အခန်း (၅၆) ကျွန်တော့်ကို မွေးဖွားပေးတာက မိဘတွေဆိုရင် ကျွန်တော့်ကို နားလည်ပေးနိုင်သူကတော့ မင်းသားပါပဲ
ယွမ်ကျန်း၏ အမေးကြောင့် ကျန်းရွှီးသည် နောက်ဆုံးတွင် အကြောင်းရင်းကို ဖွင့်ဟပြောဆိုလာတော့သည်။
ကျန်းရွှီး အိမ်ပေါ်မှ မောင်းချခံရသည့် ကိစ္စမှာ တကယ်တော့ အနည်းငယ် မတရားသလို ဖြစ်နေပေသည်။ အမှန်မှာတော့ ယခင်က ယွမ်ကျန်းသည် “အသုံးမကျသည့် မင်းသား” အဖြစ် နာမည်ကြီးခဲ့စဉ်က ကျန်းဟွေ့သည် သူ၏ မလိမ္မာသည့်မြေး ကျန်းရွှီးကို ဆုံးမတိုင်း ကျန်းရွှီးက ယွမ်ကျန်းကိုပဲ ခုတုံးလုပ်၍ ပြန်လည်ချေပလေ့ရှိသည်။ “ဆဋ္ဌမမင်းသားတောင်မှ မင်းသားတစ်ပါး ဖြစ်နေတာတောင် စာလည်းမတတ်၊ သိုင်းလည်းမတတ်ဘဲ ဒီလိုပဲ နေနေတာပဲ မဟုတ်လား” ဟု သူက ဆိုလေ့ရှိ၏။
ကျန်းဟွေ့သည် ဒေါသထွက်လွန်း၍ သေလုမတတ် ဖြစ်ရသော်လည်း သူ့စကားကို ပြန်လည်ချေပရန် အချက်အလက် ရှာမရခဲ့ပေ။ သို့သော်လည်း ဟွမ်နိုင်ငံ သံတမန်အဖွဲ့ မြို့တော်ကို ရောက်ရှိလာချိန်မှစ၍ ယွမ်ကျန်းသည် သူ၏ အရည်အချင်းကို ပြသနိုင်ခဲ့ရာ အသုံးမကျသည့် မင်းသားဘဝမှသည် အင်ပါယာ၏ သူရဲကောင်းတစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။
ထိုအခါမှစ၍ ကျန်းဟွေ့သည် ကျန်းရွှီးကို ပို၍ပင် အမြင်မကြည်ဖြစ်လာပြီး စကားပြောတိုင်း ယွမ်ကျန်းနှင့် နှိုင်းယှဉ်၍ ပြောဆိုတော့သည်။ ဆဋ္ဌမမင်းသားသည် စာရောသိုင်းရော မတတ်သော်ငြားလည်း ယခုအကြိမ် သံတမန်အဖွဲ့ ရောက်ရှိလာချိန်တွင် ဧကရာဇ်မင်းကြီး၏ မျက်နှာကို ဝင်းပစေခဲ့သည်၊ ကျန်းရွှီးကဲ့သို့သော ပညာမတတ်သည့် လူယုတ်မာမှာမူ မိမိ အသုဘအခေါင်းထဲ ဝင်သည့်နေ့အထိ မိမိမျက်နှာကို ဝင်းပအောင် လုပ်ပေးနိုင်မည် မဟုတ်ကြောင်း ကျန်းဟွေ့က ဆိုလေသည်။
ဤစကားကိုပင် ကျန်းဟွေ့သည် ပြီးခဲ့သည့်ရက်များအတွင်း ကျန်းရွှီး၏ နားထဲ၌ နေ့တိုင်းနီးပါး ရွတ်ဆိုနေခဲ့၏။ ကျန်းရွှီးသည် စိတ်ညစ်ညူးနေသည့် အချိန်တွင် ကျန်းဟွေ့ကို စကားအနည်းငယ် ပြန်လည်ချေပမိရာမှ ကျန်းဟွေ့၏ တင်းထားသည့် ဒေါသများကို မီးမွှေးပေးလိုက်သလို ဖြစ်သွားတော့သည်။
ကျန်းဟွေ့သည် ကျန်းရွှီးကို ပြင်းထန်စွာ ဆုံးမလိုက်ရုံတင်မကဘဲ အိမ်ပေါ်မှပါ မောင်းချလိုက်ပြီး ကျန်းမိသားစုတွင် ဆက်ရှိနေလျှင် မိသားစုကို အရှက်ခွဲရာရောက်ကာ ဘိုးဘေးဘီဘင်များကိုပါ မျက်နှာပျက်စေသည်ဟု ဆိုကာ မောင်းထုတ်လိုက်ခြင်း ဖြစ်ပေသည်။
ဒါဟာ ကျန်းရွှီးက ယွမ်ကျန်းအပေါ် အမြင်မကြည်ဖြစ်နေရသည့် အဓိက အကြောင်းရင်းပင် ဖြစ်ပေသည်။ အကြောင်းစုံကို သိလိုက်ရသောအခါ ယွမ်ကျန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရတော့၏။
ကျန်းရွှီးက မတရားသလို ခံစားနေရသလို ယွမ်ကျန်းကလည်း မတရားသလို ခံစားနေရပေသည်။ သူ ဘာမှမလုပ်ဘဲနှင့် ကျန်းရွှီး၏ အငြိုးကို ခံနေရသည် မဟုတ်ပါလား။ ဒါဟာ တကယ့်ကို မတရားသည့် ကိစ္စတစ်ခုပင် ဖြစ်ပေသည်။
ရယ်စရာကောင်းနေသော်လည်း ယွမ်ကျန်းသည် စပ်စုချင်စိတ်ဖြင့် ထပ်မံမေးမြန်းလိုက်၏။ “ဒါနဲ့... ဒီရူးဘစ်တုံးကို မင်းကိုယ်တိုင် လုပ်တာလား၊ မင်းရဲ့ အလုပ်သမားတွေ လုပ်တာလား”
“ကျွန်တော်ကိုယ်တိုင် လုပ်တာပေါ့”
ကျန်းရွှီးသည် နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။ “ကျွန်တော်က ဒီလို ရူးဘစ်တုံးလေးတွေကို လုပ်ပြပြီးတော့ အဲဒီအဘိုးကြီးကို သိအောင်လုပ်မှာ၊ ဒီလိုပစ္စည်းလေးတွေ လုပ်တာက ဘာမှခက်တာ မဟုတ်ဘူးဆိုတာကိုပေါ့”
ယွမ်ကျန်းသည် မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး “လုပ်နိုင်ရုံနဲ့ ဘာမှအသုံးမကျဘူးလေ၊ မင်းက ဒါကို ပြန်ပြီး စီတတ်ဖို့လည်း လိုတယ် မဟုတ်လား” ဟု ဆိုလိုက်၏။
“ကျွန်တော်... ကျွန်တော်က...” ကျန်းရွှီးသည် ခေတ္တမျှ ဆွံ့အသွားပြီးမှ ဇွတ်အတင်း ပြန်ပြောလိုက်ပြန်သည်။ “ကျွန်တော်ကတော့ ပြန်စီတတ်တာပေါ့၊ ဒီလို အစုတ်ပလုတ် ပစ္စည်းလေးကို ပြန်စီတာက လက်ကလေးနဲ့ လှည့်လိုက်ရင် ရတာပဲလေ”
ယွမ်ကျန်းသည် ပြုံးလိုက်ပြီး ကောင်းဟယ်ကို မှာကြားလိုက်၏။ “သွား... ငါ့အတွက် ရူးဘစ်တုံး တစ်ခု သွားယူခဲ့ဦး”
“ဘာလို့ ပေးရမှာလဲဗျ”
ကျန်းရွှီးသည် ချက်ချင်းပင် ထခုန်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်တော့သည်။ “ဒီမှာရှိတဲ့ ပစ္စည်းအားလုံးက ကျွန်တော့်ပစ္စည်းတွေပဲ။ မင်းသား လိုချင်ရင် ပိုက်ဆံပေးပြီး ဝယ်ရမှာပေါ့”
ယွမ်ကျန်းသည် မျက်ခုံးပင့်ကာ ပြုံးလျက် “ငါကိုယ်တော်က လူသိရှင်ကြား ဓားပြတိုက်နေတာလေ၊ မင်းက မကျေနပ်ရင် သွားပြီး တိုင်နိုင်ပါတယ်” ဟု ဆိုလိုက်လေသည်။
“ကျွန်တော်... ကျွန်တော်က...” ကျန်းရွှီးသည် ယွမ်ကျန်းက ဤမျှအထိ အရှက်မရှိဘဲ လူသိရှင်ကြား ဓားပြတိုက်ဝံ့မည်ဟု မထင်ထားခဲ့ပေ။ သူသည် တားဆီးချင်သော်လည်း မတားဆီးနိုင်သဖြင့် တိုးတိုးလေးသာ ရေရွတ်နေမိတော့သည်။ “ဘယ်လို မင်းသားမျိုးလဲ မသိဘူး၊ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို လုံးဝကို ဂရုမစိုက်တာပဲ...”
“မင်း ဘာပြောလိုက်တာလဲ” ယွမ်ကျန်းက မျက်စောင်းထိုး ကြည့်လိုက်လေသည်။
“ဘာမှ မပြောပါဘူး” ကျန်းရွှီးသည် နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။ “ကျွန်တော်က မင်းသားက မင်းသားတစ်ပါး ဖြစ်နေတော့ ကျွန်တော်က မပြိုင်ရဲပါဘူး၊ မင်းသား စိတ်ကြိုက်သာ လုပ်ပါ”
ကျန်းရွှီး၏ စိတ်ထဲတွင် နာကျည်းချက်များ အလွန်များပြားနေခဲ့ပေသည်။ သို့သော်လည်း သူသည် ယွမ်ကျန်းကို တစ်ခုခုပြောဖို့ မတတ်နိုင်ပေ။ ဤခံစားချက်မှာ ကျန်းရွှီးကို အလွန်အမင်း စိတ်ပျက်စေခဲ့၏။
မကြာမီမှာပင် ကောင်းဟယ်သည် တပ်ဆင်ပြီးသား ပစ္စည်းများထဲမှ ရူးဘစ်တုံး တစ်ခုကို ယူလာခဲ့လေသည်။ ယွမ်ကျန်းသည် ရူးဘစ်တုံးကို ယူလိုက်ပြီး ကျန်းရွှီးကို ဆိုလိုက်၏။ “ငါကိုယ်တော်နဲ့အတူ မင်းရဲ့ ခြံထဲမှာ လမ်းလျှောက်ရင်း စကားပြောရအောင်”
“မအားဘူးဗျ” ကျန်းရွှီးသည် မဆိုင်းမတွပင် ငြင်းဆိုလိုက်လေသည်။ “ကျွန်တော် အခု အလုပ်များနေတာ မင်းသား မမြင်ဘူးလား။ မင်းသားကတော့ မင်းသားဖြစ်လို့ စားဝတ်နေရေး ပူစရာမလိုပေမဲ့ ကျွန်တော်ကတော့ အိမ်ပေါ်က မောင်းချခံထားရတာလေ၊ ကျွန်တော်က အလုပ်မလုပ်ရင် ငတ်သေမှာပေါ့။ မင်းသားက ကျွန်တော့်ကို ငတ်သေအောင် လုပ်ချင်တာလား”
ငတ်သေမယ် ဟုတ်လား။ မင်းရဲ့ အဘိုးကို သွားပြောစမ်းပါ။ ဒီကောက်ကျစ်တဲ့ စီးပွားရေးသမားက ဒီနေ့ တစ်နေ့တည်းနဲ့တင် ရူးဘစ်တုံးတွေ ရောင်းပြီး ငွေစ ထောင်ဂဏန်းလောက် ရှာထားပြီးသားပဲ။ ဒါကို ငတ်သေမယ်လို့ ပြောရဲသေးတယ်ပေါ့။
“အမြန် လာခဲ့စမ်း” ယွမ်ကျန်းသည် စိတ်မရှည်သလို နှိုးဆော်လိုက်၏။ “မင်း မလိုက်ဘူးဆိုရင် ငါကိုယ်တော်က လူလွှတ်ပြီး မင်းကို ဆွဲခေါ်သွားခိုင်းမှာနော်”
ယွမ်ကျန်း၏ စကားကြောင့် ကျန်းရွှီးသည် ဒေါသထွက်လွန်း၍ အသက်ရှူပင် မှားသွားရပေသည်။ အခြေအနေအရ မိမိက မသာသဖြင့် နောက်ဆုံးတွင် ကျန်းရွှီးသည် အလျှော့ပေးလိုက်ရတော့၏။
ကောင်းဟယ်တို့သည် အနောက်မှ လိုက်ရန် ပြင်လိုက်သော်လည်း ယွမ်ကျန်းက လက်ယမ်း၍ တားမြစ်လိုက်လေသည်။ ယွမ်ကျန်းသည် ကျန်းရွှီးကို ခေါ်ကာ ခြံထဲတွင် လမ်းလျှောက်နေရင်း လက်ထဲမှရူးဘစ်တုံးကို ကစားနေခဲ့၏။
လေးမိနစ်၊ ငါးမိနစ်ခန့် ကြာပြီးနောက်တွင် ယွမ်ကျန်းသည် ရှုပ်ထွေးနေသည့် ရူးဘစ်တုံးကို ပြန်လည်စီစဉ်ပြီးသွားလေပြီ။
“ငါကိုယ်တော်က မင်းပစ္စည်းကို မလုပါဘူး၊ ရော့... မင်းကို ပြန်ပေးမယ်” ယွမ်ကျန်းသည် စီပြီးသား ရူးဘစ်တုံးကို ကျန်းရွှီးထံသို့ ကမ်းပေးလိုက်လေသည်။
ကျန်းရွှီးသည် မျက်လုံးပြူးသွားပြီး ရူးဘစ်တုံးကို အံ့အားသင့်စွာ ကြည့်နေမိတော့၏။ ဒီလောက်မြန်မြန်နဲ့ ပြန်စီပြီးသွားတာလား။
ကျန်းရွှီးသည် အံ့အားသင့်နေသော်လည်း ပါးစပ်ကမူ အလျှော့မပေးဘဲ ဆိုလိုက်သည်။ “ဒါက လေ့ကျင့်မှု များလို့ဖြစ်မှာပါ၊ ကျွန်တော်လည်း အကြာကြီး ကစားကြည့်ရင် ပြန်စီတတ်မှာပါပဲ”
ယွမ်ကျန်းသည် ခေါင်းယမ်းကာ ပြုံးလိုက်ပြီး “ငါက မင်းကို မသင်ပေးရင်တော့ မင်းမှာ အခွင့်အရေးရှိမှာ မဟုတ်ဘူး” ဟု ဆိုလိုက်၏။ ကျန်းရွှီးသည် နှာခေါင်းရှုံ့လိုက်သော်လည်း အမှန်တကယ်ပင် အလျှော့မပေးလိုပေ။
ယွမ်ကျန်းသည် ဒါတွေကို ဂရုမစိုက်ဘဲ ဆက်လက်ပြောဆိုလိုက်လေသည်။ “ကျန်းအမတ်ကြီးက စာပေပညာရှိကြီး တစ်ယောက်ဖြစ်ပြီး ကျန်းမိသားစုဝင် အားလုံးဟာလည်း စာပေတတ်ကျွမ်းသူတွေချည်းပဲ၊ မင်းလိုမျိုး စာမတတ်၊ ပညာမတတ်ဘူးလို့ အပြောခံရတဲ့သူက ကျန်းမိသားစုထဲမှာ မျက်နှာငယ်ခဲ့ရမှာပဲ မဟုတ်လား”
“ဟုတ်ပါတယ်ဗျာ... ကျွန်တော်ကတော့ ပညာမတတ်ဘူး၊ ဒီအတိုင်းပဲ အချိန်ဖြုန်းပြီး နေနေတာပါပဲ” ကျန်းရွှီးသည် စိတ်ပျက်လက်ပျက် ဖြစ်နေသည့်ပုံစံဖြင့် ဆိုလိုက်ပြီးမှ “မင်းသားကလည်း ရှေးဟောင်းကျမ်းစာ တစ်အုပ်ကို ဖတ်ဖူးလို့ ကံကောင်းပြီးတော့ ဟွမ်နိုင်ငံဆရာကြီးကို အနိုင်ယူနိုင်ခဲ့တာ မဟုတ်လား၊ ဘာတွေ ဂုဏ်ယူနေတာလဲ” လို့ ပြန်လည် စကားနာထိုးလိုက်လေသည်။
ကျန်းရွှီးသည် ယွမ်ကျန်းကို မင်းသားတစ်ပါးအဖြစ် လုံးဝကို ဂရုမစိုက်ပေ။ တခြားသူတွေက သူ့ကို ဆဋ္ဌမမင်းသားအပေါ် မရိုမသေလုပ်တယ်လို့ ပြောရင်ကော ဘာဖြစ်လဲ။ အလွန်ဆုံးရှိလှ ကြိမ်ဒဏ် အချက်အနည်းငယ် ခံရရုံပေါ့၊ သူ့ကို သတ်မှာမှ မဟုတ်တာ။
ယွမ်ကျန်းသည် ဂရုမစိုက်ဘဲ ပြုံးလိုက်လေသည်။ “ငါထင်တာကတော့ မင်းက ပညာမတတ်တာ မဟုတ်ဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ မင်းက တခြားသူတွေထက် ပိုပြီး ဉာဏ်ကောင်းတယ်။ မင်းက စာဖတ်ပြီး ပညာသင်ရတာကို သဘာဝအရ စိတ်မဝင်စားတဲ့ လူမျိုးဖြစ်နေလို့”
“ဒီစကားကတော့ နားထောင်လို့ တော်တော်ကောင်းတယ်ဗျ” ကျန်းရွှီးသည် ယွမ်ကျန်းကို ရှားရှားပါးပါးပင် တစ်ချက်ကြည့်လိုက်ပြီးမှ စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်လေသည်။ “ဒါပေမဲ့ မင်းသား ဒီလိုပြောလိုက်ရုံနဲ့ ကျွန်တော်က မင်းသားကို သဘောကျသွားမှာ မဟုတ်ဘူးနော်”
“သွားစမ်းပါကွာ... ငါက ယောက်ျားပဲ၊ မင်းက ငါ့ကို သဘောကျတာကို ဘယ်သူက လိုချင်လို့လဲ” ယွမ်ကျန်းသည် ရယ်မောကာ ဆဲလိုက်ပြီးမှ “မင်းရဲ့ ဆိုင်ထဲမှာရှိတဲ့ ပစ္စည်းတွေက မင်းကိုယ်တိုင် ဖန်တီးထားတာတွေလား” ဟု မေးမြန်းလိုက်၏။
ကျန်းရွှီးသည် ခေါင်းညိတ်ပြလိုက်ပြီး စိတ်ပျက်စွာ ဆိုလိုက်လေသည်။ “အဲ့ဒီအဘိုးကြီးကတော့ ကျွန်တော် လုပ်သမျှ အရာအားလုံးကို အသုံးမကျတဲ့ အရာတွေ၊ အချိန်ဖြုန်းနေတာတွေ၊ စာပေပညာရှင်တွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အရာတွေလို့ပဲ အမြဲပြောနေတာလေ...”
“အသုံးမကျတဲ့ အရာတွေ ဟုတ်လား” ယွမ်ကျန်းသည် ရယ်မောလိုက်မိသည်။ “ဒီကမ္ဘာပေါ်မှာ အသုံးမကျဘူးလို့ ထင်ရတဲ့ အရာတွေက အများကြီးပဲ၊ ဒါပေမဲ့ လူသားတွေက ဒီလိုမျိုး အရာတွေကြောင့်ပဲ တိုးတက်လာခဲ့ကြတာ မဟုတ်လား”
ဟင်...
ယွမ်ကျန်း၏ စကားကို ကြားလိုက်ရသောအခါ ကျန်းရွှီး၏ မျက်လုံးများမှာ ဝင်းပသွားတော့၏။ အတန်ကြာပြီးနောက် ကျန်းရွှီးသည် ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်လေတော့သည်။ “မှန်တယ်ဗျ... လူသားတွေက ဒီလို အရာတွေကြောင့်ပဲ တိုးတက်လာတာ။ နောက်တစ်ခါ အဲဒီအဘိုးကြီးက ကျွန်တော့်ကို အသုံးမကျတဲ့ အရာတွေ လုပ်နေတယ်လို့ ပြောရင် ကျွန်တော်က ဒီလိုပဲ ပြန်ပြောလိုက်မယ်။ ဟားဟား...”
“...” ယွမ်ကျန်းမှာတော့ ဆွံ့အသွားရရှာသည်။ “မင်းက ကျန်းအမတ်ကြီးရဲ့ အရိုက်ခံရမှာ မကြောက်ဘူးလား”
“အရိုက်ခံရရင်လည်း ခံရမှာပေါ့” ကျန်းရွှီးသည် ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်၏။ “ဘာပဲဖြစ်ဖြစ် တစ်ခါမှ အရိုက်မခံရဖူးတာမှ မဟုတ်တာ”
ယွမ်ကျန်းသည် စိတ်ထဲမှ ခိုးရယ်လိုက်ပြီးနောက် လေးနက်သော အသံဖြင့် ဆိုလိုက်လေသည်။ “ယောက်ျားတစ်ယောက်က စာပေပညာရှိ ဒါမှမဟုတ် စစ်သူကြီး ဖြစ်ဖို့ပဲ လိုတာမဟုတ်ပါဘူး။ ငါထင်တာကတော့ မင်းက စီးပွားရေးလုပ်တာမှာ တကယ့်ကို တော်တဲ့သူပဲ၊ နောင်တစ်ချိန်မှာ မင်းက တစ်ကမ္ဘာလုံးမှာ နံပါတ်တစ် အချမ်းသာဆုံး သူဌေးကြီး ဖြစ်လာနိုင်တယ်”
တစ်ကမ္ဘာလုံးမှာ နံပါတ်တစ် အချမ်းသာဆုံး သူဌေးကြီး ဟုတ်လား။
ကျန်းရွှီးသည် ခဏမျှ မှင်တက်သွားပြီးမှ သူ၏ မျက်လုံးများမှာ ဝင်းပလာကာ မယုံနိုင်စရာ ဖြစ်နေသည့် ပုံစံဖြင့် မေးလိုက်လေသည်။ “မင်းသားက ကျွန်တော့်ကို တကယ်ပဲ တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံး သူဌေးကြီး ဖြစ်လာနိုင်မယ်လို့ ထင်လို့လား”
“သေချာတာပေါ့” ယွမ်ကျန်းသည် အလေးအနက် ခေါင်းညိတ်လိုက်လေသည်။ “မင်းမှာ တကယ့်ကို အရည်အချင်း ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ အရည်အချင်းက စီးပွားရေး လုပ်ငန်းမှာ ဖြစ်နေပြီးတော့ စာဖတ်ပညာသင်တဲ့ နေရာမှာ မဟုတ်တာပဲ”
အရည်အချင်း ရှိတယ် ဟုတ်လား။
ယွမ်ကျန်း၏ စကားတစ်ခွန်းသည် ကျန်းရွှီးကို ချက်ချင်းပင် စိတ်လှုပ်ရှားသွားစေခဲ့၏။ ဤမျှလောက် များပြားလှသည့် နှစ်များအတွင်း သူသည် ပထမဆုံးအကြိမ်အဖြစ် မိမိတွင် အရည်အချင်းရှိသည်ဟု အပြောခံရခြင်း ဖြစ်ပေသည်။
စိတ်လှုပ်ရှားလွန်းသဖြင့် ကျန်းရွှီးသည် ယွမ်ကျန်း၏ လက်ကို အတင်းဆွဲကိုင်လိုက်ပြီး မျက်ရည်များ ဝဲလျက် အော်ဟစ်လိုက်လေတော့သည်။ “ကျွန်တော့်ကို မွေးဖွားပေးတာက မိဘတွေဆိုရင် ကျွန်တော့်ကို နားလည်ပေးနိုင်သူကတော့ မင်းသားပါပဲဗျာ။ ကျွန်တော့်ရဲ့ ရင်ဖွင့်ဖော်ပါပဲ။ မင်းသားက ကျွန်တော့်ရဲ့ ရင်ဖွင့်ဖော် အစစ်ကြီးပါပဲဗျာ”
အဲ... ယွမ်ကျန်းမှာတော့ ဆွံ့အလျက် ကျန်းရွှီးကို ကြည့်နေမိတော့သည်။
ဒီလူ... ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။ ကျန်းရွှီးကမူ ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ဘာသာ ဆက်ပြောနေခဲ့၏။ “မင်းသားရဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော့်ရဲ့ စိတ်တွေက အလင်းပွင့်သွားပါပြီ။ ကျွန်တော် ဆုံးဖြတ်လိုက်ပြီ၊ ကျွန်တော်က တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံး သူဌေးကြီး ဖြစ်လာအောင် လုပ်မယ်၊ တစ်ကမ္ဘာလုံးက စည်းစိမ်ဥစ္စာတွေကို စီမံခန့်ခွဲမယ့်သူ ဖြစ်လာစေရမယ်”
“ကျွန်တော်ကို့ အသုံးမကျတဲ့သူ၊ အချိန်ဖြုန်းနေတဲ့သူလို့ အဘိုးကို နောက်ထပ် အပြောမခံတော့ဘူး”
“ကျွန်တော်က ကျန်းမိသားစုရဲ့ ဘိုးဘေးဘီဘင်တွေကို အရှက်ခွဲနေတဲ့သူ၊ သေသွားရင်တောင် ဘိုးဘေးတွေကို မျက်နှာမပြဝံ့တဲ့သူလို့လည်း သူ့ကို အပြောမခံတော့ဘူး...”
ပြောရင်းနှင့် စိတ်လှုပ်ရှားလာသဖြင့် ကျန်းရွှီးသည် ထိုနေရာမှာပင် ဒူးထောက်ထိုင်ကာ အကျယ်ကြီး ငိုယိုလေတော့သည်။ သူ၏ ဖောင်းအိနေသည့် လက်ကလေးများဖြင့် မျက်ရည်များကို အဆက်မပြတ် သုတ်နေသည်ကို ကြည့်ရင်း ယွမ်ကျန်းမှာတော့ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိ၏။ ကြည့်ရသည်မှာ သူသည်လည်း ပုံမှန်အားဖြင့် တခြားသူများ၏ အနှိမ်ခံခဲ့ရပုံ ပေါ်ပေသည်...