အခန်း (၄၉) လှရုံတင်မကဘူး တအားလည်း မာတယ်
ဟွမ်နိုင်ငံ သံတမန်အဖွဲ့ ထွက်ခွာသွားပြီ ဖြစ်သဖြင့် ယွမ်ကျန်း၏ လက်ထပ်ပွဲနေ့မှာလည်း နီးကပ်လာပေပြီ။
ထိုနေ့ မွန်းလွဲပိုင်းတွင် နန်းတွင်းရေးရာဌာနမှ လူလွှတ်၍ ယွမ်ကျန်း၏ အိမ်တော်ကို ပြင်ဆင်မွမ်းမံပေးကြကုန်၏။ မည်သို့ ပြင်ဆင်ရမည်ကို ယွမ်ကျန်း နားမလည်သလို စိတ်လည်း မဝင်စားပေ။
အရင်က အိမ်တော်ထိန်းကို ဧကရာဇ်ဝမ်က အပြစ်ပေးလိုက်ပြီ ဖြစ်ရာ ယွမ်ကျန်းသည် ရဲ့ကျိကို အိမ်တော်ထိန်းအဖြစ် ခေတ္တခန့်အပ်လိုက်လေသည်။ ဤသည်မှာ အိမ်တော်အတွင်းရှိ လူများကို ဆက်လက် စစ်ဆေးရန်အတွက် အဆင်ပြေစေရန် ဖြစ်ပေသည်။
စစ်သည်စုဆောင်းသည့် ကိစ္စကို တုကွေ့ယွမ်တို့ထံ လွှဲထားသဖြင့် ယွမ်ကျန်း စိတ်အေးရ၏။ ထို့အပြင် ဤကိစ္စကို သူ အလွန်အကျွံ စိတ်မဝင်စားဟန် ပြလေလေ ဧကရာဇ်ဝမ်က သူ့အပေါ် ပို၍ စိတ်ချလေလေ ဖြစ်ပေသည်။
နောက်ထပ် နှစ်ရက်အတွင်း ယွမ်ကျန်းသည် မနက်စောစော ထွက်သွားပြီး ညမိုးချုပ်မှ အိမ်ပြန်လာလေ့ ရှိသည်။ ယွီစစ်ကျုံးနှင့် ကျော့ယန်တို့မှာ တုကွေ့ယွမ်နှင့်အတူ စစ်သည်စုဆောင်းနေသဖြင့် ယွမ်ကျန်း၏ လုံခြုံရေးအတွက် ကောင်းဟယ်နှင့် ကျိုးမီတို့က ပြန်လည် တာဝန်ယူရပြန်သည်။
ယခုအခါ ကောင်းဟယ်မှာ သစ္စာရှိသွားပြီ ဖြစ်သလို ကျိုးမီ၏ သံသယမှာလည်း ကင်းစင်သွားပြီ ဖြစ်ရာ ယွမ်ကျန်းအနေနှင့် သူတို့နှစ်ဦးကို အမြဲတမ်း သတိထားနေစရာ မလိုတော့ပေ။
“ဒေါင် ဒေါင် ဒေါင်”
ပန်းပဲဖိုအတွင်း၌ ပန်းပဲဆရာ အချို့သည် တူကြီးများကို ကိုင်ကာ မနားတမ်း ထုနှက်နေကြ၏။
ဤတစ်ကြိမ်တွင်တော့ အက်ကြောင်း မထွက်ပါစေနှင့်ဟု ယွမ်ကျန်းက စိတ်ထဲကနေ ဆုတောင်းနေမိသည်။ လှံဖျားပြုလုပ်ရန်အတွက် ဒါးမတ်စကပ်စတီးလ်ကို သူတို့ ဖော်စပ်နေသည်မှာ ရက်အတော်ကြာနေပြီ ဖြစ်သလို မည်မျှအကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သည်ကိုပင် မမှတ်မိတော့ပေ။
ဤတစ်ကြိမ်သည်တော့ အောင်မြင်ရန် အလားအလာ အရှိဆုံး ဖြစ်ပေသည်။ လှံဖျားမှာ ပုံဖော်ပြီးသလောက် ရှိနေပြီ ဖြစ်သလို အခုထက်ထိတော့ အက်ကြောင်း မတွေ့ရသေးပေ။
ယွမ်ကျန်း၏ တင်းမာလှသော အကြည့်များအောက်တွင် လှံဖျားမှာ ပုံဖော်ပြီးသွားပြီး အရေးကြီးဆုံးဖြစ်သည့် အအေးခံသည့် အဆင့်သို့ ရောက်ရှိလာတော့သည်။ ဤအဆင့်အတွက် ယွမ်ကျန်းသည် နှမြောတွန့်တိုခြင်း မရှိဘဲ မုန်ညင်းဆီများကို အသုံးပြုထား၏။
ပရော်ဖက်ရှင်နယ်ဆီများနှင့် မနှိုင်းသာသော်လည်း ရေထက်စာလျှင်တော့ အန္တရာယ် ပိုနည်းပေသည်။ အအေးခံခြင်း ပြီးဆုံးသွားသည့်အခါ ယွမ်ကျန်းမှာ ချက်ချင်း ပြေးသွားပြီး ချွေးရွှဲနေသည့် ပန်းပဲဆရာများနှင့်အတူ လှံဖျားကို စစ်ဆေးတော့သည်။
“မင်းသား အောင်မြင်သွားပြီ”
“အောင်မြင်ပြီ နောက်ဆုံးတော့ အောင်မြင်သွားပြီ”
အက်ကြောင်း တစ်ခုမှ မရှိသည်ကို အတည်ပြုပြီးနောက် အားလုံးက ဝမ်းသာအားရ အော်ဟစ်လိုက်ကြကုန်၏။
“ကောင်းတယ်။ နောက်မှ ငါ ဆုလာဘ်တွေ အများကြီး ပေးမယ်”
ယွမ်ကျန်းလည်း အလွန်ပင် ဝမ်းသာသွားပြီး “အမြန် သွေးလိုက်ကြစမ်း” ဟု ညွှန်ကြားလိုက်လေသည်။
ပန်းပဲဆရာများကလည်း မဆိုင်းမတွဘဲ လှံဖျား အေးသွားသည့်အခါ အမြန်ဆုံး သွေးကြတော့သည်။ ပန်းပဲဆရာ အချို့ တစ်ဦးပြီးတစ်ဦး သွေးလိုက်ကြရာ နာရီဝက်ခန့် ကြာသည့်အခါတွင်တော့ ပြီးဆုံးသွားပေသည်။
တောက်ပြောင်နေသည့် လှံဖျားကို ကြည့်ပြီး ယွမ်ကျန်း၏ စိတ်ထဲတွင် ရဲစိတ်ရဲမာန်များ ပေါ်ပေါက်လာတော့သည်။
နည်းပညာပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ။ ဤအရာကို အမြောက်အမြား ထုတ်လုပ်နိုင်မည်ဆိုလျှင် ဟွမ်နိုင်ငံ၏ ညံ့ဖျင်းလှသော လက်နက်များကို နှစ်ပိုင်းပြတ်အောင် ခုတ်ပစ်နိုင်မည် မဟုတ်ပါလား။ စိတ်လှုပ်ရှားနေသော်လည်း ယွမ်ကျန်းသည် နောက်ဆုံးအဆင့်ကို ပြုလုပ်ရန် ပြင်ဆင်တော့သည်။
အက်ဆစ်နှင့် စိမ်ခြင်းပင် ဖြစ်ပေသည်။ အက်ဆစ်ရည် သီးသန့်မရှိသဖြင့် ရှာလကာရည်နှင့် အစားထိုးလိုက်၏။ အချိန်အနည်းငယ် ကြာသည့်အခါ လှံဖျားတွင် ပန်းကွက်များ တဖြည်းဖြည်း ပေါ်လာတော့သည်။
“တကယ့်ကို လှတဲ့ ပန်းကွက်တွေပဲ”
“ဒါက မင်းသား ပြောတဲ့ ပန်းကွက်စတီးလ်လား”
“ဒီနာမည်က တကယ်ကို လိုက်ဖက်တာပဲ”
“အရမ်းလှတာပဲ”
ပန်းပဲဖိုအတွင်းရှိ လူတိုင်းက အံ့ဩတကြီး ကြည့်နေကြပြီး ကောင်းဟယ်နှင့် ကျိုးမိုတို့မှာလည်း မျက်လုံးများ တောက်ပြောင်နေကြ၏။ ဤစတီးလ်နှင့်သာ ဓားတစ်လက် ပြုလုပ်မည်ဆိုလျှင် တကယ်ကို လှပမည်မှာ အသေအချာပင်။ လူခုတ်ရန်အတွက်ပင် နှမြောစရာ ကောင်းနေပေလိမ့်မည်။
လူတိုင်း၏ အံ့ဩသံများကို ကြားရသည့်အခါ ယွမ်ကျန်းက စိတ်ထဲကနေ ခနဲ့လိုက်မိသည်။ အမြင်ကျဉ်းတဲ့ ကောင်တွေ။ ဒါက ဘာမှ မဟုတ်သေးဘူး။
စက်ကိရိယာတွေသာ ရှိမယ်ဆိုရင် မင်းတို့ကို ငှက်မွှေးပုံစံ ပန်းကွက်တွေတောင် ထုတ်ပြလို့ ရသေးတယ်။ အဲဒါကမှ တကယ်လှတာ။
ဧကရာဇ်ဝမ်၏ လက်အောက်မှ လွတ်မြောက်သွားသည့်အခါ ငှက်မွှေးပုံစံ ပန်းကွက်ပါသည့် ထန်ဓားတစ်လက်ကိုတော့ အမှန်အကန် ပြုလုပ်ရမည်ဟု ယွမ်ကျန်းက စိတ်ထဲကနေ ဆုံးဖြတ်လိုက်ပေသည်။
“ဒုန်း ဒုန်း”
ထိုအချိန်တွင် အပြင်ဘက်မှ မြင်းခွာသံများ ထွက်ပေါ်လာလေသည်။ ယွမ်ကျန်း လှမ်းကြည့်လိုက်သည့်အခါ ရှန်မော့ယန့်မှာ မြင်းစီးပြီး ရောက်လာသည်ကို မြင်လိုက်ရ၏။ ရှန်မော့ယန့်မှာ စစ်ဝတ်စုံ ဝတ်မထားသော်လည်း မြင်းပေါ်တွင်တော့ ရဲရင့်သည့် အရှိန်အဝါများ ရှိနေပေသည်။
ဤမိန်းမကတော့ မြင်းစီးနေတဲ့ အချိန်မှာပဲ ကြည့်ကောင်းတာ။
ပန်းပဲဖို တံခါးဝသို့ ရောက်သည့်အခါ ရှန်မော့ယန့်မှာ မြင်းပေါ်မှ လှပစွာ ဆင်းလာသည်ကို မြင်ရသဖြင့် ယွမ်ကျန်း စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားရသည်။
ကြွားနေတာပဲ။ ငါသာ မြင်းစီးလေ့ကျင့်ဖို့ အချိန်ရှိမယ်ဆိုရင် မင်းထက်တောင် ပိုတော်အောင် စီးပြလို့ ရတယ်။
“မင်း တကယ်ပဲ ဒီမှာ ရှိနေတာကိုး”
ရှန်မော့ယန့်သည် ပန်းပဲဖို တံခါးဝ၌ ရပ်ပြီး ဖုန်တွေပေနေသည့် ယွမ်ကျန်းကို ကြည့်ကာ ဆွံ့အသွားရသည်။ အမှန်အတိုင်း ပြောရလျှင် ယွမ်ကျန်း၏ အခုပုံစံမှာ တကယ်ပင် နုံချာလှပေသည်။ သူကိုယ်တိုင် လက်ဖြင့် မလုပ်သော်လည်း ပန်းပဲဖိုအတွင်းရှိ ဖုန်မှုန့်များနှင့် အပူရှိန်ကြောင့် ချွေးများနှင့် ဖုန်များ ရောထွေးကာ ညစ်ပတ်နေခြင်း ဖြစ်ပေသည်။
“မင်း ဘာလို့ လာတာလဲ”
ယွမ်ကျန်းက မျက်နှာပေါ်ရှိ ဖုန်မှုန့်များကို သုတ်လိုက်ရင်း ပြုံးကာ မေးလိုက်သည်။
ရှန်မော့ယန့်က နှာခေါင်းရှုံ့လိုက်ပြီး “ခုနက မင်းရဲ့ အိမ်တော်ကို သွားတော့ ဆဋ္ဌမမင်းသားက တစ်နေကုန် ပန်းပဲထုနေတယ်လို့ ပြောကြတာနဲ့ ငါက မယုံလို့ လာကြည့်တာ” ဟု ဆိုလိုက်၏။
ပန်းပဲထုတာ ဟုတ်လား။ ငါက နည်းပညာအသစ်တွေ ဖော်ထုတ်နေတာ။ မင်း ဘာသိမှာလဲ။
ယွမ်ကျန်းက စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး “မင်းတို့အိမ်မှာ ပြင်ဆင်တာတွေ ဘယ်လိုရှိလဲ ငါ့ဘက်က ဘာကူညီပေးဖို့ လိုမလဲ” ဟု မေးလိုက်လေသည်။
“ဟက် မင်းက မေးတတ်သေးတာပဲလား” ရှန်မော့ယန့်က မကျေမနပ် ကြည့်လိုက်ပြီး “ဆဋ္ဌမမင်းသားက ငါတို့ရဲ့ လက်ထပ်ပွဲကိုတောင် မေ့နေပြီလို့ ငါက ထင်နေတာ” ဟု ဆိုလိုက်၏။
ဤကဲ့သို့သော သူမျိုးကို သူမ တစ်ခါမှ မမြင်ဖူးပေ။ ဧကရာဇ်ဝမ်က စစ်သည် ငါးရာ စုဆောင်းခွင့် ပေးထားပါလျက်နှင့် သူက စစ်သည်စုဆောင်းသည့် ကိစ္စကို လုံးဝ စိတ်မဝင်စားပေ။ သူတို့၏ လက်ထပ်ပွဲကလည်း နောက်ထပ် တစ်ပတ်ခွဲလောက်သာ လိုတော့သော်လည်း နှစ်ဖက်စလုံး၏ ပြင်ဆင်မှုများကို သူက စိတ်မဝင်စားဘဲ နေပေသည်။
တစ်နေကုန် ဒီမှာလာပြီး ပန်းပဲထုနေတာလား။ ပန်းပဲထုပြီး ခန္ဓာကိုယ် လေ့ကျင့်နေတာလား။
ယွမ်ကျန်းက နှာခေါင်းကို ပွတ်လိုက်ရင်း “မမေ့ပါဘူး ငါက အလုပ်များနေလို့ပါ” ဟု ဆိုလိုက်သည်။
ရှန်မော့ယန့်က “မင်းက ဘာတွေ အလုပ်များ...”
သူမ၏ စကားမှာ တစ်ဝက်နှင့်ပင် ရပ်တန့်သွားပြီး ကောင်းဟယ်၏ လက်ထဲရှိ အရာကို စိုက်ကြည့်နေတော့သည်။
“ဟင်”
ရှန်မော့ယန့်မှာ အံ့အားသင့်သွားပြီး အပြေးအလွှား သွားကာ ကောင်းဟယ်၏ လက်ထဲမှ လှံဖျားကို လုယူလိုက်၏။
“ဒီလှံဖျားက တကယ်ကို လှတာပဲ”
ရှန်မော့ယန့်မှာ လှံဖျားကို မချချင်လောက်အောင်ပင် ပွတ်သပ်ကြည့်နေတော့သည်။ ထိုပုံစံမှာ သူမ၏ ချစ်သူကို ကြည့်နေသည့် ပုံစံမျိုးနှင့်ပင် တူနေ၏။ ဤမိန်းမက သူ့ထက်စာလျှင် ဤလှံဖျားကို အဆပေါင်းများစွာ ပိုနှစ်သက်နေမည်မှာ အသေအချာပင်။
“ကြင်ယာတော် ဒါက မင်းသားက ကျွန်တော်တို့ကို လေ့ကျင့်ခိုင်းထားတဲ့ ပန်းကွက်စတီးလ်ပါ” ဟု ပန်းပဲဆရာ တစ်ဦးက ပြုံးပြီး ပြောလိုက်သည်။
“သူ... မင်းတို့ကို လေ့ကျင့်ခိုင်းတာလား”
ရှန်မော့ယန့်က အံ့ဩတကြီးဖြင့် ပန်းပဲဆရာကို ကြည့်လိုက်၏။
“ဟုတ်ပါတယ် မင်းသားက ဒီနှစ်ရက်လုံးလုံး ကျွန်တော်တို့နဲ့အတူ ရှိနေခဲ့တာပါ။ ဒီပန်းကွက်စတီးလ် ရဖို့အတွက် မင်းသားလည်း အတော်လေး ဒုက္ခခံခဲ့ရပါတယ်” ဟု အခြား ပန်းပဲဆရာ တစ်ဦးကလည်း ဝင်ပြောလိုက်လေသည်။
“ဟိုး... ဆဋ္ဌမမင်းသား။ မင်းက လူတွေရဲ့ စိတ်ကို သိမ်းသွင်းတတ်လာတာပဲ” ရှန်မော့ယန့်က ယွမ်ကျန်းကို ကြည့်ကာ “သူတို့က မင်း ဒီနှစ်ရက်လုံး အပြင်မှာ သွားပြီး လေလွင့်နေတယ်လို့ ငါထင်မှာစိုးလို့ ကာကွယ်ပြောပေးနေကြတာလား” ဟု ဆိုလိုက်၏။
“လေလွင့်တာ ဟုတ်လား” ယွမ်ကျန်းက ခဏမျှ စဉ်းစားလိုက်ပြီး “ငါလည်း ပြည့်တန်ဆာရုံ တစ်ခုလောက် သွားပြီး တိုင်းသူပြည်သားတွေရဲ့ အခြေအနေကို လေ့လာသင့်ပြီ” ဟု ဆိုလိုက်လေသည်။
ခေတ်သစ်လူသားတစ်ဦးအနေနှင့် ရှေးဟောင်းကမ္ဘာသို့ ရောက်လာလျှင် ပြည့်တန်ဆာရုံတွေဆီ သွားပြီး လေ့လာရမည် မဟုတ်ပါလား။
“သွားလိုက်လေ။ ငါ မတားပါဘူး” ရှန်မော့ယန့်က ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်ပြီးမှ လှံဖျားကို ပြန်ချကာ ပြုံးစစဖြင့် ပြောလိုက်သည်။ “ဆဋ္ဌမမင်းသားက ခန္ဓာကိုယ်က အားနည်းတော့ ဒီလှံဖျားလိုပဲ အပြင်ပန်းပဲ လှပြီး အတွင်းကတော့ အသုံးမကျတဲ့ ပန်းထိုးခေါင်းအုံး ဖြစ်နေမှာပဲ စိုးရိမ်ရတယ်”
ဘာကြီးလဲ။ ပန်းထိုးခေါင်းအုံး ဟုတ်လား။
“ဒီလှံဖျားက အပြင်ပန်းပဲ လှတာလား အသုံးကျသလားဆိုတာ ငါ မင်းကို ပြမယ်”
ယွမ်ကျန်းမှာ ဒေါသထွက်သွားပြီး လှံဖျားကို အညှပ်ဖြင့် ညှပ်ခိုင်းလိုက်ကာ ကောင်းဟယ်အား သူ၏ဓားဖြင့် ခုတ်ခိုင်းလိုက်လေသည်။
“ချွင်”
ကောင်းဟယ်က တစ်ချက် ခုတ်လိုက်သည့်အခါ သူ၏ဓားမှာ နှစ်ပိုင်း ပြတ်ထွက်သွားတော့သည်။ လှံဖျား၏ အစွန်းမှာတော့ အစင်းရာ အနည်းငယ်သာ ရှိပြီး တစ်စုံတစ်ရာ ထိခိုက်မှု မရှိပေ။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရှန်မော့ယန့်သာမက ကောင်းဟယ်တို့ပါ အံ့အားသင့်သွားကြရသည်။ ဤပန်းကွက်စတီးလ်က ဒီလောက်ထိ မာတာလား။
“မြင်ပြီလား”
ယွမ်ကျန်းက ရှန်မော့ယန့်ကို ကြည့်ကာ “ငါ့ရဲ့ လှံက လှရုံတင်မကဘူး တအားလည်း မာတယ်” ဟု ဆိုလိုက်လေသည်။