အခန်း (၅၂) လုပ်ကြံခံရခြင်း
ရှန်နန်ကျန်းတို့ သားအဖ သုံးဦးတို့၏ အဝတ်အစားမြှုပ်နှံထားသည့် ဂူဗိမာန်သည် မြို့ပြင်ရှိ တာကျန်းတောင်တွင် ရှိပေသည်။ သူတို့သည် မနက်စောစောကတည်းက ထွက်ခွာလာခဲ့ကြသော်လည်း တစ်နာရီခွဲခန့် ကြာအောင် သွားကြရပြီးမှ ရောက်ရှိလေသည်။
သားအဖ သုံးဦး၏ ဂူများမှာ တစ်ခုနှင့်တစ်ခု ကပ်လျက် ရှိနေပေသည်။ ရှန်နန်ကျန်း၏ ဂူမှာ အနည်းငယ် ရှေ့သို့ ရောက်နေပြီး သားနှစ်ဦး၏ ဂူများမှာမူ အနည်းငယ် နောက်ဆုတ်၍ ရှိနေခဲ့၏။ ကြည့်ရသည်မှာ သားနှစ်ဦးက ဖခင်နောက်သို့ လိုက်ပါ၍ စစ်ထွက်လာကြသည့်အလား ထင်မှတ်ရပေသည်။
ဂူဗိမာန်ပေါ်ရှိ ရှန်နန်ကျန်း၏ အမည်ကို ကြည့်ရင်း ယွမ်ကျန်းသည် စိတ်ထဲ၌ မချိတင်ကဲ ဖြစ်နေမိတော့သည်။ ရှန်နန်ကျန်းသည် နောက်ဆုံးတွင် မြောက်ပိုင်းစစ်ပွဲ၌ပင် အသက်ပေးခဲ့ရရှာသည် မဟုတ်ပါလား။
ရှန်သခင်မကြီးက အမိန့်ပေးရန်ပင် မလိုဘဲ အိမ်စေများနှင့် အစေခံမလေးများသည် ပူဇော်စရာ ပစ္စည်းအမျိုးမျိုးကို သားအဖ သုံးဦး၏ ဂူဗိမာန်ရှေ့တွင် ခင်းကျင်းပြင်ဆင်လိုက်ကြလေသည်။ သားအဖ သုံးဦး၏ ဂူများကို ကြည့်ရင်း ရှန်သခင်မကြီး၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာခဲ့၏။ သားအဖ သုံးဦး စစ်မြေပြင်တွင် ကျဆုံးခဲ့သည်မှာ ငါးနှစ်ပင် ရှိနေပြီ ဖြစ်သော်လည်း ရုပ်အလောင်းပင် ပြန်မရခဲ့သည့် အဖြစ်ကို တွေးမိတိုင်း ရှန်သခင်မကြီးသည် ရင်ထဲ၌ နာကျင်နေရဆဲ ဖြစ်ပေသည်။
အတန်ကြာပြီးနောက် ရှန်သခင်မကြီးသည် အမွှေးတိုင် သုံးတိုင်ကို ထွန်းညှိ၍ ဂူဗိမာန် သုံးခုရှေ့တွင် အစဉ်လိုက် ထိုးစိုက်လိုက်လေသည်။ ထို့နောက် ရှန်နန်ကျန်း၏ ဂူရှေ့တွင် ဒူးထောက်ကာ နှုတ်ခမ်းများ လှုပ်ယောင်မျှဖြင့် တိုးတိုးလေး ပြောနေခဲ့သော်လည်း မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။
ယွမ်ကျန်းကမူ ရှန်သခင်မကြီးသည် ဧကရာဇ်ဝမ်က ရှန်မိသားစုအပေါ် မတရားသဖြင့် လုပ်ခဲ့ပုံများ၊ မုဆိုးမနှင့် မိသားစုဝင်များကို နှိပ်စက်ပုံများအကြောင်းကို တိုင်တည်နေခြင်း ဖြစ်ပေလိမ့်မည်ဟု စိတ်ထဲမှ မှန်းဆနေမိသည်။ ထိုအချိန်တွင် ဝေရွှမ်းနှင့် ရဲ့ကျိတို့သည်လည်း အသီးသီး အမွှေးတိုင် ထွန်းညှိနေကြလေသည်။ ဝေရွှမ်းသည် သမီးဖြစ်သူ၏ လက်ကလေးကို ဆွဲကိုင်၍ အမွှေးတိုင် ထွန်းညှိရာတွင် ကူညီပေးနေခဲ့၏။
ရှန်အိမ်တော်မှ အစေခံများက အမွှေးတိုင် သုံးတိုင် လာပေးသည့် အခါမှသာ ယွမ်ကျန်းသည် သူနှင့် ရှန်မော့ယန့်တို့ ဂါရဝပြုရန် အလှည့်ရောက်ပြီ ဖြစ်ကြောင်း သတိထားမိတော့သည်။ သူတို့နှစ်ဦး ခေါင်းငုံ့၍ အမွှေးတိုင် ထွန်းညှိနေစဉ်တွင် ရှန်မော့ယန့်က ယွမ်ကျန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သေးရာ ယွမ်ကျန်းမှာ ဘာကြောင့်မှန်း မသိဘဲ မှင်တက်သွားရပေသည်။
“ဒီမိန်းမ... တကယ်ပဲ ရာသီလာနေတာလား မသိဘူး”
ယွမ်ကျန်းသည် စိတ်ထဲမှ ကျိန်ဆဲနေမိတော့သည်။ သူသည် ရှန်နန်ကျန်း၏ ဂူရှေ့သို့ သွား၍ ဒူးထောက်ကာ ဂါရဝပြုရန် ပြင်လိုက်စဉ်တွင် ရှန်သခင်မကြီးက သူ့ကို တားမြစ်လိုက်လေသည်။
“မင်းသား... မင်းသားနဲ့ မော့ယန့်တို့က လက်မထပ်ရသေးဘူးလေ... ကျဆုံးသွားတဲ့ ကျွန်မရဲ့ အမျိုးသားကို လာပြီး ဂါရဝပြုတာနဲ့တင် တကယ်ကို အဖိုးတန်လှပါပြီ... မင်းသားက မြင့်မြတ်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားတာမို့ အခုလိုမျိုး ဒူးထောက်အလေးပြုတာမျိုး မလုပ်ပါနဲ့တော့”
ဟမ်.. ဒါက ဘယ်လို ဓလေ့လဲ။ ဒါမှမဟုတ် ရှန်သခင်မကြီးက သူ့ကို ရှန်မိသားစု၏ သမက်အဖြစ် မထိုက်တန်ဟု ယူဆ၍ ရှန်နန်ကျန်းကို ဒူးထောက်ဂါရဝပြုခွင့် မပေးခြင်းလား။ ထားလိုက်ပါတော့။ ဒူးမထောက်ရလည်း ပြီးတာပါပဲ။
“ဒါဆိုရင်လည်း... ယောက္ခမကြီးရဲ့ ဆန္ဒအတိုင်းပါပဲ”
ယွမ်ကျန်းသည် ခေါင်းညိတ်ပြလိုက်ပြီး အမွှေးတိုင်များကို လက်ဖြင့် မြဲမြဲဆုပ်ကိုင်ကာ လေးနက်သော အသံဖြင့် ဆိုလိုက်လေသည်။
“ယောက္ခမကြီး စိတ်ချလက်ချ အနားယူပါ... ကျွန်တော်မျိုး မကြာခင်မှာ မြောက်ပိုင်းနယ်စပ်သို့ သွားပါတော့မယ်... အဲဒီအချိန်ကျရင် အသက်နဲ့လဲပြီး ဖြစ်ဖြစ် မြောက်ဟွမ်ကလူတွေရဲ့ ခေါင်းတွေကို ဖြတ်ပြီး ယောက္ခမကြီးအတွက် ရန်ကြွေးပြန်ဆပ်ပေးပါ့မယ်”
ယွမ်ကျန်းသည် ရှားရှားပါးပါး စိတ်အားထက်သန်စွာ ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ယွမ်ကျန်း၏ စကားကို ကြားလိုက်ရသည့် ရှန်သခင်မကြီးမှာမူ ဒေါသထွက်လွန်း၍ သွေးအန်ချင်စိတ်ပင် ပေါက်သွားလေတော့သည်။ ဤမျှလောက် ဦးနှောက်မပါသည့် လူမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူ မြောက်ပိုင်းနယ်စပ်ကို သွားမည့်ကိစ္စကို တစ်ကမ္ဘာလုံး သိအောင် လျှောက်ပြောနေတာလား။
ယွမ်ကျန်းကမူ ဒါတွေကို ဂရုမစိုက်ဘဲ အမွှေးတိုင်ကို ကိုင်၍ ဦးညွှတ်လိုက်လေသည်။ တစ်ချက် ဦးညွှတ်လိုက်၏။ ဒုတိယအကြိမ် ဦးညွှတ်ရန် ပြင်လိုက်စဉ်မှာပင် မြှားတစ်စင်သည် “ရှုး” ကနဲ အသံနှင့်အတူ မနီးမဝေးရှိ တောအုပ်ထဲမှ ထွက်ပေါ်လာပြီး ယွမ်ကျန်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာတော့သည်။
“လုပ်ကြံသူ ရှိတယ်”
“မင်းသားကို ကာကွယ်ကြ”
ကောင်းဟယ်နှင့် ကျိုးမီတို့သည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး ရှေ့သို့ အပြေးအလွှား တိုးဝင်လာခဲ့ကြ၏။ သူတို့ ရှေ့သို့ တိုးဝင်လာသည့် အခိုက်အတန့်မှာပင် ရှန်မော့ယန့်သည် ဘာမှ သတိမထားမိသေးသည့် ယွမ်ကျန်းကို သူမ၏ နောက်သို့ ရုတ်တရက် ဆွဲယူလိုက်ပြီး လက်ကို ဆန့်ထုတ်၍ ပြေးဝင်လာသည့် မြှားကို ဆတ်ခနဲ ဖမ်းယူလိုက်လေသည်။
ဟင်...
ယွမ်ကျန်း၏ မျက်လုံးများမှာ အံ့အားသင့်လွန်း၍ ပြူးထွက်သွားရပေသည်။ ဒါက တကယ် ဖြစ်နိုင်တာလား။ ရဲ့ကျိက ဒီကောင်မလေး တော်တယ်လို့ ပြောတုန်းက သူက သာမန်ပဲ ထင်ခဲ့တာ၊ အခုတော့ ဒီကောင်မလေးက ဒီလောက်ထိ ကြောက်ဖို့ကောင်းနေတာလား။ လက်ဗလာနဲ့ မြှားကို ဖမ်းတာက သေနတ်ကျည်ဆန်ကို ဖမ်းတာထက်စာရင် အနည်းငယ် လွယ်ကူနိုင်သော်လည်း ယွမ်ကျန်း၏ အသိထဲတွင်မူ ဒါဟာ မဖြစ်နိုင်သည့် ကိစ္စတစ်ခုပင် ဖြစ်ပေသည်။ သို့သော်လည်း ရှန်မော့ယန့်ကမူ ဒါကို လုပ်ပြသွားလေပြီ။
နတ်ဘုရားမလေးပဲ... ရတနာတစ်ပါးကို ရလိုက်ပြီ။ ဒီမိန်းမကို ငါ့ဘက်ပါအောင် သိမ်းသွင်းရမယ်။ စကားနဲ့ သိမ်းသွင်းလို့မရရင် ကုတင်ပေါ်မှာပဲ သိမ်းသွင်းရတော့မယ်။
ယွမ်ကျန်း ဘေးကင်းသည်ကို မြင်မှသာ ကောင်းဟယ်နှင့် ကျိုးမီတို့သည် စိတ်သက်သာရာ ရသွားကြတော့သည်။
“လိုက်ကြ”
ရှန်သခင်မကြီးသည် ဒေါသတကြီး ဟောက်လိုက်ပြီး ရှေ့ဆုံးမှ ပြေးထွက်သွားတော့၏။
“ကလေးကို ကြည့်ထားပေးဦး”
ဝေရွှမ်းသည် ရှန်မော့ယန့်ကို မှာကြားလိုက်ပြီးနောက် သူမလည်း အနောက်မှ ချက်ချင်း လိုက်သွားလေသည်။
ကြည့်စမ်း... နောက်ထပ် သိုင်းပညာရှင် တစ်ယောက်ပဲ။ ယောက္ခမနှင့် ချွေးမတို့ ပြေးထွက်သွားသည့် အခါမှသာ ကောင်းဟယ်နှင့် ကျိုးမီတို့သည် သတိပြန်ဝင်လာပြီး အနောက်မှ အပြေးအလွှား လိုက်သွားကြတော့၏။
ရှန်သခင်မကြီးသည် အသက် ၅၀ နီးပါး ရှိနေပြီ ဖြစ်သော်လည်း သူမ၏ အရှိန်မှာ ကောင်းဟယ်နှင့် ကျိုးမီတို့ထက်ပင် ပို၍ မြန်ဆန်နေခဲ့လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တောအုပ်နက်ထဲသို့ တိုးဝင်သွားတော့၏။ ရှန်မော့ယန့်ကမူ အနောက်မှ လိုက်မသွားဘဲ ပတ်ဝန်းကျင်ကိုသာ အေးစက်စက် အကြည့်များဖြင့် ဝေ့ဝဲကြည့်နေခဲ့လေသည်။
“အမြန် စစ်ဆေးကြ... ပတ်ဝန်းကျင်မှာ လုပ်ကြံသူတွေ ကျန်သေးလား ကြည့်ကြစမ်း”
ရှန်မော့ယန့် အမိန့်ပေးလိုက်သည်နှင့် ရှန်အိမ်တော်မှ အိမ်စေများနှင့် အစေခံမလေးများသည် ချက်ချင်းပင် ဖြန့်ထွက်သွားကြလေသည်။ သူတို့၏ လှုပ်ရှားမှုများမှာ လျင်မြန်သွက်လက်လှရာ သိုင်းပညာ လေ့ကျင့်ထားသူများ ဖြစ်ကြောင်း သိသာလှပေသည်။ ယွမ်ကျန်းမှာတော့ မှင်တက်နေမိတော့၏။
သေစမ်း... ရှန်အိမ်တော်က အိမ်စေနဲ့ အစေခံတွေကအစ သိုင်းသမားတွေလား။ တစ်အိမ်လုံးက သိုင်းသမားတွေချည်းပဲလား။ ဒါကြောင့်လည်း ရှန်မော့ယန့်က ငါ့ကို ကြက်ကလေးတောင် မသတ်နိုင်တဲ့သူလို့ ခဏခဏ လှောင်နေတာကိုး။ ဒီလို ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ အမျိုးသမီးကတော့ သိုင်းတော်တဲ့သူတွေကိုပဲ အထင်ကြီးမှာပေါ့။ ငါလို လူမျိုးကိုတော့ သူမ မျက်စိထဲမှာ ကြက်ကလေးတစ်ကောင်လိုပဲ မြင်မှာ သေချာလှပေသည်။
“မင်း မြောက်ပိုင်းကို သွားချင်တာ မဟုတ်ဘူးလား... အခု လုပ်ကြံသူ မြင်တာနဲ့တင် ကြောက်ပြီး မှင်တက်သွားတာလား”
ရှန်မော့ယန့်သည် ခေါင်းလှည့်ကြည့်လိုက်ပြီး ယွမ်ကျန်းကို အထင်အမြင်သေးသည့် အကြည့်များဖြင့် ကြည့်ကာ ဆိုလိုက်လေသည်။ ယွမ်ကျန်းသည် သတိပြန်ဝင်လာပြီး စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိ၏။
ငါက လုပ်ကြံသူကို ကြောက်လို့ မှင်တက်နေတာ မဟုတ်ဘူး။ မင်းတို့ကို ကြောက်လို့ မှင်တက်နေတာ။ ဒီကောင်မလေးက ရုတ်တရက်ကြီး ပညာပြလိုက်တာက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပေသည်။ ငါသာ မင်းသားတစ်ပါး မဟုတ်ရင် ဒီကောင်မလေးရဲ့ အရိုက်ခံရတာ ကြာလှပြီ။
“မင်းရဲ့ လက်ရော ဘာဖြစ်သွားသေးလဲ”
ယွမ်ကျန်းသည် ရှန်မော့ယန့်၏ အထင်အမြင်သေးသည့် အကြည့်ကို ဂရုမစိုက်ဘဲ သူမ၏ လက်ကိုသာ စိုးရိမ်တကြီး မေးမြန်းလိုက်လေသည်။
“မြှားတစ်စင်လောက်နဲ့တော့ ငါ့ကို မထိခိုက်စေနိုင်ပါဘူး”
ရှန်မော့ယန့်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်လေရာ ကြွားဝါနေသည့် ငှက်မလေးတစ်ကောင်နှင့် တူနေခဲ့၏။
“အင်း... မင်း တော်ပါတယ်”
ယွမ်ကျန်းသည် အလေးအနက် ခေါင်းညိတ်လိုက်ပြီး “နောက်ကျရင် ငါ့ကို ပညာလေး ဘာလေး နည်းနည်း သင်ပေးဦး” ဟု ဆိုလိုက်လေသည်။ သူသည် အမှန်တကယ်ပင် သိုင်းပညာ သင်ယူချင်စိတ် ပေါက်သွားခြင်း ဖြစ်ပေသည်။ ဤကမ္ဘာ၏ သိုင်းပညာသည် သူထင်ထားသည်ထက် ပို၍ ကြောက်ဖို့ကောင်းပုံ ပေါ်ပေသည်။ ရှန်မော့ယန့်လို သိုင်းချန်ပီယံ ဖြစ်လာဖို့ မလွယ်သော်လည်း စစ်မြေပြင်သို့ သွားရမည့်သူ ဖြစ်သဖြင့် အနည်းငယ်တော့ တတ်ထားသင့်ပေသည်။ အနည်းဆုံးတော့ စစ်မြေပြင်တွင် အသက်ရှင်ဖို့ အခွင့်အရေး ပိုများလာမည် မဟုတ်ပါလား။ ရှန်မော့ယန့်သည် ပန်းကွက်စတီးလ်ဖြင့် လုပ်ထားသည့် လှံရှည်ကို အမှန်တကယ် ဝှေ့ယမ်းနိုင်စွမ်း ရှိပေသည်ဟု သူ အခုတော့ ယုံကြည်သွားလေပြီ။
“မင်းကို သင်ပေးရမယ် ဟုတ်လား” ရှန်မော့ယန့်က နှာခေါင်းရှုံ့လိုက်ပြီး “မင်းက သိုင်းသင်မယ့် လူစားမျိုး ဟုတ်လို့လား... ငါကတော့ အချိန်ကုန်ခံမှာ မဟုတ်ဘူး” လို့ ဆိုလေသည်။
ယွမ်ကျန်းမှာတော့ ဆွံ့အသွားရရှာသည်။ သူတို့ စကားပြောနေစဉ်မှာပင် ရှန်သခင်မကြီးတို့ ပြန်ရောက်လာကြလေသည်။ လက်ဗလာဖြင့် ပြန်လာသည့် သူတို့ကို ကြည့်ရင်း ရှန်မော့ယန့်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“မမိခဲ့ဘူးလား”
“အင်း...” ရှန်သခင်မကြီး၏ မျက်နှာမှာ မကောင်းလှပေ။ “ဒီနေရာက တောနက်လွန်းတယ်... ငါတို့ လိုက်သွားတဲ့အချိန်မှာ လုပ်ကြံသူက အစအန ဖျောက်ပြီး ပျောက်ကွယ်သွားပြီ... ဒါပေမဲ့ အဲဒီဘက်မှာ လုပ်ကြံသူ ပုန်းအောင်းနေခဲ့တဲ့ အမှတ်အသားတွေကိုတော့ တွေ့ခဲ့ရတယ်... လုပ်ကြံသူက ဆဋ္ဌမမင်းသား ဒီနေ့ ဒီနေရာကို လာမယ်ဆိုတာကို ကြိုသိပြီး စောင့်နေခဲ့တာ ဖြစ်ရမယ်”
ရှန်သခင်မကြီး၏ စကားကို ကြားလိုက်ရသည့်အခါ ရဲ့ကျိ၏ မျက်နှာသည် ရုတ်တရက် တည်ကြည်လေးနက် သွားတော့၏။
“မင်းသား ဒီနေ့ လာမယ့်အကြောင်းကို ကြိုသိနိုင်တာက မင်းသားရဲ့ အိမ်တော်ကလူတွေပဲ ရှိတာလေ” ရဲ့ကျိသည် ယွမ်ကျန်းကို ကြည့်လိုက်ပြီး “မင်းသားရဲ့ အိမ်တော်ထဲမှာ သူလျှို ရှိနေပုံရတယ်” ဟု မှတ်ချက်ချလိုက်မိသည်။
“ဒါကို လျှောက်မပြောနဲ့ဦး” ရှန်သခင်မကြီးက ရဲ့ကျိကို စိုက်ကြည့်လိုက်ပြီး “ဆဋ္ဌမမင်းသားနဲ့ မော့ယန့်တို့ရဲ့ လက်ထပ်ပွဲအကြောင်းကို လူအများကြီး သိကြတာပဲ... မင်းရဲ့ ယောက္ခမတို့ရဲ့ ကျဆုံးတဲ့နေ့ကို သိရင် မင်းသား ဒီနေ့ ဒီကို လာမယ်ဆိုတာကို ခန့်မှန်းဖို့ မခက်ပါဘူး” လို့ ဆိုလေသည်။
ဒီကောင်မလေး ပြောလိုက်တဲ့ စကားက တခြားမင်းသားတွေက ယွမ်ကျန်းရဲ့ အိမ်တော်ထဲမှာ သူလျှို ထည့်ထားတယ်လို့ တိုက်ရိုက် ပြောလိုက်သလို ဖြစ်နေသည် မဟုတ်ပါလား။ ဒါက အပြင်ကို ပျံ့သွားရင် ပြဿနာဖြစ်နိုင်ပေသည်။ စကားပြောနေစဉ်မှာပင် ရှန်သခင်မကြီးသည် ရှန်မော့ယန့်၏ လက်ထဲမှ မြှားကို ယူ၍ သေချာစွာ စစ်ဆေးလိုက်လေသည်။
“ဒါက ငါတို့အင်ပါယာရဲ့ စံသတ်မှတ်ချက်ထုတ် မြှားပဲ” ရှန်သခင်မကြီး၏ မျက်ဝန်းများတွင် အေးစက်သည့် အရိပ်အယောင်များ လင်းလက်လာနေခဲ့လေသည်။
“စံသတ်မှတ်ချက်ထုတ် မြှား ဟုတ်လား”
ယွမ်ကျန်း၏ မျက်ဝန်းများတွင်လည်း အေးစက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားတော့၏။ ဒါဆိုရင် တခြားမင်းသားတွေက စေလွှတ်လိုက်တဲ့ လုပ်ကြံသူတွေ ဖြစ်ဖို့ ကျိန်းသေလှပေသည်။ ယွမ်ကျန်းသည် မြှားကို လှမ်းယူလိုက်ပြီး ကောင်းဟယ်ထံသို့ ကမ်းပေးလိုက်လေသည်။
“အခုချက်ချင်း နန်းတော်ကို သွားပြီးတော့ ခမည်းတော်ကို ငါကိုယ်တော် လုပ်ကြံခံရတဲ့အကြောင်း သွားပြီး လျှောက်တင်လိုက်... ပြီးတော့ ဒီမြှားကိုလည်း ခမည်းတော်လက်ထဲကို အရောက်ပေးလိုက်”
“အမိန့်အတိုင်းပါ မင်းသား”
ကောင်းဟယ်သည် မဆိုင်းမတွဘဲ မြှားကို ယူ၍ မြင်းပေါ်သို့ ခုန်တက်ကာ နန်းတော်သို့ အပြန်အလွှား ထွက်ခွာသွားတော့၏။