နောက်တစ်နေ့ မနက်ခင်းတွင်...
တာမာရာ ကင်းစခန်းတစ်ခုလုံးကို စီးမိုးမြင်တွေ့နေရသည့် မှန်ပြတင်းပေါက်ကြီးများပါရှိသော ဇိမ်ခံဆေးရုံခန်း အကျယ်ကြီးတစ်ခုအတွင်းရှိ သက်တောင့်သက်သာရှိလှသည့် ခုတင်ပေါ်တွင် လီဗိုင်း တစ်ယောက် လဲလျောင်းနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စောင်အုပ်ထားပြီး ခေါင်းပိုင်းကိုသာ နွေးထွေးလှသည့် မနက်ခင်း နေရောင်ခြည်က လာရောက်ရိုက်ခတ်နေသည်။
တစ်ဖက်တွင်လည်း အာသာ သည် အနီးနားရှိ ဆိုဖာခုံပေါ်တွင် လူကြည့်ရုံနဲ့တင် လုံးဝ သက်တောင့်သက်သာမရှိလှသည့် ပုံစံကြီးဖြင့် အိပ်ပျော်နေသည်။ ခြေထောက်တစ်ဖက်က ကြမ်းပြင်ပေါ် ရောက်နေပြီး၊ နောက်ခြေတစ်ဖက်က နံရံကို ကန်ထားကာ၊ ရင်ဘတ်တစ်ခြမ်းက ဆိုဖာပေါ်ကနေ လျှံကျနေသည်။ သို့သော်လည်း သူကတော့ ဟောက်သံတဂူးဂူးဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။
'ထတော့... မနက်လင်းနေပြီ။ ငါတို့ တန်ဖိုးရှိတဲ့ နေရောင်ခြည်တွေကို ဖြုန်းတီးပစ်နေကြပြီ။'
'လီဗိုင်း... မင်း ဖင်ကို ကြွပြီး ထစမ်း! မင်း ဆက်တိုက် အိပ်နေတာ ၁၄ နာရီ ရှိသွားပြီ။'
'လီဗိုင်းရေ!!! လီဗိုင်း!!!'
အက်ရှ်ခရယ် က လီဗိုင်းရဲ့ စိတ်ထဲမှာ အသံကုန်အော်ဟစ် နှိုးနေပေမယ့် လီဗိုင်းကတော့ မျက်နှာပေါ်မှာ အသည်းယားစရာ အပြုံးကြီးတစ်ခု ဆင်မြန်းလျက် တခြား ကမ္ဘာတစ်ခုမှာ ရောက်နေခဲ့သည်။
တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူ တကယ့်ကို သာယာစရာကောင်းတဲ့ အိပ်မက်တစ်ခု မက်နေမှန်း ဘယ်သူမဆို ခန့်မှန်းနိုင်ပေသည်။ ဘယ်သူမှ ပြန်မနိုးချင်ကြတဲ့ အိပ်မက်မျိုးပေါ့။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံးလုံး ညတစ္ဆေတွေရဲ့ အဆက်မပြတ် နှောက်ယှက်မှုကို ခံခဲ့ရတဲ့ လီဗိုင်းအတွက်တော့ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ခြောက်လှန့်တဲ့ အိပ်မက်ဆိုးတွေ မမက်ဘဲ အိပ်ပျော်ဖူးခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အက်ရှ်ခရယ်က အခြားညတစ္ဆေတွေရဲ့ ကျူးကျော်မှုကို ကာကွယ်ပေးထားပြီး လီဗိုင်းရဲ့ အိပ်မက်ကို စောင့်ရှောက်ပေးထား၍ ဖြစ်သည်။
လီဗိုင်းဟာ လက်ရှိကမ္ဘာရဲ့ အရာအားလုံးကို မေ့လျော့ပြီး အိပ်မက်ကမ္ဘာထဲမှာ ပျော်မွေ့နေခဲ့သည်။ အိပ်မက်ထဲမှာ သူက ဖခင်ဖြစ်သူ၊ ညီလေးဖြစ်သူတို့နဲ့အတူ အိမ်နောက်ဖေးမှာ တူတူပုန်းတမ်း ကစားနေကြပြီး၊ မိခင်ဖြစ်သူကတော့ မီးဖိုချောင်ထဲမှာ နွေးထွေးတဲ့ ဟင်းလျာတွေကို ချက်ပြုတ်ပေးနေသည်။
ကောင်းကင်ကြီးက ပြာလွင်နေပြီး နေရောင်ခြည်ကလည်း နူးညံ့ကာ ဘဝက အလွန်ပင် ရိုးရှင်းလှသည်။
အခြား သာမန်မိသားစုတွေလိုပဲ... ထူးထူးခြားခြားကြီး မဟုတ်၊ ကြီးကျယ်ခမ်းနားမနေ။ သာမန်မိသားစုတစ်ခုရဲ့ နေ့စဉ်ဖြတ်သန်းမှုလေး သက်သက်သာ ဖြစ်သည်။
သို့ပေမယ့် ဒါဟာ လီဗိုင်း အမြဲတမ်း မက်ချင်ခဲ့တဲ့ ထာဝရအိပ်မက် ဘဝလေးပဲ ဖြစ်သည်။
ဒီလိုဘဝမျိုးကိုသာ ပြန်ရမယ်ဆိုရင် သူ ဘာကိုမဆို ပေးဆပ်ဖို့ အဆင်သင့်ရှိနေခဲ့သည်။ သူ မျက်မမြင်အဖြစ် ဆက်ရှိနေဦးမယ် ဆိုရင်တောင်မှ ဂရုမစိုက်ပါ။ သူ့နှလုံးသားထဲမှာ မိဘတွေရဲ့ အနားမှာရှိနေပေးမှုနဲ့ မေတ္တာတရားသာ ရှိနေမယ်ဆိုရင် ဒီအမှောင်ထုက ခံရတာ ပိုသက်သာလိမ့်မယ်လို့ တွေးထားခဲ့သည်။
'ထားလိုက်ပါတော့လေ... ရှေ့မှာ ခက်ခဲတဲ့ ခရီးစဉ်တစ်ခုက စောင့်ကြိုနေတာဆိုတော့၊ သူ့ဆီကနေ အလုခံခဲ့ရတဲ့အရာလေးနဲ့ပဲ ဘဝကို အစပြုခွင့် ပေးလိုက်ပါ့မယ်။'
အက်ရှ်ခရယ်ဟာ လီဗိုင်းရဲ့ အေးချမ်းနေမှုကို စိုက်ကြည့်ရင်း သူ ဘယ်လိုအိပ်မက်မျိုး မက်နေလဲဆိုတာကို သိသွားတဲ့အခါ၊ ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ ဗီဇဆိုးကြီးကို ထိန်းချုပ်လိုက်သည်။ သူသာ စိတ်ပုပ်ချင်ရင် လီဗိုင်းရဲ့ အိပ်မက်ကို အလွယ်တကူ ဖျက်ဆီးပြီး နှိုးပစ်လို့ ရပေမယ့် အခုတော့ သူ့မျက်လုံးကို မှိတ်လိုက်ပြီး ဒီအတိုင်းပဲ လွှတ်ထားပေးလိုက်ပါတော့သည်။
ကံကောင်းထောက်မစွာဖြင့် မနက် ၈ နာရီ တိတိ ရောက်တဲ့အချိန်မှာတော့ လီဗိုင်းရဲ့ ဇီဝနာရီက အလိုအလျောက် အလုပ်လုပ်လာခဲ့သည်။
သူ့အလိုဆန္ဒနဲ့ ဆန့်ကျင်ပြီး အိပ်မက်က ပျက်ပြယ်သွားကာ သူ၏ အသိစိတ်က အဆုံးမဲ့ အမှောင်ထုကြီးဆီကို ပြန်လည်ရောက်ရှိလာသည်။ သူ နိုးလာခဲ့ပြီ ဖြစ်သော်လည်း၊ သူ့မျက်လုံးနေရာမှာ မီးလောင်ကျွမ်းထားတဲ့ အမာရွတ်တွေပဲ ရှိနေတာကြောင့် သူ နိုးနေလား၊ မနိုးဘူးလား ဆိုတာကိုတော့ ဘယ်သူမှ ခွဲခြားသိနိုင်မည် မဟုတ်ပေ။
လီဗိုင်းက ခုတင်ပေါ်မှာ ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး ဒီခုတင်က သူ့အိမ်က ခုတင်နဲ့ မတူဘူးဆိုတာကို အာရုံခံမိလိုက်သည်။ သူက သတိ အပြည့်ထားလိုက်ပြီး လက်တွေကို ဆန့်ထုတ်ကာ ဘေးပတ်ဝန်းကျင်က အရာအားလုံးကို လိုက်စမ်းကြည့်သည်။
သူ့လက်ကောက်ဝတ်မှာ ချိတ်ထားတဲ့ ပလတ်စတစ်ပိုက်လိုင်း (အကြောဆေးပိုက်) နဲ့ ခုတင်ဘေးက သံကိုယ်ထည် အကာအရံတွေကို စမ်းမိလိုက်တဲ့အခါ သူ ဆေးရုံကို ရောက်နေပြီဆိုတာ သိလိုက်ရသည်။
မကြာခင်မှာပဲ ဟာရိုးရင်းတောအုပ် ထဲမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေက သူ့ဦးနှောက်ထဲကို ရေလိုအိုင်လို တိုးဝင်လာတာကြောင့် ခဏမျှ စိတ်ရှုပ်ထွေးသွားရသည်။
ထို့နောက် သူက သူ့မျက်နှာကို ပြန်စမ်းရင်း "ငါ တကယ်ပဲ အလင်းလူသား တစ်ယောက် ဖြစ်သွားပြီလား" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်း ရင်ထဲမှာ သံသယ ရှိနေသေးရင် မင်းရဲ့ အသိစိတ်ကို ဗိုက်ဆီကို ပို့ကြည့်ပြီး မင်းရဲ့ အမြုတေစေ့ ကို ခံစားကြည့်လိုက်လေ" ဟု အက်ရှ်ခရယ်က သူ၏ စိတ်အာရုံမြင်ကွင်းထဲမှာ ပေါ်လာပြီး ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
သို့သော် လီဗိုင်းက အက်ရှ်ခရယ် ပြောတာကို မကြားလိုက်မိပေ။ သူက အက်ရှ်ခရယ်ကို ကြောင်တောင်တောင်နဲ့ စိုက်ကြည့်ရင်း အထက်အောက် အကဲခတ်နေမိသည်။
ထို့နောက် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး လီဗိုင်းက တခစ်ခစ် ရယ်မောသံပြုရာကနေ အသံတွေ တဖြည်းဖြည်း ကျယ်လာကာ အက်ရှ်ခရယ်ကို လက်ညှိုးထိုးပြီး အူလှိုက်သည်းလှိုက်ကို ဗိုက်နှိပ်ရယ်ပါတော့သည်။
လီဗိုင်း ဒီလိုဖြစ်သွားတာကလည်း မဆန်းပါပေ။ အဘယ်ကြောင့်ဆိုသော် အက်ရှ်ခရယ်ရဲ့ အရင်က ကြောက်မက်ဖွယ်ကောင်းပြီး ထိတ်လန့်စရာ ပုံစံကြီးက အခုဆိုရင် ဘယ်နားမှ ရှာမတွေ့တော့ဘဲ ဖြစ်နေ၍ ဖြစ်သည်။
သူက အခုဆို ကျောဘက်မှာ အတောင်ပံသေးသေးလေး နှစ်ဖက်နဲ့ အောက်ခြေမှာ ချစ်စရာ ခြေထောက်သေးသေးလေးတွေ ပါရှိတဲ့ 'မျောလွင့်နေတဲ့ မျက်လုံးတစ်လုံး' အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ့ရဲ့ မီးခိုးရောင် သားရေလို အရေပြားကြီးကလည်း အမည်းရောင် အမွေးပွပွလေးတွေအဖြစ် ပြောင်းလဲသွားပြီး၊ ကြောက်စရာ မျက်လုံးအိမ်ကြီးကတော့ အလယ်ဗဟိုမှာ ဖြတ်ကျော်နေတဲ့ အရောင်သုံးမျိုးပါ စာကြောင်းတွေအဖြစ် ပြောင်းလဲသွားသည်။ စာကြောင်းတစ်ကြောင်းက ရွှေရောင်၊ တစ်ကြောင်းက အမည်းရောင်နဲ့ နောက်ဆုံးတစ်ကြောင်းကတော့ အနီရောင် ဖြစ်သည်။
ကြည့်ရတာ ညတစ္ဆေတစ်ကောင်ထက်စာရင် ချစ်စရာ တိရစ္ဆာန်လေးတစ်ကောင်လို ဖြစ်နေသည်။
"ကောင်စုတ်လေး... မင်းအိပ်မက်ကို ငါ ဖျက်ဆီးပစ်ခဲ့ရမှာ" အက်ရှ်ခရယ်က စိတ်တိုတိုနဲ့ မျက်တောင်တလှုပ်လှုပ် လုပ်ပြပေမယ့် ဒါက သူ့ကို ပိုပြီးတော့တောင် ချစ်စရာကောင်းသွားစေသည်။
"ဟားဟားဟားဟား!! မရတော့ဘူး! ငါ အော်ရယ်ရတော့မယ်!"
"ရယ်ထားဦးပေါ့ကွာ၊ ငါ မင်းကို မင်းရဲ့ တက်တူးကို ပြလိုက်ရင် မင်း ဆက်ရယ်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့" အက်ရှ်ခရယ်က ရွဲ့ပြုံး ပြုံးလိုက်သည်။
လီဗိုင်းက သူ့စကားကို မေ့ထားလိုက်ပြီး ဒီလိုနေ့မျိုးကို မျှော်လင့်နေခဲ့တာ အလွန်ကြာပြီ ဖြစ်တာကြောင့် ဆက်တိုက် ရယ်မောနေခဲ့သည်။ သူဟာ နေ့တိုင်း အက်ရှ်ခရယ်ရဲ့ နှိပ်စက်မှုကို ခံခဲ့ရပြီး အက်ရှ်ခရယ်က သူ့ကို အမြဲတမ်း အမုန်းဆုံးလူလို ဆက်ဆံခဲ့တာ ဖြစ်သည်။ အခုတော့ သူ ကလဲ့စားချေရမယ့် အလှည့် ရောက်လာပြီမို့ လီဗိုင်းက လုံးဝ အလျှော့ပေးမှာ မဟုတ်ပေ။
"မင်း မျက်တောင်ခတ်လိုက်ရင် ကြည့်ရတာ မသန်စွမ်းဖြစ်နေတဲ့ မြေပဲစေ့လေးကျနေတာပဲ" ဟု လီဗိုင်းက စတင်နှိမ်လိုက်သည်။
"အင်းပါ... ရယ်စရာကြီးနော်" အက်ရှ်ခရယ်က စိတ်ပျက်လက်ပျက်နဲ့ ရွဲ့ပြောပြောလိုက်သည်။
"နေဦး၊ ငါ့မှာ ဒီထက်မိုက်တာ ရှိသေးတယ်" လီဗိုင်းက တဟားဟား ရယ်ရင်း "အဲဒီ အတောင်ပံတွေက ပျံဖို့ မဟုတ်ဘူး ထင်တယ်၊ မင်းရဲ့ ခန္ဓာကိုယ်ကြီးကို ကြည့်ပြီး လူတွေ အာရုံမလွဲသွားအောင် ဟန်ပြတပ်ထားတာမလား"
"..." အက်ရှ်ခရယ်တစ်ယောက် စကားလုံး ကုန်သွားသည်။ ပြန်ရယ်ချင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်နှိမ်သလို ဖြစ်နေတာကြောင့် အောင့်ထားရသည်။
"အိုး... အိုး! ငါ့မှာ နောက်တစ်ခု ရှိသေးတယ်... မင်းကို ကြည့်ရတာ ဘာကောင်ဖြစ်ရမှန်း မသိဘဲ စိတ်ဝေခွဲမရဖြစ်နေတဲ့ အမွေးပွ တင်းနစ်ဘောလုံးလေးကျနေတာပဲ။"
လီဗိုင်းက ခုတင်ကို ရိုက်ပြီး ရယ်မောနေခဲ့သည်။ တကယ်လို့ သူ့မှာသာ မျက်လုံးရှိရင် မျက်ရည်တွေက နိုင်အာဂရာ ရေတံခွန်ကြီးလို စီးကျနေလောက်ပြီ ဖြစ်သည်။
"ရယ်လို့ ဝပြီလား"
"ကျေးဇူးပြုပြီး နောက်တစ်ချက်လေးပဲ ပေးရယ်ပါ"
"မရဘူး။"
"လုပ်ပါကွာ... ငါ ကတိပေးတယ်၊ ဒီတစ်ချက်က တကယ် မိုက်တယ်"
"စိတ်ရှုပ်စရာကောင်းလိုက်တာ... ကဲ ပြော"
သူ့ရဲ့ တောင်းတောင်းတန်တန်နဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာပေးကို မြင်တော့ အက်ရှ်ခရယ်က သူ့အတောင်ပံလေးကို လက်လိုမျိုး ဝေ့ယမ်းပြပြီး ပြောခွင့်ပြုလိုက်သည်။
"မင်းက ကြည့်ရတာ 'ပြုပြင်ဆဲ' လင်းနို့ဗားရှင်းကြီးကျနေတာပဲ၊ ဒါပေမယ့် ထူးခြားတာက ပြုပြင်မှုက လမ်းခုလတ်မှာတင် ရပ်တန့်သွားတာ ဟားဟားဟား!"
"အေးပါ... ဒါကတော့ မဆိုးပါဘူး၊ ငါ အရှုံးပေးပါတယ်" အက်ရှ်ခရယ်ကလည်း ဆက်ပြီး တည်မနေနိုင်တော့ဘဲ တဟားဟား လိုက်ရယ်ပါတော့သည်။
"ဒါနဲ့ မင်း ဘာဖြစ်သွားတာလဲ" လီဗိုင်းက ရယ်သံတွေ တဖြည်းဖြည်း တိုးသွားရင်း မေးလိုက်သည်။
"ဒါက ငါ့ရဲ့ အဆင့် ၁ စတင်တဲ့ ပုံစံပဲ။ တခြား ညတစ္ဆေတွေနဲ့ မတူတာက ငါ့ရဲ့ နောက်ဆုံးပုံစံက မင်း ရွေးချယ်မယ့် ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းအပေါ်မှာပဲ မူတည်တယ်" အက်ရှ်ခရယ်က လီဗိုင်းရဲ့ ပခုံးပေါ်မှာ လာထိုင်ရင်း အေးအေးဆေးဆေး ရှင်းပြသည်။
တစ်နည်းအားဖြင့် လီဗိုင်း အမြဲတမ်း တွေ့ကြုံခဲ့ရတဲ့ ပုံစံကြီးက သူ့ရဲ့ အမြဲတမ်း ပုံစံမဟုတ်ပေ။ အဲဒါက သူ့ရဲ့ မူလပုံစံ ဖြစ်နိုင်သော်လည်း ပြောင်းလဲလို့ ရနေဆဲ ဖြစ်သည်။
အခု သူက ဆင့်ကဲပြောင်းလဲခြင်း ခရီးစဉ်ကို အစကနေ ပြန်စရတော့မှာ ဖြစ်တာကြောင့် လီဗိုင်းရဲ့ ရွေးချယ်မှုတွေအပေါ် မူတည်ပြီး သူက လုံးဝ ကွဲပြားတဲ့ ပုံစံ သို့မဟုတ် အရင်ပုံစံနဲ့ ဆင်တူတဲ့ ပုံစံအဖြစ် ပြောင်းလဲသွားနိုင်တာ ဖြစ်သည်။
"ဒါပေမယ့် အဲဒီလောက်တောင် ချစ်စရာကောင်းနေဖို့ လိုလို့လားကွာ၊ အခုဆို ငါတို့ နှစ်ယောက်စလုံး အလှောင်ခံရတော့မယ်" လီဗိုင်းက တဟားဟား ရယ်ရင်း "မျက်မမြင် ကောင်လေးတစ်ယောက်က မျက်လုံးတစ်လုံးတည်းရှိတဲ့ လင်းနို့နဲ့ စာချုပ်ချုပ်ထားတယ်တဲ့... သတ္တဝါနှစ်ကောင် ပေါင်းလိုက်တာတောင် မျက်လုံးသုံးလုံး လိုနေသေးတယ်၊ တကယ့် ရယ်စရာကြီးပဲ"
"စိတ်မပူပါနဲ့၊ ငါတို့ကောင်တွေကို အပြတ်အသတ် နှိမ်နင်းဖို့အတွက် ဒီမျက်လုံးတစ်လုံးတည်းနဲ့တင် လုံလောက်ပါတယ်" အက်ရှ်ခရယ်က ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။
"ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ" လီဗိုင်းရဲ့ မျက်နှာအမူအရာက ရုတ်တရက် တည်တံ့သွားပြီး စိတ်ထဲကနေ လှမ်းမေးလိုက်သည်။ 'ငါ သတိလစ်သွားပြီးနောက် ဘာတွေဖြစ်ခဲ့လဲ။ ငါ့ညီလေးရော အဆင်ပြေရဲ့လား'
'သူ အဆင်ပြေပါတယ်' ဟု အက်ရှ်ခရယ်က ပြန်ပြောသည်။ 'သူ အနားက ဆိုဖာပေါ်မှာ အိပ်ပျော်နေတယ်'
'တော်သေးတာပေါ့၊ ထားလိုက်ပါဦး' သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအပြီးမှာ သူတို့ နှစ်ယောက်စလုံး အသက်ရှင်လျက် လွတ်မြောက်လာခဲ့တာကိုပဲ သူ ဝမ်းသာလှပြီ ဖြစ်သည်။ ဒီအခြေအနေက သူ့ကို ကြီးမားတဲ့ သင်ခန်းစာတစ်ခု ပေးခဲ့သည်။ ကိုယ်က ကြိုတင်ပြင်ဆင်ထားခဲ့ရင်တောင် အရာအားလုံးက ကိုယ်ရေးထားတဲ့ ဇာတ်ညွှန်းအတိုင်း ဖြစ်မလာနိုင်ဘူးဆိုတာကိုပါ... အထူးသဖြင့် ဒီမြေရိုင်းပြင်ကြီးတွေနဲ့ ပတ်သက်လာရင်ပေါ့။
'ဒါနဲ့ တခြားသူတွေကော။ ငါတို့ကို ဘယ်လို ကယ်ခဲ့တာလဲ။ သူတို့ ငါ့ခန္ဓာကိုယ်ပေါ်က တက်တူးကို မြင်သွားကြပြီလား' လီဗိုင်းက မျက်မှောင်ကြုတ်လိုက်မိသည်။ 'ငါ နိုးလာရင် စာချုပ်အကြောင်းတွေ လာမေးဖို့ စောင့်နေကြတော့မှာပဲ'
'မင်းသူငယ်ချင်းတွေ အကုန်လုံး အဆင်ပြေကြတယ်၊ ပြီးတော့ ဘယ်သူမှ မင်းရဲ့ တက်တူးကို မမြင်ဖူးသေးဘူး' အက်ရှ်ခရယ်က နှာခေါင်းရှုံ့လိုက်သည်။ 'မင်းက ငါ့ကို အပျော်တမ်း သမားလို့ ထင်နေတာလား။ ငါ မင်းရဲ့ တက်တူးကို ဝှက်ထားပြီးသားပါ'
'တကယ်လား။ အဲလို လုပ်လို့ရတာလား' လီဗိုင်းက အံ့ဩပြီး မျက်ခုံးပင့်လိုက်သည်။
အလင်းရဲကောင်း သို့မဟုတ် မိစ္ဆာအပိုင်စီးခံရသူတွေရဲ့ တက်တူးဆိုတာက စာချုပ်သက်တမ်း ကုန်ဆုံးမှသာ ဖျက်ပစ်လို့ရတဲ့ အမြဲတမ်း တက်တူးတွေဖြစ်မှန်း သူ နားလည်ထားသည်။
'ငါ့ရဲ့ စွမ်းအားတွေ အလုမခံရခင်ကတည်းက အဲဒီတက်တူးအပေါ်မှာ အမြဲတမ်း ကွယ်ဝှက်ခြင်း မန္တန်တစ်ခု လုပ်ထားခဲ့တာ။ အဲဒါကို ပြန်ဖော်ဖို့ဆိုရင် ကာရန်ရှိတဲ့ မန္တန်တိုလေးတစ်ခုကို ရွတ်ဆိုရုံပဲ'
'ဉာဏ်ကောင်းသားပဲ' လီဗိုင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ 'အလင်းရဲကောင်းတွေ ဒီလောက်အများကြီး သေဆုံးသွားရတဲ့အတွက် အာဏာပိုင်တွေက ငါတို့တစ်ယောက်ချင်းစီကို စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေကြမှာ သေချာတယ်'
လီဗိုင်း ပြောသလိုပင်၊ ဟာရိုးရင်းတောအုပ်ကနေ ကယ်တင်လာတဲ့ အလင်းရဲကောင်း အားလုံးကို ဒီဆေးရုံမှာပဲ ထားရှိထားပြီး၊ ကိစ္စတွေ ငြိမ်သက်သွားတဲ့အခါ စုံစမ်းစစ်ဆေးမှုတွေ စတင်တော့မည် ဖြစ်သည်။
ဒီလို ဖြစ်ရပ်မျိုးတွေမှာ မိစ္ဆာအပိုင်စီးခံရသူ သို့မဟုတ် လမ်းမှားရောက်သွားတဲ့ အလင်းရဲကောင်းတွေ ပါဝင်ပတ်သက်နေတာက သေချာသလောက် ရှိနေသည်။ အချက်ပြလှိုင်း ဖြတ်တောက်တဲ့ စက်ကို တွေ့ရှိခဲ့ရခြင်းက ပိုပြီးတော့တောင် သေချာစေသည်။
'ဒါနဲ့ အဲဒီမန္တန်က ဘာလဲ၊ ပြီးတော့ မင်း တက်တူးကို ဘယ်နေရာမှာ ထိုးထားတာလဲ' လီဗိုင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စမ်းသပ်ကြည့်ပေမယ့် တက်တူးကို ရှာမတွေ့တာကြောင့် မန္တန်အကြောင်းကို ပြန်မေးလိုက်သည်။
လူတစ်ယောက်ချင်းစီက သူတို့စိတ်ကြိုက် နေရာတွေမှာ တက်တူး ထိုးလေ့ရှိကြသည်။ သို့သော် လီဗိုင်းရဲ့ စာချုပ်ချုပ်ဆိုခြင်း အတွေ့အကြုံက အလွန်တရာ ကွဲပြားပြီး နာကျင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တာကြောင့် တက်တူးကို ဘယ်နေရာမှာ ထိုးလိုက်လဲဆိုတာကို သူ သတိမထားမိခဲ့ချေ။
အက်ရှ်ခရယ်က သူ့ကို မန္တန်တိုလေးကို ပြောပြလိုက်သည်။ အဲဒါက ရှုပ်ရှုပ်ထွေးထွေး သို့မဟုတ် အရှည်ကြီး မဟုတ်ပေ။ ဒါပေမယ့် တက်တူးနေရာနဲ့ ပတ်သက်လာရင်တော့ သူက ကောက်ကျစ်တဲ့ အပြုံးကြီးတစ်ခုကိုသာ ပြသလိုက်သည်။
'မင်း ဘာလုပ်လိုက်တာလဲ...' အက်ရှ်ခရယ်ရဲ့ တိတ်ဆိတ်မှုကို ကြည့်ပြီး လီဗိုင်းတစ်ယောက် သွေးတွေ အေးခဲသွားသလို ခံစားလိုက်ရသည်။
သူက ပြန်မဖြေတာကို မြင်တော့ လီဗိုင်းက မန္တန်ကို ချက်ချင်းပဲ တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ (မင်နှင့် အရေပြားဖြင့် အတွင်း၌ ပေါ်လာစေ၊ ဝှက်ထားသော အမှတ်အသားများ ယခု ပြန်လည် တောက်ပပါစေ။)
ရွတ်ဆိုပြီးတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ဖင်ကြားအထက် (ခါးအောက်ပိုင်း) နေရာလေးမှာ ရုတ်တရက် ပူခနဲ လောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။
"မဟုတ်မှလွဲရော... မင်း မလုပ်လောက်ပါဘူးနော်..."
လီဗိုင်းက ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာပေးနဲ့ သူ့ရဲ့ မြီးညှောင့်ရိုးအထက် နေရာဆီကို တုန်ရင်နေတဲ့ လက်နဲ့ လှမ်းစမ်းလိုက်သည်။ လကွယ်၊ သူ့ရဲ့ မျှော်လင့်ချက်တွေ ပျက်ပြယ်သွားပြီး သူ့လက်ချောင်းတွေက အေးစက်နေတဲ့ အမည်းရောင် မင်ရာ တက်တူးကို သွားစမ်းမိပါတော့သည်။
"မင်း ငါ့ကို 'ဖင်ပေါ်တက်တူး ကြီး ထိုးပေးလိုက်တာလား..." လီဗိုင်းက အရှက်သည်းစွာနဲ့ မျက်နှာကို လက်တစ်ဖက်နဲ့ အုပ်လိုက်ပြီး ကျန်တဲ့လက်တစ်ဖက်ကတော့ တက်တူးကို ဆက်စမ်းနေမိသည်။ "မင်းလို ကောင်စုတ်ကြီး၊ ဒါကတော့ လွန်သွားပြီကွာ။"
"မင်းက ဘာတွေ ပြောနေတာလဲ။ အဲဒါက ငါတို့ အရိပ်မင်းဆက် မှာ အကောင်းဆုံး၊ အမွန်မြတ်ဆုံး နေရာကွ" အက်ရှ်ခရယ်က မခံချင်စိတ်နဲ့ ပြန်ပြောသည်။ "မင်းစိုးရာဇာတွေပဲ သူတို့ရဲ့ မြီးညှောင့်ရိုးပေါ်မှာ တက်တူးထိုးပိုင်ခွင့် ရှိတာ။"
"တကယ်လား"
"လီးကို တကယ်ရမှာလား၊ အဲဒါက ရာနှုန်းပြည့် မိန်းကလေးတွေ ထိုးတဲ့ ဖင်ပေါ်တက်တူးကြီးကွ ဟားဟားဟားဟား!" အက်ရှ်ခရယ်က လှောင်ပြောင်ရယ်မောရင်း ခုနက လီဗိုင်း နှိမ်ခဲ့သမျှကို အူလှိုက်သည်းလှိုက် ကလဲ့စားချေပါတော့သည်။
လီဗိုင်းလည်း တစ်စက္ကန့်မျှပင် ထပ်မတွေးချင်တော့တာကြောင့် တက်တူးကို ကွယ်ဝှက်တဲ့ မန္တန်ကို ချက်ချင်းပြန်ရွတ်ပြီး ဖျောက်လိုက်သည်။ မမြင်ရရင် စိတ်အေးရတာပေါ့လေ။
'ရပါတယ်၊ ရပါတယ်... ဘယ်သူမှ မြင်မှာ မဟုတ်ပါဘူး...' လီဗိုင်းက မတတ်သာတဲ့ အဆုံး သက်ပြင်းချလိုက်သည်။
'တခြားသူတွေကို ငါ ဂရုမစိုက်ပါဘူး' အက်ရှ်ခရယ်က ပြုံးဖြီးဖြီးနဲ့ ပြောသည်။ 'အဓိကက ငါသိနေဖို့ပဲလေ။ မင်း နောက်ဆို ငါနဲ့ စကားနိုင်လုရင် ဘယ်တော့မှ နိုင်မှာ မဟုတ်တော့ဘူး၊ ကြားလား ဖင်ပေါ်တက်တူးလေးရေ'
'ခွေးကောင်ကတော့ ခွေးကောင်ပါပဲလား' လီဗိုင်း မျက်ခုံးတွေ တလှုပ်လှုပ် ဖြစ်သွားသည်။
အက်ရှ်ခရယ်ရဲ့ ပြောင်လှောင်မှုကို ဘယ်လိုမှ မယှဉ်နိုင်မှန်း သိလိုက်ရတော့ လီဗိုင်းက စကားလမ်းကြောင်းလွှဲဖို့အတွက် ခုနက အက်ရှ်ခရယ် ပြောခဲ့တဲ့ 'အမြုတေစေ့ ' အကြောင်းကို ပြန်မေးလိုက်သည်။
သူက အဲဒါ ဘာလဲဆိုတာကို မမြင်ရသေးသလို၊ စာချုပ်ချုပ်စဉ်က သူ့ကို အစိမ်းလိုက် လောင်ကျွမ်းစေခဲ့တာမို့ အနည်းငယ်တော့ စိတ်ပူနေမိသည်။
'ပထမဆုံးအနေနဲ့ မင်းရဲ့ စိတ်အာရုံအမြင်ကို သုံးပြီး အဲဒါ ဘာလဲဆိုတာကို ဝင်ကြည့်လိုက်ဦး' အက်ရှ်ခရယ်က ပြောသည်။ 'တခြား အသစ်အသစ်သော ကောင်တွေနဲ့ ယှဉ်ရင် မင်းအတွက်က အများကြီး ပိုလွယ်လိမ့်မယ်။'
လီဗိုင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး တစ်နေ့တာရဲ့ မိနစ်တိုင်းမှာ သူ့ရဲ့ စိတ်အာရုံအမြင်ကို သုံးစွဲခဲ့တာ ဖြစ်လို့ ဒါက သူ့အတွက် စာဖွဲ့စရာ မဟုတ်ပေ။
ထင်ထားတဲ့အတိုင်းပဲ၊ သူက သူ့ရဲ့ ဗိုက်ဆီကို အာရုံစိုက်လိုက်တဲ့ အခါမှာတော့ ထူးဆန်းတဲ့ အဖြူရောင် အရည်တွေ ပြည့်နှက်နေတဲ့ ကျုံ့ဆန့်နိုင်တဲ့ အလုံးအဝိုင်းကြီး တစ်ခုကို တွေ့လိုက်ရလို့ ထိတ်လန့်သွားသည်။ အဲဒီအထဲမှာတော့ တစ်ခုနဲ့တစ်ခု ပတ်ချာလည် လည်ပတ်နေပြီး ရှုပ်ထွေးပွေလီနေတဲ့ အမြုတေစေ့ သုံးစေ့ ရှိနေသည်။
တွင်းနက်ကြီး (Black hole) တစ်ခုနဲ့ တူတဲ့ စုန်းစုန်းတောက် အမည်းရောင် အမြုတေစေ့ တစ်စေ့၊ သေးငယ်တဲ့ ကြယ်တစ်ပွင့်လို မျက်စိကျိန်းမတတ် တောက်ပနေတဲ့ အမြုတေစေ့ တစ်စေ့၊ ပြီးတော့ နောက်ဆုံးတစ်ခုကတော့ အဆက်မပြတ် ခုန်လှုပ်နေတဲ့ သွေးရောင် အနီရောင် အမြုတေစေ့ ဖြစ်သည်။
လီဗိုင်း စာအုပ်တွေထဲမှာ အမြဲဖတ်ဖူးပြီး သူ့ဘဝတစ်လျှောက်လုံး ပိုင်ဆိုင်ချင်ခဲ့တဲ့ 'အရိပ်သက်စောင့် အမြုတေစေ့ ကိုတော့ ဘယ်နေရာမှာမှ ရှာမတွေ့ချေ။
'ဒါက ဘာကြီးလဲ' လီဗိုင်းက ဘယ်လို တုံ့ပြန်ရမှန်း မသိဘဲ မေးလိုက်သည်။
'စိတ်အေးအေးထားပြီး မင်းရဲ့ အသိစိတ်ကို ဖွင့်ထားလိုက်' အက်ရှ်ခရယ်က တည်ငြိမ်စွာ အကြံပေးသည်။ 'ငါက နှစ်ခါ ပြန်ပြောမှာ မဟုတ်ဘူး၊ ဒါကြောင့် အာရုံစိုက်ထား။'
ဒီစကားကို ကြားတော့ လီဗိုင်းတစ်ယောက် အာရုံအပြည့် စိုက်လိုက်ပါတော့သည်။
'ပထမဆုံးအနေနဲ့ ငါ မေးပါရစေဦး' အက်ရှ်ခရယ်က စိတ်ချင်း ဆက်သွယ်ပြီး မေးလိုက်သည်။ 'မင်း လောကဓာတ် သီအိုရီတစ်ခုဖြစ်တဲ့ (ရုပ်ဝတ္ထုသုံးခု ပြဿနာ) အကြောင်း ကြားဖူးလား'