သွေးမုဆိုးတွေရဲ့ အဓိက စစ်ဆင်ရေးခရီးစဉ် မတိုင်ခင် လေးရက်အလို... ရိပ်မှောင်နယ်ပယ် (The Shadow Dimension) ထဲတွင်။
အမှောင်ထုထဲမှာ ဖုံးကွယ်ထားတဲ့ လူတစ်ယောက်က ဂေါသစ်ပုံစံနဲ့ မေ့လျော့ခံထားရတဲ့ ရဲတိုက်တစ်ခုရဲ့ တံခါးဝကို ဖြတ်ကျော်ဝင်ရောက်လာခဲ့တယ်၊ ပြီးတော့ သူပထမဆုံး သတိပြုမိလိုက်တဲ့အရာကတော့ တိတ်ဆိတ်မှုပါပဲ။ သာမန်ငြိမ်သက်နေတာမျိုး မဟုတ်ဘဲ... လုံးဝဥဿုံ တိတ်ဆိတ်နေခြင်း ဖြစ်တယ်။
လေတိုက်သံ မရှိ။ ပဲ့တင်သံ မရှိ။ မြေပြင်ပေါ်က သူ့ရဲ့ ဖိနပ်အောက်က တကျွတ်ကျွတ်အသံတောင်မှ ထွက်ပေါ်လာပြီးတာနဲ့ ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်၊ အဲဒီရဲတိုက်ကြီးက အသံထွက်လာတာနဲ့ ချက်ချင်း ဝါးမြိုပစ်လိုက်သလိုမျိုးပါပဲ။
တံခါးတွေ ပွင့်သွားတဲ့အချိန်မှာလည်း တကျိကျိအသံ မမြည်ခဲ့ပါဘူး။ အသံမထွက်ဘဲ အလိုလို ပွင့်ဟသွားခဲ့တာပါ။
သူ့ပတ်ဝန်းကျင်က နံရံတွေက ပထမတော့ ကျောက်တုံးတွေလို ထင်ရပေမယ့်၊ သူ့ရဲ့ လက်အိတ်စွပ်ထားတဲ့ လက်ချောင်းတွေနဲ့ မျက်နှာပြင်ကို ပွတ်သပ်ကြည့်လိုက်တဲ့အခါမှာတော့ ဘယ်လိုအကြမ်းထည် ဒါမှမဟုတ် အက်ကြောင်းကိုမှ မခံစားရပါဘူး... ပုံသဏ္ဌာန်တစ်ခုအဖြစ် ခဲသွားတဲ့ အေးစက်ပြီး ချောမွေ့တဲ့ အမှောင်ရိပ်တစ်ခုလိုပါပဲ။
အဲဒါက သဘာဝမကျပါဘူး... ဒီနေရာနဲ့ ပတ်သက်သမျှ ဘယ်အရာကမှ သဘာဝမကျခဲ့ဘူး။
သူက စင်္ကြံလမ်းရဲ့ အနက်ရှိုင်းဆုံးနေရာဆီကို ဆက်ပြီး လျှောက်လှမ်းသွားခဲ့တယ်၊ သူ့ရဲ့ မျက်ဝန်းတွေက ထောင့်ပေါင်းစုံကို ဖြတ်ခနဲ ကြည့်ရှုနေခဲ့တယ်။ မီးတုတ်တွေ မရှိဘူး။ မီးတောက်တွေ မရှိဘူး။ မျက်နှာကြက်တစ်လျှောက်မှာ လွင့်မျောနေတဲ့ မှိန်ဖျော့ဖျော့ မီးခိုးရောင် အလင်းတန်းလေးတွေပဲ ရှိပြီး၊ သူ့ရဲ့ လှုပ်ရှားမှုနဲ့အတူ ပြောင်းလဲသွားတဲ့ အလင်းမှိန်မှိန်လေးတွေကို ထုတ်လွှတ်နေခဲ့တယ်။
မကြာခင်မှာပဲ သူက အမိုးမရှိတဲ့ ကျယ်ဝန်းတဲ့ အခန်းမကြီးတစ်ခုထဲကို ဝင်ရောက်လာခဲ့ပါတယ်။ နံရံတွေက ကျောက်တုံးသွားတွေလို ဝိုင်းပတ်ပွင့်ဟနေပြီး၊ ၎င်းတို့ရဲ့ အထက်မှာတော့ ကောင်းကင်ကြီးက အဆုံးမဲ့ မှောင်မိုက်ပြီး ဆန့်တန်းနေခဲ့တယ်... ကြယ်တွေ မရှိ၊ သက်ရှိတွေ မရှိဘူး။
အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူရဲ့ အကြည့်က ကောင်းကင်ယံဆီမှာ အကြာကြီး မတည်ရှိနေခဲ့ပါဘူး။ သူက ခေါင်းကို ငုံ့လိုက်ပြီး နှစ်ခြမ်းကွဲနေတဲ့ ပျက်စီးနေတဲ့ ရာဇပလ္လင်တစ်ခုကို စိုက်ကြည့်နေခဲ့တယ်။
အဲဒီနေရာက လွတ်နေပေမယ့် အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူကတော့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပါတယ်။
တစ်စက္ကန့်၊ တစ်မိနစ်၊ ငါးမိနစ်...
ထို့နောက် ပျက်စီးနေတဲ့ ရာဇပလ္လင်ရဲ့ အထက်မှာ လှုပ်ရှားမှုတစ်ခုကို ဖမ်းယူရရှိလိုက်ပါတယ်။ လှည့်ပတ်နေတဲ့ အမှောင်ထုရဲ့ တံခါးပေါက်တစ်ခုက ခဏတာ ပုံသဏ္ဌာန် ပေါ်လာခဲ့တယ်။
အဲဒီအချိန်အတောအတွင်းမှာပဲ အရပ်ရှည်ရှည်နဲ့ တည်ငြိမ်တဲ့ လူတစ်ယောက်က သက်သောင့်သက်သာ လျှောက်လှမ်းထွက်ပေါ်လာခဲ့တယ်... သူ့မှာ ဘယ်လိုအမှောင်ထု ဖုံးကွယ်မှုမှ မရှိသလို၊ မျက်နှာဖုံးတောင် ဝတ်ဆင်မထားပါဘူး။
သူ့မှာ ပခုံးထက် အနည်းငယ် ကျော်လွန်နေတဲ့ ဖြောင့်စင်းပြီး ရှည်လျားတဲ့ ဆံပင်တွေ ရှိပြီး၊ အလယ်တည့်တည့်ကနေ သပ်သပ်ရပ်ရပ် ခွဲထားတယ်... တစ်ဖက်က ဖြူစင်တဲ့ အဖြူရောင်ဖြစ်ပြီး ကျန်တစ်ဖက်ကတော့ နက်ရှိုင်းတဲ့ အနက်ရောင် ဖြစ်ပါတယ်။
တိုတိုနဲ့ သပ်သပ်ရပ်ရပ် ထားရှိထားတဲ့ မုတ်ဆိတ်မွေးက သူ့ရဲ့ မျက်နှာကို ဝန်းရံထားပြီး၊ ငွေရောင်အမျှင်အချို့ ရောယှက်နေတာကြောင့် သူဟာ အရာအမြောက်အမြားကို မြင်တွေ့ပြီး ဖြတ်သန်းခဲ့ဖူးတယ်ဆိုတဲ့ ခံစားချက်ကို ပိုမိုပေါ်လွင်စေပါတယ်။ သူ့ရဲ့ မီးခိုးရောင် မျက်ဝန်းတွေက စွဲမြဲပြီး စူးရှနေကာ အမြဲတမ်း စောင့်ကြည့်နေပြီး အမြဲတမ်း တွေးတောနေပုံရတယ်...
သူက အရပ် ခြောက်ပေ နှစ်လက်မနဲ့ မြင့်မားစွာ မတ်တတ်ရပ်နေပြီး၊ ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် ဘယ်လိုအခန်းမျိုးမှာမဆို ထင်ရှားပေါ်လွင်နေစေပါတယ်။ သူက အဖြူရောင် ရှပ်အင်္ကျီ၊ အပြာရောင် နက်ကတိုင် (Tie) တို့နဲ့အတူ အနက်ရောင် ကုတ်အင်္ကျီဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပါတယ်
ထို့နောက် သူက ပျက်စီးနေတဲ့ ရာဇပလ္လင်ပေါ်မှာ ဂုဏ်ယူစွာ ထိုင်လိုက်ပြီး ခြေထောက်တစ်ဖက်ကို နောက်တစ်ဖက်ပေါ် တင်လိုက်တယ်၊ သူ့ရဲ့ မျက်နှာအမူအရာကတော့ ဘာကိုမှ ဖတ်လို့မရဘဲ တည်တံ့လွန်းနေခဲ့ပါတယ်။
သူ့ရဲ့ အထက်လူကြီးက ဘယ်လိုမျက်နှာလွှဲှမှုမှမရှိဘဲ ထိုင်နေတာကို မြင်လိုက်ရတော့၊ ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ လူကလည်း သူ့ရဲ့ ဝတ်ရုံအနက်ကို ဖယ်ရှားလိုက်ပါတော့တယ်။
အလက်ရစ်။
"အလက်ရစ်၊ ပြင်ဆင်မှုတွေ ဘယ်လိုရှိလဲ။"
"ကျွန်တော့်အရှင်... အခြေအနေ သိပ်မကောင်းပါဘူး။"
ဆာ အလက်ရစ်က လော့ဒ် ဒါးရီးယပ်စ် မော်ဖစ်စ် ကို ခေါင်းငုံ့ပြီး အရိုအသေပေးလိုက်တယ်၊ အဲဒီလူရဲ့ နာမည်က ဘယ်လိုဘွဲ့ထူးဂုဏ်ထူးတွေထက်မဆို ပိုပြီး အလေးသာ အစွမ်းထက်လွန်းလှပါတယ်။
သူကနေရောင်ခြည်လှိုင်း အေဂျင်စီ ကို တည်ထောင်သူဖြစ်ပြီး၊ ပြန့်ကျဲနေတဲ့ အလင်းလူသား အဖွဲ့ငယ်တွေကို နယ်စပ်တစ်လျှောက် ကြောက်ရွံ့ရတဲ့ အင်အားစုတစ်ခုဖြစ်အောင် ပြောင်းလဲပေးခဲ့သူ ဖြစ်ပါတယ်။ ဟီလီယိုဒေါ ဒေသတစ်ခုလုံးမှာတော့ သူက လက်ရှိအသက်ရှင်နေတဲ့ အလင်းလူသား တွေထဲမှာ တတိယမြောက် အားအကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရပြီး၊ ဘယ်သူမှ လွယ်လွယ်နဲ့ မစိန်ခေါ်ရဲတဲ့ တည်ရှိမှုမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ သြဇာလွှမ်းမိုးမှုက ဒီထက်မက ပိုမိုနက်ရှိုင်းပါသေးတယ်။
သူက အသက်ဝင်ဆုံး အသိုက်တွေနဲ့ အနီးကပ်ဆုံးနေရာမှာ တည်ရှိတဲ့ ဒေါင်းဗေးလ် အခြေချစခန်းရဲ့ ဘုရင်ခံ လည်း ဖြစ်ပါတယ်။ သူက တစ်ကြိမ်တစ်ခါမျှ အဖောက်ခံရခြင်းမရှိဘဲ အဲဒီနေရာကို ဆယ်စုနှစ် လေးခုကျော်တိုင်အောင် ထိန်းသိမ်းထားနိုင်ခဲ့တာပါ။
သူ့ရဲ့ နာမည်က စစ်ဆင်ရေးခရီးစဉ် ဘုတ်အဖွဲ့ရဲ့ အထက်ဆုံးမှာ ရှိနေပြီး၊ အရှေ့ဘက်စစ်မျက်နှာတစ်လျှောက် ညတစ္ဆေ အသိုက်တွေကို အများဆုံး ရှင်းလင်းနိုင်ခဲ့တဲ့ စံချိန်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
သူက အခြားသော ပရဟိတလုပ်ငန်းတွေအပြင် ချို့တဲ့နွမ်းပါးသူတွေကို လစဉ် အက်စ်အာရ် ဆေးလုံးများ လှူဒါန်းလေ့ရှိတာကြောင့် ဒေသတစ်ခုလုံးရဲ့ ချစ်ခင်လေးစားမှုကို ရရှိထားသူ ဖြစ်ပါတယ်။
ဒါက သူ့ရဲ့ လွှမ်းမိုးချုပ်ကိုင်ထားတဲ့၊ လေးစားဖွယ်ကောင်းတဲ့ ဂုဏ်သတင်းရဲ့ အပေါ်ယံ အလွှာလေးကိုပဲ ခြစ်ထုတ်ပြရုံ ရှိပါသေးတယ်။
ဒါပေမဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ရှိရှိမရှိရှိ၊ အလက်ရစ်အတွက်တော့ သူက အထက်လူကြီးတစ်ယောက်တင် မဟုတ်ပါဘူး... သူ့ရဲ့ အရှင်သခင် လည်း ဖြစ်ပါတယ်။
"ငါ ထင်ထားတဲ့အတိုင်းပဲ၊ ငါတို့ရဲ့ စစ်ဆင်ရေးရက်စွဲကို မောနင်းစတား တွေရဲ့ ရက်စွဲနဲ့ တူအောင် ရွှေ့လိုက်တာက စွန့်စားရလွန်းတယ်၊" လော့ဒ် ဒါးရီးယပ်စ်က ပြောလိုက်တယ်၊ သူ့ရဲ့ အသံက တည်ငြိမ်နေပေမယ့် တစ်စုံတစ်ယောက်ရဲ့ ဝိညာဉ်ကိုပါ တုန်ခါသွားစေနိုင်တဲ့ စွမ်းအား ရှိနေခဲ့တယ်။
"ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့ပေမယ့်၊ ဒီလောက်တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ ကြီးမားတဲ့ ထိခိုက်ကျဆုံးမှုတွေ မရှိဘဲနဲ့ အဓိက စစ်ဆင်ရေးတစ်ခုအတွက် ပြင်ဆင်ဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်ပါဘူး၊" ဆာ အလက်ရစ်က ဖွင့်ဟလိုက်တယ် "မြို့တော်ဘုရင်ခံ အကြံပြုထားသလိုပဲ ကျွန်တော်တို့ ဒါကို ရွှေ့ဆိုင်းရလိမ့်မယ် ထင်တယ်။"
"မလုပ်ရဘူး... ဘီရှော့ (The Bishop) က ဟာရိုးဝင်း တောအုပ် ရဲ့ ကျရှုံးမှုအတွက် ငါတို့ကို တာဝန်ခံခိုင်းနေတာ။ သူက သန့်စင်ပြီးသား အလင်းလူသား တွေရဲ့ သွေးကို အမြန်ဆုံး လိုချင်နေတာ။"
"အကယ်၍ ငါ လက်ဗလာနဲ့ ပြန်သွားရင်၊ အဖွဲ့အစည်း ထဲမှာ ငါတို့နှစ်ယောက်လုံးအတွက် ရလဒ်က ကောင်းမှာမဟုတ်ဘူး၊" လော့ဒ် ဒါးရီးယပ်စ်က ဖိပြောလိုက်တယ်။
ဒါကို ကြားလိုက်ရတော့ ဆာ အလက်ရစ်ရဲ့ မျက်နှာအမူအရာက ပိုမိုတင်းမာသွားခဲ့တယ်။ သူ စိတ်ပျက်အောင် မလုပ်ချင်ဆုံး တည်ရှိမှုတစ်ခု ရှိမယ်ဆိုရင် အဲဒါက ဘီရှော့ပါပဲ... အထူးသဖြင့် သူ့ဘဝရဲ့ ဒီလိုအရေးကြီးတဲ့ အချိန်အခါမျိုးမှာပေါ့။
ဆန်းစတြိုက်ခ် (နေရောင်ခြည်လှိုင်း )အေဂျင်စီက ဘီရှော့အတွက် အစီအစဉ်အမြောက်အမြားကို အကောင်အထည်ဖော်ဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် လေးခုကျော်ကတည်းက လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး... ဒီလိုမျိုး မော်ကွန်းတင်လောက်တဲ့ ကျရှုံးမှုကြီးကို ကြုံတွေ့ရတာ ဒါပထမဆုံးအကြိမ်ပါပဲ။
ဟာရိုးဝင်း တောအုပ်ရဲ့ အစီအစဉ်က သူ့မျက်စိထဲမှာတော့ အပေါက်အပြဲမရှိ ပြီးပြည့်စုံနေခဲ့တာပါ။ ဆာ အလက်ရစ်က အဲဒီအစီအစဉ်ကို စီစဉ်ညွှန်ကြားဖို့အတွက် တစ်ဦးတည်း တာဝန်ယူခဲ့တာ ဖြစ်တယ်။
သူက ထောင်ချောက်ဆင်ဖို့ ဒြာဝက်ဘရာ နဲ့ ဆက်သွယ်ခဲ့တယ်။
သူက တောအုပ်အောက်က မြေအောက်လှိုဏ်ခေါင်း ကွန်ရက်ပြင်ဆင်မှုအတွက် ဖုံးကွယ်ကူညီပေးခဲ့တယ်။
သူက ဆက်သွယ်ရေးတွေကို ဖြတ်တောက်ဖို့ သူမဆီ အချက်ပြနှောင့်ယှက်ရေး ကိရိယာ ကို လွှဲပြောင်းပေးခဲ့တယ်။
သူက ဘုရင်မ ဒြာဝက်ဘရာကို ရိပ်မှောင်ရဲတိုက်ရဲ့ သခင်ကို အနိုင်ယူပြီး ၎င်းရဲ့ ထိန်းချုပ်မှုကို အားနည်းသွားအောင်တောင် ကူညီပေးခဲ့တယ်၊ ဒါမှ သူတို့ကို ရှင်းလင်းပစ်မယ့် စစ်ဆင်ရေးက ပိုပြီး လွယ်ကူသွားမှာမို့လို့ပါ။
သေချာတာပေါ့၊ သူက တောအုပ်ကို ဒေသရဲ့ နဖူးစည်းအောက်မှာ အမြန်ဆုံး ထည့်သွင်းနိုင်ဖို့ အကြောင်းပြချက်နဲ့ အလင်းလူသား တွေကို တတ်နိုင်သမျှ များများစုဆောင်းဖို့ မန်းတစ်စ် ရဲ့ ရှင်းလင်းရေး ကြိုးပမ်းမှုတွေကို ကြေးထောက်ပံ့ပေးခဲ့တယ်။
အစီအစဉ်က ရိုးရှင်းပါတယ် - ဘုရင်မ ဒြာဝက်ဘရာက အလင်းလူသား တွေကို စားသောက်ပြီး သူတို့ရဲ့ သွေးတွေကို စုဆောင်းမယ်... ထို့နောက် သူတို့က သူမဆီကနေ အဲဒီသွေးတွေကို ပြန်လည်ရယူမယ်ပေါ့။
ဒါပေမဲ့ သူက ဖန်းလင်း ကော အက်ရှ်ခရယ် ရဲ့ ပါဝင်ပတ်သက်မှုကိုပါ မမျှော်လင့်ထားခဲ့ပါဘူး။ မမျှော်လင့်ဘဲ ပေါ်ထွက်လာတဲ့ ကွဲပြားခြားနားတဲ့ အချက်နှစ်ခုက သူ့ရဲ့ ဗျူဟာကို ဖျက်ဆီးပစ်ခဲ့တယ်... အထူးသဖြင့် ဘုရင်မ ဒြာဝက်ဘရာကို ဘာအရိပ်အယောင်မှ မချန်ဘဲ သတ်ပစ်ခဲ့တဲ့ အက်ရှ်ခရယ်ပါပဲ။
အခုအချိန်အထိ သူတို့က အဲဒီလူရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်ကို ရှာဖွေနေတုန်းပဲဖြစ်ပြီး၊ သူတို့ရဲ့ အစီအစဉ်ကို နှောင့်ယှက်ဖို့ တခြား ဘီရှော့(ရာထူးအကြီးပိုင်း)တစ်ယောက်ယောက်က စေလွှတ်လိုက်တာလို့ ယုံကြည်နေကြပါတယ်။
ကံမကောင်းစွာနဲ့ပဲ၊ သူတို့မှာ ဘာသက်သေအထောက်အထားမှ မရှိရင်တောင်မှ အဓိက သံသယရှိသူ ဖြစ်လာဖို့ပဲ ကျန်ရှိတော့တာ ဖြစ်တယ်။
"ငါတို့က အစီအစဉ်အတိုင်းပဲ ဆက်သွားမယ်၊ ပြီးတော့ ငါတို့အေဂျင်စီက ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်... ငါတို့ ရှင်သန်မှုအတွက် အဲဒီလို လုပ်ဖို့ လိုအပ်တယ်၊" လော့ဒ် ဒါးရီးယပ်စ်က သူ့ရဲ့ မျက်ဝန်းတွေကို ကျဉ်းမြောင်းလိုက်တယ်။
"အရှင် ဆိုလိုတာက..."
"ဟုတ်တယ်။"
"ဒါက သူတို့ မဟုတ်ရင် ငါတို့ပဲ။"
"ငါတို့ပဲ၊" ဆာ အလက်ရစ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည်ဖြေကြားလိုက်တယ်။
လော့ဒ် ဒါးရီးယပ်စ်က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပြီး ထပ်လောင်းပြောဆိုခဲ့တယ် "နောက်လာမယ့် အဓိက စစ်ဆင်ရေးက ငါတို့ကို သံသယအမြောက်အမြားကနေ လွတ်မြောက်စေမှာ ဖြစ်ပေမယ့်၊ ငါတို့တစ်ယောက်တည်း ကျရှုံးသွားရတာကတော့ မတရားဘူးလို့ ထင်တယ်။"
"ကျွန်တော် သဘောတူပါတယ်၊" ဆာ အလက်ရစ်က အေးစက်စွာ ခေါင်းညိတ်လိုက်တယ်။
"သွေးမုဆိုးတွေရဲ့ နောက်လာမယ့် စစ်ဆင်ရေး တည်နေရာနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ တွေ့ရှိမှုအသစ်တွေ ရှိလား။"
"မရှိပါဘူး၊ လော့ဒ် အီဒရစ်စ် က အသေးစိတ်အချက်အလက်တွေကို သူ့ရဲ့ ယုံကြည်ရတဲ့ အသိုင်းအဝိုင်းထဲမှာပဲ လျှို့ဝှက်ထားပါတယ်။ သူ့သမီးကို ပစ်မှတ်ထားတဲ့ အတွင်းသူလျှို သတင်းကြောင့် သူ သေချာပေါက် သတိကြီးကြီး ထားနေမှာပါ..."
"ငါ သိပြီ..."
လော့ဒ် ဒါးရီးယပ်စ်က သူ့ရဲ့ လက်ကောက်ဝတ်ပေါ်မှာ ခေါင်းကို မှီတင်လိုက်ပြီး၊ ရှေးဟောင်းခေတ်က ပျက်စီးနေတဲ့ ရဲတိုက်ရဲ့ အမိုးမရှိတဲ့ ကောင်းကင်ယံဆီကို အကြည့်ကို ပို့ထားခဲ့တယ်... ရှီယာ ကို ရှင်းလင်းပစ်ဖို့ အမိန့်က သူမ တောအုပ်ဆီ ဦးတည်သွားနေတာကို သူသိလိုက်ရတဲ့ အချိန်ကတည်းက သူ့ဆီကနေ ထွက်ပေါ်ခဲ့တာ ဖြစ်တယ်။
သူက လော့ဒ် အီဒရစ်စ်ကို ဒေါသထွက်စေပြီး စိတ်ပျက်အားငယ်မှုထဲ တွန်းပို့ဖို့ သက်သက်ပဲ လုပ်ဆောင်ခဲ့တာပါ။ သူက အပြင်ပန်းမှာ ပြသတာထက် သူ့သမီးကို ပိုပြီး ဂရုစိုက်တယ်ဆိုတာ သူ ကောင်းကောင်း သိထားပါတယ်။
အဲဒီအေးစက်မှုက သူ့ရဲ့ ရန်သူတွေရန်ကနေ သူ့မိသားစုဝင်တွေကို ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး၊ အကယ်၍ သူက သူ့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံစံတစ်မျိုးမျိုးနဲ့ ပြသခဲ့မယ်ဆိုရင် အဲဒါက သူ့ရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်လာလိမ့်မယ်ဆိုတာ သိထားလို့ပါပဲ။
အကယ်၍ သူမသာ လုပ်ကြံခံလိုက်ရရင်၊ အဲဒါက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ပေးစွမ်းနိုင်မှာဖြစ်ပြီး၊ သူ့အပေါ် သူ့ရဲ့ စွမ်းအားတွေကို အသုံးပြုဖို့ အခွင့်အရေး ရရှိစေမှာ ဖြစ်တယ်။
ဒါက သူ့ရဲ့ ရေရှည်အိပ်မက်တစ်ခုပေါ့...
ကံမကောင်းစွာနဲ့ပဲ၊ စီစဉ်ထားတဲ့အရာ ဘာတစ်ခုမှ အလုပ်မဖြစ်ခဲ့ဘဲ၊ သူတို့က ဘီရှော့ရဲ့ ဒေါသရန်ကနေ လွတ်မြောက်ဖို့အတွက် ကျန်ရှိနေတဲ့အရာတွေကို လာရောက်ကယ်ဆယ်ဖို့ ဒီနေရာမှာ ရောက်ရှိနေရတာ ဖြစ်တယ်။
"ငါတို့ဆီမှာ သူတို့နဲ့အတူ လိုက်ပါသွားပြီး ဘက်ပြောင်းဖို့ အလိုရှိတဲ့ တစ်စုံတစ်ယောက်သာ ရှိခဲ့ရင် ကောင်းမှာပဲ၊" လော့ဒ် ဒါးရီးယပ်စ်က သူ့ရဲ့ လက်ဖဝါးပေါ်က လှည့်ပတ်နေတဲ့ အမည်းရောင်နဲ့ အဖြူရောင် တိမ်တိုက်လေးကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။
ဒါကို ကြားလိုက်ရတော့ ဆာ အလက်ရစ်က အာရုံခံပုလဲ ကို ပြန်လည်ရယူမယ့် အစီအစဉ်တစ်ခုနဲ့ သူ့ဆီ ချဉ်းကပ်လာခဲ့တဲ့ မန်းတစ်စ်ကို ချက်ချင်း သတိရသွားခဲ့တယ်... အဲဒါက လာမယ့် သွေးမုဆိုးတွေရဲ့ စစ်ဆင်ရေးခရီးစဉ်နဲ့ ဆက်စပ်နေတာ ဖြစ်တယ်!
မန်းတစ်စ်နဲ့ ဒီမီထရစ်စ် တို့ရဲ့ ပါးနပ်ပြီး မုန်းတီးစရာကောင်းတဲ့ မျက်နှာတွေက သူ့စိတ်ထဲမှာ ပေါ်ထွက်လာတာနဲ့အမျှ သူ့ရဲ့ မျက်နှာပေါ်မှာ ရက်စက်တဲ့ အပြုံးတစ်ခုက မပေါ်ဘဲ မနေနိုင်ခဲ့ပါဘူး။
"ကျွန်တော့်မှာ သင့်တော်တဲ့လူတွေ ရှိတယ်လို့ ထင်ပါတယ်... ဘန်း ညီအစ်ကိုများ (The Bane Brothers) ပါပဲ။ (မန်းတစ်စ် (Mantis) နဲ့ ဒီမီထရစ်စ် (Demetris)ကိုဆိုလိုခြင်းဖြစ်သည်။"
လော့ဒ် ဒါးရီးယပ်စ်က ခဏလောက် တွေးတောပြီးနောက် မေးမြန်းခဲ့တယ် "သူတို့ကို တံဆိပ်ခတ်နှိပ် (branded) ခံရအောင် လှည့်စားလို့ ရမလား။"
"ရပါတယ်၊" ဆာ အလက်ရစ်က ပြုံးလိုက်တယ် "သူတို့ရဲ့ ကျော်ကြားမှုနဲ့ စွမ်းအားအပေါ် လိုချင်တက်မက်စိတ်က ဒီဒေသအပေါ် ထားရှိတဲ့ သူတို့ရဲ့ သစ္စာစောင့်သိမှုထက် အဆမတန် ပိုမိုကြီးမားပါတယ်။"
"ကောင်းပြီ၊ ငါတို့ ဒါအတွက် နောက်ထပ် အိမ်မက်လူသား တစ်ယောက်ကို ဖြုန်းတီးပစ်ဖို့ မလိုတော့ဘူး ထင်တယ်... သူတို့နဲ့ တွေ့ဆုံဖို့ စီစဉ်လိုက်ပါ... ငါကိုယ်တိုင် ကိုင်တွယ်လိုက်မယ်၊" လော့ဒ် ဒါးရီးယပ်စ်က ပြောကြားလိုက်ပါတော့တယ်။