အခန်း (၇) - လာဘ်မြင်သူကြီး ဖြစ်ရန် ပြင်ဆင်ခြင်း
နောက်တစ်နေ့ နံနက်စောစောတွင် မူရွှန့်သည် အမိန့်တော်ဖတ်ရန် ရောက်ရှိလာလေသည်။
အမိန့်တော်ကို ကြားရသောအခါ ယွမ်ကျန်း၏ စိတ်ထဲ၌ ဝမ်းသာတစ်လှည့်၊ စိုးရိမ်တစ်လှည့် ဖြစ်သွား၏။ ဝမ်းသာသည်မှာ နန်းတော်ထဲ၌ မနေရတော့သဖြင့် တိတ်တဆိတ် အလုပ်လုပ်ရန် အခွင့်အရေး ရရှိခြင်းကြောင့် ဖြစ်လေသည်။ သို့သော် စိုးရိမ်မိသည်မှာမူ ဧကရာဇ်ဝမ်က သူ့အပေါ် နောင်တရသွားပြီး စိတ်ပြောင်းကာ လက်ထပ်ပြီးလျှင် နယ်စပ်သို့ မလွှတ်တော့မည်ကိုပင်။
အကယ်၍ ထိုသို့သာ ဖြစ်လာပါက အစီအစဉ်များ အကုန်ပျက်ပေလိမ့်မည်။ သို့သော် လောလောဆယ်တွင် ထိုသို့ စိုးရိမ်နေခြင်းမှာ အပိုပင် ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာ အမိန့်တော်ကို နာခံလိုက်လေသည်။
ယွမ်ကျန်းသည် ပိပေါ့ဆောင်၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ပစ္စည်းပစ္စယမှာ အလွန်မများလှပေ။ အကျဉ်းချုံး သိမ်းဆည်းပြီးနောက် ကိုယ်ရံတော်နှစ်ဦးနှင့်အတူ ထွက်ခွာလာခဲ့၏။
ယွီအိမ်တော်သို့ ရောက်သောအခါ ယခင်ဆိုင်းဘုတ်မှာ မရှိတော့ဘဲ "ဆဋ္ဌမမင်းသား အိမ်တော်" ဟူသော ဆိုင်းဘုတ်သစ်ကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ဆိုင်းဘုတ်မှာ တစ်ညတွင်းချင်း အလျင်အမြန် လုပ်ထားခြင်း ဖြစ်ကြောင်း သိသာလှ၏။ ဆေးသားများပင် လျှင် လုံးဝ ခြောက်သွေ့ခြင်း မရှိသေးပေ။
"ဆဋ္ဌမမင်းသားကို ကြိုဆိုပါတယ်"
အိမ်တော်အတွင်းရှိ လူများက ဝိုင်းဝန်း အလေးပြုကြသည်။ လူဦးရေမှာ အတော်လေး များပြားလှ၏။ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ကျော် ရှိလေသည်။ ထိုအထဲတွင် အစေခံနှင့် အလုပ်သမားများမှာ အများစုဖြစ်ပြီး ကိုယ်ရံတော် ၆ ဦးလည်း ပါဝင်သည်။
သို့သော် ဤလူများအားလုံးမှာ ဧကရာဇ်ဝမ် စီစဉ်ပေးထားသူများ ဖြစ်သဖြင့် ယွမ်ကျန်း စိတ်ထဲ၌ တစ်မျိုး ဖြစ်နေမိ၏။ ဤအထဲတွင် ခမည်းတော်၏ သူလျှို မည်မျှ ပါဝင်နေမည်ကို မည်သူ သိနိုင်ပါမည်နည်း။
"မလိုပါဘူး"
ယွမ်ကျန်းက လက်ကာပြလိုက်သော်လည်း စိတ်ထဲမှ ဆုံးဖြတ်လိုက်မိသည်။ "ငါ့ရဲ့ ယုံကြည်ရတဲ့ ကိုယ်ပိုင်လူတွေကို ရှာမှ ဖြစ်တော့မယ်"
အိမ်တော်အတွင်း တစ်ပတ်ပတ်ကြည့်ပြီးနောက် ယွမ်ကျန်းသည် ကောင်းဟယ်နှင့် ကျိုးမီတို့ကို ခေါ်ကာ အပြင်သို့ ထွက်လာခဲ့၏။
"မင်းသား... မြင်းရထားနဲ့ပဲ သွားမလား" ကောင်းဟယ်က အကြံပြုသည်။ "မင်းသားက အရင်က မြင်း သိပ်မစီးဖူးတော့ တစ်ခုခု ဖြစ်ရင် ကျွန်တော်တို့ တာဝန်မယူနိုင်မှာ စိုးလို့ပါ"
"မြင်းပဲ စီးမယ်"
ယွမ်ကျန်းက အားတက်သရော ဆိုလိုက်သည်။ "ငါက စစ်မြေပြင်ကို သွားရမယ့်သူပဲ၊ မြင်းတောင် မစီးတတ်ဘူးဆိုရင် ခမည်းတော်ရဲ့ မျက်နှာကို ရိုက်သလို ဖြစ်နေမှာပေါ့"
ပြောပြီးသည်နှင့် ယွမ်ကျန်းသည် မြင်းပေါ်သို့ ခက်ခက်ခဲခဲ တက်လေသည်။ သူသည် ဤကိုယ်ထဲ မရောက်မီက မြင်းတစ်ခါမျှ မစီးဖူးသဖြင့် ပထမဆုံး အကြိမ်တွင် အတော်လေး လေးကန်နေ၏။
ယွမ်ကျန်း၏ မကျွမ်းကျင်သော အမူအရာကို ကြည့်ပြီး ကျိုးမီနှင့် ကောင်းဟယ်တို့မှာ စိတ်ထဲမှ ခေါင်းခါမိကြသည်။ "ဒီလောက်လေးနဲ့လား။ မြင်းတောင် မြဲအောင် မစီးတတ်ဘဲ စစ်မြေပြင် သွားမယ် ဟုတ်လား။ ဒါက တကယ်ပဲ အသေခံဖို့ သွားတာပဲ"
၎င်းတို့က အထင်သေးမိသော်လည်း မပေါ့ဆရဲပေ။ ယွမ်ကျန်း မြင်းပေါ်မှ ပြုတ်မကျစေရန် ဘေးတစ်ဖက်တစ်ချက်စီမှ သေချာစွာ ကာကွယ်ပေးထားကြသည်။ ခဏကြာ မြင်းစီးပြီးနောက် ယွမ်ကျန်းမှာ အနည်းငယ် အသားကျလာ၏။
"မင်းသား... ကျွန်တော်တို့ ဘယ်ကို သွားမှာလဲ" ကျိုးမီက မေးသည်။
"ရှန်အိမ်တော်ကို သွားမယ်"
ယွမ်ကျန်းက ပြန်ဖြေ၏။ "ငါ အိမ်ပြောင်းသွားပြီဆိုတော့ ရှန်မိသားစုကိုလည်း အသိပေးရမှာပေါ့"
ကျိုးမီက ပြုံးလျက် ဆိုသည်။ "ဒါမျိုးကိစ္စလေးကိုတော့ အစေခံတွေကို ခိုင်းလိုက်ရင် ရပါတယ်၊ မင်းသား ကိုယ်တိုင် သွားစရာ မလိုပါဘူး"
"မြင်းစီးလေ့ကျင့်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်"
ယွမ်ကျန်းက အေးအေးဆေးဆေးပင် ဆိုလိုက်ပြီး ခေတ္တ စဉ်းစားကာ ဆက်မေးသည်။ "ငါ အိမ်သစ်ပြောင်းတာဆိုတော့ ထုံးစံအရ အမတ်တွေကို ဖိတ်ပြီး ထမင်းကျွေးရမှာ မဟုတ်လား"
"ဒါကတော့..." ကျိုးမီက ခဏမျှ တန့်သွားပြီးမှ ပြန်ဖြေ၏။ "ထုံးစံအရတော့ အဲ့ဒီလိုပါပဲ၊ ဒါပေမဲ့ မင်းသားသာ အမတ်တွေကို ဖိတ်မယ်ဆိုရင်..."
ကျိုးမီက နောက်ပိုင်းစကားကို ဆက်မပြောတော့ပေ။ သို့သော် ယွမ်ကျန်းကမူ ၎င်း၏ ဆိုလိုရင်းကို နားလည်လိုက်သည်။ မည်သူမျှ လာရောက် ဂုဏ်ပြုမည် မဟုတ်သည်ကို စိုးရိမ်နေခြင်းပင်။
သူကလည်း မည်သူမျှ လာမည်ကို မလိုလားပေ။ လက်ဖွဲ့များ ရောက်လာလျှင်ပင် ကျေနပ်လှပါပြီ။ ဤသည်မှာ ပိုက်ဆံရှာရန် အကောင်းဆုံး အခွင့်အရေး မဟုတ်ပါလား။ စစ်သည်၊ ပိုက်ဆံနှင့် ရိက္ခာသာ ရှိပါက နောင်တွင် ဤလူများကို ပြန်လည် ဆုံးမနိုင်ပေလိမ့်မည်။
ယွမ်ကျန်းက ခေါင်းငုံ့လျက် ဝမ်းနည်းဟန် ဆောင်လိုက်၏။ ခေတ္တမျှ ကြာသော် သက်ပြင်းချကာ ဆိုလေသည်။ "ဘယ်သူလာလာ၊ မလာလာ... ငါ့ဘက်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာပဲ၊ အင်ပါယာရဲ့ မင်းသားတစ်ပါးက စနစ်တကျ မရှိဘူးလို့ သူတစ်ပါး အပြောမခံနိုင်ဘူး..."
"မကြာခင် ဖိတ်စာတွေ အများကြီး ရိုက်ပြီး လူလွှတ်ဝေခိုင်းရမယ်။ အရာရှိကြီးတွေဆီကိုတော့ ငါကိုယ်တိုင် သွားပေးမယ်။ ငါကိုယ်တိုင် လာဖိတ်တာဆိုတော့ မင်းတို့တွေ လက်ဖွဲ့တော့ ပေးကြရမှာပေါ့။ အိမ်ပြောင်းတာမှာ တစ်ခါရှာ၊ မင်္ဂလာဆောင်မှာ တစ်ခါရှာလိုက်ရင် ပိုက်ဆံတွေ အများကြီး ရပြီပေါ့။ တကယ့်ကို အကြံကောင်းပဲ" ဟု သူ စိတ်ထဲမှ တွေးလိုက်သည်။
ယွမ်ကျန်းက ဇွတ်လုပ်မည်ဟု ဆိုသဖြင့် ကိုယ်ရံတော်နှစ်ဦးမှာလည်း ဘာမှ မပြောရဲတော့ပေ။ မည်သူမျှ လာရောက်ခြင်း မရှိသောအခါမှ အရှက်ကွဲသည်ကို သူ သိသွားလိမ့်မည်ဟုသာ ၎င်းတို့ တွေးနေကြသည်။
မကြာမီ ရှန်အိမ်တော်သို့ ရောက်ရှိလာကြ၏။ ထိုအချိန်တွင် ရှန်မိခင်ကြီးနှင့် အမျိုးသမီးများသည် ဧည့်သည်နှင့် စကားပြောနေကြသည်။ ယွမ်ကျန်း ဝင်လာသည်ကို မြင်သောအခါ အားလုံးက ထရပ်ကာ အလေးပြုကြလေသည်။ ခေါင်းမာသော ရှန်မော့ယန့်ပင်လျှင် အလေးပြုရ၏။
"ဟင်... သူတို့က စိတ်ပြောင်းသွားကြတာလား။ မနေ့ညက နန်းတော်မှာ သွားတောင်းဆိုတာ မအောင်မြင်လို့ လက်တွေ့ကို လက်ခံလိုက်ကြတာလား" ဟု ယွမ်ကျန်း အံ့သြသွားမိသည်။
"အားလုံးက မိသားစုတွေပဲလေ၊ ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူး"
ယွမ်ကျန်းက အေးအေးဆေးဆေးပင် ဆိုလိုက်ပြီး သူရဲကောင်းဆန်သော အရှိန်အဝါရှိသည့် လူငယ်တစ်ဦးကို ကြည့်ကာ မေးလိုက်၏။ "မင်းက ဘယ်သူလဲ"
ထိုလူငယ်၏ မျက်လုံးထဲ၌ အထင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဦးညွှတ်လျက် ဆိုသည်။ "မင်းသားကို လျှောက်တင်ပါတယ်၊ ကျွန်တော်က ဘယ်ဘက်တပ်ရင်းက မြင်းတပ်ဗိုလ် ယွမ်ကွေပါ၊ ကျွန်တော့်အဖေကတော့ စစ်သူကြီးချုပ် ယွမ်ချုံပါ"
ယွမ်ချုံ ဟုတ်လား။ တတိယမင်းသားဘက်က လူပေါ့။ ယွမ်ကျန်း၏ စိတ်ထဲ၌ ဉာဏ်တစ်ခု ပွင့်သွား၏။ မနေ့က ညီလာခံမှာ ယွမ်ချုံသည် ယွမ်လိဘက်ကနေ အကျယ်လောင်ဆုံး အော်ခဲ့သူ မဟုတ်ပါလား။
"တတိယနောင်တော်ဘက်က လူဆိုရင်တော့ ငါက အားနာနေမှာ မဟုတ်ဘူး"
"ဪ... ဗိုလ်ယွမ်ကိုး" ယွမ်ကျန်းက ရယ်မောလျက် ဆက်မေးသည်။ "ဗိုလ်ယွမ်က ဒီနေ့ ဘာကိစ္စ လာတာလဲ"
ယွမ်ကွေက မဆိုင်းမတွပင် ပြန်ဖြေ၏။ "ရှန်လေး စိတ်မကောင်းဖြစ်နေတယ်လို့ ကြားလို့ ကျွန်တော်က အထူး..."
"ဟမ့်..." ရဲ့ကျိက ချောင်းတစ်ချက်ဟန့်ကာ ယွမ်ကွေ၏ စကားကို ဖြတ်ပြောလိုက်သည်။ "ဗိုလ်ယွမ်က ကျွန်မနဲ့ ဆွေမျိုးတော်စပ်ပါတယ်၊ သူက ကျွန်မကို မြို့ပြင်မှာ မြင်းစီးထွက်ဖို့ လာခေါ်တာပါ၊ မော့ယန့်လည်း စိတ်ညစ်နေတာနဲ့ အတူတူ လိုက်သွားပြီး စိတ်ဖြေဖျောက်ဖို့ တိုင်ပင်နေကြတာပါ"
ပြောပြီးသည်နှင့် ရဲ့ကျိက ယွမ်ကွေကို မျက်စိတစ်ချက် ပြလိုက်၏။ "ဒီငတုံး... ရှန်မော့ယန့်ကို မြင်းစီးထွက်ဖို့ ခေါ်တယ်လို့ ဘယ်လိုလုပ် ပြောရဲရတာလဲ။ ရှန်မော့ယန့်က မကြာခင် ဆဋ္ဌမမင်းသားရဲ့ ကြင်ယာတော် ဖြစ်တော့မှာလေ။ အကယ်၍ မင်းသားက သိသွားရင် ဘယ်လိုထင်မလဲ။ ဧကရာဇ်နား ရောက်သွားရင်တော့ ပြဿနာတွေ အကြီးအကျယ် တက်ကုန်လိမ့်မယ်"
ရဲ့ကျိ ဟန့်လိုက်သဖြင့် ယွမ်ကွေသည်လည်း သတိဝင်လာကာ ချွေးပြန်သွားပြီး အမြန်ထောက်ခံလေသည်။ "ဟုတ်ပါတယ်... ကျွန်တော်က ရဲ့မရီးကို လာခေါ်တာပါ..."
"ဪ... အဲ့ဒီလိုကိုး" ယွမ်ကျန်းက ပြုံးလျက် ရဲ့ကျိကို တစ်ချက် ကြည့်လိုက်သည်။
"ဒီမိန်းမက တော်တော် ဉာဏ်ကောင်းတာပဲ။ ဒါပေမဲ့ ငါ့ရဲ့ အကွက်ကိုတော့ ဖျက်လိုက်ပြီ"
ထိုစဉ် ရှန်မိခင်ကြီးက လေးလေးပင်ပင် ဆိုလေသည်။ "ကျွန်မတို့ မနေ့ညက နန်းတော်ရှေ့မှာ တစ်ညလုံး ဒူးထောက်ခဲ့ရတယ်၊ ကျွန်မက အသက်ကြီးပြီဆိုတော့ အအေးမိချင်နေတယ်၊ မင်းသားကို ကူးမှာစိုးလို့ ကျွန်မ အရင်နားပါရစေဦး၊ မင်းသား စိတ်ကြိုက်သာ နေပါ"
ပြောပြီးသည်နှင့် ရှန်မိခင်ကြီးသည် အနောက်ဘက်ဆောင်သို့ ဝင်သွားလေသည်။
"ကျွန်မလည်း နျန်စီးကို စာပြရဦးမယ်၊ သွားခွင့်ပြုပါဦး" ဝေရွှမ်းကလည်း ထွက်သွား၏။
၎င်းတို့၏ ကျောပြင်ကို ကြည့်ရင်း ယွမ်ကျန်း အခြေအနေကို နားလည်လိုက်သည်။ "ဪ... ဒါကြောင့် ငါ့ကို အလေးပြုကြတာကိုး။ သူစိမ်းတွေရှေ့မှာ ငါ့မျက်နှာကို ပြောင်ပြောင်တင်းတင်း ရိုက်ဖို့ အကွက်ဆင်နေကြတာပဲ"
ယွမ်ကွေက ယွမ်ကျန်းကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ "မင်းသား... ကျွန်တော်တို့ မြင်းစီးထွက်တော့မလို့ပါ၊ တခြားကိစ္စ မရှိရင် ခွင့်ပြုပါဦး" ဟု ဆိုလေသည်။
"ဒီငတုံးကပါ ငါ့ကို လာစော်ကားချင်တာလား။ နေဦး... မင်းကို ငါ အကွက်ဆင်ပြီး မသေရုံတမယ် လုပ်ပစ်မယ်"
ယွမ်ကျန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။ "ငါလည်း ဘာမှ လုပ်စရာ မရှိတာနဲ့ အတူတူ လိုက်စီးမယ်လေ"
ရှန်မော့ယန့်က ချက်ချင်း မျက်မှောင်ကြုတ်ကာ ရွံရှာသော အမူအရာဖြင့် ဆို၏။ "ရှင်က မြင်းစီးတတ်လို့လား"
"သိပ်တော့ မကျွမ်းသေးဘူး" ယွမ်ကျန်းက ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ပြီး ယွမ်ကွေကို မေးသည်။ "ဗိုလ်ယွမ်... မင်းက မြင်းတပ်ဗိုလ်ဆိုတော့ မြင်းစီး အတော်တော်မှာပဲ မဟုတ်လား"
"အပိုတွေ မေးနေပြန်ပြီ" ဟု ယွမ်ကွေက စိတ်ထဲမှ အထင်သေးနေသော်လည်း ပြုံးလျက် ပြန်ဖြေသည်။ "မြင်းစီးတာက မြင်းတပ်ဗိုလ်တစ်ယောက်အတွက် အခြေခံပါပဲ၊ မြင်းတပ်ဗိုလ် ဖြစ်လာတဲ့သူဟာ မြင်းစီးရော၊ မြားပစ်ရော ထူးချွန်ရပါမယ်"
"တကယ်လား"
ယွမ်ကျန်းက အားတက်သရော ဆိုလိုက်၏။ "ဗိုလ်ယွမ်... ငါလည်း မကြာခင် စစ်မြေပြင် သွားရတော့မှာ၊ ဒါပေမဲ့ ငါ့ရဲ့ မြင်းစီးပညာက အတော်လေး ညံ့နေသေးတယ်၊ ခုနက လာတဲ့လမ်းမှာတောင် ငါ့ကိုယ်ရံတော်တွေက ငါပြုတ်ကျမှာ စိုးလို့ အတင်း ကာကွယ်ပေးနေရတာ၊ မင်း ငါ့ကို မြင်းစီးပညာလေး နည်းနည်းလောက် သင်ပေးပါလား"
ပြောနေစဉ်အတွင်း ယွမ်ကျန်းသည် ယွမ်ကွေကို အထင်ကြီးလေးစားသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ သို့သော် သူ၏ စိတ်ထဲ၌မူ "ငတုံး... ငါ့ရဲ့ အကွက်ထဲကို အမြန်ဝင်ခဲ့စမ်းပါ၊ မင်းကို ငါ အသေသတ်ပြမယ်" ဟု ဆိုနေပါတော့သည်။