိုကြသည့်အတိုင်း လာဆန်ညီအစ်ကို တွေနဲ့ အတူရှိနေကတည်းက သူတို့နှစ်ယောက်ကြားက ခိုင်မြဲတဲ့ ညီအစ်ကိုသံယောဇဉ်ကိုသာ မြင်တွေ့ခဲ့ရသဖြင့် သူတို့အားလုံး အလွန်ပင် အားကျမိကြသည်။
"ငါ့ကို အခြေအနေလေးတွေ နည်းနည်း ရှင်းပြပေးလို့ ရမလား" လီဗိုင်းက တောင်းဆိုလိုက်သည်။
"ငါတို့ နိုးလာပြီး ဆေးရုံရောက်ကတည်းက ကြားခဲ့ရသမျှကို အကုန်အတိအကျ ပြောပြမယ်။"
ရှီယာက ဆက်လက်၍ "ခြောက်ခြားဖွယ်တောအုပ်" ကိစ္စကြောင့် သန့်စင်သော နယ်မြေတစ်ခုလုံးမှာ အကြီးအကျယ် ရိုက်ခတ်မှုဖြစ်သွားပြီး၊ မြို့တော်အုပ်ချုပ်ရေးမှူးအထိပင် သတင်းပေါက်ကြားသွားကြောင်း ပြောပြသည်။ အကယ်၍ အနီးဆုံး ကင်းစခန်းမှာ ရှိနေပြီး အသက်ရှင်ကျန်ရစ်သူတွေကို တတ်နိုင်သမျှ အမြန်ဆုံး လိုက်လံကယ်ဆယ်ခဲ့တဲ့ "ဆာ ဖန်လင် " သာ မရှိခဲ့ရင်၊ ဒီဖြစ်ရပ်က အိမ်နီးနားချင်း သန့်စင်တဲ့ နယ်မြေတွေကိုပါ တုန်လှုပ်သွားစေလိမ့်မည် ဖြစ်သည်။
"ဆာ ဖန်လင်က အဲဒီမှာ ရှိနေခဲ့တာလား။" လီဗိုင်း အံ့ဩသွားသည်။
"ဟုတ်ပ။ သူက အလန်းဆုံးပဲ မဟုတ်လား" ဂျမားလ်က လေးစားအားကျတဲ့ လေသံဖြင့် "ငါ ကြားတာတော့ သူက အသက်ရှင်ကျန်ရစ်သူအားလုံးကို စုစည်းပြီး လေသင်္ဘောကြီးပေါ်တင်ကာ တာမာရာရဲ့ အခြေစိုက်ဆေးရုံဆီ တန်းခနဲ ခေါ်ဆောင်လာခဲ့တာတဲ့။ တခြား ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတာကိုတောင် မစောင့်ဘူး" ဟု ဆိုသည်။
လီဗိုင်းကတော့ ဂျမားလ် နောက်ပိုင်းပြောတာတွေကို သေချာမကြားရတော့ဘဲ၊ ထိုအကြောင်းကို အတည်ပြုချက် ရလိုက်ရုံရှိသေး ထိုကြောက်မက်ဖွယ်ကောင်းသော ညက ဝေဝါးပျက်စီးနေသည့် အတိတ်မှတ်ဉာဏ်အချို့က သူ့ခေါင်းထဲသို့ ရိုက်ခတ်ဝင်ရောက်လာခဲ့သည်။
သူ့ကို တစ်စုံတစ်ယောက်က ကျောပိုးထားစဉ် အမျိုးသားသုံးဦးရဲ့ စိုးရိမ်တကြီး ဖြစ်နေတဲ့ အသံတွေကို ခပ်ဝေဝါးဝါး ကြားခဲ့ရသည်ကို မှတ်မိနေသည်။ ထိုအချိန်က သူက အကြိမ်ကြိမ် သတိလစ်လိုက်၊ ပြန်နိုးလာလိုက် ဖြစ်နေသဖြင့် ဟိုတစ်စ ဒီတစ်စ စကားစုများကိုသာ ကြားခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း မှတ်ဉာဏ်တစ်ခုကတော့ သူ့စိတ်ထဲမှာ စွဲထင်ကျန်ရစ်နေပြီး သူ ဘယ်တော့မှ မေ့ဖျောက်လို့မရခဲ့ပေ။
"ငါသာ ဒါထက် ပိုမြန်မြန် ရောက်လာခဲ့ရင်၊ မင်းရဲ့ မိဘတွေ အသက်ရှင်နေဦးမှာ... တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်ကွာ။"
ထိုအသံမှာ မိမိတို့ သေဆုံးမှုအတွက် သူ့မှာ တတာဝန်ရှိသကဲ့သို့ တိတ်တဆိတ် ရှိုက်ကြီးတငင် ငိုကြွေးရင်း ရင်ထဲကနေ လှိုက်လှိုက်လဲလဲ တောင်းပန်နေခဲ့သည့် ဖန်လင်၏ အသံပင် ဖြစ်သည်။ လီဗိုင်းအနေဖြင့် သူ ဘာကြောင့် ထိုသို့လုပ်ခဲ့သည်ကို လုံးဝ နားမလည်နိုင်ခဲ့ပေ။ သူက ဘာဖြစ်လို့ မသက်ဆိုင်တဲ့ ကလေးတစ်ယောက်အပေါ် ဒီလောက်တောင် စိတ်ခံစားချက်အပြည့်နဲ့ ငိုကြွေးခဲ့ရတာလဲ။
သူ ဖန်လင်ရဲ့ အများပြည်သူဆိုင်ရာ အချက်အလက်တွေကို ရှာဖွေဖတ်ရှုဖူးသော်လည်း၊ သူက ပေါက်ကရတွေ ပြောတတ်သူ သို့မဟုတ် စိတ်ခံစားချက် ပြင်းထန်သူတစ်ယောက် မဟုတ်ကြောင်းသာ တွေ့ရသည်။ သူက အမြဲတမ်း အေးစက်စက်၊ စိတ်ဓာတ်ကျနေသလိုမျိုးနှင့် ဘာကိုမှ ဂရုမစိုက်တတ်သူ တစ်ဦး ဖြစ်သည်။ သို့သော်လည်း လီဗိုင်းအနေဖြင့် မိမိမိသားစုကို မကယ်တင်နိုင်ခဲ့ခြင်းအပေါ် ထိုသူ ခံစားခဲ့ရသည့် နာကျင်မှုနှင့် အပြစ်ရှိစိတ်ကို အတိုင်းသား ခံစားမိခဲ့သည်။ သူနဲ့ ဘာမှမသက်ဆိုင်တဲ့ ကိစ္စဖြစ်နေတာတောင်မှပေါ့... ဒါက သူ့ကို အမြဲတမ်း စိတ်ဝင်စားစေခဲ့သော်လည်း နောက်ပိုင်းမှာတော့ သူ ဒီအတိုင်းပဲ ထားလိုက်မိသည်။
"ငါတို့ဘက်မှာ သူရှိနေပေးတာ တကယ့်ကို ကံကောင်းတာပဲ" လီဗိုင်းက လေးစားစွာ ပြုံးလိုက်ပြီး "ဒါနဲ့ အများပြည်သူကိုကျတော့ ဘယ်လိုသတင်းထုတ်ပြန်ထားလဲ" ဟု မေးလိုက်သည်။
"အင်း... အစိုးရကတော့ အများပြည်သူကို ဒီအတိုင်းပဲ သတင်းလွှင့်ပြီး အခြေအနေကို ထိန်းသိမ်းထားလိုက်တယ်" ရှီယာက ပြည်သူတွေကို အမှောင်ချထားတာက ပုံမှန်ကိစ္စတစ်ခုလိုမျိုး အေးအေးဆေးဆေး ပြောလိုက်သည်။
မောနင်းစတား မျိုးရိုးမြင့်မိသားစုရဲ့ သမီးပီပီ၊ သူမမှာ သာမန်အရပ်သားတွေကို ထိတ်လန့်သွားစေနိုင်တဲ့ လျှို့ဝှက်ချက်များစွာကို သိခွင့်ရှိနေသည်။
"အဲဒီ ပင့်ကူတွေကို အကုန်သတ်ပစ်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးကို မြင်ခဲ့တာ ငါတို့ပဲ ရှိတယ်လေ" ရှီယာက အက်ရှ်ခရယ်ရဲ့ ပုံစံကို ပြန်တွေးမိပြီး ကြက်သီးထသွားပုံရသည်။ "ငါတို့ရဲ့ အာရုံခံမျက်မှန် မှာ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို စုံစမ်းရေးအဖွဲ့ဆီ လွှဲပေးခဲ့ရပြီး၊ ဒီသတင်းအချက်အလက်တွေကို လျှို့ဝှက်ထားဖို့အတွက် ညဥ့်စာချုပ် မှာလည်း လက်မှတ်ထိုးခဲ့ရတယ်"
"အာသာလည်း လက်မှတ်ထိုးခဲ့ရတာပဲလား" လီဗိုင်းက မေးသည်။
"ဟုတ်တယ်၊ ဒါပေမယ့် သူကတော့ စုံစမ်းရေးအဖွဲ့အတွက် ဘာမှ သုံးစားမရပါဘူး" ဆာဂျီယိုက ခေါင်းညိတ်ရင်း "ဒီအခြေအနေတွေ ဖြစ်ပျက်နေတုန်းက သူက သတိလစ်နေပြီလေ" ဟု ဆိုသည်။
"စိတ်မပူပါနဲ့၊ မင်းကတော့ အာရုံခံမျက်မှန်နဲ့ မှတ်တမ်းတင်ထားတာမျိုး မရှိတဲ့အတွက် စစ်ဆေးမှုကနေ အမြန်ဆုံး ကင်းလွတ်ခွင့် ရမှာပါ" ဂျမားလ်က အားပေးစကား ပြောသည်။
"ဒါဆိုရင်တော့ ဟုတ်ပါပြီ။"
လီဗိုင်းကတော့ ဂျမားလ်လိုမျိုး လွယ်လွယ်နဲ့ စိတ်မချနိုင်ခဲ့ချေ။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အက်ရှ်ခရယ်နဲ့ ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ကို တရားခံအဖြစ် အကူအညီပေးနိုင်မယ့် အချက်အလက်တွေ အလုံအလောက် ရှိနေသောကြောင့် ဖြစ်သည်။ မျက်စိမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ... အစိုးရအနေနဲ့ ညှာတာမှာ မဟုတ်ဘဲ အသုံးဝင်မယ့် သတင်းအချက်အလက်တွေ ရဖို့အတွက် နည်းလမ်းမျိုးစုံ သုံးလာနိုင်မှန်း သူ သိနေသည်။ ထို့ကြောင့် သူ အလွန် သတိထားရမည် ဖြစ်သည်။
"ဒါနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဘယ်သူက ဦးဆောင်နေတာလဲဆိုတာ မေးလို့ရမလား" လီဗိုင်းက မေးလိုက်သည်။
"ဆာ ဖန်လင်က ငါတို့ကို ကယ်တင်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးရဲ့ ဗီဒီယိုမှတ်တမ်းကို ပထမဆုံး ယူဆောင်လာပေးခဲ့သူမို့လို့၊ သူ့ကိုပဲ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တယ်" ဂျမားလ်က စိတ်ပျက်လက်ပျက် လေသံဖြင့် ထပ်လောင်းပြောသည်။ "သူက ကင်းစခန်းတံခါးဝမှာ တာဝန်ကျနေတဲ့ အစောင့်မှန်း သာ စောစောသိရင် ငါ သူ့ဆီက လက်မှတ်တောင်းထားလိုက်ပါတယ်"
"အခုလည်း မနှောင်းသေးပါဘူးကွာ၊ သူ ဆေးရုံမှာပဲ ရှိနေသေးတာပဲဥစ္စာ" ဆာဂျီယိုက ပြုံးစိစိဖြင့် ပြောသည်။
"သွားစမ်းပါကွာ၊ မင်းက ငါ့ကို အပြစ်ပေးခံရအောင် လုပ်နေတာလား။"
ဂျမားလ် မျက်တောင်တလှုပ်လှုပ် ဖြစ်သွားသည်။ အရေးကြီးတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို လုပ်ဆောင်နေတဲ့ အဆင့်မြင့် အစိုးရအရာရှိ အလင်းရဲလူသား တစ်ယောက်ဆီကို ဒီလိုအရေးမပါတဲ့ ကိစ္စမျိုးနဲ့ သွားရှုပ်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံရနိုင်မှန်း သူ ကောင်းကောင်း သိနေ၍ ဖြစ်သည်။
"သူ ဆေးရုံမှာပဲ ရှိနေသေးတယ်ဆိုရင်တော့၊ ငါ သွားတွေ့ပြီး ဒီကိစ္စတွေကို အမြန်ဆုံး ရှင်းလင်းလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ် ထင်တယ်"
လီဗိုင်းက ပြောပြောဆိုဆိုဖြင့် ထထိုင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရှီယာနှင့် ကျန်တဲ့သူများက သူ့ကို ပြန်တွန်းချကာ ဆာ ဖန်လင်က အခြေအနေတွေကို လိုက်လံစစ်ဆေးနေဆဲဖြစ်ပြီး အစောဆုံး နောက်ထပ် နာရီအနည်းငယ်ကြာမှ ရောက်လာလိမ့်မည်ဖြစ်ကြောင်း ပြောသဖြင့် လီဗိုင်းလည်း ဆက်လက် စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်သည်။
"ဒါနဲ့ သွေးသလင်းပန်း နဲ့ ပတ်သက်ပြီးတော့ရော" လီဗိုင်းက ခါးသီးစွာ ပြုံးလိုက်သည်။ "ငါတို့ ဒုက္ခမျိုးစုံ ခံခဲ့ရတာတောင် တစ်ပွင့်မှ မတွေ့ခဲ့ရဘူးနော်။ ကိစ္စတွေ ဒီလိုမျိုး ဖြစ်သွားရတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်ကွာ။"
"ဒါက စိတ်မကောင်းစရာဆိုပေမယ့်၊ ငါတို့အားလုံး ဆုံးရှုံးသွားတာတော့ မဟုတ်ပါဘူး" ရှီယာက ပြုံးစိစိဖြင့် ပြောသည်။ "ငါ့ရဲ့ အဆက်အသွယ်တွေကို သုံးပြီး အသတ်ခံလိုက်ရတဲ့ ပင့်ကူတွေဆီက ရတဲ့ ပုံဆောင်ခဲ အမြုတေစေ့ တွေရဲ့ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို ငါတို့ရအောင် စီစဉ်ထားပြီးပြီ"
"တကယ်ကြီးလား။" လီဗိုင်း အံ့ဩသွားသည်။
လွင်ပြင်ကမ္ဘာရဲ့ စည်းမျဉ်းတွေက အားကြီးသူနိုင်စနစ်ကို အများဆုံး လိုက်နာတတ်ကြမှန်း သူ နားလည်ထားသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် အသက်ရှင်ကျန်ရစ်သူတွေကို ခေါ်ဆောင်သွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေက ပင့်ကူအလောင်းတွေဆီကနေ ပုံဆောင်ခဲ အမြုတေစေ့တွေကို လိုက်လံသိမ်းဆည်းကြမည် ဖြစ်သည်။ ထိုအမြုတေစေ့တွေက အစိုးရရဲ့ ဘဏ္ဍာတိုက်ထဲကို တိုက်ရိုက် ရောက်ရှိသွားမှာ ဖြစ်သည်။
ထိုမျှအထိ များပြားလှသော အမြုတေစေ့ ပမာဏကို ရရှိရန်ဆိုလျှင် သူမ၏ ဖခင်ဖြစ်သူက သေချာပေါက် ကြားဝင် စွက်ဖက်ပေးခဲ့ခြင်းကြောင့်သာ ဖြစ်ရမည်။ သူ ထင်ထားသည့်အတိုင်းပင်၊ ရှီယာက သူမ၏ ဖခင်သည် တောအုပ်ကို ရှင်းလင်းရန် သေလုမျောပါး ကြိုးစားခဲ့ရသည့် သူတို့ကို အစိုးရက ခေါင်းပုံဖြတ်မသွားစေရန် သေချာ စီစဉ်ပေးခဲ့ကြောင်း ဆက်ပြောပြသည်။
"စုစုပေါင်း ရရှိတဲ့ ပမာဏရဲ့ ၃၀ ရာခိုင်နှုန်းကတော့ ငါတို့အတွက် အသားစားပင့်ကူ အဆင့် (၁) အမြုတေစေ့ အခုပေါင်း လေးရာ ရရှိခဲ့တယ်" ဟု ရှီယာက မျှဝေသည်။
"ကြားရတာ ဝမ်းသာပါတယ်" လီဗိုင်း သက်ပြင်းချနိုင်သွားသည်။ "အဲဒီပမာဏဆိုရင် မင်းတို့အားလုံး စုံလင်တဲ့ ဆင့်ကဲပြောင်းလဲမှု အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့ လုံလောက်လိမ့်မယ် ထင်တယ်"
"မင်းက ဘာတွေ လာပြောနေတာလဲ" ရှီယာက သူမ၏ လိမ္မော်ရောင် မျက်မှန်ကို အောက်သို့ နှိမ့်ချလိုက်ရင်း ပြောသည်။ "ငါက အဲဒါတွေကို အကုန်လုံး တစ်ယောက်တည်း ယူမယ်လို့ မင်း ထင်နေတာလား။ ငါက အဲဒီလောက်အထိ မယုတ်မာပါဘူးဟ။ ငါတို့ ဒါတွေကို လူတိုင်း ညီတူညီမျှ ခွဲယူဖို့ ဆုံးဖြတ်ထားပြီးသား။ မင်းနဲ့ အာသာ အပါအဝင်ပေါ့။"
"ဟင်? တကယ်ကြီး ပြောနေတာလား။" လီဗိုင်း တကယ်ကို မှင်သက် အံ့ဩသွားတော့သည်။