အခန်း (၅၉) မြောင်ယင်း
“အို... ကျန်းသခင်လေးပါလား၊ ဒီနေ့ ဘယ်လေတိုက်လို့ ကျွန်မတို့ဆီ ရောက်လာတာလဲရှင့်”
“သခင်လေးကို မတွေ့ရတာ ရက်နည်းနည်းကြာသွားတော့ ကျွန်မတို့ဆီက မိန်းကလေးတွေဆို သခင်လေးကို လွမ်းလွန်းလို့ ထမင်းတောင် မစားနိုင်ကြတော့ဘူး”
“ဒီညကော ဟုန်ယွဲ့ကိုပဲ ခေါ်မလား၊ ဒါမှမဟုတ် ယွီရှန်းကို ခေါ်မလားရှင့်”
သူတို့ ချွန်းဖန်းယွမ်၏ တံခါးဝသို့ ရောက်သည်နှင့် အဖွားကြီး ထံမှ ပျူငှာနွေးထွေးသော ကြိုဆိုမှုကို ရရှိလိုက်လေသည်။ ကြည့်ရသည်မှာ ကျန်းရွှီးသည် ဤနေရာ၏ ဖောက်သည်ဟောင်းတစ်ဦး ဖြစ်သည်မှာ ထင်ရှားလှပေသည်။
ကျန်းရွှီးလား။ ဒီလူကတော့ ဒီလိုသာ ဆက်ကစားနေရင် ပိုပြီးတော့တောင် အားနည်း လာဦးမယ်။
“တစ်ယောက်၊ နှစ်ယောက်တည်းနဲ့ ဘယ်လောက် အားရမှာလဲ”
ကျန်းရွှီးသည် အဖွားကြီးကို မျက်စောင်းထိုးလိုက်ပြီး လက်ယမ်းကာ ဟိတ်ဟန်ကြီးစွာ ဆိုလိုက်၏။ “အရင်ဆုံး ဒီသခင်လေးအတွက် မိန်းကလေး ဆယ်ယောက်လောက် ခေါ်လိုက်စမ်း”
“ဟင်...”
အဖွားကြီးမှာ ခေတ္တမျှ မှင်တက်သွားရပေသည်။ ကျန်းရွှီးတို့ တစ်ဖွဲ့လုံးတွင် လေးဦးသာ ရှိသည်ကို မြင်သောအခါ သူက ချက်ချင်းပင် သဘောပေါက်သွားပြီး ပြုံးရွှင်စွာဖြင့် ဆိုလိုက်လေသည်။ “ရပါတယ်... ပြဿနာမရှိပါဘူး၊ ကျွန်မ အခုပဲ မိန်းကလေး လေးယောက်ကို ခေါ်ပေးပါ့မယ်...”
“ငါပြောတာ ဆယ်ယောက်လေ”
ကျန်းရွှီးက လက်ဖြင့် အမှတ်အသား ပြလိုက်ပြီး “ပြီးတော့ ငါ့ရဲ့ ဒီသူငယ်ချင်းအတွက်လည်း ဆယ်ယောက်လောက် စီစဉ်ပေးလိုက်ဦး” ဟု ဆိုလိုက်လေသည်။
“…”
ယွမ်ကျန်းသည် ဤစကားကို ကြားလိုက်ရသောအခါ ကျန်းရွှီးကို ကန်ချင်စိတ်ပင် ပေါက်သွားတော့သည်။ ဒီလူက တကယ်ပဲ ဆယ်ယောက် ခေါ်ခိုင်းနေတာလား။ သူက သူ့ကိုယ်သူ ဇူအန်တို့ရှောင်ယန်တို့လို ထင်နေတာလား။
“ငါ့အတွက်တော့ ထားလိုက်ပါတော့”
ယွမ်ကျန်းသည် လက်ခါပြလိုက်ပြီး တိုးတိုးလေး ဖျောင်းဖျလိုက်၏။ “မင်းလည်း တော်ရုံပဲ လုပ်ပါဦး”
“မရဘူး... မရဘူး” ကျန်းရွှီးသည် နှာခေါင်းရှုံ့လျက် တိုးတိုးလေး ပြန်ပြောလိုက်လေသည်။ “ကျွန်တော်က ဒီည လူတွေကို မနာလိုဖြစ်အောင် လုပ်ဖို့ လာတာလေ”
“…”
ယွမ်ကျန်းမှာတော့ ဆွံ့အသွားရရှာသည်။ အဖွားကြီးသည် အတန်ကြာ မှင်တက်နေပြီးမှ သတိပြန်ဝင်လာကာ ယွမ်ကျန်းကို ဆိုလိုက်၏။ “ဒီသခင်လေးကတော့ မျက်နှာသစ်ပဲ၊ ဘယ်လို ခေါ်ရမလဲရှင့်”
“ကျွန်တော့်ကို လျိုသခင်လေးလို့ပဲ ခေါ်ပါ” ယွမ်ကျန်းသည် လက်ယမ်းပြလိုက်၏။
ဘာပဲဖြစ်ဖြစ် သူက မင်းသားတစ်ပါး မဟုတ်ပါလား။ ပြည့်တန်ဆာအိမ် လာတဲ့အခါတော့ ခပ်သိပ်သိပ် နေရပေမည်။ အင်း... ဒါက မဟုတ်သေးဘူး။ ငါက အခု ပြည်သူတွေရဲ့ဘဝကို လေ့လာဖို့ လူမသိအောင် လာတာလေ။ ယွမ်ကျန်းသည် မိမိကိုယ်ကိုယ် ပြီးပြည့်စုံသည့် အကြောင်းပြချက်တစ်ခု ပေးလိုက်လေသည်။
အဖွားကြီးသည်လည်း အများကြီး မတွေးတော့ဘဲ အားနာသည့် လေသံဖြင့် ဆိုလိုက်၏။ “ကျန်းသခင်လေး၊ လျိုသခင်လေး... တကယ်ကို အားနာပါတယ်ရှင့်၊ ကျွန်မတို့ ဒီည ကဗျာရွတ်ပွဲ ကျင်းပနေတာဆိုတော့ မိန်းကလေးတွေက တကယ်ပဲ...”
အဖွားကြီး၏ စကားပင် မဆုံးသေးမီမှာ ကျန်းရွှီးက ငွေစ တစ်သောင်းတန် စာရွက်ကို သူမ၏ လက်ထဲသို့ ဗုန်းကနဲ တင်ပေးလိုက်လေသည်။
ငွေစ တစ်သောင်းလား။
အဖွားကြီး၏ မျက်လုံးများမှာ ပြူးထွက်သွားတော့၏။ သတိပြန်ဝင်လာသည့် အခါတွင်မူ အဖွားကြီးသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေတော့သည်။ “မိန်းကလေးတို့ရေ... ဧည့်သည်လာပြီဟေ့။ ကျန်းသခင်လေး၊ လျိုသခင်လေး... အပေါ်ထပ်က ထျန်းကျိနံပါတ် (၁) အခန်းကို ကြွပါဦးရှင့်...”
“မလိုပါဘူး”
ကျန်းရွှီးသည် လက်ယမ်းပြလိုက်၏။ “အပေါ်ထပ်မှာ အမြင်သာဆုံး နေရာတစ်ခုပဲ ရှာပေးစမ်း၊ မိန်းကလေးတွေကို သေသေချာချာ ပြုစုခိုင်းရင် ရပြီ။ ကျန်တဲ့ လျိုသခင်လေးအတွက်ကတော့...”
“ငါက မင်းဘေးမှာပဲ ထိုင်မယ်”
ယွမ်ကျန်းသည် ကျန်းရွှီး၏ စကားကို ဖြတ်ပြောလိုက်ပြီး အတည်ပေါက် ဆိုလိုက်လေသည်။ “ငါက အဓိကက ကဗျာရွတ်ပွဲကို လာကြည့်တာလေ”
“ဟုတ်သားပဲ... ဟုတ်သားပဲ” ကျန်းရွှီးသည် သဘောပေါက်သွားသလို ခေါင်းညိတ်ပြလိုက်၏။
ငွေစရှိလျှင် အရာရာက လွယ်ကူလှပေသည်။ မကြာမီမှာပင် အဖွားကြီးသည် သူတို့အတွက် ဒုတိယထပ် ဝရံတာတွင် အမြင်သာဆုံး နေရာ၌ ဆိုဖာအကြီးကြီး နှစ်ခုကို စီစဉ်ပေးလိုက်လေသည်။ လှပချောမောသည့် မိန်းကလေး အုပ်စုတစ်စုသည် သစ်သီးဝလံများနှင့် အရက်ကောင်းများကို ကိုင်ဆောင်ကာ ပြုစုရန် ရောက်ရှိလာကြ၏။
သူတို့နှစ်ဦးသည် အရှင်သခင်ကြီးများကဲ့သို့ ထိုနေရာတွင် လဲလျောင်းနေကြပြီး အရက်သောက်သည့်အခါမှာပင် ကိုယ်တိုင် လက်ကို မလှုပ်ရှားကြရပေ။
ငါတော့ ရှေးခေတ်ကမ္ဘာကြီးကို အရမ်းချစ်သွားပြီ။ ယွမ်ကျန်းသည် စိတ်ထဲမှ အမှန်တကယ်ပင် ရေရွတ်လိုက်မိ၏။ သို့သော်လည်း သူသည် ယနေ့တွင် တခြားသူများ၏ မျက်စိထဲ၌ အမြင်ကတ်စရာ အကောင်းဆုံး လူတစ်ယောက် ဖြစ်လာတော့မည်မှာ သေချာလှပေသည်။
ယွမ်ကျန်းသည် ပြည့်တန်ဆာမလေးက ပါးစပ်ထဲသို့ ခွံပေးလိုက်သည့် အရက်ကောင်းကို မြည်းစမ်းကြည့်လိုက်ပြီး ကျန်းရွှီးကို လှည့်မေးလိုက်၏။ “ဒါနဲ့... ဒီကဗျာရွတ်ပွဲမှာ အနိုင်ရရင် ဘာအကျိုးကျေးဇူးတွေ ရမှာလဲ”
“သိပ်ပြီးတော့တော့ အကျိုးမရှိပါဘူး”
ကျန်းရွှီးသည် နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။ “ငွေစ တစ်ထောင် ရမယ်၊ ပြီးတော့ ချွန်းဖန်းယွမ်ရဲ့ ထိပ်တန်းအလှမယ် ရဲ့ အခန်းထဲကို ဝင်ခွင့်ရမယ်။ ဒါ့အပြင် တချို့လူတွေကတော့ ကိုယ့်နာမည်ကို ကျော်ကြားအောင် လုပ်ဖို့ လာကြတာပေါ့...”
ပြောရင်းနှင့် ကျန်းရွှီးသည် လျှောက်လမ်းတွင် ချိတ်ဆွဲထားသည့် ကဗျာစာသားအချို့ကို လက်ညှိုးထိုးပြလိုက်လေသည်။ “အဲဒါတွေကတော့ စာပေပညာရှင် အစုတ်ပလုတ်တွေ ရေးခဲ့တဲ့ ကဗျာတွေပေါ့၊ လတိုင်းရဲ့ ကဗျာရွတ်ပွဲမှာ အကောင်းဆုံး ကဗျာတွေကိုပဲ ဒီမှာ ချိတ်ဆွဲခွင့် ရတာလေ”
“ဒါဆိုရင် ဒီကဗျာတွေရဲ့ အကောင်း၊ အဆိုးကို ဘယ်သူက ဆုံးဖြတ်ပေးတာလဲ” ယွမ်ကျန်းက ထပ်မေးလိုက်၏။
ကျန်းရွှီးက ပြန်ဖြေလိုက်လေသည်။ “ချွန်းဖန်းယွမ်ရဲ့ ထိပ်တန်းအလှမယ် မြောင်ယင်း ပေါ့”
ယွမ်ကျန်းသည် မှင်တက်သွားရပေသည်။ အလှမယ်တစ်ယောက်ကို ကဗျာတွေရဲ့ အကောင်း၊ အဆိုး ဆုံးဖြတ်ခိုင်းတယ် ဟုတ်လား။ ဒါက တကယ်ပဲ အလွယ်တကူ လုပ်လွန်းရာ မရောက်ဘူးလား။
ကျန်းရွှီးသည် ယွမ်ကျန်း၏ သံသယကို မြင်သောအခါ ချက်ချင်းပင် ရှင်းပြလိုက်လေသည်။ “ဒီမြောင်ယင်းက အလှမယ် ဆိုပေမယ့်လဲ အနုပညာကိုပဲ ရောင်းပြီး ကိုယ်ခန္ဓာကို ရောင်းတာမဟုတ်ဘူးလေ”
မြောင်ယင်းသည် နတ်သမီးလေးကဲ့သို့ လှပရုံတင်မကဘဲ ကခြင်း၊ စောင်းတီးခြင်း၊ စာပေ၊ ကဗျာ စသည့် အနုပညာရပ်များတွင်လည်း အလွန်ပင် ကျွမ်းကျင်နှံ့စပ်သူ ဖြစ်ရာ အလှလည်းရှိ၊ အရည်အချင်းလည်းရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့်ပင် စာပေပညာရှင် အများအပြား၏ ဝိုင်းဝန်းဝန်းရံမှုကို ခံရခြင်း ဖြစ်၏။ သူမသည် ကိုယ်ကို မရောင်းသော်လည်း လူအများအပြားက သူမ၏ အခန်းထဲသို့ ဝင်ခွင့်ရခြင်းကိုပင် ဂုဏ်ယူစရာ တစ်ခုအဖြစ် သတ်မှတ်ထားကြပေသည်။
ကဗျာရွတ်ပွဲတိုင်းတွင် မြောင်ယင်းကပင် ခေါင်းစဉ်ထုတ်ပေးပြီး အားလုံးက ကဗျာစပ်ကြရခြင်း ဖြစ်ပေသည်။ ကဗျာတစ်ပုဒ်၏ အကောင်း၊ အဆိုးကိုတော့ အားလုံး၏ စိတ်ထဲတွင် ကိုယ်ပိုင် အတိုင်းအတာတစ်ခု ရှိကြပေသည်။ မြောင်ယင်းက နောက်ဆုံး ဆုံးဖြတ်ပေးသူ ဖြစ်သော်လည်း အမှန်တကယ်တော့ လူအများကပါ ဆုံးဖြတ်နေကြခြင်း ဖြစ်သည်။
ကျန်းရွှီး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယွမ်ကျန်းသည် အံ့အားသင့်သွားရပေသည်။ ဒီမြောင်ယင်းသည် တချန်းအင်ပါယာရဲ့ ထိပ်တန်း အမျိုးသမီး အနုပညာရှင် တစ်ယောက်ပေါ့။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ကဗျာရွတ်ပွဲသို့ တက်ရောက်မည့် သူများသည် တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြလေသည်။ လူငယ်ပညာရှင်များတင်မကဘဲ သက်လတ်ပိုင်း စာပေပညာရှိများလည်း ပါဝင်ကြပေသည်။
ယွမ်ကျန်းနှင့် ကျန်းရွှီးတို့ အမြင်ကတ်စရာ အကောင်းဆုံး လူနှစ်ယောက်သည် ဒုတိယထပ်၏ အထင်ရှားဆုံး နေရာတွင် ထိုင်နေပြီး မိန်းကလေး အုပ်စုလိုက်ကြီး၏ ပြုစုမှုကို ခံနေကြရာ အားလုံးက သတိမထားမိဘဲ မနေနိုင်ကြပေ။
မိန်းကလေး ဆယ်ယောက်၏ ပြုစုမှုကို ခံနေရသည့် သူတို့နှစ်ဦးကို ကြည့်ရင်း အားလုံးက မနာလို၊ ဝန်တိုသည့် အကြည့်များဖြင့် ကြည့်နေကြတော့၏။ အထင်အမြင်သေးသည့် အကြည့်များလည်း ပါဝင်ပေသည်။ သို့သော်လည်း ကျန်းရွှီးအတွက်မူ ထိုအကြည့်အားလုံးမှာ မနာလိုမှုများသာ ဖြစ်ပေသည်။
“လျိုသခင်လေး... မင်းသားရဲ့ ဒီအကွက်က တကယ်ကို တော်တာပဲဗျာ။ ကြည့်စမ်း... အဲဒီ စာပေပညာရှင် အစုတ်ပလုတ်တွေ အခုဆိုရင် ကျွန်တော်တို့ကို ကြည့်ပြီး မနာလိုဖြစ်ပြီး သေတော့မှာပဲ... ဟားဟား”
ကျန်းရွှီးသည် အကျယ်ကြီး ရယ်မောလိုက်ရာ သူ၏ မျက်လုံးများမှာ မှေးစက်သွားရပေသည်။ ဒါက သူလိုချင်တဲ့ ခံစားချက်မျိုးပင်။ စာပေပညာရှင် ဖြစ်တော့ကော ဘာဖြစ်လဲ။ ငါတို့ အခုလိုမျိုး ခံစားနေရတာကို သူတို့က အဝေးကနေ ငေးကြည့်နေရတာ မဟုတ်လား။
“ခပ်အေးအေးပဲ နေစမ်းပါဦး”
ယွမ်ကျန်းသည် မျက်မှောင်ကြုတ်ကာ ကျန်းရွှီးကို ကြည့်လိုက်လေသည်။ “သူတို့ တက်လာပြီး မင်းကို ဝိုင်းရိုက်နေဦးမယ်”
ကျန်းရွှီးသည် ဒါကို စိတ်ထဲမထားပဲ မိန်းကလေးတစ်ယောက်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ကျီစယ်နေခဲ့၏။ ဘေးနားရှိ မိန်းကလေးများ ခွံ့ကျွေးသည့် အစားအစာများကိုလည်း စားသောက်နေခဲ့လေသည်။ ထိုပုံစံကို ကြည့်ရသည်မှာ တကယ့်ကို အမြင်ကတ်စရာ အကောင်းဆုံးပင် ဖြစ်ပေသည်။
“ဟော... ဟိုမှာ ကျန်းအမတ်ကြီးရဲ့ ပညာမတတ်တဲ့မြေး မဟုတ်လား။ သူကလည်း ဒီကဗျာရွတ်ပွဲကို လာတက်ရဲသေးတယ်ပေါ့”
“မိတ်ဆွေ... မင်း လူမှားနေတာလား။ ကျန်းအမတ်ကြီးက ငါတို့နိုင်ငံရဲ့ စာပေပညာရှင်တွေရဲ့ ထိပ်သီးလေ၊ သူ့ရဲ့မြေးက ဘယ်လိုလုပ်ပြီး ပညာမတတ်တဲ့သူ ဖြစ်နိုင်ပါ့မလဲ”
“ဟဲ... သူကတော့ တကယ်ကို ဖြစ်နေတာဗျ။ ဒီလိုမျိုး မြင့်မြတ်တဲ့ မိသားစုထဲမှာလည်း ဒီလို အညစ်အကြေး တစ်ခုတော့ ရှိတတ်တာပေါ့လေ”
“လူအများရှေ့မှာ ဒီလောက်တောင် ရိုင်းစိုင်းနေတာ၊ တကယ့်ကို စာပေပညာရှင်တွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာပဲ...”
အောက်ထပ်မှ လူများက ကျန်းရွှီးကို ချက်ချင်းပင် မှတ်မိသွားကြတော့၏။ သူတို့၏ စကားများထဲတွင် ကျန်းရွှီးကို လှောင်ပြောင် သရော်သည့် စကားများမှာ အတိုင်းသားပင်။
ကျန်းရွှီးသည် ယနေ့တွင် ဤနေရာသို့ လာကတည်းက အလှောင်ခံရမည်ကို မကြောက်ခဲ့ပေ။ အောက်ထပ်မှ ထွက်ပေါ်လာသည့် စကားများကို ကြားသောအခါ ကျန်းရွှီးသည် အရှင်သခင်ကြီး တစ်ဦးကဲ့သို့ ဘေးနားရှိ မိန်းကလေးများကို လက်ယမ်းပြလိုက်လေသည်။ “သွား... ဘယ်က ခွေးတွေ ဟောင်နေတာလဲ သွားကြည့်စမ်း၊ သူတို့ကို အသားတစ်ပွဲလောက် သွားပေးလိုက်ဦး၊ ထပ်မဟောင်တော့အောင်လို့...”
ကျန်းရွှီးသည် အောက်ထပ်မှ လူများ အသေအချာ ကြားစေရန် အသံကို တမင်ကျယ်ကျယ်ဖြင့် အော်ပြောလိုက်ခြင်း ဖြစ်ပေသည်။ ကျန်းရွှီး၏ စကားကြောင့် အောက်ထပ်မှ လူအများအပြားမှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်နေကြရတော့၏။
ထိုသူများ၏ ပုံစံကို ကြည့်ပြီး ကျန်းရွှီးသည် ပို၍ပင် ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်ရာ လူအများ၏ အထင်အမြင်သေးသည့် အကြည့်များကို ပိုမို ရရှိခဲ့လေသည်။
“တောင်... တောင်...”
ထိုအချိန်မှာပင် ချွန်းဖန်းယွမ်အတွင်း၌ ကြည်လင်သာယာလှသည့် စောင်းသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ စောင်းသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့၏။ ထိုသာယာလှသည့် စောင်းသံနှင့်အတူ လူအများအပြားမှာ နစ်မြောသွားကြရပေသည်။
ယွမ်ကျန်းသည် ဂီတအကြောင်းကို ကောင်းစွာ နားမလည်သော်လည်း ဤစောင်းသံမှာ ကောင်းမွန်ခြင်း၊ မကောင်းခြင်းကိုတော့ မဆုံးဖြတ်နိုင်ပေ။ သို့သော်လည်း နားထောင်ရသည်မှာ တကယ်ကို စိတ်ချမ်းသာစရာ ကောင်းလှပေသည်။
စောင်းတီးသံ ပြီးဆုံးသွားသည့်တိုင် လူအများမှာ စောင်းသံထဲတွင် နစ်မြောနေကြဆဲ ဖြစ်ပေသည်။ ထိုအချိန်တွင် ခရမ်းရောင် မျက်နှာဖုံး စွပ်ထားသည့် အမျိုးသမီးတစ်ဦးသည် အနောက်ဘက်မှနေ၍ အောက်ထပ်တွင် ယာယီ တည်ဆောက်ထားသည့် စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့လေတော့သည်...