အခန်း (၅၇) မင်းကို ငရုတ်ဆီတစ်ပုလင်း လက်ဆောင်ပေးမယ်
ယွမ်ကျန်း၏ စကားတစ်ခွန်းက ကျန်းရွှီးကို ပန်းတိုင်တစ်ခု ရှာတွေ့သွားစေရန် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။ ကျန်းရွှီးသည် ယခင်က ယွမ်ကျန်းအပေါ် ထားရှိခဲ့သည့် သဘောထားများကို ပြောင်းလဲပစ်လိုက်ပြီး အလွန်အမင်း ရိုသေပျူငှာလာခဲ့၏။ ကျန်းရွှီး၏ သဘောထားမှာ ရှေ့နောက်မဆီလျော်အောင် လျင်မြန်စွာ ပြောင်းလဲသွားခြင်းကြောင့် ယွမ်ကျန်းပင်လျှင် အံ့အားသင့်သွားရပေသည်။
မွန်းတည့်ချိန်တွင် ကျန်းရွှီးသည် ယွမ်ကျန်းကို မြို့တော်ရှိ အကောင်းဆုံး စားသောက်ဆိုင်သို့ မရမက ခေါ်ဆောင်သွားခဲ့လေသည်။ သူသည် မိမိအား နားလည်ပေးနိုင်သည့် ဤရင်ဖွင့်ဖော်ကို ကောင်းမွန်စွာ ဧည့်ခံချင်နေခြင်း ဖြစ်သည်။
“မင်းသား... ဒီလောက်များပြားတဲ့ နှစ်တွေအတွင်းမှာ ကျွန်တော့်ကို နားလည်ပေးနိုင်တဲ့သူ တစ်ယောက်ကို နောက်ဆုံးတော့ တွေ့လိုက်ရပြီဗျာ”
“ကျွန်တော် ဒီနှစ်တွေမှာ ဘယ်လိုမျိုး ဖြတ်သန်းခဲ့ရလဲဆိုတာ မင်းသား မသိပါဘူးဗျာ”
“ကျွန်တော်က စာမတတ်လို့၊ ကဗျာမစပ်တတ်လို့ ကျွန်တော်လုပ်သမျှ အရာရာတိုင်းက မှားနေခဲ့တာလေ”
စားသောက်ဆိုင်အတွင်းမှာ ကျန်းရွှီးက အရက်သောက်ရင်း ယွမ်ကျန်းကို ရင်ဖွင့်နေခဲ့လေသည်။ စိတ်လှုပ်ရှားလာသည့်အခါ ကျန်းရွှီး၏ မျက်ဝန်းများမှာ နီရဲလာခဲ့၏။ ယွမ်ကျန်းသည်လည်း ကျန်းရွှီးကို နားလည်ပေးနိုင်ပေသည်။ သူ၏ အဘိုးမှာ စာပေပညာရှိကြီးဖြစ်သလို ဧကရာဇ်၏ ဆရာလည်း ဖြစ်ပေသည်။ ထိုကဲ့သို့သော မိသားစုတွင် ကြီးပြင်းလာပြီး စာပေပညာ မတတ်မြောက်ခြင်းမှာ အကြီးမားဆုံးသော ပြစ်မှုတစ်ခုပင် ဖြစ်ပေလိမ့်မည်။
ကျန်းရွှီးသည် အရက်တစ်ငုံ သောက်လိုက်ပြီး ဆက်ပြောလေသည်။ “မင်းသားကို အမှန်အတိုင်း ပြောရရင် ကျွန်တော်က လတိုင်းရဲ့ ၁၅ ရက်နေ့ ဝန်းကျင်ဆိုရင် ဒီဘက်ကို မလာရဲဘူးဗျ၊ တခြားနေရာကို သွားဖို့ ဒီလမ်းက ဖြတ်ရမယ်ဆိုရင်တောင် ကျွန်တော်က ပတ်သွားတာ”
“ဘာလို့လဲ” ယွမ်ကျန်းက နားမလည်နိုင်ဘဲ မေးလိုက်၏။ “မင်းက ကြောက်တတ်တဲ့သူမျိုးတော့ မဟုတ်ပါဘူး”
ဤလူသည် ယခင်က မင်းသားတစ်ပါးဖြစ်သည့် မိမိကိုပင် ခနဲ့၍ ဆဲရဲခဲ့သည် မဟုတ်ပါလား။ ထိုကဲ့သို့သောသူက ဤနေရာကို ဘာကြောင့် ဒီလောက်ထိ ကြောက်နေရသနည်း။
“ဒါက သတ္တိရှိတာ၊ မရှိတာနဲ့ မဆိုင်ပါဘူးဗျာ” ကျန်းရွှီးက ခါးသီးစွာ မေးလိုက်လေသည်။ “ဒီစားသောက်ဆိုင်ကနေ ထွက်ပြီး ညာဘက်ကို ကွေ့လိုက်ရင် ပေတစ်ရာလောက်မှာ ဘာရှိလဲဆိုတာ မင်းသား သိလား”
ယွမ်ကျန်းက ခေါင်းယမ်းလိုက်၏။ “ငါက အရင်က နန်းတော်ထဲမှာပဲ နေတာများတော့ အပြင်အကြောင်းတွေ သိပ်မသိဘူး”
ကျန်းရွှီးသည် ကောက်ကျစ်သည့် အပြုံးတစ်ခု ပြုံးလိုက်ပြီး “အဲဒါက မြို့တော်မှာ အကြီးဆုံးနဲ့ အကျော်ကြားဆုံး ပြည့်တန်ဆာအိမ် ဖြစ်တဲ့ ‘ချွန်းဖန်းယွမ်’ လေ”
ပြည့်... ပြည့်တန်ဆာအိမ် ဟုတ်လား။
ယွမ်ကျန်းသည် မျက်မှောင်ကြုတ်လိုက်မိ၏။ “ပြည့်တန်ဆာအိမ်ကို မင်းက ဘာလို့ ပတ်သွားနေရမှာလဲ။ ဒါမှမဟုတ် မင်းက ကျန်းအမတ်ကြီးကို ကြောက်လို့လား...”
“မဟုတ်ဘူး... မဟုတ်ဘူး” ကျန်းရွှီးက အဆက်မပြတ် လက်ယမ်းပြလိုက်ပြီး နာကျည်းနေသည့် ပုံစံဖြင့် ဆိုလိုက်လေသည်။ “အဲဒီ ချွန်းဖန်းယွမ်က တကယ်ကို ရူးနေတာဗျ။ ပြည့်တန်ဆာအိမ် ဖြစ်နေပြီးတော့ လတိုင်းရဲ့ ၁၅ ရက်နေ့တိုင်းမှာ ဘာလို့ ကဗျာရွတ်ပွဲတွေ လျှောက်လုပ်နေလဲ မသိဘူး”
ကဗျာရွတ်ပွဲ ဟုတ်လား။
ယွမ်ကျန်းသည် သဘောပေါက်သွားပြီး ကျီစယ်လိုက်လေသည်။ “မင်းက ကဗျာမစပ်တတ်လို့ အဲဒီပွဲကို ရှောင်ပြီး ပတ်သွားတာပေါ့ ဟုတ်လား”
“ဟုတ်တယ်” ကျန်းရွှီးသည် ခေါင်းညိတ်လိုက်ပြီး စိတ်ပျက်စွာ ဆိုလိုက်၏။ “အကယ်၍ ချွန်းဖန်းယွမ်ရဲ့ ကဗျာရွတ်ပွဲကနေ ကဗျာကောင်းတွေ ထွက်လာပြီး အဘိုးရဲ့ နားထဲကို ပေါက်ကြားသွားရင်တော့ အဘိုးက ဘာအကြောင်းမှ မရှိဘဲ ကျွန်တော့်ကို အရင်ဆုံး ဆဲတော့တာပဲဗျာ...”
ဒါမျိုးလား။
ယွမ်ကျန်းသည် ရယ်မောလိုက်မိပြီး “ဒါဆို မင်းက ချွန်းဖန်းယွမ်ကို အရမ်းမုန်းတာပေါ့၊ အရင်က ငါ့ကို အကြောင်းပြချက်မရှိ မုန်းခဲ့သလိုမျိုးပေါ့ ဟုတ်လား” ဟု မေးလိုက်လေသည်။
ဤအကြောင်းကို ပြောလိုက်သောအခါ ကျန်းရွှီး၏ မျက်နှာဝကြီးမှာ နီမြန်းသွားပြီး “ပုံမှန်အချိန်တွေမှာတော့ ကျွန်တော်က အဲဒီ ချွန်းဖန်းယွမ်ကို တော်တော်သဘောကျပါတယ်ဗျာ။ မင်းသား မသိလို့ပါ၊ ချွန်းဖန်းယွမ်က အမျိုးသမီးတွေဟာ အသားအရေက ဖြူဝင်းနုနယ်ပြီး နတ်သမီးလေးတွေအတိုင်းပဲ။ ကုတင်ပေါ်ရောက်ရင်တော့ လူကို အကုန်စုပ်ယူမယ့် မြွေမလေးတွေအတိုင်းပဲ၊ အဲ့ဒီအရသာကတော့...”
ကျန်းရွှီးသည် မိမိကိုယ်ကိုယ် လွတ်လပ်စွာ ထားလိုက်တော့၏။ ချွန်းဖန်းယွမ်မှ အမျိုးသမီးများအကြောင်း ပြောသည့်အခါ သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး မျက်နှာပေါ်ရှိ အဆီပြင်များကြောင့် သူ၏ မျက်လုံးများမှာ မှေးစက်သွားရပေသည်။ ထိုပုံစံကို ကြည့်ရသည်မှာ အလွန်ပင် ကောက်ကျစ်စဉ်းလဲပုံ ပေါက်နေခဲ့၏။
“အဟမ်း... အဟမ်း...”
ဘေးနားတွင် ရပ်နေသည့် ကောင်းဟယ်က ချောင်းဟန့်လိုက်မှသာ ကျန်းရွှီးသည် သတိပြန်ဝင်လာတော့သည်။
“ဟားဟား... စကားတွေ လွဲကုန်ပြီ” ကျန်းရွှီးသည် ရယ်မောလိုက်ပြီး သူ၏ အတွေးကမ္ဘာထဲတွင် ပြန်လည် နစ်မြောနေခဲ့လေသည်။ “အကယ်၍ ချွန်းဖန်းယွမ်က ကဗျာရွတ်ပွဲတွေသာ မလုပ်ဘူးဆိုရင် ပိုကောင်းမှာပဲ”
“ရှောင်နေစရာ မလိုပါဘူး၊ ဘာကြောက်စရာ ရှိလို့လဲ” ယွမ်ကျန်းက ပြုံးလိုက်၏။ “မင်းက ကဗျာမစပ်တတ်ပေမဲ့ မင်းမှာ စီးပွားရေးဦးနှောက် ရှိတာပဲ။ စဉ်းစားကြည့်လေ၊ မင်းက ငွေစ တစ်သောင်းတန် စာရွက်ကို အဲဒီစားပွဲပေါ်မှာ ဗုန်းကနဲ တင်လိုက်ရင် ဘယ်သူက မင်းကို သခင်တစ်ပါးလို မပြုစုဘဲ နေမလဲ”
ဟင်...
ယွမ်ကျန်း၏ စကားကို ကြားလိုက်ရသောအခါ ကျန်းရွှီးသည် ခေတ္တမျှ မှင်တက်သွားတော့၏။ သေချာစဉ်းစားကြည့်ပြီးနောက် ကျန်းရွှီးသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး ဆိုလိုက်လေသည်။ “မင်းသားရဲ့ စကားက ကျွန်တော့်ရဲ့ ဦးနှောက်ကို ဉာဏ်အလင်းပွင့်သွားစေတာပဲဗျာ”
“ကျွန်တော် ဆုံးဖြတ်လိုက်ပြီ၊ နောက်နှစ်ရက်နေရင် ကျင်းပမယ့် ကဗျာရွတ်ပွဲကို ကျွန်တော် သွားကို သွားမယ်”
“ကျွန်တော်က အမျိုးသမီး ဆယ်ဂဏန်းလောက်ကို ခေါ်ပြီး ကျွန်တော့်ကို ပြုစုခိုင်းမယ်၊ အဲဒီမှာ ဆရာကြီးတစ်ပါးလို ထိုင်နေပြီးတော့ အဲဒီစာပေပညာရှင် အစုတ်ပလုတ်တွေကို မနာလိုဖြစ်အောင် လုပ်ပြမယ်။ ဝါးဟားဟား”
“မင်းသားက တကယ့်ကို ဉာဏ်ကြီးရှင်ပဲဗျာ၊ မင်းသားရဲ့ အရည်အချင်းက တကယ့်ကို ရှားပါးလှပါတယ်...”
ကျန်းရွှီးသည် စိတ်လှုပ်ရှားလွန်းသဖြင့် ယွမ်ကျန်းကို ဖားသည့် စကားများကို အဆက်မပြတ် ပြောဆိုနေခဲ့လေသည်။ ယွမ်ကျန်းကမူ ဒါကို နားထောင်ရင်း မျက်မှောင်ကြုတ်နေမိတော့၏။
ဒီလူက တကယ်ပဲ အဲ့ဒီလို လုပ်မှာလား။ အကယ်၍ ကျန်းဟွေ့အမတ်ကြီးက ဒါဟာ မိမိပေးတဲ့ အကြံဉာဏ်ဆိုတာ သိသွားရင်တော့ ကျန်းဟွေ့က ဓားကိုင်ပြီး ဆဋ္ဌမမင်းသား အိမ်တော်ကို လိုက်လာမလား မသိပေ။
“အဟမ်း...”
ယွမ်ကျန်းသည် စိတ်လှုပ်ရှားနေသည့် ကျန်းရွှီးကို စကားဖြတ်လိုက်လေသည်။ “ကဗျာရွတ်ပွဲ အကြောင်းတွေကို ခဏထားလိုက်ပါဦး၊ အရေးကြီးတဲ့ ကိစ္စတွေကို အရင်ပြောရအောင်”
“အရေးကြီးတဲ့ ကိစ္စ ဟုတ်လား” ကျန်းရွှီးက နားမလည်နိုင်ဘဲ မေးလိုက်၏။ “ကျွန်တော်တို့ နှစ်ယောက် ပေါင်းမိတာက ဘာများ အရေးကြီးတဲ့ ကိစ္စ ရှိလို့လဲ”
“ငါ...” ယွမ်ကျန်းမှာတော့ ဆွံ့အသွားရရှာသည်။
သေစမ်း... ငါတို့ နှစ်ယောက်ပေါင်းတာက ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေပဲ လုပ်ရမယ်လို့ သူက ထင်နေတာလား။ ကျန်းရွှီးသည် ယွမ်ကျန်း၏ မျက်နှာထား မကောင်းသည်ကို မြင်မှသာ “မင်းသား ပြောပါ” ဟု ရယ်မောလျက် ဆိုလိုက်လေသည်။
ယွမ်ကျန်းသည် သူ့ကို မျက်စောင်းထိုးကြည့်လိုက်ပြီးမှ ဆိုလိုက်၏။ “မင်း ကျန်းဟွေ့အမတ်ကြီးဆီက ကြားဖူးမှာပေါ့၊ ငါက ‘ကဲဝူ’ ဆိုတဲ့ ရှေးဟောင်းကျမ်းစာ တစ်အုပ်ကို ဖတ်ဖူးတယ်လေ။ အဲဒီကျမ်းစာထဲမှာ အသုံးဝင်တဲ့ နည်းပညာတွေ အများကြီး ပါဝင်တယ်။ အကယ်၍ အဲဒီအရာတွေကိုသာ ဖန်တီးနိုင်မယ်ဆိုရင် အကြီးအကျယ် ပိုက်ဆံရှာနိုင်မှာပဲ...”
ကျန်းရွှီးသည် ချက်ချင်းပင် ရင်ဘတ်ကို ပုတ်ကာ ဆိုလိုက်လေသည်။ “မင်းသား စိတ်ချလက်ချ ကျွန်တော့်ကိုသာ အပ်ထားလိုက်ပါ၊ ကျန်းရွှီးက တခြားဟာ မတော်ပေမဲ့ ဒီလိုမျိုး အရာတွေကို ဖန်တီးတာကတော့ တကယ့်ကို ကျွမ်းကျင်တယ်ဗျ။ အဲ့ဒီအချိန်ကျရင် ရလာတဲ့ ငွေတွေကို ကျွန်တော်တို့ နှစ်ယောက် တစ်ဝက်စီ ခွဲကြတာပေါ့”
တကယ့်ကို လည်တဲ့သူပဲ။
ဒီလူက စီးပွားရေးလုပ်ဖို့ မွေးဖွားလာတာပဲလို့ ပြောရမယ်။ မိမိက ပူးပေါင်းဖို့တောင် မပြောရသေးခင်မှာ သူက သဘောပေါက်သွားလေပြီ။ ကျန်းရွှီးက ကမ်းလှမ်းလာသဖြင့် ယွမ်ကျန်းသည်လည်း သဘောတူလိုက်လေတော့သည်။
သူတို့နှစ်ဦး စကားပြောကောင်းနေစဉ်မှာပင် လူအချို့သည် စားသောက်ဆိုင်၏ ဒုတိယထပ်သို့ တက်လာခဲ့ကြလေသည်။
စတုတ္ထမင်းသား ယွမ်ထင်လား။
ယွမ်ကျန်းသည် မျက်မှောင်ကြုတ်လိုက်မိ၏။ အပြင်ထွက်ပြီး ထမင်းစားတာတောင် စတုတ္ထမင်းသားနဲ့ လာတွေ့ရတယ်ပေါ့။ ယွမ်ကျန်းကို မြင်သောအခါ ယွမ်ထင်သည်လည်း ခေတ္တမျှ မှင်တက်သွားရပေသည်။ ယွမ်ကျန်းသည် ကျန်းရွှီးကဲ့သို့သော အသုံးမကျသည့်သူနှင့် အတူထိုင်ကာ အရက်သောက်နေသည်ကို မြင်သောအခါ ယွမ်ထင်၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ဒီအသုံးမကျတဲ့သူ နှစ်ယောက်ကတော့ တကယ့်ကို ပေါင်းမိနေကြတာပဲ။ အမှိုက်က အမှိုက်ခြင်းပဲ ပေါင်းတာပေါ့လေ။
“ညီတော် ခြောက်... တိုက်ဆိုင်လိုက်တာ”
ယွမ်ထင်သည် မကျေမနပ် လေသံဖြင့် နှုတ်ဆက်လိုက်ပြီး ယွမ်ကျန်းထံသို့ လမ်းလျှောက်လာခဲ့၏။
“ဟုတ်ကဲ့ပါ စတုတ္ထနောင်တော်... တိုက်ဆိုင်လိုက်တာ”
ယွမ်ကျန်းသည် ယွမ်ထင်ကို ပြုံးရွှင်စွာ ကြည့်လိုက်လေသည်။ “နောင်တော်က ခမည်းတော်ရဲ့ အရိုက်ခံထားရတာဆိုတော့ ဒဏ်ရာတွေ သက်သာသွားပြီလား”
ယွမ်ကျန်း၏ စကားကို ကြားလိုက်ရသောအခါ ယွမ်ထင်၏ မျက်နှာသည် ချက်ချင်းပင် ပျက်သွားတော့၏။ ယွမ်ကျန်းက လူအများရှေ့တွင် မိမိ ဧကရာဇ်ဝမ်၏ အရိုက်ခံရသည့် ကိစ္စကို ထုတ်ပြောခြင်းမှာ မိမိ၏ မျက်နှာကို ပါးရိုက်လိုက်ခြင်းပင် မဟုတ်ပါလား။
“ညီတော် ခြောက်... မင်းက အခုတလော မျက်နှာပွင့်နေတော့ သတ္တိတွေ တော်တော်ရှိလာတာပဲ” ယွမ်ထင်သည် ယွမ်ကျန်းကို မကောင်းသည့် အကြည့်များဖြင့် ကြည့်လိုက်လေသည်။
ယခင်ကဆိုလျှင် ယွမ်ထင်က ဤကဲ့သို့ ကြည့်လိုက်သည်နှင့် ယွမ်ကျန်းသည် ကြောက်လန့်တကြား တောင်းပန်မိမှာ သေချာလှပေသည်။ သို့သော်လည်း ယခု ယွမ်ကျန်းကမူ ဒါကို ဂရုမစိုက်ပေ။
“နောင်တော်... ကျွန်တော်မျိုးကို တကယ်ပဲ အထင်လွဲနေပါပြီ” ယွမ်ကျန်းက ခေါင်းယမ်းလိုက်ပြီး အလေးအနက် ဆိုလိုက်၏။ “ကျွန်တော်မျိုးက နောင်တော့်ကို စိတ်ပူလို့ မေးတာပါ”
“စိတ်ပူတာ ဟုတ်လား” ယွမ်ထင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး “မင်းက အခုတလော အရမ်းကို ဂုဏ်မောက်နေတာပဲ၊ နောင်တော်က မင်းကို နည်းနည်းလောက် ဆုံးမပေးရမလား” ဟု ဆိုလိုက်လေသည်။
“ကျွန်တော်မျိုးက နောင်တော့်ကို တကယ်ပဲ စိတ်ပူတာပါ” ယွမ်ကျန်းသည် အတည်ပေါက် ဆိုလိုက်၏။ “နောင်တော့်ကို အမှန်အတိုင်း လျှောက်တင်ရရင် ကျွန်တော်မျိုး ဖတ်ဖူးတဲ့ ကျမ်းစာထဲမှာ ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ ငရုတ်ဆီ တစ်မျိုးအကြောင်း ပါဝင်တယ်လေ၊ အကယ်၍ နောင်တော့်ရဲ့ ဒဏ်ရာတွေ မသက်သာသေးရင် ကျွန်တော်မျိုးက ငရုတ်ဆီ တစ်ပုလင်းလောက် လုပ်ပြီး နောင်တော့်ကို လက်ဆောင်ပေးမလို့ပါ...”