အခန်း (၅၃) အသက်ကယ်တင်ရှင်လား
တတိယမင်းသားအိမ်တော်။
တာ့မြောင် ဘုရားကျောင်း၌ သုံးရက်တိုင်တိုင် ဒူးထောက်ခဲ့ရသည့် ယွမ်လိသည် ဒဏ်ရာများကို ကုသနေဆဲ ဖြစ်ပေသည်။ နောက်ဆုံး နှစ်ရက်တွင် သူသည် စားသောက်ချိန်နှင့် အပေါ့အပါးသွားချိန်မှလွဲ၍ ကျန်သည့်အချိန်အားလုံးကို ဘုရားကျောင်း၌ ဒူးထောက်နေခဲ့ရခြင်း ဖြစ်သည်။ သူ၏ ဒူးခေါင်းများမှာလည်း သွေးများပင် ထွက်နေခဲ့လေပြီ။
မကြာသေးမီက မိမိတွင် ကံမကောင်း အကြောင်းမလှသည့် ကိစ္စများချည်း ကြုံတွေ့နေရသည်ကို တွေးမိတိုင်း ယွမ်လိသည် ရင်ထဲ၌ ဒေါသများ အလွန်အမင်း ထွက်နေမိတော့၏။
ယွမ်လိ၏ ဒေါသများ မည်သည့်နေရာသို့ ဖောက်ထုတ်ရမည်မှန်း မသိဖြစ်နေစဉ်မှာပင် နန်းတော်မှ လူတစ်ဦး ရောက်ရှိလာပြီး ဧကရာဇ်ဝမ်က သူ့ကို အရေးတကြီး ခေါ်ယူနေကြောင်း လာရောက် အကြောင်းကြားလေသည်။ သတင်းပေးပြီးနောက် ထိုမိန်းမစိုးက အသံကို နှိမ့်၍ ဆိုလိုက်၏။
“တတိယမင်းသား... ဆဋ္ဌမမင်းသားက ရှန်မိသားစုဝင်တွေနဲ့အတူ ရှန်နန်ကျန်း သားအဖတွေရဲ့ ဂူဗိမာန်ကို ဂါရဝပြုဖို့ သွားတဲ့လမ်းမှာ လုပ်ကြံခံလိုက်ရပါတယ်... အခု အရှင်မင်းကြီးကတော့ အကြီးအကျယ် ဒေါသထွက်နေတာမို့ မင်းသား အထူးသတိထားပါဦး”
ဘာ... ယွမ်ကျန်း လုပ်ကြံခံရတယ် ဟုတ်လား။
သေစမ်း... ခမည်းတော်က ငါ့လက်ချက်လို့ သံသယဝင်နေတာများလား။
ယွမ်လိ၏ ရင်ခုန်သံများမှာ အဆက်မပြတ် မြန်ဆန်လာပြီး သတင်းပေးသည့် မိန်းမစိုးထံသို့ ငွေစ တစ်ရာတန် စာရွက်တစ်ရွက်ကို ချက်ချင်း ထိုးပေးလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် အမတ်မင်း”
“မင်းသားကလည်း... ကျွန်တော်မျိုးက အစေခံပါပဲ”
မိန်းမစိုးသည် ငွေစကို သိမ်းဆည်းလိုက်ပြီး ပြုံးရွှင်စွာဖြင့် ဆိုလေသည်။
ယွမ်လိသည် မိန်းမစိုးနှင့် စကားအရှည်ကြီး မပြောနိုင်တော့ဘဲ နန်းတော်သို့ အမြန် ထွက်ခွာခဲ့တော့၏။ စိတ်ထဲမှလည်း ကျိန်ဆဲနေမိသည်။
ငါက ဘုရားကျောင်းမှာ သုံးရက်တိုင်တိုင် ဒူးထောက်ခဲ့ရလို့ လူတောင် မလန်းသေးဘူး။ သူ လုပ်ကြံခံရတာက ငါနဲ့ ဘာဆိုင်လို့လဲ။
ယွမ်လိသည် စိုးရိမ်ထိတ်လန့်စိတ်များဖြင့် စာကြည့်ဆောင်သို့ ရောက်ရှိလာခဲ့ပေသည်။ ထိုအချိန်တွင် ဧကရာဇ်ဝမ်သည် မျက်နှာတစ်ခုလုံး ညိုမှောင်နေလျက် ထိုင်နေပြီး စားပွဲပေါ်တွင်မူ ယွမ်ကျန်းကို လုပ်ကြံခဲ့သည့် မြှားတစ်စင်း ရှိနေခဲ့၏။
ယွမ်လိသည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် စာကြည့်ဆောင်အတွင်းရှိ လေထုမှာ အလွန်အမင်း အေးစက်နေသည်ဟု ခံစားလိုက်ရသည်။
“သားတော်... ခမည်းတော်ကို ဂါရဝပြုပါတယ်”
ယွမ်လိသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဒူးထောက်လိုက်လေသည်။ ဒူးခေါင်းပေါ်ရှိ ဒဏ်ရာနှင့် ကြမ်းပြင်ကို ထိမိသွားသည့်အခါ သူသည် အလိုအလျောက် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိတော့၏။
“ဗုန်း”
ဧကရာဇ်ဝမ်သည် စားပွဲကို ရိုက်၍ ထရပ်လိုက်ပြီးနောက် မြှားကို ကောက်ယူကာ ယွမ်လိ၏ ရှေ့သို့ ပစ်ချလိုက်လေသည်။ သူ၏ မျက်ဝန်းများကမူ ယွမ်လိကို စူးစိုက်ကြည့်နေခဲ့၏။
“ခမည်းတော်... သားတော် မဟုတ်ပါဘူး... သားတော် မတရား စွပ်စွဲခံနေရတာပါ”
ယွမ်လိသည် ကိုယ်တစ်ကိုယ်လုံး တုန်ယင်သွားပြီး အော်ဟစ်လိုက်လေသည်။
“ညီတော် ခြောက် လုပ်ကြံခံရတဲ့ ကိစ္စက သားတော်နဲ့ ဘာမှမဆိုင်ပါဘူး”
သို့သော်လည်း ဤစကားကို ပြောလိုက်ပြီးသည့် နောက်မှာတော့ ယွမ်လိသည် ချက်ချင်းပင် နောင်တရသွားတော့၏။ မိမိကိုယ်ကိုယ် ပါးရိုက်ချင်စိတ်ပင် ပေါက်သွားလေသည်။ ဧကရာဇ်ဝမ်က ဘာမှ မမေးရသေးခင်မှာပင် သူက ထုတ်ပြောလိုက်သဖြင့် ဒါဟာ မိမိဘာသာ ဝန်ခံလိုက်သလို ဖြစ်မနေဘူးလား။
မှန်ပေသည်။ ဧကရာဇ်ဝမ်သည် ယွမ်လိ၏ စကားထဲမှ အချက်ကို ချက်ချင်းပင် ဖမ်းဆုပ်လိုက်ပြီး ဒေါသတကြီး ဟောက်လိုက်တော့၏။
“မင်း လက်ချက် မဟုတ်ဘူး ဟုတ်လား... ငါကိုယ်တော် ဘာမှ မမေးရသေးခင်မှာတင် မင်းက ဝန်ခံနေပြီပဲ”
“သားတော်... သားတော်က...”
ယွမ်လိသည် ပြောစရာ စကားလုံးများ ပျောက်ရှသွားပြီး ငိုယိုကာ ဆိုလိုက်လေတော့သည်။
“ခမည်းတော်... ဒါက တကယ်ပဲ သားတော်နဲ့ မဆိုင်ပါဘူး... သတင်းလာပေးတဲ့ အစေခံက ဒီကိစ္စကို သားတော့်ကို ပြောပြခဲ့လို့ပါ”
ယွမ်လိသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ထိုမိန်းမစိုးကိုသာ အကုန်ပုံချလိုက်တော့၏။
“ဟုတ်လို့လား”
ဧကရာဇ်ဝမ်၏ အကြည့်များမှာ အေးစက်လှပေသည်။ သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များလည်း လင်းလက်သွားခဲ့၏။
တကယ့်ကို သတ္တိကောင်းတဲ့ အစေခံတွေပဲ။ ငါကိုယ်တော် ဘာပြောပြော အပြင်ကို ပေါက်ကြားအောင် လုပ်နေကြတာလား။ ဒီမိန်းမစိုးတွေက ငါကိုယ်တော် နေ့တိုင်း ဘာစကားတွေ ပြောလဲဆိုတာကိုပါ လျှောက်ပြောနေကြတာလား။
“ခမည်းတော် မယုံကြည်ရင် အဲဒီအစေခံကို ခေါ်ပြီး စစ်မေးနိုင်ပါတယ်”
ယွမ်လိသည် ရှားရှားပါးပါးပင် ရဲရဲဝံ့ဝံ့ ပြန်ပြောလိုက်လေသည်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီအစေခံကို အကုန်ပုံချလိုက်ပြီဖြစ်ရာ ထပ်ပြီး ပုံချလိုက်လည်း ဘာမှမဖြစ်တော့ပေ။
“မင်း ပြောတာ မှန်ပါစေ”
ဧကရာဇ်ဝမ်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ဆိုလေသည်။
“ဒီကိစ္စက မင်းနဲ့ မဆိုင်တာ အကောင်းဆုံးပဲ... မဟုတ်ရင်တော့ ငါကိုယ်တော်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”
ယွမ်လိသည် ခေါင်းမော့လိုက်ပြီး ကျိန်ဆိုလိုက်လေသည်။
“အကယ်၍ ဒီကိစ္စက သားတော်နဲ့ ဆက်နွှယ်နေမယ်ဆိုရင် ခမည်းတော်က သားတော်ကို သေဒဏ်ပေးရင်တောင် သားတော်မှာ ဘာမှ ပြောစရာ မရှိပါဘူး”
“ကောင်းပြီ... မင်းရဲ့ စကားကို မှတ်ထားလိုက်”
ဧကရာဇ်ဝမ်သည် ယွမ်လိကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ထိုအချိန်မှာပင် မူရွှန့်သည် အခန်းထဲသို့ အပြေးအလွှား ဝင်လာခဲ့ပြီး ဧကရာဇ်ဝမ်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး လျှောက်တင်လိုက်၏။ ဧကရာဇ်ဝမ်သည် အတန်ကြာ တွေးတောပြီးနောက်တွင် ယွမ်လိကို လက်ယမ်းပြလိုက်လေသည်။
“မင်း အရင်ပြန်တော့... ငါကိုယ်တော်က တာကျန်းတောင် တစ်ဝိုက်ကို ရှာဖွေဖို့ လူတွေကို အမိန့်ပေးထားပြီးပြီ... ဒီကိစ္စက မင်းနဲ့ မဆိုင်တာ အကောင်းဆုံးပဲ”
“သားတော် ခွင့်ပြုပါဦး”
ယွမ်လိသည် ဒဏ်ရာများကို အောင့်ခံ၍ ထလိုက်ပြီး စိတ်ထဲမှလည်း ကျိန်ဆဲနေမိတော့၏။
ယွမ်လိ ထွက်သွားပြီးနောက် ဧကရာဇ်ဝမ်သည် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်လေသည်။
“မြောက်ဟွမ်နိုင်ငံက လက်စားချေတာဆိုတာ သေချာလား”
“လူကို မဖမ်းမိသေးတာမို့ ကျွန်တော်မျိုး မသေချာသေးပါဘူး”
မူရွှန့်သည် ခေါင်းယမ်းလိုက်ပြီး ဆက်လက် လျှောက်တင်လေသည်။
“ဒါပေမဲ့ အဲဒီနေ့က မြောက်ဟွမ်နိုင်ငံဆရာကြီးက လူတစ်ယောက်က မြှားနဲ့ သူ့ဆီကို စာပို့ခဲ့တယ်လို့ လူအများရှေ့မှာ ပြောခဲ့ဖူးပါတယ်... ကျွန်တော်မျိုး မှန်းဆတာကတော့ အဲဒီနေ့က လူအသုံးပြုခဲ့တဲ့ မြှားက အခု ဒီမြှားပဲ ဖြစ်ရမယ်... ဘန်ဘူက လူလွှတ်ပြီး ဒီမြှားနဲ့ ဆဋ္ဌမမင်းသားကို လုပ်ကြံခိုင်းတာဟာ ရှုံးနိမ့်ခဲ့တဲ့ အရှက်ကို ပြန်ဆပ်တာတင်မကဘဲ အရှင်မင်းကြီးကို တခြားမင်းသားတွေအပေါ် သံသယဝင်အောင် လုပ်တာလည်း ဖြစ်နိုင်ပါတယ်... ဒါဟာ တကယ့်ကို ကောက်ကျစ်တဲ့ အကွက်တစ်ခုပါပဲ”
မူရွှန့်၏ စကားကို ကြားပြီးနောက် ဧကရာဇ်ဝမ်သည်လည်း တွေးတောနေမိတော့သည်။ မူရွှန့်သာ သတိမပေးခဲ့လျှင် သူသည်လည်း ဤအချက်ကို မေ့နေခဲ့ပေလိမ့်မည်။ ခဏမျှ စဉ်းစားပြီးနောက် ဧကရာဇ်ဝမ်သည် မူရွှန့်ကို မှာကြားလိုက်၏။
“ယွမ်ကျန်း ဆီကို လူလွှတ်ပြီး စကားပါးလိုက်... သူ့ကို လုပ်ကြံတဲ့သူဟာ ဘန်ဘူ စေလွှတ်လိုက်တဲ့သူ ဖြစ်နိုင်တယ်လို့ ပြောလိုက်... သူ့ကိုလည်း ဘာမှ လျှောက်မတွေးခိုင်းနဲ့”
မူရွှန့်သည် အမိန့်ကို နာခံ၍ ထွက်သွားရန် ပြင်လိုက်လေသည်။
“နေဦး”
ဧကရာဇ်ဝမ်သည် မူရွှန့်ကို လှမ်းခေါ်လိုက်ပြီး မျက်နှာတစ်ခုလုံး အေးစက်လျက် ဆိုလိုက်၏။
“စောစောက မင်းသားသုံးဆီကို သတင်းသွားပေးတဲ့ ခွေးသူတောင်းစားကို ငါကိုယ်တော်ဆီ ခေါ်လာခဲ့”
“အမိန့်အတိုင်းပါ”
…
“ဘန်ဘူရဲ့ လက်စားချေမှု ဟုတ်လား”
ဆဋ္ဌမမင်းသား အိမ်တော်တွင် ယွမ်ကျန်းသည် ဧကရာဇ်ဝမ် စေလွှတ်လိုက်သည့် သတင်းကို ရရှိထားပြီး ဖြစ်ပေသည်။ ယွမ်ကျန်းသည် အတန်ကြာ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်မိ၏။
ဒီကိစ္စက မဖြစ်နိုင်တာတော့ မဟုတ်ပေ။ ဘန်ဘူက သူ့အသက်ကို လိုချင်နေမှာကတော့ သေချာလှပေသည်။ မြောက်ဟွမ် သံတမန်အဖွဲ့ဝင် သုံးရာကျော်ထဲကနေ တစ်ယောက်၊ နှစ်ယောက်လောက်ကို ဘန်ဘူက လျှို့ဝှက်စွာ ချန်ထားခဲ့မယ်ဆိုရင် တခြားသူတွေ သိဖို့ မလွယ်ကူလှပေ။
သို့သော်လည်း လူကို မဖမ်းမိသရွေ့တော့ ယွမ်လိတွင်လည်း သံသယ ရှိနေဆဲပင်။ ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ယွမ်လိနဲ့ ငါက ရေနဲ့ဆီလို ဖြစ်နေပြီပဲ။ ဒီအကြွေးကိုလည်း သူ့ခေါင်းပေါ်မှာပဲ မှတ်ထားလိုက်မယ်။
အတန်ကြာ တွေးတောပြီးနောက် ယွမ်ကျန်းသည် ရဲ့ကျိကို မှာကြားလိုက်လေသည်။
“အိမ်တော်ထဲက လူတွေကို သေချာ စစ်ဆေးလိုက်... သံသယ ရှိတဲ့သူ မှန်သမျှ အကုန်လဲပစ်လိုက်”
ဒါဟာ အိမ်တော်ထဲက လူတွေကို အခွင့်ကောင်းယူပြီး လူအများရှေ့မှာ စစ်ဆေးဖို့ အခွင့်အရေးကောင်း တစ်ခုပင် ဖြစ်ပေသည်။ ဒီလို အခွင့်အရေးကို အသုံးမချရင်တော့ တကယ့်ကို နှမြောစရာ ကောင်းလှပေလိမ့်မည်။
“ကောင်းပါပြီ” ရဲ့ကျိသည် ခေါင်းညိတ်လိုက်၏။
ရှန်မော့ယန့်သည် မျက်လုံးလေး လှန်ကြည့်လိုက်ပြီး ယွမ်ကျန်းကို မကျေမနပ် ပြောလိုက်လေသည်။
“ရှင်က ကျွန်မရဲ့ မရီးကို ခိုင်းတာ ပိုပြီး လက်ပေါက်ကျလာပြီနော်”
“မင်းကလည်း” ယွမ်ကျန်းသည် ပြုံးလိုက်ရင်း “မရီးက အခုလောလောဆယ် ငါ့အိမ်တော်ရဲ့ အိမ်တော်ထိန်း လုပ်ပေးနေတာလေ... ငါက မရီးကို မပြောရင် ဘယ်သူ့ကို သွားပြောရမှာလဲ... ငါက မင်းကို ပြောချင်ပေမဲ့ မင်းက ဒါတွေကို ငါ့အတွက် လုပ်ပေးမှာမှ မဟုတ်တာ”
“ရှင် သိရင် ပြီးတာပဲ” ရှန်မော့ယန့်သည် နှာခေါင်းရှုံ့လိုက်၏။ “ဒါတင်မကဘူး... ကျွန်မက အခု ရှင့်ရဲ့ အသက်ကယ်တင်ရှင် ဖြစ်နေတာလေ... ရှင်က ကျွန်မကို ဘယ်လိုများ ခိုင်းရဲမှာလဲ”
ကဲ... အခုတော့ သူမကိုယ်သူမ အသက်ကယ်တင်ရှင်အဖြစ် သတ်မှတ်လိုက်ပြီပေါ့။
“ကောင်းပါပြီ... အသက်ကယ်တင်ရှင်ကြီး” ယွမ်ကျန်းသည် ပုခုံးတွန့်လိုက်ရင်း “နောက်ကျရင် မင်းအတွက် လှံတစ်ချောင်း လုပ်ပေးမယ်... ဒါက...”
ယွမ်ကျန်း၏ စကားပင် မဆုံးသေးမီမှာ ရှန်မော့ယန့်၏ မျက်ဝန်းများထဲမှ အေးစက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး
“အဲဒီ အသုံးမကျတဲ့ အရာအကြောင်းကို ငါ့ရှေ့မှာ ထပ်မပြောတာ အကောင်းဆုံးပဲ”
“…”
ယွမ်ကျန်းမှာတော့ ဆွံ့အသွားပြီး ရှန်မော့ယန့်ကိုသာ ကြည့်နေမိတော့သည်။
ဒီမိန်းမ တကယ်ပဲ ရာသီလာနေတာလား။ ဘာလို့ ဒီလောက် စိတ်အပြောင်းအလဲ မြန်နေရတာလဲ။ သူမအတွက် လှံတစ်ချောင်း လုပ်ပေးမယ်ဆိုတာကိုတောင် သူမက မကျေမနပ် ဖြစ်နေရသလား။ ဒါကို သူမကိုယ်တိုင် လိုချင်ခဲ့တာ မဟုတ်ဘူးလား။ အခုတော့ အသုံးမကျတဲ့ အရာ ဖြစ်သွားပြီလား။
ရဲ့ကျိသည် “ခစ်” ကနဲ ရယ်မောလိုက်ပြီး ထရပ်ကာ ဆိုလိုက်လေသည်။
“မင်းတို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောကြဦး... ကျွန်မကတော့ သွားပြီး အလုပ်လုပ်လိုက်ဦးမယ်”
ပြောပြီးသည်နှင့် ရဲ့ကျိသည် ချက်ချင်းပင် ထွက်သွားတော့၏။ ယွမ်ကျန်းသည် နားမလည်နိုင်သည့် အကြည့်များဖြင့် ရှန်မော့ယန့်ကို ကြည့်ကာ မေးမြန်းလိုက်လေသည်။
“မင်း ဘာဖြစ်နေတာလဲ... ဒီနေ့မနက် မင်းတို့အိမ်ကို ငါလာကတည်းက မင်း ငါ့ကို ကြည့်တဲ့ အကြည့်က တစ်မျိုးကြီးပဲ”
“ဘာဖြစ်ရမှာလဲ” ရှန်မော့ယန့်၏ အကြည့်မှာ အေးစက်လှပြီး ယွမ်ကျန်းကို စိုက်ကြည့်လိုက်ကာ “ရှင် မနေ့က ပြောခဲ့တဲ့ စကားတွေက ဘာအဓိပ္ပာယ်လဲဆိုတာ ကျွန်မ မသိဘူးလို့ ထင်နေတာလား”
မနေ့က စကားတွေ ဟုတ်လား။
ယွမ်ကျန်းသည် စဉ်းစားလိုက်၏။ မကြာခင်မှာပင် သူမ ဆိုလိုသည့် အချက်ကို သူ သဘောပေါက်သွားတော့သည်။
ယွမ်ကျန်းသည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး စိတ်ဝင်စားသလို မေးလိုက်လေသည်။
“မင်းဘာသာ မင်း သိသွားတာလား... ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းကို ပြောပြတာလား”
ဘာ... သူက ဒီလိုတောင် မေးရဲသေးတယ် ဟုတ်လား။
“ယုတ်မာလိုက်တာ”
ရှန်မော့ယန့်၏ နဖူးပေါ်မှ အကြောများမှာ ထောင်တက်လာပြီး လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။