အခန်း (၅၅) ကျန်းရွှီး... တကယ့်ကို အားနည်းပုံပဲ
မန်နေဂျာ၏ ဦးဆောင်မှုဖြင့် သူတို့သည် ခြံဝင်းတစ်ခုသို့ ရောက်ရှိလာခဲ့ကြလေသည်။ ခြံဝင်းမှာ မသေးလှသလို အတွင်းဘက်မှ သစ်သားလွှတိုက်သံများကိုလည်း အဆက်မပြတ် ကြားနေရပေသည်။ မန်နေဂျာသည် ခြံတံခါးကို ခေါက်လိုက်ပြီး တံခါးလာဖွင့်သည့် အိမ်စေကို ဆိုလိုက်၏။
“အမြန်သွားပြီး သခင်လေးကို အကြောင်းကြားလိုက်စမ်း... ဆဋ္ဌမမင်းသား ကြွလာတယ်လို့ ပြောလိုက်”
ဆဋ္ဌမမင်းသား ဟုတ်လား။
အိမ်စေသည် မျက်လုံးပြူးသွားပြီး အပြေးအလွှား ဂါရဝပြုလိုက်လေသည်။ “ဆဋ္ဌမမင်းသား ခေတ္တစောင့်ဆိုင်းပါဦးခင်ဗျာ... ကျွန်တော်မျိုး အခုချက်ချင်း သွားပြီး အကြောင်းကြားလိုက်ပါ့မယ်”
ယွမ်ကျန်းသည် လက်ယမ်းပြလိုက်ပြီး အိမ်စေကို အမြန်သွားရန် အချက်ပြလိုက်၏။ အိမ်စေသည်လည်း မဆိုင်းမတွဘဲ အတွင်းဘက်သို့ အပြေးအလွှား ဝင်သွားတော့သည်။
မကြာမီမှာပင် ခြံဝင်းအတွင်းမှ အလွန်အမင်း ဒေါသထွက်နေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“သွား... သူ့ကို သွားပြောလိုက်၊ ငါမရှိဘူးလို့ ပြောလိုက်”
“ငါက အခု ဆဋ္ဌမမင်းသားဆိုတဲ့ အသံကြားတာနဲ့တင် ဒေါသထွက်နေတာ... မင်းတို့အားလုံး သေချာမှတ်ထား၊ နောက်ကျရင် ငါ့ရှေ့မှာ ဒီနာမည်ကို ထုတ်ပြောရဲတဲ့သူရှိရင် တစ်လစာ လုပ်အားခ ဖြတ်ပစ်မယ်”
“သွားဆို သွားလေ... ဘာလို့ စကားတွေ များနေတာလဲ...”
မန်နေဂျာ ပြောခဲ့သည့်အတိုင်းပင် ဤပိုင်ရှင်မှာ စိတ်တိုတတ်သည့် ပုံစံရှိပေသည်။ ထို့ပြင် သူ၏ စကားကို နားထောင်ခြင်းအားဖြင့် သူသည် ယွမ်ကျန်းအပေါ် အမြင်မကြည်လင်မှုများ ရှိနေပုံရပေသည်။ ယွမ်ကျန်းသည် ထိုလူသည် သူ့ကို ကြားစေရန် တမင်တကာ အသံကျယ်ကျယ်ဖြင့် အော်ပြောနေခြင်း ဖြစ်မည်ဟု ခံစားလိုက်ရ၏။
မကြာမီမှာပင် အိမ်စေသည် ထိတ်လန့်တုန်လှုပ်နေသည့် မျက်နှာဖြင့် ပြန်ထွက်လာပြီး အားနာနာဖြင့် ဆိုလိုက်လေသည်။
“ဆဋ္ဌမမင်းသား... ကျွန်တော်မျိုးတို့ သခင်လေးက သူ မရှိဘူးလို့ ပြောပါတယ်...”
“…”
အိမ်စေ၏ စကားကို ကြားလိုက်ရသောအခါ ယွမ်ကျန်းနှင့် ကိုယ်ရံတော် လေးဦးစလုံးမှာ ဆွံ့အသွားရတော့သည်။ မင်းတို့ သခင်လေး မရှိဘူးဆိုရင် မင်းကို ဘယ်သူက စကားပြောနေတာလဲ။ ပိုင်ရှင်ကလည်း ထူးဆန်းသလို အိမ်စေကလည်း တကယ့်ကို ထူးဆန်းလှပေသည်။
“သူက ငါကိုယ်တော်ကို မတွေ့ချင်ဘူးဆိုရင်တော့ ငါကိုယ်တော်ကပဲ သူ့ကို သွားတွေ့ရတော့မှာပေါ့”
ယွမ်ကျန်းသည် အိမ်စေကို လက်ယမ်းပြလိုက်ပြီး “လမ်းပြစမ်း” ဟု ဆိုလိုက်၏။
ယွမ်ကျန်း၏ စကားကြောင့် အိမ်စေမှာ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။ “ဆဋ္ဌမမင်းသား... ကျွန်တော်မျိုးကို မနှိပ်စက်ပါနဲ့ဦး၊ ကျွန်တော်မျိုး တကယ် မလုပ်ရဲလို့ပါ...”
“လမ်းပြစမ်း”
ကောင်းဟယ်သည် ရုတ်တရက် ဟောက်လိုက်ပြီး အိမ်စေကို အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်လိုက်လေသည်။ အိမ်စေသည် ကောင်းဟယ်၏ အရှိန်အဝါကြောင့် ကြောက်လန့်သွားပြီး အတန်ကြာ ဝေခွဲမရဖြစ်နေပြီးမှ ငိုမဲ့မဲ့မျက်နှာဖြင့် ယွမ်ကျန်းကို အတွင်းဘက်သို့ ခေါ်ဆောင်သွားလေတော့သည်။
“စိတ်ချပါ... မင်းတို့ သခင်လေးက မင်းရဲ့ လုပ်အားခ ဘယ်လောက်ဖြတ်ဖြတ် ငါကိုယ်တော်က ပြန်ပေးပါ့မယ်”
ယွမ်ကျန်းသည် အိမ်စေကို နှစ်သိမ့်လိုက်၏။
“ကျေး... ကျေးဇူးတင်ပါတယ် မင်းသား” အိမ်စေသည် ငိုရခက် ရယ်ရခက် မျက်နှာဖြင့် ပြန်ပြောလိုက်ရပေသည်။
အိမ်စေ၏ လမ်းပြမှုဖြင့် သူတို့သည် နောက်ဖေးခြံဝင်းသို့ ရောက်ရှိလာခဲ့ကြလေသည်။ ထိုနေရာတွင် အလုပ်သမားများမှာ အလွန်အလုပ်များနေကြသည်ကို တွေ့ရ၏။ အလုပ်သမား ဆယ်ဂဏန်းခန့်သည် သစ်သားများကို လွှတိုက်နေကြသူက တိုက်၊ ရွေပေါ်ထိုးနေကြသူက ထိုးနှင့် ရှိနေကြပေသည်။ ရူးဘစ်တုံးများကို တပ်ဆင်နေကြသည့် သူများလည်း ရှိနေခဲ့၏။
နောက်ဖေးခြံဝင်းတစ်ခုလုံးသည် သေးငယ်သည့် စက်ရုံတစ်ခုအလား အလုပ်များနေခဲ့လေသည်။ ထိုလူအုပ်ကြားတွင် ဝဖိုင့်ဖိုင့်ဖြင့် ကိုယ်လုံးကိုယ်ထည်ကြီးမားသည့် လူတစ်ဦးမှာ သိသိသာသာ ထင်ရှားနေခဲ့၏။ ထိုသူသည် အလွန်ဝဖြိုးလှပြီး အကြမ်းဖျင်းအားဖြင့် ပေါင်နှစ်ရာကျော်၊ သုံးရာနီးပါးခန့် ရှိပုံရပေသည်။
သို့သော်လည်း ထိုသူ၏ ဝတ်စားဆင်ယင်မှုမှာ အခြားအလုပ်သမားများနှင့် ကွာခြားလှ၏။ သူ၏ ကိုယ်ပေါ်တွင် ဖုန်မှုန့်များ ပေကျံနေသော်လည်း သူဝတ်ထားသည့် အဝတ်အစားမှာ အကောင်းစား ပိုးထည်ဖြစ်ကြောင်း သိသာလှပေသည်။ ဒါဟာ သူတို့ရှာနေသည့် ပိုင်ရှင်ဖြစ်ရမည်ဟု ယွမ်ကျန်း မှန်းဆလိုက်မိသည်။
“ကျန်းရွှီးလား”
ယွမ်ကျန်း ငေးကြည့်နေစဉ်မှာပင် ကျိုးမီသည် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်လေသည်။
“ဘယ်သူက ကျန်းရွှီးလဲ” ယွမ်ကျန်းသည် ကျိုးမီကို လှည့်မေးလိုက်၏။
“အဲဒီ အဝဆုံးတစ်ယောက်လေ” ကျိုးမီသည် ထိုနေရာတွင် ထိုင်၍ ရူးဘစ်တုံး တပ်ဆင်နေသည့် လူဝကြီးကို လက်ညှိုးထိုးပြလိုက်လေသည်။
“မင်း သူ့ကို သိလို့လား” ယွမ်ကျန်းသည် ကျိုးမီကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။
ကျိုးမီသည် ခေါင်းညိတ်ပြလိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။ “သူက ကျန်းအမတ်ကြီးရဲ့ မြေးလေ၊ အသုံးမကျတဲ့သူအဖြစ် နာမည်ကြီးနေတာ။ ကျန်းအမတ်ကြီးက သူ့မှာ ဒီလို ပညာမတတ်တဲ့ မြေးတစ်ယောက်ရှိတာကို အမြဲတမ်း ရှက်နေတာလေ...”
ကျန်းဟွေ့ ၏ မြေး ဟုတ်လား။ အသုံးမကျတဲ့သူလား။
ယွမ်ကျန်းသည် အံ့အားသင့်သွားရပေသည်။ သူ၏ သတင်းကြီးပုံမှာ မိမိနှင့် တော်တော်လေး ဆင်တူနေသည် မဟုတ်ပါလား။ ကျန်းရွှီး... အင်း၊ ဒီကိုယ်လုံးကိုယ်ထည်နဲ့ဆိုရင်တော့ သူက တကယ့်ကို အားနည်းပုံ ပေါက်နေတာပဲ။ သို့သော်လည်း သူ့ကို ပညာမတတ်ဘူးဟု ပြောခြင်းမှာတော့ မဖြစ်နိုင်ဟု ယွမ်ကျန်း ထင်မိသည်။ စီးပွားရေး အခွင့်အလမ်းကို ဒီလောက်ထိ ဖမ်းဆုပ်နိုင်သည့်သူက ဘယ်လိုလုပ်ပြီး ပညာမတတ်သူ ဖြစ်နိုင်ပါ့မည်နည်း။
ထိုအချိန်မှာပင် ကျန်းရွှီးသည် သူတပ်ဆင်နေသည့် မပြီးသေးသော ရူးဘစ်တုံးကို ကြမ်းပြင်ပေါ်သို့ “ဗုန်း” ကနဲ ပစ်ချလိုက်ပြီး ဒေါသတကြီး အော်ဟောက်လိုက်လေတော့သည်။
“ဘယ်က ခွေးချေးနံ့တွေ ထွက်နေတာလဲ။ ဘယ်သူက ခွေးချေးတွေကို ဒီထဲအထိ ယူလာတာလဲ”
ကျန်းရွှီးသည် တစ်ဖက်လူကို တိုက်ရိုက်မဆဲဘဲ ခနဲ့၍ ဆဲနေခြင်းမှာ သိသာလှပေသည်။ ကောင်းဟယ်သည် မျက်နှာပျက်သွားပြီး ဒေါသတကြီး ဟောက်လိုက်တော့၏။
“သတ္တိရှိလှချည်လား ကျန်းရွှီး... ဆဋ္ဌမမင်းသားကို စော်ကားရဲတယ်ပေါ့”
“မင်းက ဘယ်သူလဲကွ”
ကျန်းရွှီးသည် ထရပ်လိုက်ပြီး နှာခေါင်းကို အထက်သို့ မြှောက်၍ပိတ်ကာ ကောင်းဟယ်ထံသို့ လမ်းလျှောက်လာခဲ့လေသည်။ “မင်းက ဒီမှာ လာပြီး ဟန် လုပ်မနေနဲ့၊ မင်းရဲ့ ဘယ်ဘက်နားက ငါကိုယ်တော်က ဆဋ္ဌမမင်းသားကို စော်ကားတယ်လို့ ကြားလိုက်လို့လဲ”
ကောင်းဟယ်သည် မျက်နှာအေးစက်သွားပြီး ဒေါသတကြီး ဆိုလိုက်၏။ “မင်း စောစောကပဲ ပြောလိုက်တာလေ...”
ကျန်းရွှီး၏ ကိုယ်ပေါ်ရှိ အဆီပြင်များမှာ တုန်ခါသွားပြီး နှာခေါင်းရှုံ့လျက် ဆိုလိုက်လေသည်။ “ငါက စောစောက ဘယ်သူ ခွေးချေးယူလာလဲလို့ မေးတာလေ၊ ဘာလဲ... မင်းက ဆဋ္ဌမမင်းသားကို ခွေးချေးလို့ ပြောချင်တာလား”
“မင်း...”
ကောင်းဟယ်သည် ကျန်းရွှီး၏ ပြန်လှန်ချေပမှုကြောင့် စကားလုံးများ ပျောက်ရှကာ ဆွံ့အသွားရတော့သည်။ ယွမ်ကျန်းသည် လက်ယမ်း၍ ကောင်းဟယ်ကို တားမြစ်လိုက်ပြီး သူ၏ရှေ့မှ အဆီပြင်ကြီးကို အထက်အောက် ဝေ့ကြည့်လိုက်လေသည်။
“ငါကိုယ်တော်က မင်းကို တစ်ခါမှ မမြင်ဖူးပါဘူး၊ မင်းကိုလည်း မပြစ်မှားဖူးဘူး ထင်တာပဲ။ ဒါပေမဲ့ မင်းက ငါကိုယ်တော်အပေါ် အမြင်မကြည်တာက တော်တော်လေး သိသာနေတာပဲ”
“မင်းက ဆဋ္ဌမမင်းသား ဟုတ်လား”
ကျန်းရွှီးသည် လက်သီးအသာအယာဆုပ်လိုက်ပြီး မကျေမနပ် ဖြစ်နေသည့် မျက်နှာဖြင့် ဆိုလိုက်လေသည်။ “ကျွန်တော်မျိုးက ဝလွန်းလို့ ဂါရဝပြုရတာ အဆင်မပြေဘူးဗျ၊ ဆဋ္ဌမမင်းသားပဲ သည်းခံပေးလိုက်ပါတော့”
ကဲ... ကြည့်စမ်း။ ဒီလူက ငါ့အပေါ်မှာ အမြင်မကြည်တာ အမှန်ပဲ။ ငါနဲ့ ကျန်းဟွေ့ရဲ့ ပတ်သက်မှုကလည်း မဆိုးပါဘူး။ ဒါပေမဲ့ သူက ဘာလို့ ငါ့အပေါ်မှာ ဒီလောက်ထိ အမြင်မကြည်ဖြစ်နေရတာလဲ။
“ကိစ္စမရှိပါဘူး”
ယွမ်ကျန်းသည် သဘောထားကြီးစွာ လက်ယမ်းပြလိုက်ပြီး ပြုံးစိစိဖြင့် ဆိုလိုက်၏။ “မင်းက ငါ့ကို ကြည့်မရဖြစ်နေတာတောင် ငါဖန်တီးထားတဲ့ ရူးဘစ်တုံးနဲ့ကျတော့ ဘာလို့ ပိုက်ဆံရှာနေရတာလဲ”
“ဒါက မင်းဖန်တီးထားတာ မဟုတ်ပါဘူး”
ကျန်းရွှီးသည် နှာခေါင်းရှုံ့လိုက်ပြီး “ဒါက မြောက်ဟွမ်နိုင်ငံဆရာကြီး ဖန်တီးထားတာလေ ဟုတ်တယ်မလား” ဟု ပြန်ပြောလိုက်လေသည်။
“ဟုတ်လို့လား” ယွမ်ကျန်းသည် ပြုံးလိုက်ပြီး “ဒါပေမဲ့ ‘ရူးဘစ်တုံး’ ဆိုတဲ့ အမည်ကိုတော့ ငါပဲ မှည့်ခဲ့တာ မဟုတ်လား” လို့ ဆိုလိုက်လေသည်။
“ကျွန်တော်... ကျွန်တော်က...” ကျန်းရွှီးသည် ခဏမျှ ဆွံ့အသွားပြီးမှ ဇွတ်အတင်း ပြန်ပြောလိုက်တော့သည်။ “ကျွန်တော်က ဒါကို ‘နမူနာတုံး’ လို့ ခေါ်တာဗျ၊ ဘာပြဿနာရှိလို့လဲ”
သေစမ်း... ဒီလူက တော်တော်လေး စကားနိုင်လုတတ်တာပဲ။ ယွမ်ကျန်းသည် ကျန်းရွှီးကို စိတ်ဝင်တစား ကြည့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်လေသည်။
“မင်း ငါ့ကို လာပြီး ဆရာမလုပ်နဲ့ဦး၊ မင်း ဒီရူးဘစ်တုံးကို လုပ်လိုက်တာက ဘာမှအသုံးမဝင်ဘူး။ အကယ်၍ တခြားသူတွေက ဒါကို ဘယ်လိုကစားရမှန်း မသိရင် ခဏတဖြုတ် စိတ်ဝင်စားမှု လျော့သွားတာနဲ့ မင်းရဲ့ ရူးဘစ်တုံးတွေက ရောင်းထွက်မှာ မဟုတ်တော့ဘူး”
“ဘာဖြစ်လဲဗျ” ကျန်းရွှီးသည် နှာခေါင်းကို မဖွယ်မရာ နှိုက်လိုက်ရင်း “ဘာပဲဖြစ်ဖြစ် ကျွန်တော်က ပိုက်ဆံတွေ အများကြီး ရှာထားပြီးသားပဲလေ” လို့ ပြန်ပြောလိုက်လေသည်။
ဟား... တော်တော်လေး ဂုဏ်မောက်တဲ့သူပဲ။ ယွမ်ကျန်းသည် မျက်ခုံးပင့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်၏။ “ဒါဆိုရင်တော့ ငါကိုယ်တော်က ကျန်းအမတ်ကြီးကိုပဲ ခေါ်ပြီး စကားပြောရတော့မှာပေါ့”
“မင်းသားအနေနဲ့ ကျွန်တော့်အဘိုးကို သုံးပြီး ဖိအားပေးစရာ မလိုပါဘူး”
ကျန်းရွှီးသည် နှာခေါင်းရှုံ့လိုက်လေသည်။ “ကျွန်တော့်ကို အဘိုးက အိမ်ပေါ်က မောင်းချထားပြီးသားပဲ၊ သူလာရင်ကော ဘာဖြစ်မှာလဲ။ ကျွန်တော့်ကို နောက်တစ်ခါ ထပ်ပြီး အိမ်ပေါ်က မောင်းချဦးမှာလား”
ပြောရင်းနှင့် ကျန်းရွှီးသည် “မထူးဇာတ်” ခင်းထားသည့် ပုံစံမျိုး လုပ်နေခဲ့လေသည်။
“အိမ်ပေါ်က မောင်းချခံထားရတာလား”
ယွမ်ကျန်းသည် ခဏမျှ ကြောင်အသွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်မိ၏။ “မင်းက ဘယ်လိုမျိုး အမှားကြီးတွေ လုပ်လိုက်လို့ ကျန်းအမတ်ကြီးက မင်းကို အိမ်ပေါ်က မောင်းချရတာလဲ”
“ဟဲ... မင်းသားက ဒီမေးခွန်းကို တကယ်ပဲ မေးရဲတယ်ပေါ့”
ကျန်းရွှီးသည် ယွမ်ကျန်းကို နာကျည်းနေသည့် အကြည့်များဖြင့် ကြည့်လိုက်ပြီး “ဒါတွေအားလုံးက မင်းသားကြောင့် ဖြစ်ရတာ မဟုတ်လား” လို့ ပြန်ပြောလိုက်လေတော့သည်။
ငါ့ကြောင့် ဟုတ်လား။
ယွမ်ကျန်းသည် ကျန်းရွှီး၏ စကားကြောင့် လုံးဝကို ကြောင်အသွားရပေသည်။ သူ အိမ်ပေါ်က မောင်းချခံရတာက ငါနဲ့ ဘာဆိုင်လို့လဲ။ ကိုယ်တိုင်က အသုံးမကျတာကို သူများကို လိုက်ပုံချနေတာလား။ ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ မဟုတ်လား။
“နေပါဦး... မင်း စကားပြောရင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပြီးမှ ပြောစမ်းပါ”
ယွမ်ကျန်းသည် မျက်မှောင်ကြုတ်ကာ ကျန်းရွှီးကို ကြည့်လိုက်လေသည်။ “ငါကိုယ်တော်က ကျန်းအမတ်ကြီးမှာ မင်းလို မြေးတစ်ယောက်ရှိတာကိုတောင် အရင်က မသိခဲ့ဘူး။ ငါကလည်း ကျန်းအမတ်ကြီးရှေ့မှာ မင်းအကြောင်း မကောင်းပြောခဲ့တာ တစ်ခွန်းမှ မရှိဘူး။ မင်း အိမ်ပေါ်က မောင်းချခံရတာက ငါနဲ့ ဘာဆိုင်လို့လဲ”