အခန်း (၆) - ယွမ်ကျန်း သေကိုသေရမယ်
ညအချိန်၊ နန်းတွင်းအနက်ပိုင်း၌။
"အကုန် စုံစမ်းပြီးပြီလား"
ဧကရာဇ်ဝမ်သည် အလျင်အမြန် ဝင်ရောက်လာသော အရိပ်ကိုယ်ရံတော်ကို ကြည့်ကာ မေးမြန်းလိုက်၏။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ အကုန်စုံစမ်းပြီးပါပြီ"
အရိပ်ကိုယ်ရံတော်သည် ဦးညွှတ်လျက် ပိပေါ့ဆောင်မှ မူလစစ်သည်များကို စစ်ဆေးမေးမြန်းရာမှ ရရှိလာသော သတင်းများကို အသေးစိတ် တင်ပြလေသည်။
"ထောင်ထဲ ထည့်ဖို့ ဟုတ်လား"
ဧကရာဇ်ဝမ်သည် စာပွဲကို ဒုန်းခနဲ ရိုက်ချလိုက်ကာ ဒေါသတကြီး အော်ဟစ်တော့သည်။ "သတ္တိကောင်းလှချည်လား၊ ငါကိုယ်တော်ရဲ့ ခွင့်ပြုချက်မရှိဘဲ ယွမ်လိက ယွမ်ကျန်းကို ထောင်ထဲ ထည့်ဖို့ ဇွတ်လုပ်တယ်ပေါ့၊ ဒါကြောင့်လည်း ယွမ်ကျန်းက ကြောက်လန့်ပြီး သေဖို့အထိ တောင်းဆိုနေတာကိုး"
ဧကရာဇ်ဝမ်သည် အလွန်အမင်း ဒေါသထွက်နေပြီး အသက်ကို ပြင်းပြင်းရှူနေရ၏။
"အရှင်မင်းကြီး စိတ်လျှော့ပါဦး"
ဘေးတွင် ခစားနေသော မူရွှန့်က အမြန်ချော့မော့ရသည်။ "တတိယမင်းသားက ဆဋ္ဌမမင်းသားကို ခြိမ်းခြောက်ရုံပဲ နေမှာပါ၊ အိမ်ရှေ့စံရဲ့ လူက မသေခင် ဆဋ္ဌမမင်းသားဆီ သွားခဲ့တာဆိုတော့..."
ဧကရာဇ်ဝမ်က မျက်မှောင်ကြုတ်ကာ မူရွှန့်ကို စိုက်ကြည့်လိုက်၏။ "မင်းက ယွမ်ကျန်းဟာ အိမ်ရှေ့စံကိစ္စမှာ ပါဝင်ပတ်သက်နေတယ်လို့ ထင်နေတာလား"
"ဒါကတော့... ကျွန်တော်မျိုး မသိပါဘူး" မူရွှန့်က ရင်ထဲ ဒိန်းခနဲ ဖြစ်သွားကာ အမြန်ပြန်ဖြေသည်။
"မသိဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတာပဲ မဟုတ်လား" ဧကရာဇ်ဝမ်က နှာခေါင်းရှုံ့လျက် ဆိုသည်။ "မင်းသာ အိမ်ရှေ့စံနေရာမှာဆိုရင် ဒီလို အသုံးမကျတဲ့ကောင်ကို ပုန်ကန်ဖို့အတွက် ခေါ်မလား၊ သူက အိမ်ရှေ့စံကို စစ်သည်တစ်ယောက် ပေးနိုင်မှာလား၊ ဒါမှမဟုတ် အကြံဉာဏ်ပေးနိုင်မှာလား"
ယွမ်ကျန်းလို လူမျိုးကို ပုန်ကန်မှုမှာ ခေါ်ထားခြင်းသည် ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံသာ ရှိမည်။ အနည်းငယ် ဉာဏ်ရှိသောသူပင် ဤကဲ့သို့သော ငတုံးလုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ပေ။
မူရွှန့်မှာ ထိတ်လန့်နေသော်လည်း ပြန်မပြောဝေရဲပေ။ ဧကရာဇ်ဝမ်က အသက်ကို ပြင်းပြင်းရှူကာ အရိပ်ကိုယ်ရံတော်ကို ထပ်မေး၏။ "ယွမ်ကျန်း ပြန်ရောက်သွားတော့ သူ့အဆောင်က အစေခံမလေးတွေကို ဘယ်လို ဆုံးမသလဲ"
"ကိုယ့်ပါးကိုယ် ပြန်ရိုက်ခိုင်းပါတယ်" ဟု ကိုယ်ရံတော်က ဖြေသည်။
"တခြား ပြစ်ဒဏ်ရော မရှိဘူးလား"
"မရှိပါဘူး" အရိပ်ကိုယ်ရံတော်က ခေါင်းခါပြသည်။
"အသုံးမကျတဲ့ကောင်"
ဧကရာဇ်ဝမ်သည် အလွန်အမင်း စိတ်ပျက်သွားကာ ဒေါသတကြီး အော်ဟစ်လေသည်။ "ကိုယ့်အိမ်က ခွေးက ကိုယ့်ကို ပြန်ကိုက်တာတောင် ငါကိုယ်တော်က စစ်သည်တွေ လဲပေးတယ်၊ လက်ထဲကို တုတ်တောင် ထည့်ပေးလိုက်တာကို သူက အဲ့ဒီခွေးတွေကို ရိုက်မသတ်ရဲဘူး ဟုတ်လား အသုံးမကျလိုက်တာ၊ အသုံးမကျဆုံးပဲ ငါက ဘယ်လိုဖြစ်ပြီး ဒီလို အသုံးမကျတဲ့သားကို မွေးမိတာလဲ..."
ဧကရာဇ်ဝမ်သည် တွေးလေ ဒေါသထွက်လေ ဖြစ်ကာ ဆဲဆိုနေတော့သည်။ မူရွှန့်နှင့် ကိုယ်ရံတော်တို့မှာမူ စကားတစ်လုံးမှ ဝင်မပြောဘဲ ငြိမ်နေကြ၏။ ဧကရာဇ်ဝမ်က ယွမ်ကျန်းကို ဆဲခြင်းမှာ အဖေက သားကို ဆဲခြင်းဖြစ်၍ ရသော်လည်း ၎င်းတို့ကသာ ဝင်ဆဲပါက ဧကရာဇ်၏ မျက်နှာကို ရိုက်သလို ဖြစ်သွားပေလိမ့်မည်။
ဧကရာဇ်ဝမ်သည် ဒေါသကို အတန်ငယ် ထိန်းလိုက်ပြီးနောက် ကိုယ်ရံတော်ကို အမိန့်ပေးသည်။ "အဲ့ဒီ အစေခံမလေးတွေကို ပိပေါ့ဆောင်ကနေ ဆွဲထုတ်ပြီး ရိုက်သတ်လိုက်စမ်း"
ဤအခိုက်အတန့်တွင် ဧကရာဇ်ဝမ်၏ ရက်စက်သော အရှိန်အဝါမှာ ပေါ်ထွက်လာ၏။
"အမိန့်အတိုင်းပါ" အရိပ်ကိုယ်ရံတော် ဆုတ်ခွာသွားလေသည်။
ထို့နောက် ဧကရာဇ်ဝမ်က သက်ပြင်းရှည်ကြီး ချလိုက်ကာ မေးလိုက်၏။ "ရှန်မိသားစုက လူတွေ အပြင်မှာ ဒူးထောက်နေတုန်းပဲလား"
"ဟုတ်ပါတယ်" မူရွှန့်က ခေါင်းညိတ်ပြသည်။
ဧကရာဇ်ဝမ် ခေတ္တ ငြိမ်သက်သွားပြီးနောက် "ငါကိုယ်တော်က ရှန်မိသားစုအပေါ် လွန်သွားသလား" ဟု မေးသည်။
မူရွှန့်က အမြန်ပြုံးလျက် "ဒါက အရှင်မင်းကြီးရဲ့ ဂရုဏာပါ" ဟု ဖြေလေသည်။
"ဂရုဏာ ဟုတ်လား၊ ရှန်မိခင်ကြီးတို့ကတော့ ငါ့ကို စိတ်ထဲကနေ ကျိန်ဆဲနေကြမှာပဲ" ဟု ဧကရာဇ်ဝမ်က စိတ်ထဲမှ တွေးကာ ခါးသီးစွာ ပြုံးလိုက်၏။ ခေတ္တ စဉ်းစားပြီးနောက် သူက ထပ်မံ အမိန့်ပေးသည်။ "သူတို့ကို သွားပြောလိုက်၊ ငါကိုယ်တော်က ယွမ်ကျန်းကို နယ်စပ်မှာ နာမည်ကောင်းရအောင် လွှတ်လိုက်တာ၊ သေဖို့ လွှတ်လိုက်တာ မဟုတ်ဘူးလို့၊ ယွမ်ကျန်းက ဘာမှ အသုံးမကျဘူးဆိုပေမဲ့ ငါ့သားပဲလေ၊ ကျားဆိုတာ ကိုယ့်သားကိုယ် ပြန်မစားဘူး"
"အမိန့်အတိုင်းပါ" မူရွှန့်က ဦးညွှတ်ပြီးနောက် ဆက်ပြောသည်။ "အရှင်မင်းကြီး၊ ဆဋ္ဌမမင်းသားကို လက်ထပ်ခိုင်းပြီးပြီဆိုတော့ မင်္ဂလာဆောင်ဖို့အတွက် ကိုယ်ပိုင်အိမ်တော်တစ်ခု ချီးမြှင့်ရမလား"
"အိမ်တော် ဟုတ်လား၊ ယွမ်ကျန်းမှာ အခုထိ အိမ်တော်မရှိသေးဘူးလား"
ဧကရာဇ်ဝမ် ခေတ္တ ကြောင်သွားပြီးမှ မိမိခေါင်းကို ရိုက်ကာ ဆိုလေသည်။ "မင်း သတိမပေးရင် ငါတကယ် မေ့နေတာ၊ တချန်းအင်ပါယာရဲ့ မင်းသားတွေက အရွယ်ရောက်ရင် အပြင်မှာ အိမ်တော် ရကြတာပဲ၊ အိမ်ရှေ့စံ အိမ်တော်ပဲ နန်းတော်ထဲမှာ ရှိတာ"
ယွမ်ကျန်းသည် ယနေ့ထိ နန်းတော်ထဲ၌သာ နေထိုင်နေရခြင်းမှာ ၎င်း၏ အရှိန်အဝါ အလွန်နည်းပါးသဖြင့် ဧကရာဇ်ဝမ်ကိုယ်တိုင်ပင် မေ့နေခြင်းကြောင့် ဖြစ်လေသည်။ ယနေ့ကိစ္စသာ မဖြစ်ပါက ဧကရာဇ်ဝမ်သည် မိမိတွင် ဤကဲ့သို့သော သားရှိသည်ကိုပင် သတိရမည် မဟုတ်ပေ။
"ငါက မေ့နေရင်တောင် ဒီအသုံးမကျတဲ့ကောင်က ဘာလို့ ကိုယ်တိုင် မတောင်းရဲရတာလဲ၊ တကယ့်ကို အသုံးမကျတဲ့ကောင်" ဟု ဧကရာဇ်ဝမ်က တွေးကာ ဆဲလိုက်ပြန်သည်။
ခေတ္တ စဉ်းစားပြီးနောက် ဧကရာဇ်ဝမ်က မူရွှန့်ကို အမိန့်ပေး၏။ "လူလွှတ်ပြီး ပြစ်ဒဏ်သင့်အမတ် ယွီမင်ရဲ့ အိမ်တော်ကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်၊ မနက်ကျရင် ပိပေါ့ဆောင်ကို အမိန့်တော်သွားဖတ်ပြီး အဲ့ဒီအိမ်တော်ကို ယွမ်ကျန်းကို ပေးလိုက်၊ အစေခံတွေကိုလည်း စနစ်တကျ စီစဉ်ပေးလိုက်စမ်း"
တတိယမင်းသား အိမ်တော်။
ယွမ်လိ၏ ပေါင်ကြားမှ နာကျင်မှုမှာ အခုထိ မသက်သာသေးပေ။ ရှိစစ်ဖူနှင့် စုဖေးတို့က ယွမ်လိကို လာရောက် ကြည့်ရှုကြသည်။ ယွမ်လိ၏ အခြေအနေကို ကြည့်ပြီး ၎င်းတို့ မောင်နှမနှစ်ဦးမှာ စိတ်မကောင်းဖြစ်ရသလို ဒေါသလည်း ထွက်နေကြလေသည်။
ယွမ်လိသည် အသုံးမကျသော ယွမ်ကျန်း၏ လက်ချက်ဖြင့် ဒဏ်ရာရခဲ့သည် ဟုတ်လား။ ဒါက တကယ်ကို ရယ်စရာကောင်းလှသည်။
ဒေါသထွက်နေသော ရှိစစ်ဖူက ယွမ်လိကို ဆုံးမလေသည်။ "မင်းကလည်း ငတုံးပဲ၊ ယွမ်ကျန်းကို အပြစ်ပေးချင်ရင် တခြားအပြစ်တစ်ခုခု ရှာရမှာပေါ့၊ အခုတော့ အိမ်ရှေ့စံရဲ့ အပေါင်းအပါဆိုပြီး စွပ်စွဲတယ်၊ ဒါကို အမတ်တွေ မပြောနဲ့၊ မင်းကိုယ်တိုင်တောင် ယုံသလား"
ယွမ်ကျန်းက အိမ်ရှေ့စံနှင့် ပူးပေါင်းပြီး ပုန်ကန်မည် ဟုတ်လား။ ထိုစကားကို နန်းတော်ထဲက ခွေးတောင် ယုံမည်မဟုတ်ပေ။ ထိုအသုံးမကျသောကောင်သည် သွေးမြင်လျှင်ပင် တုန်နေသူ ဖြစ်ရာ ပုန်ကန်ရန်မှာ မဖြစ်နိုင်ပေ။ ဤသို့ စွပ်စွဲခြင်းမှာ တကယ့်ကို ငတုံးလုပ်ရပ်ပင် ဖြစ်လေသည်။
ယွမ်လိသည် စိတ်ပျက်လက်ပျက်ဖြင့် ဆိုလေသည်။ "ကျွန်တော်က အဲ့ဒီအသုံးမကျတဲ့ကောင်ကို ခြိမ်းခြောက်ချင်ရုံတင်ပါ၊ သူက ကျွန်တော့်ကို ပြန်လုပ်ရဲလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး"
"သူက မတုံ့ပြန်ရင် သေဖို့ပဲ ရှိတာလေ" ရှိစစ်ဖူက ယွမ်လိကို စိုက်ကြည့်ကာ သတိပေးလိုက်သည်။ "မင်း ဒီနှစ်ရက်မှာ အေးအေးဆေးဆေး နားနေပါ၊ ယွမ်ကျန်းကို သွားပြီး ဒုက္ခမပေးနဲ့တော့"
"ဘာလို့လဲ" ယွမ်လိက အမျက်ထွက်ကာ အော်ဟစ်သည်။ "အဲ့ဒီအသုံးမကျတဲ့ကောင်ကို ဒီအတိုင်း လွှတ်ပေးရမှာလား၊ ကျွန်တော် ဒီဒေါသကို ဘယ်လို မျိုသိပ်ရမှာလဲ"
"ငတုံး" ရှိစစ်ဖူက အသံကို မြှင့်လိုက်၏။ "အရှင်မင်းကြီးက အကြောင်းစုံကို သိသွားပြီ၊ အရှင်မင်းကြီးက မင်းဆီကို လာမကြည့်တာဟာ မင်းကို သတိပေးနေတာပဲ မင်းသာ ဒီအချိန်မှာ ယွမ်ကျန်းကို ထပ်ပြီး ဒုက္ခပေးရင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာတာနဲ့ အတူတူပဲ"
နုနယ်သေးသော ယွမ်လိနှင့် မတူဘဲ ရှိစစ်ဖူမှာ အတော်လေး အကွက်မြင်သူ ဖြစ်သည်။ ဧကရာဇ်ဝမ်သည် ယနေ့ ညီလာခံ၌ပင် စုဖေးကို သတိပေးခဲ့ပြီး ဖြစ်၏။ ယွမ်ကျန်းက အပေါင်းအပါ မဖြစ်နိုင်သည်ကို ဧကရာဇ်ဝမ် သိသလို၊ ဧကရာဇ်၏ ခွင့်ပြုချက်မရှိဘဲ ယွမ်လိက မင်းသားတစ်ပါးကို ထောင်ထဲ ထည့်ရန် ကြိုးစားခြင်းမှာလည်း အမှားကြီး ဖြစ်လေသည်။
"မင်း ဦးလေးပြောတာကို နားထောင်ပါ" စုဖေးက ဖြောင်းဖျလေသည်။ "အခုက အရေးကြီးတဲ့ အချိန်ပဲ၊ စိတ်မရှည်ရင် အစီအစဉ်တွေ ပျက်ကုန်လိမ့်မယ်"
"ဒါပေမဲ့ ကျွန်တော် ဒီအတိုင်း မနေနိုင်ဘူး" ယွမ်လိက ဒေါသတကြီး ဆိုသည်။
"စိတ်မပူနဲ့" ရှိစစ်ဖူက လက်ကာပြကာ အေးစက်စက် ဆိုလေသည်။ "နောက် ရက်ပိုင်းအတွင်းမှာ ဟွမ်နိုင်ငံရဲ့ အဖွဲ့ ရောက်လာတော့မယ်၊ အဲ့ဒီအချိန်ကျရင် အဲ့ဒီအသုံးမကျတဲ့ကောင်က ဟွမ်နိုင်ငံရဲ့ လူတွေကို စော်ကားမိအောင် ငါတို့ အကွက်ဆင်ရမယ်"
"အခု တိုင်းပြည်က မတည်မငြိမ် ဖြစ်နေတော့ အရှင်မင်းကြီးက ဟွမ်နိုင်ငံနဲ့ စစ်မဖြစ်ချင်ဘူး"
"အကယ်၍ အဲ့ဒီအသုံးမကျတဲ့ကောင်ကသာ ဟွမ်နိုင်ငံရဲ့ လူတွေကို စော်ကားမိရင် အရှင်မင်းကြီးက သူတို့ရဲ့ ဒေါသကို ပြေလျော့စေဖို့အတွက် ယွမ်ကျန်းကို သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်"
ယွမ်လိသည် ထိုစကားကို ကြားသောအခါ မျက်လုံးများ တောက်ပသွား၏။ တစ်ပါးသူ၏ လက်ကို အသုံးချပြီး သတ်ခြင်း ဟုတ်လား။ ဒါက တကယ်ကို ကောင်းမွန်သော နည်းလမ်းပင်။
ခေတ္တ စဉ်းစားပြီးနောက် ယွမ်လိက သွားကြိတ်လျက် ဆိုလေသည်။ "အပြစ်ပေးရုံနဲ့ မရဘူး အဲ့ဒီအသုံးမကျတဲ့ကောင်က သေကိုသေရမယ် သူ့ကို နယ်စပ်အထိ သွားခွင့် မပေးနိုင်ဘူး"
ရှိစစ်ဖူနှင့် စုဖေးတို့က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ ယွမ်ကျန်းကို နယ်စပ်သို့ အရှင်လွှတ်လိုက်ပါက ၎င်းတို့၏ မျက်နှာ ပျက်ရပေလိမ့်မည်။
ယွမ်ကျန်းသည် သေကိုသေရမည်။
ဟွမ်နိုင်ငံ၏ အဖွဲ့ မရောက်လာမီ ၎င်းတို့ သေချာစွာ အကွက်ဆင်ရပေတော့မည်။ တစ်ချက်တည်းနှင့် အသက်ပျောက်စေရမည်။ ယခင် အိမ်ရှေ့စံကို ရှင်းထုတ်ခဲ့သလိုမျိုးပင်။