အခန်း (၆၀) ကဗျာရွတ်ပွဲ
“ဒါက မြောင်ယင်းပဲ”
ကျန်းရွှီးက ကြက်သွေးထိုးခံထားရသည့်အလား ရုတ်တရက် ထထိုင်လိုက်ပြီး မြောင်ယင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့သည်။ ကြည့်ရသည်မှာ ကျန်းရွှီးသည်လည်း မြောင်ယင်း၏ ပရိသတ်တစ်ဦး ဖြစ်ပုံရပေသည်။
ဒါက မြောင်ယင်းလား။
ယွမ်ကျန်းက မျက်မှောင်ကြုတ်ကာ “သူမက နတ်သမီးလေးလို လှတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား။ သူမက မျက်နှာဖုံးစွပ်ထားတာကို မင်းက ဘယ်လိုလုပ် သူမရဲ့ ရုပ်ရည်ကို မြင်ရမှာလဲ” ဟု မေးလိုက်၏။
“မမြင်ရတာတော့ သေချာတာပေါ့ဗျာ” ကျန်းရွှီးက သဘာဝကျကျပင် ပြန်ဖြေသည်။
“ဒါဆိုရင် သူမက နတ်သမီးလေးလို လှတယ်ဆိုတာ မင်းက ဘယ်လိုသိလဲ” ယွမ်ကျန်း၏ မျက်နှာမှာ ညိုမှောင်သွားလေသည်။
“တခြားသူတွေ ပြောတာလေ”
ကျန်းရွှီးက မျက်လုံးလေး မှေးစက်ကာ မြောင်ယင်း၏ ကိုယ်လုံးကိုယ်ထည်ကို အကဲခတ်နေရင်း “သူမရဲ့ အခန်းထဲကို ဝင်ခွင့်ရခဲ့တဲ့ ကံကောင်းသူတွေက ပြောကြတာကတော့ သူမက တကယ့်ကို ရင်သပ်ရှုမောဖွယ် လှပပြီး ကောင်းကင်ဘုံက နတ်သမီးတွေတောင် သူမကို မမီဘူးတဲ့ဗျာ...”
သေစမ်း။ ဒီမြောင်ယင်းက တကယ်ပဲ လှတယ်လို့ သူက ထင်နေတာလား။ ဒါတွေက လူတွေ ဝိုင်းမြှောက်ပင့်ထားကြတာပဲ ဖြစ်မှာပေါ့။ ဒီမြောင်ယင်းက နာမည်ကြီးအောင် လုပ်တဲ့နေရာမှာတော့ တကယ့်ကို ကျွမ်းကျင်တာပဲ။
ယွမ်ကျန်းက စိတ်ထဲမှ ဝေဖန်နေစဉ်မှာပင် မြောင်ယင်းက စတင် စကားပြောလိုက်လေသည်။ အစပျိုးစကားမှာတော့ လူအများ လာရောက်အားပေးကြသည်ကို ကျေးဇူးတင်ကြောင်း ပြောဆိုခြင်းပင် ဖြစ်သည်။ မြောင်ယင်းသည် မည်မျှလှပသည်ကို ယွမ်ကျန်း မသိရသေးသော်လည်း ဤအမျိုးသမီး၏ အသံမှာ တကယ့်ကို စွဲမက်စရာ ကောင်းလှပေသည်။ အသံကို ကြားရုံနှင့်တင် လူကို နူးညံ့ပျော့ပြောင်းသွားစေသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်၏။
အသံလှပြီး လူမလှတဲ့သူမျိုးတော့ မဖြစ်ပါစေနဲ့။ ယွမ်ကျန်းက စိတ်ထဲမှ ဆုတောင်းနေမိသည်။
“မြောင်ယင်းလေး... မြန်မြန် ခေါင်းစဉ်ထုတ်ပေးပါတော့”
“ဟုတ်တယ်... မြန်မြန် ထုတ်ပေးပါ”
“ခေါင်းစဉ်ထုတ်တော့ကော ဘာဖြစ်မှာလဲ။ မင်းတို့ရဲ့ ကဗျာအရည်အချင်းနဲ့ မြောင်ယင်းလေးရဲ့ မျက်စိထဲ ဝင်ပါ့မလား”
“ဒီနေ့တော့ ကျုပ်အပြည့်အဝ ပြင်ဆင်လာတာကွ ဒီနေ့ရဲ့ ပထမဆုကတော့ ကျုပ်ကလွဲလို့ တခြားသူ မဖြစ်နိုင်ဘူး”
“လေကြီးလိုက်တာဗျာ... ကျုပ်သာ မလာရင်တော့ မင်းက ပထမဆုရဖို့ အခွင့်အရေးရှိမှာပေါ့၊ အခု ကျုပ် ရောက်နေပြီဆိုတော့ မင်းတို့အားလုံးမှာ အခွင့်အရေး မရှိတော့ဘူး...”
မြောင်ယင်းက အစပျိုးစကား ပြောပြီးရုံရှိသေးသည်၊ စင်အောက်ရှိ စာပေပညာရှင် အုပ်စုမှာ အချင်းချင်း အငြင်းပွားနေကြတော့သည်။ ထိုသူများ၏ ပုံစံကို ကြည့်ပြီး ယွမ်ကျန်းက စိတ်ထဲမှ မချိတင်ကဲ ရေရွတ်လိုက်မိ၏။
စာပေပညာရှင် ဟုတ်လား။ ခွေးအတွေနဲ့ ပိုတူနေသလိုပဲ။
“လျိုသခင်လေး ကြည့်ပါဦး... ဒါက အဲဒီစာပေပညာရှင်ဆိုတဲ့ သူတွေရဲ့ အကျင့်စရိုက်တွေပဲဗျာ...”
ကျန်းရွှီးက အငြင်းပွားနေကြသည့် သူများကို အလွန်အမင်း အထင်အမြင်သေးသည့် အကြည့်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ပြီး ယွမ်ကျန်းကို မိတ်ဆက်ပေးလေသည်။ “အဲဒီမှာ အသံအကျယ်ဆုံး အော်နေတဲ့ ငတုံးကတော့ အမတ်ကြီး မုန့်ရို့ဝမ့်ရဲ့ သား မုန့်ကွန့်ပိုင် ပေါ့။ သူ့ကို ပြန်ပြီး အချေအတင် ပြောနေတဲ့သူကတော့ တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဝမ်ရွှမ်ရဲ့ မြေး ဝမ်ရှန် ပဲ...”
ကျန်းရွှီးက အောက်ထပ်တွင် အော်ဟစ်နေသည့် သူများအကြောင်းကို ယွမ်ကျန်းအား တိုးတိုးလေး ရှင်းပြနေခဲ့သည်။
ဟား... နောက်ခံတွေကတော့ မဆိုးလှဘူးပဲ။ အညံ့ဆုံးတောင် ပဉ္စမအဆင့် စာပေအရာရှိတစ်ဦး၏ သားပင် ဖြစ်သည်။ ဒါကြောင့်လည်း သူတို့တွေ ဒီလောက်ထိ ဟိတ်ဟန်ကြီးနေကြခြင်း ဖြစ်ပေလိမ့်မည်။
လူအများ အငြင်းပွားနေကြစဉ်မှာပင် မြောင်ယင်းက ထွက်၍ တားမြစ်လိုက်လေသည်။
“လူကြီးမင်းတို့ မငြင်းခုံကြပါနဲ့တော့ရှင်၊ ကျွန်မ အခုပဲ ခေါင်းစဉ်ထုတ်ပေးပါ့မယ်”
မြောင်ယင်း၏ အသံသည် လူအများ၏ စိတ်ကို ဖမ်းစားနိုင်စွမ်းရှိရာ ချက်ချင်းပင် နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
“မြောင်ယင်းလေး... မြန်မြန် ခေါင်းစဉ်ထုတ်ပေးပါတော့”
ဝမ်ရှန်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။
“ဝမ်သခင်လေး ခဏစောင့်ပါဦးရှင်၊ ကျွန်မ အခုပဲ ခေါင်းစဉ်ထုတ်ပါ့မယ်”
မြောင်ယင်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် ချိုသာသော အသံဖြင့် ဆိုလိုက်လေသည်။ “ကျွန်မ မနေ့က ကြားလိုက်ရတာကတော့ ကျွန်မတို့ အင်ပါယာရဲ့ ဆဋ္ဌမမင်းသားဟာ မကြာခင်မှာ မြောက်ပိုင်းနယ်စပ် စစ်မြေပြင်ကို သွားရတော့မယ်လို့ သိရပါတယ်... ဒါကြောင့် ကျွန်မကလည်း သတ္တိရှိရှိနဲ့ပဲ လူကြီးမင်းတို့ကို စစ်မြေပြင် တိုက်ပွဲဝင်ခြင်း ခေါင်းစဉ်နဲ့ ကဗျာတစ်ပုဒ် စပ်ဆိုပေးဖို့ တောင်းဆိုချင်ပါတယ်ရှင်...”
မြောင်ယင်း၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းရွှီးက ယွမ်ကျန်းကို အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။ ယွမ်ကျန်းသည်လည်း ခေတ္တမျှ မှင်တက်သွားရပေသည်။
သေစမ်း။ ကိစ္စက ငါ့ဆီကိုတောင် ရောက်လာတယ်ပေါ့။ ဒီသတင်းက ဒီလောက်အထိ ပျံ့နှံ့သွားပြီလား။
ဟဲဟဲ။ ဒါက ကောင်းတဲ့ကိစ္စပဲ။ ငါ ဒီနေ့ အခွင့်အရေးရရင် မီးလောင်ရာ လေပင့်ပေးရဦးမယ်။
ယွမ်ကျန်းက ခဏမျှ တွေးတောပြီးနောက် ကျန်းရွှီးကို တိုးတိုးလေး မေးလိုက်၏။ “မင်း ဒီမြောင်ယင်းလေးရဲ့ အခန်းထဲကို ဝင်ချင်လား”
“ဝင်ချင်တာပေါ့ဗျာ”
ကျန်းရွှီးက အားတက်သရော ခေါင်းညိတ်ပြလိုက်သော်လည်း မကြာမီမှာပင် မျက်နှာပျက်သွားပြန်သည်။ “ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝမ်းဗိုက်ထဲမှာ ရှိတဲ့ စာပေပညာနဲ့ကတော့ ကဗျာစပ်ဖို့ နေနေသာသာ စာကြောင်းတစ်ကြောင်းကိုတောင် ပြေပြစ်အောင် ရေးနိုင်မှာ မဟုတ်ဘူးဗျ...”
ယွမ်ကျန်းက လက်ယမ်းပြလိုက်ပြီး “နားနားကို ကပ်လိုက်စမ်း” ဟု တိုးတိုးလေး ဆိုလိုက်သည်။ ကျန်းရွှီးက ယွမ်ကျန်းကို သံသယဖြင့် ကြည့်လိုက်သော်လည်း ချက်ချင်းပင် နားကို ကပ်ပေးလိုက်၏။
ယွမ်ကျန်း၏ တိုးတိုးလေး ရွတ်ဆိုပြမှုကို ကြားလိုက်ရသည့်အခါ ကျန်းရွှီး၏ မျက်လုံးများမှာ ချက်ချင်းပင် ဝင်းပသွားတော့သည်။
“ဒါ... ဒါက မင်းသားစပ်ထားတဲ့ ကဗျာလား”
ကျန်းရွှီးက ယွမ်ကျန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
“သွားစမ်းပါ”
ယွမ်ကျန်းက တိုးတိုးလေး ပြန်ပြောလိုက်၏။ “ဒါက ရှန်မော့ယန့်ရဲ့ ဒုတိယမရီး စပ်ထားတာလေ၊ ငါက ကူးချထားတာ”
“ဪ... ဒီလိုကိုး”
ကျန်းရွှီးက သဘောပေါက်သွားသလို ခေါင်းညိတ်ပြီး “ကျွန်တော်ကလည်း ပြောပါတယ်... ကျွန်တော်တို့ နှစ်ယောက်လုံးက အတူတူပဲ အသုံးမကျ...” ဟု ပြောရင်းနှင့် အမှားကို သတိရသွားကာ စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။ “ကျွန်တော် ဆိုလိုတာက ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ စာပေပညာက အတူတူပဲလို့ ပြောတာပါဗျာ... ဟဲဟဲ”
“တော်ပြီ... တော်ပြီ”
ယွမ်ကျန်းက လက်ယမ်းပြလိုက်ပြီး “သေချာမှတ်ထားလိုက်ဦး၊ ခဏနေရင် အဲဒီလူတွေရဲ့ ပါးစပ်တွေ အဟောင်းသား ဖြစ်သွားအောင် လုပ်ပြလိုက်စမ်း” ဟု ဆိုလိုက်၏။
ကျန်းရွှီးက အသည်းအသန် ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ မှတ်ရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် မျက်နှာကြီး နီမြန်းသွားကာ အားနာနာဖြင့် ထပ်မံ အနားကပ်လာပြန်သည်။ “မင်းသား... နောက်တစ်ခေါက်လောက် ထပ်ပြောပေးပါဦး... ကျွန်တော်... ကျွန်တော် မေ့သွားလို့...”
“ငါ...”
ယွမ်ကျန်းမှာတော့ ဆွံ့အသွားပြီး စကားလုံးပင် ရှာမရတော့ပေ။ ဒီလူက တကယ်ကို စာဖတ်ပညာသင်မယ့် လူစားမျိုး မဟုတ်ဘူးပဲ။ ခုတင်က ပြောလိုက်တာကို ခုတင်ပဲ မေ့သွားတယ်ပေါ့။ ယွမ်ကျန်းမှာ မတတ်သာဘဲ သူ၏ နားနားသို့ ကပ်ကာ နောက်တစ်ကြိမ် ထပ်မံ ရွတ်ဆိုပြလိုက်ရပြန်သည်။
သူတို့နှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောနေကြစဉ်မှာပင် အောက်ထပ်တွင် တစ်စုံတစ်ယောက်က ကဗျာစတင် ရွတ်ဆိုနေလေပြီ။ သို့သော်လည်း ထိုသူ စပ်ဆိုသည့် ကဗျာမှာ တကယ်တော့ ကဗျာဟုပင် ခေါ်ရန် ခက်ခဲလှပေသည်။ ကာရန်မိစေရန်အတွက် အဓိပ္ပာယ်မရှိသည့် စကားလုံးများကို အတင်းအဓမ္မ စုစည်းထားခြင်းသာ ဖြစ်၏။ မြောင်ယင်းကို နေနေသာသာ ပတ်ဝန်းကျင်ရှိ လူများကိုပင် အထင်ကြီးအောင် မလုပ်နိုင်ခဲ့ပေ။
ထိုသူမှာ အရှက်ရစွာဖြင့် ပြန်ထိုင်သွားတော့သည်။ ထို့နောက်တွင် နောက်ထပ် တစ်ဦးက ကဗျာစပ်ဆိုပြန်၏။ ပထမတစ်ဦးထက်စာလျှင် အနည်းငယ် တော်သော်လည်း အဆင့်မီသည့် ကဗျာမျိုးတော့ မဟုတ်ပေ။ လှောင်ပြောင်သံများနှင့်အတူ ရှုံ့ချသံများသာ ထွက်ပေါ်လာခဲ့လေသည်။
နောက်ထပ် ကဗျာ ဆယ်ပုဒ်ခန့်မှာလည်း ထူးခြားမှု မရှိခဲ့ပေ။ ဤလူအုပ်စုမှာ ကဗျာကောင်းတစ်ပုဒ်ကိုပင် မစပ်ဆိုနိုင်သည်ကို မြင်သောအခါ ကျန်းရွှီးက ရုတ်တရက် ထရပ်လိုက်ပြီး ရဲရဲဝံ့ဝံ့ပင် အော်ဟစ်လိုက်လေတော့သည်။
“မင်းတို့က ဒါကို ကဗျာစပ်တယ်လို့ ခေါ်တာလား။ မြန်မြန် ထွက်သွားကြစမ်းပါ၊ ဒီမှာ လာပြီး လူရယ်စရာ အဖြစ်မခံကြနဲ့တော့”
ကျန်းရွှီး၏ စကားကြောင့် အောက်ထပ်ရှိ လူများမှာ ဒေါသတကြီး ဖြစ်သွားကြတော့၏။ သူတို့သည် ကျန်းရွှီးကို အစကတည်းက အမြင်မကြည်ဖြစ်နေကြသည် မဟုတ်ပါလား။ ယခု ဤအသုံးမကျတဲ့ကောင်က သူတို့ကို ထပ်မံ စော်ကားရဲသည်ပေါ့။
“ကျန်းရွှီး... မင်းလို အသုံးမကျတဲ့သူက ဒီနေရာမှာ လာပြီး လေကြီးရဲတယ်ပေါ့”
ဝမ်ရှန်က ကျန်းရွှီးကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး “ကြားရတာကတော့ မင်းက အရမ်းကို အသုံးမကျလွန်းလို့ ကျန်းအမတ်ကြီးကတောင် အိမ်ပေါ်က မောင်းချထားတယ်ဆို။ ငါသာ မင်းနေရာမှာဆိုရင်တော့ တစ်နေရာရာမှာ သွားပုန်းနေမှာပဲ၊ ဒီလိုနေရာမှာ လာပြီး အရှက်ခွဲခံနေမှာ မဟုတ်ဘူး...” ဟု ဆိုလိုက်လေသည်။
“ဟုတ်တယ်” မုန့်ကွန့်ပိုင်ကလည်း သူ၏ ယပ်တောင်ကို ခပ်ဖွဖွ ခတ်ရင်း လှောင်ပြောင်လိုက်၏။ “ဒါမှမဟုတ် ငါတို့က မင်းကို အခွင့်အရေးတစ်ခု ပေးရမလား။ မင်းကို ကဗျာစပ်ခိုင်းမှာ မဟုတ်ပါဘူး၊ မင်းက စာကြောင်းတစ်ကြောင်းလောက်ကို ပြေပြစ်အောင် ပြောနိုင်ရင်ပဲ မင်းကို အနိုင်ပေးလိုက်မယ်၊ ဘယ်လိုလဲ”
ဝမ်ရှန်၏ စကားအဆုံးတွင် နေရာတစ်ခုလုံး ရယ်မောသံများဖြင့် ပြည့်နှက်သွားတော့သည်။ ကျန်းရွှီးတွင် မည်မျှ အရည်အချင်းရှိသည်ကို အားလုံးက သိကြသည် မဟုတ်ပါလား။ ကျန်းအမတ်ကြီး၏ မိသားစုတွင် အရှက်ရစရာ တစ်ခုအဖြစ် သတ်မှတ်ခံထားရသူမှာ မည်သည့် အရည်အချင်း ရှိပါ့မည်နည်း။
သူ့ကို ကဗျာစပ်ခိုင်းတယ် ဟုတ်လား။ လူရယ်စရာ ဖြစ်အောင် လုပ်ခိုင်းတာနဲ့ အတူတူပင်။
ကျန်းရွှီးကမူ ဒါကို ဂရုမစိုက်ဘဲ အရှက်မရှိသည့် မျက်နှာထားဖြင့် ဆိုလိုက်၏။ “ဒီသခင်လေးက အကြာကြီး အေးအေးဆေးဆေး နေခဲ့ပေမယ့် ဒီနေ့တော့ ငါ့ရဲ့ စွမ်းရည်ကို ထုတ်ပြရတော့မှာပေါ့”
ကျန်းရွှီး၏ စကားကြောင့် လူအများမှာ ထပ်မံ၍ အကျယ်ကြီး ရယ်မောလိုက်ကြပြန်သည်။ ဝမ်ရှန်နှင့် မုန့်ကွန့်ပိုင်တို့မှာမူ အူတက်မတတ် ရယ်မောနေကြတော့၏။
“အားလုံးပဲ ဒီသခင်လေး ပြောတာကို သေသေချာချာ နားထောင်ကြစမ်း”
ကျန်းရွှီးက ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ဟစ်ကာ လူအများကို တိတ်ဆိတ်သွားစေပြီးနောက် ခန့်ညားသော အသံဖြင့် ရွတ်ဆိုလိုက်လေသည်။
“မြင်းဖြူပေါ်မှာ ဖြူစင်တဲ့ ကျောက်စိမ်းကုန်းနှီးကို တင်လို့... စစ်မြေပြင်က တိုက်ပွဲအပြီးမှာ... လရောင်က အေးစက်နေလေသည်... မြို့ရိုးထက်က... မြို့ရိုးထက်က... အဲ... အဲ...”
ကျန်းရွှီး၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး လဲလျောင်းနေသည့် ယွမ်ကျန်းကို ငိုမဲ့မဲ့မျက်နှာဖြင့် လှည့်ကြည့်လိုက်လေသည်။
သေစမ်း။ ခုတင်ပဲ မေ့သွားပြန်ပြီလား။
ယွမ်ကျန်း၏ မျက်နှာမှာ ညိုမှောင်သွားပြီး တိုးတိုးလေး သတိပေးလိုက်ရပြန်သည်။ “မြို့ရိုးထက်က စည်တော်သံက ဟိန်းမြည်နေဆဲပင်... ဓားအိမ်ထဲက ရွှေဓားမှာတော့ သွေးတွေ မခြောက်သေးပေ”
“ဟမ်...”
ကျန်းရွှီးက သေချာမကြားရသဖြင့် ယွမ်ကျန်းကို အသံကျယ်ကျယ် ပြောရန် အချက်ပြလိုက်၏။
ငါက အသံကျယ်ကျယ် ပြောရမယ် ဟုတ်လား။ ငါသာ အသံကျယ်ကျယ် ပြောလိုက်ရင် ဒီကဗျာက မင်းစပ်တာ မဟုတ်ဘူးဆိုတာ လူတိုင်း သိသွားမှာပေါ့။