အခန်း (၅၁) - လူတစ်ယောက်ကို သတ်ချင်နေသည့် အကြည့်ကို ဖုံးကွယ်၍မရ
အိမ်ပြန်ရောက်သည့်အခါ ရှန်မော့ယန့်သည် စဉ်းစားလေလေ ပို၍ထူးဆန်းနေလေလေဟု ခံစားနေရပေသည်။ အတန်ကြာအောင် တွေးတောပြီးနောက်တွင် ရှန်မော့ယန့်သည် ရဲ့ကျိ၏ အခန်းတံခါးကို ခေါက်လိုက်လေသည်။ ထိုအချိန်တွင် ရဲ့ကျိသည် အိပ်ရာဝင်ရန် ပြင်ဆင်နေဆဲပင် ဖြစ်ပေသည်။
“မနက်ဖြန်မနက်စောစော ယောက္ခမနဲ့ မင်းအစ်ကိုကို သွားပြီး ဂါရဝပြုရမှာလေ မင်း ဘာလို့ အခုထိမအိပ်သေးတာလဲ”
ရဲ့ကျိသည် ရှန်မော့ယန့်ကို အခန်းထဲသို့ ဖိတ်ခေါ်ရင်း ပြုံးရွှင်စွာဖြင့် မေးမြန်းလိုက်၏။ ရှန်မော့ယန့်သည် ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ စကားစလိုက်လေသည်။
“မရီး... ကျွန်မကြည့်ရတာ မရီးနဲ့ ယွမ်ကျန်းကြားမှာ တစ်ခုခုတော့ မှားနေသလိုပဲ”
ဟင်... ဒီကောင်မလေး ရိပ်မိသွားတာလား။ ရဲ့ကျိသည် စိတ်ထဲ၌ သံသယဖြစ်သွားပေမဲ့ အပြင်ပန်းတွင်မူ ရှန်မော့ယန့်ကို ကြည့်ပြီး ကျီစယ်လိုက်ပေ၏။
“နေပါဦး... မင်းက ငါတစ်နေကုန် ဆဋ္ဌမမင်းသားရဲ့ အိမ်တော်မှာ ရှိနေလို့ သဝန်တိုနေတာလား”
“သဝန်တိုတယ် ဟုတ်လား”
ရှန်မော့ယန့်သည် အမြီးနင်းခံလိုက်ရသည့် ကြောင်တစ်ကောင်လို ခုန်ထွက်သွားပြီး “ဘာတွေတွေးနေတာလဲ... ကျွန်မက အဲဒီခြေမခိုင်တဲ့ကောင်ကို ဘာလို့ သဝန်တိုရမှာလဲ” ဟု ပြန်ပြောလိုက်သည်။ ရဲ့ကျိသည် ရှန်မော့ယန့်၏ မရီးဖြစ်ပေမဲ့ သူတို့နှစ်ဦးသည် သူငယ်ချင်းအရင်းအခြာများလိုပင် ဖြစ်ကြ၏။ ထို့ကြောင့် ရဲ့ကျိရှေ့တွင် ရှန်မော့ယန့်သည် အားနာစရာမလိုဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ရှိပေသည်။
“ခြေမခိုင်တဲ့ကောင် ဟုတ်လား”
ရဲ့ကျိသည် အံ့အားသင့်သွားပြီးမှ ရယ်မောကာ “မင်း သူ့ကို အသုံးမကျတဲ့ကောင်လို့ မပြောတော့ဘူးလား” ဟု မေးလိုက်လေသည်။ ရှန်မော့ယန့်သည် ခဏမျှ ဆွံ့အသွားပြီး စိတ်ပျက်စွာဖြင့် ဆိုလိုက်လေတော့သည်။
“အခုဆိုရင် သူက ဟွမ်နိုင်ငံဆရာကြီးကို သွေးအန်အောင် ဒေါသဆွခဲ့တဲ့သတင်းတွေက တစ်မြို့လုံး ပျံ့နေတာလေ... ကျွန်မက သူ့ကို အသုံးမကျတဲ့ကောင်လို့ ထပ်ပြောနေရင် အမေကတောင် ကျွန်မကို ဆူလိမ့်မယ်”
နောင်တစ်ချိန်တွင် ယွမ်ကျန်းသည် မည်သည့်အောင်မြင်မှုမှ ထပ်မံမရရှိခဲ့လျှင်တောင် ဟွမ်နိုင်ငံဆရာကြီးကို အနိုင်ယူခဲ့သည့် အချက်တစ်ခုတည်းနှင့်ပင် သူ့ကို တမင်နှိမ့်ချချင်သူမှလွဲ၍ ဘယ်သူမှ အသုံးမကျသူဟု မပြောဝံ့တော့ပေ။ ယွမ်ကျန်းသည် ကံကောင်း၍ နိုင်ခဲ့ခြင်းဖြစ်ပေမဲ့ အောင်မြင်မှုကြီးကိုမူ ရယူနိုင်ခဲ့သည် မဟုတ်ပါလား။
ရဲ့ကျိသည် ရယ်မောရင်း “ဆဋ္ဌမမင်းသား ပြောသလိုဆိုရင် မင်းရဲ့ နားလည်မှုက မဆိုးပါဘူး” ဟု ဆိုလိုက်၏။ ရှန်မော့ယန့်သည် နှာခေါင်းရှုံ့လိုက်ပြီး “မရီး ကျွန်မရဲ့ မေးခွန်းကို မဖြေရသေးဘူးနော်” ဟု ထပ်မံတောင်းဆိုလိုက်လေသည်။
“ဒါက ဖြေစရာမှ မလိုတာ” ရဲ့ကျိသည် ပြုံးရင်း “မင်းက သဝန်တိုနေတာမှ မဟုတ်တာ... ဘာကို ဖြေရမှာလဲ” ဟု ဆိုလေ၏။
“ကျွန်မ ခံစားနေရတာက မရီးတို့ရဲ့ ပတ်သက်မှုက တစ်မျိုးကြီးပဲလို့ ကြည့်လေ... အခုဆိုရင် မရီးက သူ့စကားဆိုရင် အကုန်နားထောင်နေတာ... သူဘာပြောပြော မရီးက အကုန်လုပ်ပေးနေတယ်... ဒါကို မသိတဲ့သူဆိုရင် မရီးက သူ့ရဲ့ အိမ်တော်ထိန်းအစစ်ကြီးလို့တောင် ထင်သွားကြလိမ့်မယ်” ဟု ရှန်မော့ယန့်သည် မျက်မှောင်ကြုတ်ကာ ဆိုလိုက်ပေသည်။
“ဒါဆို ငါက ဘယ်လိုလုပ်ရမှာလဲ” ရဲ့ကျိသည် ခါးသီးစွာ ပြုံးရင်း “သူက အခုလက်ရှိ ဆဋ္ဌမမင်းသားလေ... မင်းနဲ့ သူက ဇနီးမောင်နှံတွေဖြစ်တာမို့ မင်းက သူ့ကို နှိမ်ချချင်တာဖြစ်ဖြစ်၊ စကားနာထိုးတာဖြစ်ဖြစ် ဒါက မင်းတို့ လင်မယားကိစ္စပဲ... ဒါပေမဲ့ ငါက သူ့အပေါ်မှာ အဲ့ဒီလိုမျိုး လုပ်မယ်ဆိုရင်တော့ ဆဋ္ဌမမင်းသားအပေါ် မရိုမသေရာ ရောက်သွားမှာပေါ့” ဟု ရှင်းပြလိုက်လေတော့သည်။
“ဒါ... ဒါလည်း ဟုတ်တာပဲ” ရှန်မော့ယန့်သည် ဆွံ့အသွားရပေသည်။ မရီးပြောသည့် စကားတွင်လည်း မှားယွင်းမှုမရှိပေ။
ရှန်မော့ယန့်၏ ပုံစံကို ကြည့်ပြီး ရဲ့ကျိသည် စိတ်ထဲ၌ ခေါင်းခါလိုက်မိ၏။ ဒီကောင်မလေးတွင် စကားပြောလျှင် အတိုင်းအဆမရှိ ပွင့်လင်းလွန်းသဖြင့် သူမသာ မပြောခဲ့လျှင် ဒီမင်းသားသည် အရိုးထိအောင် ဝါးစားတတ်သည့် ကျားတစ်ကောင်ဖြစ်တာကို ရှန်မော့ယန့် သိလိမ့်မည်မဟုတ်ပေ။ ဒီမြို့တော်၏ ကန့်သတ်ချက်များမှ လွတ်သွားသည့်အခါတွင်မူ သူမ၏ အမျိုးသားသည် ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာ သိလာပါလိမ့်မယ်။
“တကယ်တော့ ဆဋ္ဌမမင်းသားက လူကောင်းတစ်ယောက်ပါ” ရဲ့ကျိသည် ရှန်မော့ယန့်၏ လက်ကို ဆွဲကိုင်လိုက်ရင်း “ကြည့်လေ... သူက မင်းသားတစ်ပါး ဖြစ်ပေမဲ့ မောက်မာတာမျိုး မရှိဘူး... တခြားမင်းသားတွေလိုလည်း အာဏာပြတာမျိုး မရှိဘူး... ဒီလိုမင်းသားမျိုးကို လက်ထပ်ရတာက ဆိုးတဲ့ကိစ္စတော့ မဟုတ်ပါဘူး” ဟု ဆိုလိုက်လေသည်။
ရှန်မော့ယန့်သည် နှာခေါင်းရှုံ့လိုက်ပြီး “အကယ်၍ ဧကရာဇ်မင်းကြီးကသာ အတင်းလက်ထပ်မပေးခဲ့ရင် ကျွန်မက ဒီလို ကြက်ကလေးတောင် မသတ်နိုင်တဲ့ ခြေမခိုင်တဲ့ကောင်ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး” ဟု ပြန်ပြောလိုက်၏။ သူမသည် ငယ်စဉ်ကတည်းက သိုင်းသင်ခဲ့သူဖြစ်ရာ အဖေနှင့် အစ်ကိုများလိုမျိုး သူရဲကောင်းမျိုးကိုသာ လက်ထပ်ချင်ခဲ့ခြင်း ဖြစ်ပေသည်။
“မင်းကလည်း” ရဲ့ကျိသည် သက်ပြင်းချရင်း ပြုံးလိုက်လေသည် “ဒီကမ္ဘာပေါ်မှာ ခွန်အားရှိရုံနဲ့ တော်တယ်လို့ ပြောလို့မရဘူး... တချို့နေရာတွေမှာ ဉာဏ်ပညာက ခွန်အားထက် ပိုပြီး အရေးကြီးတယ်”
“သူ့မှာ ဉာဏ်ပညာလည်း မရှိပါဘူး” ရှန်မော့ယန့်သည် မျက်လုံးလှန်ပြလိုက်၏။ “မရီးကတော့ သူ ရှေးဟောင်းကျမ်းစာထဲက အချက်အလက်တွေနဲ့ ဟွမ်နိုင်ငံဆရာကြီးကို အနိုင်ယူလိုက်တာကို ဉာဏ်ပညာရှိတယ်လို့ ထင်နေတာလား”
ရဲ့ကျိသည် စိတ်ထဲမှ ခိုးရယ်လိုက်သော်လည်း ဘာမှပြန်မပြောတော့ပေ။ မရီးက သူမစကားကို ထောက်ခံသည်ဟု ထင်သွားသည့် ရှန်မော့ယန့်သည် ဆက်လက်၍ “အခုလောလောဆယ် သူ့ဆီမှာ ကျွန်မ အကြိုက်ဆုံးအချက်ကတော့ သူလုပ်ထားတဲ့ ပန်းကွက်စတီးလ်ပဲ” ဟု ဆိုလိုက်လေသည်။ ထို့နောက် သူမသည် ထိုပန်းကွက်စတီးလ်သည် မည်မျှအစွမ်းထက်ပုံနှင့် သူမကိုယ်တိုင် လက်နက်ကောင်းများဖြင့် ရန်သူများကို နှိမ်နင်းမည့်အကြောင်းကို စိတ်ကူးယဉ်ကာ ပြောပြတော့၏။
စိတ်လှုပ်ရှားနေသည့် ရှန်မော့ယန့်သည် ပန်းပဲဖိုအတွင်း ပြောဆိုခဲ့သည့် စကားများကိုပါ အကုန်ပြောပြလိုက်လေသည်။
“မင်း ပြောတာက သူက မင်းကို လှံက ဘယ်လောက်ထိ မာလဲဆိုတာ ကိုယ်တိုင် စမ်းကြည့်ခိုင်းတယ် ဟုတ်လား”
ရဲ့ကျိ၏ မျက်နှာသည် ရုတ်တရက် နီမြန်းသွားပြီး ဘာမှမသိသေးသည့် ရှန်မော့ယန့်ကို ထူးဆန်းစွာ ကြည့်လိုက်လေတော့သည်။
“ဟုတ်တယ်လေ” ရှန်မော့ယန့်သည် ခေါင်းညိတ်ပြပြီး “ကျွန်မကိုယ်တိုင် စမ်းကြည့်ခဲ့သင့်တာ... သူ့ကိုယ်ရံတော်ရဲ့ ဓားကပဲ အစကတည်းက ပြဿနာရှိနေတာလား ဘယ်သူသိမှာလဲ” ဟု စိတ်ပျက်လက်ပျက် ဆိုလိုက်၏။
“အဟမ်း... အဟမ်း...” ရဲ့ကျိသည် နေရခက်စွာဖြင့် ချောင်းဟန့်လိုက်ပြီး “ယောက္ခမက မင်းကို အမျိုးသားနဲ့ အမျိုးသမီးကြားက ကိစ္စတွေကို ဘာမှမပြောပြသေးဘူးလား” ဟု စမ်းသပ်မေးမြန်းလိုက်ပေသည်။ အင်ပါယာ၏ ဓလေ့အရ အမျိုးသမီးများ လက်မထပ်မီတွင် မိခင် သို့မဟုတ် အမျိုးသမီးကြီးများက လင်မယားကိစ္စများကို ပြောပြလေ့ရှိကြပေသည်။
“အမေက ကျွန်မကို ဒါတွေ ဘာလို့ပြောရမှာလဲ” ရှန်မော့ယန့်သည် နားမလည်သလို မေးလိုက်လေသည်။
ရဲ့ကျိမှာမူ ရယ်ရခက် ငိုရခက် ဖြစ်သွားရတော့၏။ ခဏမျှ ဝေခွဲမရဖြစ်နေပြီးနောက် ရဲ့ကျိသည် ရှန်မော့ယန့်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောပြလိုက်လေတော့သည်။
…
နောက်တစ်နေ့တွင် ယွမ်ကျန်းသည် စောစောစီးစီးပင် ကိုယ်ရံတော်နှစ်ဦးနှင့်အတူ ရှန်အိမ်တော်သို့ ရောက်လာခဲ့လေသည်။ ယွမ်ကျန်း ရောက်သည့်အခါ ရှန်မော့ယန့် သူ့ကို ကြည့်နေသည့် အကြည့်သည် တစ်မျိုးကြီး ဖြစ်နေတာကို သတိထားမိလိုက်လေသည်။
သတ်ချင်သည့်အကြည့်ကို ဖုံးကွယ်၍မရဘူးဆိုတာ ဒါမျိုးကို ပြောတာနေမှာပင်။ အခု ရှန်မော့ယန့်သည် သူ့ကို သတ်ချင်နေသလားဟုပင် ယွမ်ကျန်း ခံစားနေရတော့သည်။
“မနက်စောစောစီးစီး ဒီမိန်းမ ဘာဖြစ်နေတာလဲ... ရာသီလာနေတာလား” ယွမ်ကျန်းသည် စိတ်ထဲ၌ မကောင်းသည့် အတွေးများဖြင့် တွေးနေမိလေ၏။
ရှန်အိမ်တော်ဘက်မှ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးနောက် အစေခံများ အားလုံး စုရုံးသွားကြလေသည်။
“မင်းသားက မြင်းစီးတာ မကျွမ်းကျင်ဘူးဆိုတော့ မြင်းရထားနဲ့ပဲ သွားပါလား” အိမ်ရှေ့သို့ ရောက်သည့်အခါ ရှန်သခင်မကြီးသည် ယွမ်ကျန်းကို ဖိတ်ခေါ်လိုက်၏။ ယွမ်ကျန်း၏ အောင်မြင်မှုများနောက်ပိုင်းတွင် သူမ၏ သဘောထားသည်လည်း အတန်ငယ် ပျော့ပြောင်းလာခဲ့ပေသည်။
“မလိုပါဘူး” ယွမ်ကျန်းသည် လက်ယမ်းပြလိုက်ရင်း “ကျွန်တော် မကြာခင်မှာ မြောက်ပိုင်းနယ်စပ်ကို သွားရတော့မှာဆိုတော့ မြင်းစီးတာကို ကြိုပြီး လေ့ကျင့်ထားတာက ဆိုးတဲ့ကိစ္စ မဟုတ်ပါဘူး” ဟု ဆိုလိုက်လေသည်။
“မင်းသားကလည်း... ဧကရာဇ်မင်းကြီးက မင်းသားကို မြောက်ပိုင်းနယ်စပ်ကို လွှတ်မှာ မဟုတ်ပါဘူး” ဟု ရှန်သခင်မကြီးသည် ခေါင်းခါရင်း ဆိုလိုက်၏။
ယွမ်ကျန်းသည် အလေးအနက်ပုံစံဖြင့် “ကျွန်တော် မြောက်ပိုင်းကို သွားရမယ့်ကိစ္စက ခမည်းတော်ကိုယ်တိုင် ညီလာခံမှာ အမိန့်ချမှတ်ခဲ့တာလေ... မင်းသားတစ်ပါးရဲ့ စကားက တည်ရမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်” ဟု ပြန်ပြောလိုက်လေသည်။
ရှန်သခင်မကြီးမှာ ဆွံ့အသွားရတော့၏။ “ဦးနှောက်မပါတဲ့ကောင်... ဧကရာဇ်က ကိုယ်ပိုင်စစ်သည်စုဆောင်းခွင့်တောင် ပေးထားပြီဆိုတာ သူ မမြင်ဘူးလား... အဲ့ဒီကိစ္စကို လူအများရှေ့မှာ ဘာလို့ ထုတ်ပြောနေရတာလဲ... ဧကရာဇ်က သူ့ကို မြောက်ပိုင်းနယ်စပ် သွားခိုင်းဖို့ အမိန့်ချခဲ့တာကို တစ်မြို့လုံး သိအောင် သူက တမင်လုပ်နေတာလား”
ရှန်သခင်မကြီးသည် သတိပေးချင်သော်လည်း လူတွေအများကြီး ရှိနေသဖြင့် ဘာမှမပြောတော့ဘဲ ယွမ်ကျန်းကိုသာ မြင်းစီးခိုင်းလိုက်ပြီး သူမ၏ ဒုတိယချွေးမ ရဲ့ကျိကိုမူ သူမနှင့်အတူ မြင်းရထားပေါ်သို့ ခေါ်လိုက်လေသည်။
“ညည်း အခု ဆဋ္ဌမမင်းသားရဲ့ အိမ်တော်မှာ ရှိနေတာဆိုတော့ သူ့ကို သတိပေးလိုက်ဦး... ဧကရာဇ်မင်းကြီး မြောက်ပိုင်းနယ်စပ်ကို လွှတ်မယ့်အကြောင်းကို လျှောက်မပြောဖို့” မြင်းရထားပေါ်တွင် ရှန်သခင်မကြီးသည် သူမ၏ ချွေးမကို တိုးတိုးလေး မှာကြားလိုက်ပေသည်။
“ဟုတ်ကဲ့ပါ အမေ”
ရဲ့ကျိသည် ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲ၌မူ ခါးသီးစွာ ပြုံးလိုက်မိ၏။ “ဒါက ယွမ်ကျန်း ပြောခဲ့သည့် အကွက်ကြီးများလား... သူက တစ်မြို့လုံးကလူတွေ ဧကရာဇ်ရဲ့ အမိန့်တော်ကို သိအောင် လုပ်နေတာလား... ပြီးတော့မှ အဲဒီလူထုရဲ့ အသံနဲ့ ဧကရာဇ်ကို ပြန်ပြီး ဖိအားပေးပြီး မြောက်ပိုင်းကို သွားဖို့ လုပ်နေတာလား... ဒီလူကတော့ တကယ်ကို ကောက်ကျစ်တာပဲ... ဧကရာဇ်က သိသွားရင် သူ့ကို အရိုက်ခံရမှာလည်း မကြောက်ဘူးလား”