လီဗိုင်း၏ အစီအစဉ်က ကောင်းမွန်လှပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိပုံရသော်လည်း၊ ဂျမားလ်အနေဖြင့်မူ သူ၏ ဝိညာဉ်မြှား ကို အသုံးပြုကာ ပတ်ဝန်းကျင်ကို အချိန်မှန်စစ်ဆေးရန် အမိန့်ပေးခံထားရဆဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဤသစ်တောကြီးထဲတွင် မန်တစ်တစ်ယောက်တည်း ရှိနေသည်မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် သူ၏မြှားအာရုံခံကွင်းပြင်ထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ ပေါ်မလာခဲ့ပေ။
ထိုသတင်းကို ကြားရလျှင် ရှီအာက သဘာဝရတနာများကို ရှာဖွေရန် လူတိုင်းကို ထပ်မံအမိန့်ပေးလိုက်သည်။
သစ်တော၏အလယ်ဗဟိုတွင် ဘာမှမတွေ့ခဲ့ရသော်လည်း သူမသည် မျှော်လင့်ချက်ကို လုံးဝလက်မလျှော့သေးပေ။
ဤသစ်တောကြီးသည် တောင်ကုန်းများ၊ အိုင်များနှင့် မြစ်ချောင်းများဖြင့် လွန်စွာကျယ်ပြောလှသောကြောင့် မန်တစ်၏အဖွဲ့တွင် အလင်းလူသား တစ်ရာကျော် ပါဝင်နေစေကာမူ ရှီအာတို့အဖွဲ့နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ရန်ခဲယဉ်းလှသည်။
ထို့အပြင် လူတိုင်းကလည်း သဘာဝရတနာများကို ရှာဖွေရန်သာ အာရုံစိုက်နေကြသဖြင့် ရှီအာတို့အဖွဲ့ကို ရန်စရန် အချိန်မဖြုန်းချင်ကြပေ။
မန်တစ်ကိုယ်တိုင်လည်း စာချုပ်ပါအချက်အလက်များတွင် ရတနာရှာဖွေရန်သာ ပါဝင်သောကြောင့် ရှီအာတို့ကို လိုက်လံတိုက်ခိုက်ရန် အမိန့်မပေးနိုင်ခဲ့ချေ။
ဤသို့ဖြင့် နာရီအတော်ကြာအောင် အေးအေးချမ်းချမ်း ကုန်လွန်သွားခဲ့ပြီး မကြာမီမှာပင် နေမင်းကြီးသည် သူ၏နောက်ဆုံးအလင်းရောင်ခြည်များကို ဖြာကျပေးနေခဲ့ပြီဖြစ်သည်။
"ညဉ့်ဝတ်စုံသိုင်းကြိုးတွေနဲ့ မီးချောင်းတွေကို ပြင်ထားကြတော့။"
ရှီအာတို့ကို ရှာဖွေရန်အလုပ်ကို အကုန်ပစ်ပယ်ပြီး သူမအပေါ်မှာပဲ အာရုံအပြည့်မစိုက်သရွေ့ ရှာတွေ့ဖို့မဖြစ်နိုင်တော့မှန်း သိလိုက်ရသဖြင့် မန်တစ်က စိတ်ပျက်လက်ပျက်မျက်နှာထားဖြင့် အမိန့်ပေးလိုက်သည်။
ညဉ့်ယံအမှောင်ထုသည် သစ်တောကြီးအပေါ် လွှမ်းခြုံလာပြီး၊ တိမ်စိုင်တိမ်ခဲများ၏ အက်ကြောင်းလေးများကြားမှ လမင်းကြီးသည် သူမ၏နူးညံ့သောအလင်းရောင်ကို ပေးစွမ်းလာချိန်တွင် သစ်တောတစ်ခုလုံး၌ ပြန့်ကျဲနေသော မီးရောင်စက်လေးများကိုသာ မြင်တွေ့ရတော့သည်။
အတန်ကြာပြီးနောက်...
"ငါပဲ ခံစားရလို့လားမသိဘူး... သစ်တောကြီးက တစ်မျိုးကြီး ပတ်ဝန်းကျင်က အေးဆေးလွန်းမနေဘူးလား။" လှည့်ပတ်သွားလာနေသော ညတစ္ဆေတစ်ကောင်တည်းကိုမျှ မတွေ့ရသဖြင့် မာဆိုင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။
"မင်းက ငါ့အေဂျင်စီရဲ့ စွမ်းဆောင်ရည်ကို သံသယဝင်နေတာလား။" မန်တစ်က အေးစက်စွာ မျက်မှောင်ကြုတ်လိုက်သည်။ "ငါတို့ကို တစ်ောလုံးကို မရှင်းလင်းနိုင်တဲ့ ဒုတိယတန်းစား အေဂျင်စီလို့ ထင်နေတာလား..."
ရှပ်... ရှပ်... ရှပ်...
ရုတ်တရက် သစ်ရွက်ခြောက်များအပေါ်တွင် သေးငယ်သော ခြေတံများဖြင့် တရွတ်တိုက်ပြေးလွှားနေသကဲ့သို့ ခပ်တိုးတိုးဆူညံသံတစ်ခု လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ရှူး..."
မန်တစ်က နှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်ကာ လူတိုင်းကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး ထိုအသံလာရာဆီသို့ အာရုံစိုက်ကာ နားစွင့်လိုက်သည်။ သူ ပို၍အာရုံစိုက်လေလေ၊ ထိုအသံမှာ ပို၍ကျယ်လောင်လာလေလေဖြစ်ပြီး နောက်ဆုံးတွင် စစ်တပ်ကြီးတစ်ထောင်၏ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်လာခဲ့တော့သည်။
ထို့နောက် သူတို့၏ မြင်ကွင်းတစ်ခုလုံးကို လွှမ်းမိုးလျက် သူတို့ဆီသို့ ဦးတည်ကာ သဲကြီးမဲကြီး ပြေးဝင်လာနေသော ကြောက်မက်ဖွယ်ရာ ဧရာမပင့်ကူပင်လယ်ကြီး ပေါ်လာခဲ့တော့သည်။
"ပြေး... ပြေး... ပြေးကြတော့ဟေ့...!!"
ထိတ်လန့်တုန်လှုပ်သွားရသဖြင့် မန်တစ်သည် စူးရှသောအသံဖြင့် အော်ဟစ်လိုက်ပြီး ပင့်ကူများနှင့် ဆန့်ကျင်ဘက်အရပ်ဆီသို့ သူ၏ အရှိန်အကုန်ဖြင့် အပြေးလွှားဆုံး ထွက်ပြေးတော့သည်။
"ဒါ ဘာကြီးလဲဟ!!"
"ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ပင့်ကူတွေ အများကြီး ရှိနေရတာလဲ!"
မာဆိုင်နှင့် ကျန်ရှိသောအဖွဲ့သားများသည်လည်း သူတို့၏ ကိုယ်ပိုင်လက်နက်များကို ထုတ်ယူရင်း မန်တစ်၏နောက်သို့ မဆိုင်းမတွ လိုက်လံထွက်ပြေးကြတော့သည်။
သူတို့အားလုံး၏ မျက်နှာပေါ်တွင် တူညီသော ခံစားချက်များ ထင်ဟပ်နေခဲ့သည် - ကြောက်ရွံ့ခြင်း၊ မယုံကြည်နိုင်ခြင်းနှင့် ဇဝေဇဝါဖြစ်ခြင်း။
ကံမကောင်းစွာဖြင့် ထိုမေးခွန်းများကို ရှင်းပြပေးမည့်သူ မည်သူမျှမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ အခြေအနေမျိုးသည် သစ်တောတစ်ခုလုံးရှိ နေရာတိုင်းတွင် တစ်ပြိုင်နက်တည်း ဖြစ်ပွားနေသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှီအာတို့အဖွဲ့သည်လည်း နေရာအနှံ့ကို အသည်းအသန် လိုက်လံရှာဖွေနေကြသော်လည်း ဘာမှမထူးခြားခဲ့ပေ။
"အဲဒီပန်းတွေ မျိုးတုံးသွားပြီလို့ ငါ ထင်လာပြီကွာ။" အာသာက စိတ်ပျက်လက်ပျက်ဖြင့် သူ၏နဖူးမှ ချွေးများကို သုတ်လိုက်သည်။
"အဲဒါကြောင့်မို့လို့ ရတနာလို့ ခေါ်တာပေါ့ အာသာရာ။ တကယ်လို့ အဲဒါတွေက..."
ရုတ်တရက် အလွန်လျင်မြန်သောအရှိန်ဖြင့် ရွေ့လျားနေသော ထူးဆန်းသည့် ဝိညာဉ်လှိုင်းတစ်ခုကို အာရုံခံမိသွားပြီးနောက် လီဗိုင်း၏ အပြုံးများ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
သူ အပြင်းအထန် အာရုံစိုက်ကြည့်လိုက်သောအခါ၊ ပင့်ကူများ၏ ထင်ရှားသော ဝိသေသလက္ခဏာများကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရတော့သည်။
သူ ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး လေးနက်သောလေသံဖြင့် သတိပေးလိုက်သည်။ "ပုံမှန်မဟုတ်တဲ့ ပင့်ကူအုပ်ကြီးတစ်အုပ် ငါတို့ဆီကို လာနေပြီ။ အခုချက်ချင်း ထွက်ပြေးမှဖြစ်မယ်!"
"နေဦး... ဘာကြီးလဲ။"
"ပင့်ကူတွေ ဟုတ်လား... မဖြစ်နိုင်တာ... ဒီဒေသက ပင့်ကူအနွယ်ဝင်တွေ ကျက်စားတဲ့နေရာ မဟုတ်ဘူးလေ။"
ဆာဂျီယိုနှင့် ဂျမားလ်တို့က ဇဝေဇဝါဖြင့် ပြောဆိုလိုက်ကြသော်လည်း၊ လီဗိုင်းကတော့ ထိုအခြေအနေကို ရှင်းပြရန် အစီအစဉ်မရှိခဲ့ပေ။ သူက သူ၏အစ်ကိုကို လှမ်းခေါ်လိုက်ရာ အာသာက လီဗိုင်းကို ချက်ချင်းပင် ပိုးချီလိုက်ပြီး မည်သူမျှ တုံ့ပြန်ရန်မစောင့်ဘဲ ဆန့်ကျင်ဘက်အရပ်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
အရေးကြုံလာသည့်အခါ၊ လာဆန်ညီအစ်ကိုနှစ်ယောက်လုံးသည် တစ်ဦးကိုတစ်ဦး ကာကွယ်စောင့်ရှောက်ရန်သာ အလေးထားကြသည်။
ရှီအာသည် သူ၏ပြင်းထန်သော တုံ့ပြန်မှုကို မြင်လိုက်ရပြီး သူက နောက်ပြောင်တတ်သော လူစားမျိုးမဟုတ်မှန်း သိထားသဖြင့်၊ သူမ၏လက်နက်ကို ချက်ချင်းထုတ်ယူကာ သူတို့အနောက်သို့ ပြေးလိုက်သွားတော့သည်။
ဤသည်က ဂျမားလ်နှင့် ဆာဂျီယိုတို့ကို စက္ကန့်အနည်းငယ်မျှ ငေးငိုင်စွာ ကျန်ရစ်စေခဲ့သည်။ သို့သော် ထို့နောက်တွင် တိတ်ဆိတ်နေသော သစ်တောကြီးအတွင်း၌ မရင်းနှီးသော၊ ကြောက်မက်ဖွယ်ရာ ရှပ်ရှပ်ဆူညံသံကို သူတို့၏နားများက ဖမ်းမိသွားခဲ့သည်။
"ငါတို့ကိုလည်း စောင့်ဦးလေဗျာ!!"
ကြောက်လန့်တကြားဖြင့် သူတို့သည် အရာအားလုံးကို ပစ်ချကာ သူတို့အဖွဲ့နောက်သို့ အမှီလိုက်ခဲ့ကြပြီး ချက်ချင်းပင် ပြန်လည်ပူးပေါင်းမိသွားကြသည်။
အား!!! မလုပ်ပါနဲ့!!! ကယ်ကြပါဦး!!!
ရှီအာက လီဗိုင်းအား သူ မြင်လိုက်ရသည့်အရာကို အသေးစိတ် မမေးမြန်းနိုင်မီမှာပင်၊ ဝေးကွာသောနေရာမှ ထွက်ပေါ်လာသော အော်ဟစ်ငိုကြွေးသံများနှင့် အော်သံများက သစ်တောကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့ပြီး လူတိုင်း၏ကျောရိုးကို စိမ့်တက်သွားစေခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ?!" အာသာက စိုးရိမ်တကြီး မေးလိုက်သည်။
"ငါက ဘယ်လိုလုပ် သိမှာလဲ!"
ရှီအာက မည်းမှောင်သောမျက်နှာထားဖြင့် ပြန်လည်ဖြေကြားရင်း အနောက်ကို လှည့်ကြည့်လိုက်ရာ၊ မှောင်မိုက်မှုကြားတွင် နီရဲနေသောအစက်အပြောက်ပေါင်း ထောင်သောင်းချီကို သတိပြုမိလိုက်သည်။ သူတို့သည် အလွန်နီးကပ်သော အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လီဗိုင်း၏စိတ်ထဲ၌ အတွေးပေါင်းများစွာ ဝင်ရောက်လာပြီး ဤကဲ့သို့ အန္တရာယ်ရှိသော အခြေအနေတွင် တည်ငြိမ်မှုရှိအောင် အစွမ်းကုန် ကြိုးစားနေခဲ့သည်။
သစ်တောတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသော နာကျင်ဆင်းရဲမှုနှင့် မျှော်လင့်ချက်ကင်းမဲ့သော အော်ဟစ်သံများကို နားထောင်ရင်း၊ ဤမျှ အချိန်ကိုက် တိုက်ခိုက်ခံရခြင်းမှာ မဖြစ်နိုင်ကြောင်း၊ သူတို့အားလုံး တစ်ပြိုင်နက်တည်း ခြုံခိုတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်။
ဤသည်က ပင့်ကူများသည် အမိန့်နာခံနေကြခြင်းဖြစ်ပြီး ဤခြုံခိုတိုက်ခိုက်မှုတစ်ခုလုံးကို ဉာဏ်ရည်မြင့်အဖွဲ့အစည်းတစ်ခုက စီစဉ်ထားခြင်းဖြစ်ကြောင်း သူ့ကို သဘောပေါက်သွားစေသည်။
'အများပြည်သူဆိုင်ရာ မှတ်တမ်းတွေအရတော့၊ ဒီဟဲရိုးဝင်းသစ်တောရဲ့ အမှောင်ရဲတိုက်အသိုက်အမြုံဟာ ဆိတ်-လူသားအနွယ်ဝင် ညတစ္ဆေတစ်ကောင်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေတာ။ ဆိုလိုတာက သူ့အောက်က ညတစ္ဆေအများစုဟာ လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်ဖို့အတွက် တူညီတဲ့ အနွယ်ဝင်တွေပဲ ဖြစ်ရမယ်။'
ညတစ္ဆေများသည် အချင်းချင်း၏ လုပ်ပိုင်ခွင့်အာဏာကို အချက်နှစ်ချက်ပေါ်တွင်သာ အခြေခံ၍ လေးစားကြကြောင်း လီဗိုင်း နားလည်ထားသည်။ ၎င်းမှာ သူတို့သည် တူညီသောအနွယ်ဝင်များ ဖြစ်ကြခြင်း (သို့မဟုတ်) အဆင့် ကွာခြားချက်က ၃ ဆင့်ထက်မက မြင့်မားနေခြင်း ဖြစ်သည်။
ရှင်းရှင်းပြောရလျှင် ၄ အဆင့်ရှိသော ညတစ္ဆေတစ်ကောင်သည် မည်သည့်မျိုးစိတ်မဆို ၁ အဆင့်ရှိသော ညတစ္ဆေကို အကြွင်းမဲ့အာဏာဖြင့် အမိန့်ပေးနိုင်သော်လည်း၊ တူညီသောမျိုးစိတ်ဖြစ်ပါက ၂ ဆင့်မျှ ပိုမြင့်ရုံဖြင့် တူညီသောအကြွင်းမဲ့အာဏာကို ရရှိနိုင်သည်။
ထို့ကြောင့် ညတစ္ဆေများ၏ အသိုက်အမြုံအများစုတွင် လွယ်လွယ်ကူကူ စီမံခန့်ခွဲနိုင်ရန် တူညီသောအနွယ်ဝင်များဖြင့်သာ ပြည့်နှက်နေလေ့ရှိသည်။
'ဒါဆိုရင် ဒီပင့်ကူတွေက အဲဒီအသိုက်အမြုံက မဟုတ်ဘဲ လုံးဝဥဿုံ ကွဲပြားတဲ့ တခြားအဖွဲ့အစည်းတစ်ခုရဲ့ လက်အောက်ခံတွေပေါ့။ တနည်းအားဖြင့် ပြောရရင်...'
ရုတ်တရက် အမှန်တရားကို သဘောပေါက်လိုက်မိသည့်အခါ လီဗိုင်း၏ အရေပြားများ အေးစက်သွားခဲ့ရသည်။
'ငါတို့တွေကို ချောင်းမြောင်းတိုက်ခိုက်တတ်တဲ့ ပင့်ကူမိဖုရား တစ်ကောင်က အမဲလိုက်နေတာပဲ...'
အမြဲတမ်း တည်ငြိမ်ပြီး ကြောက်ရွံ့ခြင်းကင်းမဲ့သော လီဗိုင်းပင်လျှင် သူ၏နှလုံးသားထဲသို့ ကြောက်ရွံ့ထိတ်လန့်မှုများ ဝင်ရောက်လာခြင်းကို မတားဆီးနိုင်ခဲ့ချေ။
ချောင်းမြောင်းတိုက်ခိုက်တတ်သော ညတစ္ဆေများသည် တခြားသော ညတစ္ဆေများ၏ အန္တရာယ်မှ မိမိကိုယ်ကို ကာကွယ်ရန်အတွက် အနည်းဆုံး ၅ အဆင့်ရှိရမည်ဖြစ်ကြောင်း သူ ဖတ်ဖူးခဲ့သည်။
လမ်းလွဲနေသော ၅ အဆင့်ရှိ ညတစ္ဆေတစ်ကောင်၏ အမဲလိုက်ခြင်းကို ခံရခြင်း? ဤသည်က စူးစမ်းရှာဖွေရေးခရီးစဉ် ထွက်ရခြင်းထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
"ငါတို့ အခုချက်ချင်း သစ်တောထဲကနေ ထွက်ရမယ်!!" သူက အော်ဟစ်လိုက်ရာ သူ၏မျက်နှာမှာ စက္ကူတစ်ချပ်ကဲ့သို့ ဖြူလျော်သွားခဲ့သည်။
"မင်း တစ်ခုခုကို သိသွားတာလား။" ရှီအာက မျက်မှောင်ကြုတ်လိုက်သည်။
လီဗိုင်းက သူ သိရှိသွားသောအချက်များကို အကျဉ်းချုပ် ရှင်းပြရန် ပြင်လိုက်စဉ်မှာပင်၊ သူ၏ ဝိညာဉ်အာရုံက ရှေ့နှင့် ဘေးဘက်များမှ ပြေးဝင်လာနေသော နောက်ထပ် ပင့်ကူလှိုင်းကြီးတစ်ခု၏ ညှပ်ပိတ်တိုက်ခိုက်မှုကို အာရုံခံမိလိုက်ပြန်သည်။
သူ ကြည့်လိုက်သည့် နေရာတိုင်းတွင် သူ၏မြင်ကွင်းထဲ၌ ဖရိုဖရဲဖြစ်နေသော အရိပ်မည်း ဝိညာဉ်လှိုင်းများကိုသာ မြင်တွေ့နေရသည်။ သို့သော် အရေအတွက်ကတော့ လွန်စွာ ကွာခြားလှသည်။
"ငါတို့ ဝိုင်းရံခံလိုက်ရပြီ! အရှေ့ဘက်ကို ဦးတည်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ကြ!"
လီဗိုင်း၏ အမိန့်ကို ကြားလျှင် အာသာသည် သူ၏အစ်ကိုကို မည်သည့်မေးခွန်းမျှ မမေးခဲ့ပေ။ သူက လမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး ကျောက်တုံးကြီးတစ်ခုကို နင်းကာ အရှိန်အဟုန်မပျက်ဘဲ မိမိကိုယ်ကို ပစ်လွှတ်လိုက်သည်။
ဤကဲ့သို့ လှုပ်ရှားမှုမျိုးသည် သာမန်လူတစ်ယောက်အတွက်မူ ဒူးဆစ်များကို ပျက်စီးသွားစေနိုင်သော်လည်း၊ အာသာ၏ ကြွက်သားများသည် ခွန်အားအတွက်သာမက အလွန်အမင်း ရုန်းကန်နိုင်စွမ်းရှိသော လိုက်လျောညီထွေရှိမှု လည်း ရှိနေသောကြောင့် ဖြစ်သည်။
ရှီအာနှင့် တခြားသူများသည်လည်း သူတို့နောက်သို့ ချက်ချင်းပင် အမှီလိုက်လာကြပြီး လာဆန်ညီအစ်ကိုကို အလယ်ဗဟိုတွင် ထားကာ တူညီသော တိုက်ပွဲပုံစံဖြင့် အရှေ့မှ ဦးဆောင်လိုက်ကြသည်။
အလွန်ဆုံးရှိလှ စက္ကန့်အနည်းငယ်အတွင်းမှာပဲ၊ လူတိုင်းသည် လီဗိုင်း သတိပေးခဲ့သည့်အရာကို ကိုယ်တိုင်မြင်တွေ့လိုက်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် အရွယ်အစားကြီးမားပြီး ရွံရှာဖွယ်ကောင်းလှသော အမွှေးအမျှင်များဖြင့် ပြည့်နှက်နေသည့် ပင့်ကူတစ်ဒါဇင်ခန့်သည် သူတို့၏ မီးရောင်စက်ကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့သောကြောင့် ဖြစ်သည်။
"ဒါ လူသားအသားစား ပင့်ကူတွေ ပဲ!"
ဆာဂျီယို၏ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားခဲ့သည်။ ဤကောင်စုတ်လေးများသည် သူတို့၏သားကောင်ကို အသက်ရှင်လျက် ရှိနေစဉ်မှာပင် အသားကို ကိုက်ခဲစားသောက်ရသည်ကို နှစ်သက်ကြကြောင်း သူ သိထားသည်။
ညတစ္ဆေအများစုသည် သားကောင်ကို သက်တောင့်သက်သာ စားသောက်နိုင်ရန်အတွက် အရင်ဆုံး သတ်ပစ်လေ့ရှိကြသော်လည်း၊ ဤမိစ္ဆာကောင်များကတော့ ထိုအချက်ကို ဂရုမစိုက်ကြချေ။
"ထိုးဖောက်ပြီး ဖြတ်ကျော်ကြစို့!" ရှီအာက အော်ဟစ်လိုက်သည်။ "ဂျမားလ်!"
သူမ ဘာကို လိုလားသည်ကို သိထားသဖြင့် ဂျမားလ်သည် သူ၏ကျောပြင်မှ လေးကို ဆွဲထုတ်လိုက်ပြီး အရှေ့ဘက်တွင် အများဆုံး စုဝေးနေသော ပင့်ကူအုပ်ကြီးဆီသို့ ချိန်ရွယ်လိုက်သည်။ ထို့နောက် စုစည်းထားသော ဝိညာဉ်စွမ်းအင်မြှားကို ပစ်ခတ်လိုက်တော့သည်။
"ထိုးဖောက် တုန်ခါမြှား!"
သူ၏ စိတ်လှုပ်ရှားနေသော အော်ဟစ်သံကြီး သူ၏အဖွဲ့သားများ၏ နားထဲသို့ မရောက်မီမှာပင်၊ ထိုမြှားသည် ပထမဆုံးပင့်ကူ၊ ဒုတိယပင့်ကူ၊ တတိယပင့်ကူနှင့် လမ်းကြောင်းပေါ်ရှိ သမျှ အရာအားလုံးကို ထိုးဖောက်သွားခဲ့တော့သည်။
ဒိုင်း!!!
ထို့နောက် စက္ကန့်ပိုင်းအကြာတွင်၊ လမ်းကြောင်းပေါ်၌ ပြင်းထန်သော တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး အနီးနားရှိ ပင့်ကူများကို လွင့်ထွက်သွားစေကာ သစ်ပင်များနှင့် ရိုက်မိသွားစေခဲ့သည်။
"သောက်ကျိုးနည်း!"
အာသာသည် သူတို့အရှေ့တွင် ရှင်းလင်းသွားသော လမ်းကြောင်းကြီးကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
သစ်တောအတွင်းရှိ တိုက်ပွဲအများစုတွင် ရှီအာကသာ အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဂျမားလ်ကိုမူ ထောက်လှမ်းရေးအတွက်သာ စွမ်းအင်ကို သုံးစွဲစေခဲ့သည်။ အခုမှသာ ဂျမားလ်သည်လည်း သူ၏ကိုယ်ပိုင်စွမ်းအားကို ကောင်းမွန်စွာ သုံးစွဲနိုင်သူဖြစ်ကြောင်း သူ သဘောပေါက်လိုက်တော့သည်။
"လမ်းကတော့ ရှင်းသွားပြီ၊ ဒါပေမဲ့ တခြားလှိုင်းတွေက ပြန်ပြီး ပူးပေါင်းနေကြပြီ။" လီဗိုင်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ "တကယ်လို့ သူတို့ ငါတို့ကို မိသွားရင်တော့ အခြေအနေက ကောင်းမှာမဟုတ်ဘူး။"
တခြားသော အလင်းလူသား များ၏ ဆက်တိုက်ထွက်ပေါ်နေသော အော်ဟစ်ညည်းတွားသံများက လီဗိုင်း၏ပြောကြားချက်ကို ထောက်ခံနေသကဲ့သို့ ဖြစ်နေပြီး၊ ဤကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အခြေအနေကြောင့် လူတိုင်း၏ မျက်နှာအမူအရာများ ပျက်ယွင်းနေခဲ့ကြသည်။
"ဒါက ပုံမှန်အခြေအနေထက် ကျော်လွန်နေပြီ၊ ငါတို့ စစ်ကူခေါ်မှဖြစ်မယ်။"
ခွင့်ပြုချက်ကိုပင် မစောင့်တော့ဘဲ ဆာဂျီယိုသည် အနီးဆုံး စခန်းမှ စစ်ကူများ တောင်းခံရန်နှင့် အရေးပေါ်အခြေအနေ ကြေညာရန် အက်စထရာ AI ကို တောင်းဆိုလိုက်သည်။
သူတို့သည် ပုဂ္ဂလိက အေဂျင်စီတစ်ခုတွင် ရှိနေစေကာမူ ဤကဲ့သို့သော အရေးပေါ်အခြေအနေမျိုးတွင် အစိုးရ၏ အကူအညီကို ရရှိပိုင်ခွင့်ရှိသည်။ သို့သော်လည်း သူ ရရှိလိုက်သော အဖြေက သူ၏ ဆူဖြိုးသောမျက်နှာထက်မှ သွေးရောင်ကို လုံးဝ ဆုတ်ဖြာသွားစေခဲ့သည်။
[- အက်စထရာ၏ ဝန်ဆောင်မှုများ လိုင်းပြတ်တောက်နေပါသည်၊ ကျေးဇူးပြု၍ ပြန်လည်ချိတ်ဆက်ပါ။ -]
[- အက်စထရာ၏ ဝန်ဆောင်မှုများ လိုင်းပြတ်တောက်နေပါသည်၊ ကျေးဇူးပြု၍ ပြန်လည်ချိတ်ဆက်ပါ။ -]
သူမကို ခေါ်ဆိုလိုက်တိုင်း ထိုစာသားကသာ သူ၏နားထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေခဲ့သည်။ ဆာဂျီယိုသည် မယုံကြည်နိုင်ဘဲ သူ၏ နားကြပ်ပေါ်မှ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ သူ၏မြင်ကွင်းဘေးတွင် သေးငယ်သော ဟိုလိုဂရမ်တစ်ခု ပေါ်လာခဲ့သည်။ လိုင်းဘားများပေါ်တွင် 'X' ဟူသော အမှတ်အသားကို မြင်လိုက်ရသည့်အခါ သူ၏ဝိညာဉ်ပင် ကိုယ်မှ ခွာလုမတတ် ဖြစ်သွားခဲ့ရသည်။
"မင်း အကူအညီ တောင်းလိုက်ပြီလား။" ရှီအာက မေးမြန်းလိုက်သည်။
"လိုင်း... လိုင်းတွေ ပြတ်တောက်နေတယ်..." ကြောက်ရွံ့ထိတ်လန့်မှုများ အပြည့်ဖြင့် ဆာဂျီယိုက စကားထစ်ကာ ပြောလိုက်သည်။
သူ၏စကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်စက်ပစ္စည်းများကို ချက်ချင်း စစ်ဆေးလိုက်ကြရာ တူညီသော အခြေအနေကိုသာ တွေ့ရှိလိုက်ကြရသည်။
"တစ်ယောက်ယောက်က လိုင်းတွေကို နှောင့်ယှက်ပိတ်ဆို့ ထားတာပဲ..