အခန်း (၅၄) မူပိုင်ခွင့်ကြေး ပေးပြီးပြီလား
ထိုနေ့ညတွင် ယွမ်ကျန်းသည် ရှန်မော့ယန့်အတွက် လှံရှည်ဒီဇိုင်းကို စာကြည့်ဆောင်၌ အာရုံစိုက်၍ ကိုယ်တိုင်ဆွဲနေခဲ့လေသည်။ ဒီဇိုင်းဆွဲရင်း စိတ်ပါလာသည်နှင့်အမျှ မိမိ၏ အိမ်တော်စောင့်စစ်သည်များအတွက်လည်း လက်နက်အသစ်များ ပြန်လည်သွန်းလုပ်ပေးရမလားဟု တွေးမိပြန်သည်။
သူတို့ ယခုအသုံးပြုနေသည့် စံသတ်မှတ်ချက်ထုတ် လက်နက်များသည် အမှန်တကယ်တော့ ပေါ့ပါးသည့် မြင်းစီးစစ်သည်များအတွက် အသုံးမတည့်လှပေ။ အတန်ကြာ စဉ်းစားပြီးနောက်တွင် ယွမ်ကျန်းသည် ထိုအကြံကို ဖျက်လိုက်လေသည်။
ထားလိုက်ပါတော့။ စိတ်ထဲမှာရှိတဲ့ အကြံဉာဏ်တွေကို မြောက်ပိုင်းနယ်စပ်ရောက်မှပဲ အကောင်အထည်ဖော်တော့မယ်။ မြို့တော်မှာ ရှိနေတုန်းတော့ ခပ်အေးအေးပဲ နေတာ အကောင်းဆုံးပဲ။
နောက်တစ်နေ့ မနက်တွင် ယွမ်ကျန်းသည် ပုံစံကြမ်းကို ပန်းပဲဖိုသို့ ပို့ပေးလိုက်ပြီး အရွယ်အစားနှင့် အသေးစိတ်အချက်အလက်များကို မှာကြားခဲ့လေသည်။ မနေ့က လုပ်ကြံခံရသည့် ကိစ္စကြောင့် ယွမ်ကျန်း အပြင်ထွက်သည့်အခါ ကိုယ်ရံတော်မှာ နှစ်ယောက်မှ လေးယောက်အထိ တိုးလာခဲ့၏။
သူသည် ရှန်မော့ယန့်ကို သူ၏ ကိုယ်ရံတော်အဖြစ် ထားချင်ခဲ့သော်လည်း ဂုဏ်မောက်လှသည့် ရှန်မော့ယန့်က မည်သို့လျှင် သဘောတူပါမည်နည်း။
“ရပ်စမ်း”
ယွမ်ကျန်းသည် ကြောင်နားတောင်သို့ သွားရန် ပြင်နေစဉ်မှာပင် ကိုယ်ရံတော်များကို ရုတ်တရက် ရပ်ခိုင်းလိုက်လေသည်။ ကိုယ်ရံတော်များ အခြေအနေကို သဘောမပေါက်ခင်မှာပင် ယွမ်ကျန်းသည် မြင်းပေါ်မှ ချက်ချင်းဆင်း၍ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် လူငယ်နှစ်ဦးကို ပိတ်ရပ်လိုက်၏။
ထိုလူငယ်နှစ်ဦးမှာ ဒေါသတကြီး ဟောက်ရန် ပြင်လိုက်သော်လည်း ယွမ်ကျန်း၏ အနောက်မှ ကိုယ်ရံတော်များကို မြင်သည်နှင့် ချက်ချင်းပင် လန့်သွားကြတော့သည်။
“ဒီလူကြီးမင်း... ဘာကိစ္စရှိလို့လဲခင်ဗျာ”
သူတို့နှစ်ဦးသည် ယွမ်ကျန်းကို ကြောက်လန့်တကြား ကြည့်နေကြလေသည်။
“စိတ်အေးအေးထားပါ... ငါက မင်းတို့ကို ဒုက္ခပေးဖို့ လာတာမဟုတ်ဘူး”
ယွမ်ကျန်းသည် သူတို့ကို နှစ်သိမ့်လိုက်ပြီးမှ သူတို့လက်ထဲရှိ သစ်သားရူးဘစ်တုံး ကို လက်ညှိုးထိုးပြကာ မေးမြန်းလိုက်၏။ “မင်းတို့လက်ထဲက အဲဒီအရာက ဘယ်ကရတာလဲ”
“ဪ... ဒီရူးဘစ်တုံးကို ပြောတာလား”
အရပ်ရှည်ရှည် လူငယ်က သဘောပေါက်သွားသလို ပြုံးလိုက်ပြီး လမ်းအဆုံးကို ညွှန်ပြကာ ဆိုလေသည်။ “အနောက်လမ်းဘက်က ‘ဖျင်ယာရွှမ်း’ ဆိုတဲ့ ဆိုင်မှာ ရောင်းနေတာလေ။ လူကြီးမင်းလည်း ဝယ်ချင်ရင် အမြန်သွားမှ ဖြစ်မယ်နော်၊ လူတွေ အလုအယက် ဝယ်နေကြတာ။ နောက်ကျရင် ကုန်သွားလိမ့်မယ်”
“ကောင်းပြီ... ကျေးဇူးပဲ”
ယွမ်ကျန်းသည် ပြောပြီးသည်နှင့် မြင်းပေါ်သို့ ချက်ချင်းပြန်တက်လိုက်လေသည်။
သေစမ်း... ရက်ပိုင်းပဲ ရှိသေးတယ်၊ ရူးဘစ်တုံးကို လုပ်ပြီး ရောင်းနေတဲ့သူ ရှိနေပြီလား။ ဘယ်သူက ငါ့ရဲ့ မူပိုင်ခွင့်ကို ခိုးရဲရတာလဲ။ မူပိုင်ခွင့်ကြေးရော ပေးပြီးပြီလား။ ဒီလူကတော့ တကယ့်ကို စီးပွားရေးဦးနှောက် ရှိတာပဲ။
ဒီလူက ဘယ်လို ပုဂ္ဂိုလ်မျိုးလဲဆိုတာ ငါသွားကြည့်ရမယ်။
မကြာမီမှာပင် သူတို့သည် အနောက်လမ်းရှိ ‘ဖျင်ယာရွှမ်း’ သို့ ရောက်ရှိသွားကြလေသည်။
ဟား... ကြည့်စမ်းပါဦး။
ယခု ဖျင်ယာရွှမ်းဆိုင်ရှေ့တွင် လူများမှာ ပင်လယ်ပြင်ကဲ့သို့ များပြားလှပေသည်။ ထို့ပြင် ထိုသူများ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် အများစုမှာ ချမ်းသာကြွယ်ဝသူများ ဖြစ်ကြပြီး ဝတ်စုံသာမန်နှင့် လူအနည်းငယ်မှာမူ အိမ်ကြီးအိမ်ကောင်းများမှ အစေခံများ ဖြစ်ပုံရပေသည်။
“မင်းသား... ဒီလူတွေကို မောင်းထုတ်လိုက်ရမလား”
ကောင်းဟယ်က တိုးတိုးလေး မေးမြန်းလိုက်၏။
“မလိုပါဘူး... အရင်ကြည့်ရအောင်”
ယွမ်ကျန်းသည် ခေါင်းယမ်းကာ ပြုံးလိုက်ပြီး “သူတို့က ပုံမှန် စီးပွားရေး လုပ်နေတာပဲ၊ ငါတို့က ဘာလို့ လူတွေကို မောင်းထုတ်ရမှာလဲ။ မင်းသွားပြီး အဲဒီရူးဘစ်တုံးက တစ်ခုကို ဘယ်လောက်လဲဆိုတာ စုံစမ်းခဲ့ဦး” ဟု မှာကြားလိုက်လေသည်။
“အမိန့်အတိုင်းပါ”
မကြာမီမှာပင် ကောင်းဟယ်သည် သတင်းစုံစမ်းပြီး ပြန်လာခဲ့၏။
ရူးဘစ်တုံး တစ်ခုလျှင် ငွေစ နှစ်ဆယ်။ ယွမ်ကျန်း ပြောခဲ့သည့် ၁၆ ကွက်ပါ ရူးဘစ်တုံး ဆိုလျှင် တစ်ခုကို ငွေစ တစ်ရာတောင် ပေးရသည်ဟု ဆိုသည်။ ထို့ပြင် ဈေးဆစ်၍လည်း မရပေ။
ကောင်းဟယ်၏ တင်ပြချက်ကို ကြားလိုက်ရသည့်အခါ ယွမ်ကျန်းမှာ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိတော့သည်။
သေစမ်း... ဒီကောက်ကျစ်တဲ့ စီးပွားရေးသမား။ သစ်သားတုံး အစုတ်လေးတွေကို ဒီလောက်ဈေးကြီးကြီးနဲ့ ရောင်းရဲတယ်ပေါ့။ လေးထပ်ရူးဘစ်တုံးကိုဆိုရင် ငွေစတစ်ရာတောင် ရောင်းတယ်လား။ သူတို့သာ ခြောက်ထပ်ရူးဘစ်တုံး လုပ်နိုင်ရင် တစ်ခုကို ငွေစ တစ်ထောင်လောက် ရောင်းတော့မှာပဲ။ ဒါက ဓားပြတိုက်နေတာနဲ့ ဘာကွာလို့လဲ။
မဖြစ်ဘူး။ ဒီကောက်ကျစ်တဲ့ စီးပွားရေးသမားကို ငါတွေ့မှ ဖြစ်မယ်။
ဒီဖျင်ယာရွှမ်းရဲ့ ပိုင်ရှင်က နန်းတွင်းက အရာရှိတွေနဲ့ တစ်နည်းနည်းနဲ့ ပတ်သက်နေမှာ သေချာလှပေသည်။ မဟုတ်ရင်တော့ ရူးဘစ်တုံးကို ဒီလောက်မြန်မြန် လုပ်ပြီး ရောင်းနိုင်မှာ မဟုတ်ပေ။
ယွမ်ကျန်းသည် စိတ်ဝင်တစား ရှိနေသော်လည်း သူသည် လူအုပ်ကြားထဲသို့ တိုးမဝင်ဘဲ ဖျင်ယာရွှမ်းဆိုင်ကို အဝေးမှသာ အကဲခတ်နေခဲ့၏။ နောက်ထပ် ဆယ့်ငါး မိနစ်ခန့် ကြာပြီးနောက်တွင် ဖျင်ယာရွှမ်းရှိ ရူးဘစ်တုံးများ အားလုံး ကုန်သွားလေတော့သည်။
ဝယ်လိုက်ရသူများမှာ အလွန်အမင်း ဝမ်းသာနေကြသော်လည်း မဝယ်လိုက်ရသူများမှာမူ ရင်ဘတ်စည်တီးလျက် ကျန်ခဲ့ကြ၏။ ထိုအချိန်တွင် ဆိုင်မန်နေဂျာက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။
“လူကြီးမင်းတို့ခင်ဗျာ... အားလုံးရဲ့ အားပေးမှုကို ကျေးဇူးတင်ပါတယ်။ အခုတော့ ရူးဘစ်တုံးတွေ ကုန်သွားပါပြီ။ ဒါပေမဲ့ လူကြီးမင်းတို့ရဲ့ ဆန္ဒအရ ကျွန်တော်တို့ ဆိုင်ကနေ ကြိုတင်မှာယူမှုကို လက်ခံပေးပါ့မယ်။ ဝယ်ချင်တဲ့သူတွေအနေနဲ့ စရန်ငွေ တစ်ဝက်ပေးခဲ့ပြီး စာရင်းသွင်းထားရုံပါပဲ။ ပစ္စည်းရောက်လာတဲ့အခါ ကျန်တဲ့ငွေကို ပေးပြီး လာယူနိုင်ပါတယ်...”
မန်နေဂျာ၏ စကားကို ကြားလိုက်ရသည့် ယွမ်ကျန်းမှာ ပို၍ပင် အံ့အားသင့်သွားရပေသည်။
ဒီကောက်ကျစ်တဲ့ စီးပွားရေးသမားက ကြိုတင်မှာယူတာကိုပါ စဉ်းစားမိတယ်ပေါ့။ တကယ့်ကို ကောက်ကျစ်စဉ်းလဲတာ အဆုံးစွန်ပဲ။ ရူးဘစ်တုံးက လုပ်ရတာ မခက်ခဲဘူး၊ ပစ္စည်းပျံ့သွားတာနဲ့ အတုလိုက်လုပ်မယ့်သူတွေ အများကြီး ထွက်လာမှာပဲ။ အဲ့ဒီအချိန်ကျရင် ဈေးနှုန်းက ထိုးကျသွားမှာ သေချာတယ်။ ဒါပေမဲ့ ဒီလူက အခုလိုနည်းလမ်းနဲ့ ဈေးနှုန်းကို ကြိုတင်သတ်မှတ်ထားလိုက်တာပဲ။ နောက်ကျရင် ဈေးကျသွားရင်တောင် စရန်ငွေရထားပြီးသားမို့ သူတို့က အကြီးအကျယ် မြတ်ဦးမှာပဲ။
တကယ့်ကို တော်တဲ့လူပဲ။
ယွမ်ကျန်းသည် စိတ်ထဲမှ ချီးကျူးနေစဉ်မှာပင် လူအုပ်ကြီးမှာ ပွက်လောရိုက်သွားတော့၏။ အားလုံးက ငွေတွေပေးပြီး အလုအယက် စာရင်းသွင်းနေကြရာ ယွမ်ကျန်း၏ ကမ္ဘာဟောင်းမှ လူတွေ iPhone အသစ်ကို လုဝယ်နေကြသည့်အတိုင်းပင်။ နောက်ထပ် မိနစ်သုံးဆယ်ခန့် ကြာပြီးနောက်တွင် ဆိုင်ရှေ့ရှိ လူများ တဖြည်းဖြည်း လူစုကွဲသွားကြလေသည်။
“သွားရအောင်”
ယွမ်ကျန်းသည် ကိုယ်ရံတော်များကို ခေါ်၍ ဖျင်ယာရွှမ်းထဲသို့ လှမ်းဝင်လိုက်လေသည်။ ယွမ်ကျန်း ဝင်လာသည်ကို မြင်သောအခါ မန်နေဂျာသည် ပြုံးရွှင်စွာဖြင့် ခရီးဦးကြိုပြုလိုက်၏။
“ဒီလူကြီးမင်းကလည်း ရူးဘစ်တုံး လာဝယ်တာလားခင်ဗျာ။ တောင်းပန်ပါတယ်၊ ပစ္စည်းကုန်သွားပါပြီ။ ဒါပေမဲ့ ကြိုတင်မှာယူလို့တော့ ရပါတယ်...”
“ငါ ရူးဘစ်တုံး လာဝယ်တာ မဟုတ်ဘူး”
ယွမ်ကျန်းသည် ခေါင်းယမ်းလိုက်ပြီး ဆိုင်အတွင်းရှိ ပစ္စည်းများကို အသာအယာ ဝေ့ကြည့်လိုက်လေသည်။ ဆိုင်ထဲတွင် လက်ရာပြောင်မြောက်သည့် အလှဆင်ပစ္စည်းလေးများနှင့် သစ်သားစားပွဲ၊ ကုလားထိုင် အချို့ ရှိနေခဲ့၏။
“ငါ သိချင်တာက ဒီဆိုင်က မင်းပိုင်တာလား”
“လူကြီးမင်းကလည်း နောက်နေပြန်ပြီ” မန်နေဂျာသည် ရယ်မောလျက် ဆိုလေသည်။ “ကျွန်တော်မျိုးက ဒီဆိုင်ရဲ့ မန်နေဂျာ သက်သက်ပါ၊ ပိုင်ရှင်က တခြားတစ်ယောက်ပါခင်ဗျာ”
မှန်တာပေါ့။
ယွမ်ကျန်းသည် စိတ်ထဲမှ ပြုံးလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။ “ငါ မင်းတို့ ပိုင်ရှင်ကို တွေ့ချင်တယ်”
“ဗျာ...” ယွမ်ကျန်း၏ စကားကို ကြားလိုက်ရသောအခါ မန်နေဂျာသည် မျက်မှောင်ကြုတ်သွားပြီး “ကျွန်တော်တို့ ပိုင်ရှင်က အရမ်းအလုပ်များနေလို့ လူကြီးမင်းကို တွေ့ဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။ လူကြီးမင်း စိတ်မရှိဘူးဆိုရင်တော့ အမည်လေး ချန်ထားခဲ့ပါ၊ ကျွန်တော်မျိုး ပိုင်ရှင်ကို ပြန်ပြောပေးပါ့မယ်” ဟု ဆိုလိုက်လေသည်။
“ရိုင်းလှချည်လား”
ကောင်းဟယ်က မျက်နှာပျက်သွားပြီး အသံကျယ်ကျယ်ဖြင့် ဟောက်လိုက်တော့၏။ “အခုချက်ချင်း မင်းတို့ပိုင်ရှင်ကို သွားပြောလိုက်၊ ဆဋ္ဌမမင်းသားက သူ့ကို တွေ့ချင်နေတယ်လို့။ သူ့ကို အမြန်လာခိုင်းစမ်း၊ ဆဋ္ဌမမင်းသားကို အကြာကြီး စောင့်ခိုင်းမနေနဲ့”
ကောင်းဟယ်၏ စွမ်းဆောင်ရည်ကို ယွမ်ကျန်း အလွန်သဘောကျသွားပေသည်။ ကြည့်စမ်း... ဒါမှ အလိုက်သိတဲ့ လက်အောက်ငယ်သား။ အလုပ်ရှင် မပြောချင်တဲ့ စကားကို သူက ရှေ့ကနေ ပြောပေးသွားပြီ။ အင်း... သူ့ကို ရာထူးတိုးပေးရမယ်။
“ဆဋ္ဌမ... ဆဋ္ဌမမင်းသား ဟုတ်လား”
ကောင်းဟယ်၏ စကားကို ကြားလိုက်ရသောအခါ မန်နေဂျာမှာ မျက်လုံးများ ပြူးသွားပြီး ကြမ်းပြင်ပေါ်သို့ အပြေးအလွှား ဒူးထောက်လိုက်လေသည်။ “သာမန်အရပ်သားက...”
“ဂါရဝပြုတာတွေ ရပ်လိုက်တော့”
ယွမ်ကျန်းသည် မန်နေဂျာကို တားမြစ်လိုက်ပြီး “မင်းတို့ ပိုင်ရှင်ကို အမြန်သွားခေါ်ချေ” ဟု မှာကြားလိုက်၏။
“ကျေးဇူးတင်ပါတယ် ဆဋ္ဌမမင်းသား”
မန်နေဂျာသည် ထရပ်လိုက်သော်လည်း မျက်နှာမှာ ခက်ခဲနေသည့် ပုံစံ ပေါက်နေခဲ့လေသည်။
“ဘာရပ်ကြည့်နေတာလဲ” ယွမ်ကျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “မင်းတို့ ပိုင်ရှင်က မြို့တော်မှာ မရှိဘူးလို့တော့ မပြောနဲ့ဦးနော်”
“မဟုတ်... မဟုတ်ပါဘူး”
မန်နေဂျာသည် အဆက်မပြတ် ခေါင်းယမ်းလိုက်ပြီး သတိထားလျက် ဆိုလိုက်လေသည်။ “ဆဋ္ဌမမင်းသားကို လျှောက်တင်ရရင် ကျွန်တော်တို့ ပိုင်ရှင်က တကယ်ကို အလုပ်များနေလို့ပါ။ နောက်ပြီး ပိုင်ရှင်က စိတ်တိုတတ်တဲ့သူမို့ ကျွန်တော်မျိုး အခုသွားရှာရင် မောင်းထုတ်ခံရမှာကို ကြောက်လို့ပါ...”
“ဪ...”
ယွမ်ကျန်းသည် စိတ်ဝင်စားသွားပြီး အတန်ကြာ စဉ်းစားကာ ဆိုလိုက်လေသည်။ “ဒါဆိုရင် မင်း ငါ့ကို အဲဒီကို ခေါ်သွားပေးလေ။ ငါကိုယ်တိုင် သွားတွေ့မယ်၊ ငါကိုယ်တိုင် သွားတာကိုတော့ သူက မောင်းထုတ်ရဲမှာ မဟုတ်ပါဘူး”
သူသည် ယနေ့တွင် ဖျင်ယာရွှမ်း၏ ပိုင်ရှင်မှာ မည်သူဖြစ်ကြောင်းကို မသိမချင်း မပြန်နိုင်ပေ။
“ကောင်း... ကောင်းပါပြီ” မန်နေဂျာသည်လည်း မငြင်းရဲတော့ဘဲ သဘောတူလိုက်လေတော့သည်။