အခန်း (၄၈) ဆဋ္ဌမကတော့ ကြောက်ရွံ့နေဆဲပါလား
နောက်တစ်နေ့ ညီလာခံတွင် ဧကရာဇ်ဝမ်သည် ယွမ်ကျန်းအား ကိုယ်ပိုင်အခြွေအရံစစ်သည် စုဆောင်းခွင့် ပေးလိုက်သည့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာလိုက်လေသည်။
ထင်ထားသည့်အတိုင်းပင် ဧကရာဇ်ဝမ်၏ ဆုံးဖြတ်ချက်ကို အမတ်အများစုက ကန့်ကွက်ကြကုန်၏။ ကိုယ်ပိုင်စစ်သည် စုဆောင်းခွင့်ဆိုသည်မှာ အိမ်ရှေ့မင်းသားနှင့် မင်းသားကြီးများသာ ရရှိသည့် အခွင့်အရေး ဖြစ်ပေသည်။ ယွမ်ကျန်းကဲ့သို့သောသူက မည်သည့်အကြောင်းကြောင့် ဤအခွင့်အရေးကို ရရှိရသနည်းဟု ဆိုကြလေသည်။ သို့သော်လည်း အမတ်များ မည်မျှပင် ကန့်ကွက်စေကာမူ ဧကရာဇ်ဝမ်၏ ဆုံးဖြတ်ချက်ကိုတော့ မပြောင်းလဲနိုင်ခဲ့ပေ။
ညီလာခံပြီးသည့်နောက်တွင် မိဖုရားကြီး စုဖေးသည် ရှိစစ်ဖူထံသို့ အလောတကြီး သွားရောက်ခဲ့လေသည်။ ဧကရာဇ်ဝမ်၏ ဤလုပ်ရပ်ကြောင့် သူမမှာ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရခြင်းပင်။ ဧကရာဇ်ဝမ်အနေနှင့် ယွမ်ကျန်းအား အိမ်ရှေ့မင်းသားအဖြစ် လုံးဝတင်မြှောက်မည်မဟုတ်ဟု အရင်က ပြောခဲ့သော်လည်း စိတ်ကူးပြောင်းသွားမည်ကို မည်သူသိနိုင်မည်နည်း။ ကိုယ်ပိုင်စစ်သည် စုဆောင်းခွင့်အထိ ပေးလိုက်ပြီဖြစ်ရာ အိမ်ရှေ့မင်းသား တင်မြှောက်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်သည့်ကိစ္စ မဟုတ်တော့ပေ။
ဂဏာမငြိမ်ဖြစ်နေသည့် စုဖေးကို ကြည့်ပြီး ရှိစစ်ဖူကတော့ အားရပါးရ ရယ်မောလိုက်လေသည်။
“မစိုးရိမ်ပါနဲ့” ရှိစစ်ဖူက ဂရုမစိုက်ဟန်ဖြင့် ပြုံးရင်း “ဒီကိစ္စက ကျွန်တော်တို့အတွက် သတင်းကောင်းပဲ” ဟု ဆိုလိုက်၏။
“သတင်းကောင်း ဟုတ်လား” စုဖေးမှာ စိတ်တိုသွားပြီး “ဒါက ဘယ်လိုလုပ် သတင်းကောင်း ဖြစ်နိုင်မှာလဲ” ဟု မေးမြန်းလိုက်ပေသည်။
“သတင်းကောင်း ဖြစ်တာပေါ့” ရှိစစ်ဖူက ရယ်မောရင်း “စိတ်ချပါ။ အရှင်မင်းကြီးက အဲဒီအသုံးမကျတဲ့ကောင်ကို အိမ်ရှေ့မင်းသား ဘယ်တော့မှ တင်မြှောက်မှာ မဟုတ်ဘူး။ အခုဟာက သူ့ကို ပြန်ပြီး အစားပေးနေတာပဲ” ဟု အနက်ဖွင့်လိုက်၏။
စုဖေးထက် ရှိစစ်ဖူက ပို၍ လည်ပတ်သူဖြစ်ပေသည်။ ဤလုပ်ရပ်၏ အဓိပ္ပာယ်ကို ညီလာခံမပြီးခင်ကတည်းက သူရိပ်မိနေခြင်းပင် ဖြစ်ပေသည်။
“အစားပေးတာ ဟုတ်လား” စုဖေးက ခဏမျှ စဉ်းစားပြီး မျက်မှောင်ကြုတ်လိုက်သည်။ “အစားပေးတာပဲ ဖြစ်ဖြစ် ဒါက သတင်းကောင်းတော့ မဟုတ်ဘူး။ အရှင်မင်းကြီးက ဒီအသုံးမကျတဲ့ကောင်ကို စပြီး အရေးပေးနေပြီဆိုတဲ့ သဘောပဲ မဟုတ်လား”
“အရေးပေးတယ်လို့တော့ ပြောလို့မရပါဘူး။ အာရုံစိုက်မှု နည်းနည်း ပိုရသွားတာပါပဲ” ရှိစစ်ဖူက ခေါင်းခါရင်း ပြုံးလိုက်လေသည်။ “အရှင်မင်းကြီးက သူ့ကို ကိုယ်ပိုင်စစ်သည် စုဆောင်းခွင့် ပေးလိုက်ပြီဆိုမှတော့ သူ့ကို မြောက်ပိုင်းနယ်စပ်ကို သွားခိုင်းတော့မှာ မဟုတ်ဘူး။ ဒါဆိုရင်တော့ သူ့ကို ငါတို့ စိတ်ကြိုက် နှိမ်နင်းဖို့ အခွင့်အရေးတွေ အများကြီး ရှိလာမှာပေါ့”
ဟင်။
စုဖေးမှာ ခဏမျှ ကြောင်သွားပြီးနောက် သေချာစဉ်းစားကြည့်သည့်အခါတွင်တော့ ဟုတ်နိုင်သည်ဟု ယူဆလိုက်မိသည်။ ဤယွမ်ကျန်းကြောင့်ပင် ယွမ်လိမှာ အခုထက်ထိ ဘုရားကျောင်းမှာ ဒူးထောက်နေရဆဲ မဟုတ်ပါလား။ ရန်ငြိုးဟောင်းရော ရန်ငြိုးသစ်ပါ ရှိနေသဖြင့် သူမအနေနှင့် ယွမ်ကျန်းကို လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။
“ဒါဆိုရင် အခု ငါတို့ ဘာဆက်လုပ်ကြမလဲ” စုဖေးက မကျေမနပ်ဖြင့် ဆိုလိုက်သည်။ “အဲဒီကောင်ကို နှိမ်နင်းဖို့ တစ်ခုခု အမြန်လုပ်မှ ဖြစ်မယ်”
“ဒီကိစ္စကို ခဏလောက် ဆိုင်းထားလိုက်ပါဦး” ရှိစစ်ဖူက ခေါင်းခါပြလိုက်၏။ “ယွမ်ကျန်းက အောင်မြင်မှုတွေ အများကြီး ရထားတဲ့အချိန်ဆိုတော့ သူ့ရဲ့ အရှိန်အဝါက အခု အရမ်းတက်နေတာ။ အခုအချိန်မှာ သူ့ကို သွားပြီး ပြဿနာရှာရင် ကိုယ့်ကိုကိုယ် မီးနဲ့ ပြန်ရှို့သလို ဖြစ်သွားလိမ့်မယ်”
စုဖေးက စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
…
တစ်ချိန်တည်းမှာပင် ယွမ်ကျန်းသည် လူအချို့နှင့်အတူ လက်နက်တိုက်သို့ ရောက်ရှိလာခဲ့ပေသည်။ ဝန်ကြီးဌာနက လူများမှာ ဧကရာဇ်ဝမ်ထံမှ အမိန့်ရရှိထားပြီးဖြစ်သဖြင့် သံချပ်ကာ ငါးရာနှင့် လက်နက်များကို အဆင်သင့် ပြင်ဆင်ထားကြကုန်၏။
“သံဝတ်စုံတွေလား”
ယွမ်ကျန်းသည် ရှေ့မှ သံချပ်ကာများကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသံချပ်ကာများမှာ အတော်လေး လေးလံလှပေသည်။ သားရေအင်္ကျီအပြင်ဘက်မှ သံပြားများဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်၏။ ဝတ်စုံတစ်စုံလျှင် အနည်းဆုံး ပိဿာဆယ်ကျော်လောက် လေးပေလိမ့်မည်။
လက်နက်တိုက်မှူးသည် ယွမ်ကျန်း၏ မျက်နှာပျက်သွားသည်ကို မြင်သည့်အခါ အလျင်အမြန်ပင် ရှင်းပြလိုက်လေသည်။ “ဆဋ္ဌမမင်းသား။ ဒါက အရှင်မင်းကြီး ကိုယ်တိုင် ညွှန်ကြားထားတာပါ။ ဒီသံချပ်ကာတွေက ဒုတိယအဆင့် သံချပ်ကာတွေ ဖြစ်ပါတယ်။ ကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေတောင် ဒီသံချပ်ကာမျိုးပဲ ဝတ်ကြတာပါ”
ပထမအဆင့် သံချပ်ကာများမှာတော့ စစ်သူကြီးများသာ ဝတ်ဆင်ခွင့် ရှိခြင်းပင်။ စစ်သည် ငါးရာလောက်နှင့် ပထမအဆင့် ဝတ်စုံကို လိုချင်နေသလား။
ယွမ်ကျန်းက လက်ယမ်းပြလိုက်ပြီး “ဒီသံချပ်ကာတွေ မလိုချင်ပါဘူး။ ဒါတွေက တန်ဖိုးကြီးလွန်းပါတယ်။ ငါ့အတွက် သားရေသံချပ်ကာ ငါးရာပဲ ပေးပါ” ဟု ဆိုလိုက်လေသည်။
“ဗျာ”
လက်နက်တိုက်မှူးမှာ ကြောင်အသွားပြီး တုကွေ့ယွမ်တို့ သုံးဦးမှာလည်း အံ့အားသင့်သွားကြရသည်။ သံချပ်ကာကို မယူဘဲ သားရေအင်္ကျီကို ယူမည် ဟုတ်လား။ ဒါက တကယ်ပဲ ရူးနေတာလား။
“ဘာ ဗျာ လဲ” ယွမ်ကျန်းက လက်ယမ်းလိုက်၏။ “မြန်မြန် သားရေအင်္ကျီတွေနဲ့ပဲ လဲပေးစမ်း”
တုကွေ့ယွမ်တို့ သုံးဦးက တားမြစ်ရန် ပြင်သော်လည်း ယွမ်ကျန်းက သူတို့ကို ခေါင်းခါပြလိုက်လေသည်။ ယွမ်ကျန်း၏ တောင်းဆိုချက်ကို လက်နက်တိုက်မှူးကတော့ ဝမ်းသာအားရပင် လက်ခံလိုက်ပြီး သားရေအင်္ကျီ ငါးရာကို အမြန်လဲလှယ်ပေးကာ လှည်းပေါ်သို့ တင်ပေးလိုက်ပေသည်။
အပြန်လမ်းတွင် တုကွေ့ယွမ်တို့ သုံးဦးသည် ယွမ်ကျန်းကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြကုန်၏။ ယွမ်ကျန်းကို အရူးဟု ထင်နေကြသလား သို့မဟုတ် အခြားတစ်ခုခုကို စဉ်းစားနေကြသလားတော့ မသိပေ။
“မင်းတို့က ငါ့ကို အရူးလို့ ထင်နေကြတာလား” ယွမ်ကျန်းက ပြုံးပြီး မေးမြန်းလိုက်လေသည်။
“မင်းသားမှာ တခြား စဉ်းစားချက်တွေ ရှိလို့နေမှာပါ” ဟု တုကွေ့ယွမ်က ခါးသီးစွာ ပြုံးရင်း ဆိုလိုက်သည်။
သံချပ်ကာကို မယူဘဲ သားရေအင်္ကျီကို ယူသည်မှာ အရူးမဟုတ်ဘဲ ဘာဖြစ်နိုင်ဦးမည်နည်း။
ယွမ်ကျန်းက ရယ်မောလိုက်ပြီးနောက် “မင်းတို့ သုံးယောက်လုံးက မြောက်ပိုင်းနယ်စပ်မှာ ဟွမ်နိုင်ငံသားတွေနဲ့ အကြိမ်ကြိမ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူတွေပဲ။ ငါ မင်းတို့ကို မေးပါရစေ။ ဟွမ်နိုင်ငံရဲ့ မြင်းတပ်တွေက ဘယ်လို သံချပ်ကာမျိုးကို အဓိက ဝတ်ဆင်ကြသလဲ” ဟု မေးလိုက်၏။
“သားရေ သံချပ်ကာပါပဲ” ယွီစစ်ကျုံးက ပြန်ဖြေလေသည်။ “ဒါပေမဲ့ သူတို့က သားရေ သံချပ်ကာကို ဝတ်တာက မတတ်သာလို့ ဝတ်ကြတာပါ။ သူတို့ဆီမှာ သံချပ်ကာ ရှားပါးလွန်းလို့ တချို့စစ်သည်တွေဆိုရင် သားရေအင်္ကျီတောင် မရှိကြပါဘူး”
ယွမ်ကျန်းက ပြုံးလိုက်ပြီး “ဒါဆိုရင် ဟွမ်နိုင်ငံ မြင်းတပ်တွေရဲ့ ကြောက်စရာအကောင်းဆုံး အချက်က ဘာလဲ” ဟု ထပ်မေးလိုက်ပြန်သည်။
ကျော့ယန်က “ဟွမ်နိုင်ငံ မြင်းတပ်တွေက လေလိုပဲ မြန်ဆန်ကြတယ်။ ခရီးဝေးကို လျင်လျင်မြန်မြန် ဖြတ်သန်းနိုင်ကြပြီး ကျွန်တော်တို့စစ်တပ်ရဲ့ အားနည်းတဲ့နေရာတွေကို မထင်မှတ်ဘဲ ဝင်ရောက်တိုက်ခိုက်တတ်ကြတယ်...” ဟု ပြန်ဖြေလေသည်။
ဟွမ်နိုင်ငံ မြင်းတပ်များအကြောင်း ပြောသည့်အခါ သုံးဦးသားမှာ သက်ပြင်းချလိုက်မိကြ၏။ ထိုမြင်းတပ်များမှာ သူတို့အတွက် အိပ်မက်ဆိုးပင် ဖြစ်ပေသည်။ အရင်က သွေးစွန်းအင်္ကျီတပ်ဖွဲ့ တစ်ခုလုံး နီးပါး ပျက်စီးခဲ့ရသည်မှာလည်း ထိုမြင်းတပ်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရသောကြောင့်ပင်။ တုကွေ့ယွမ်ကသာ အသက်ပေးပြီး လွတ်မြောက်အောင် မလုပ်ခဲ့မည်ဆိုလျှင် သူတို့အားလုံး မြောက်ပိုင်းမှာတင် သေဆုံးသွားခဲ့ကြပြီ ဖြစ်ပေသည်။
“ဒါကြောင့်ပဲပေါ့” ယွမ်ကျန်းက ပြုံးရင်း ဆိုလိုက်သည်။ “စစ်သည်တွေကို ပိဿာဆယ်ကျော် လေးတဲ့ သံချပ်ကာတွေ ဝတ်ခိုင်းထားရင် သူတို့က ခရီးဝေးကို လျင်လျင်မြန်မြန် သွားနိုင်ပါဦးမလား။ မြင်းတွေရဲ့ အားအင်ကရော ခံနိုင်ပါဦးမလား”
ထိုလေးလံသော ဝိတ်ကို လျှော့တွက်၍ မရပေ။ ခရီးဝေး သွားရသည့်အခါ ထိုဝိတ်မှာ လူရော မြင်းပါ အကြီးအကျယ် ဒုက္ခပေးနိုင်သည် မဟုတ်ပါလား။ ယွမ်ကျန်း၏ စကားကို ကြားလိုက်ရသည့်အခါ သုံးဦးသားမှာ စဉ်းစားခန်း ဝင်သွားကြလေသည်။
“မင်းသား ပြောတာကတော့ အကျိုးအကြောင်း ဆီလျော်ပါတယ်” တုကွေ့ယွမ်က ခေါင်းညိတ်လိုက်လေသည်။ “ဒါပေမဲ့ မင်းသားအနေနဲ့ စစ်သည်တွေကို သံချပ်ကာတွေ ဝတ်ပြီး လေ့ကျင့်ခိုင်းထားလို့ ရတာပဲ။ မြောက်ပိုင်းရောက်မှ သားရေအင်္ကျီတွေနဲ့ လဲလိုက်ရင် ပိုပြီးတော့တောင် သွက်လက်သွားမှာ မဟုတ်ဘူးလား”
ကျော့ယန် နှင့် ယွီစစ်ကျုံးတို့ကလည်း ထိုစကားကို ခေါင်းညိတ် ထောက်ခံကြကုန်၏။
“အကျိုးအကြောင်းကတော့ အဲဒီအတိုင်းပါပဲ” ယွမ်ကျန်းက ခေါင်းညိတ်လိုက်ပြီးနောက် ခါးသီးစွာ ပြုံးလိုက်လေသည်။ “ဒါပေမဲ့ ငါတို့မှာ စစ်သည်တွေကို အေးအေးဆေးဆေး လေ့ကျင့်ပေးဖို့ အချိန်အများကြီး မရှိဘူးလေ”
သူက စစ်သည်တွေကို တိုက်ပွဲဝင်နိုင်တဲ့ အင်အားဖြစ်အောင် အမြန်ဆုံး လုပ်ရမှာ ဖြစ်ပေသည်။ လမ်းတောင် မလျှောက်တတ်သေးဘဲနဲ့ ပြေးဖို့ သင်ပေးလို့ ဖြစ်ပါ့မလား။ အချိန်တိုအတွင်းမှာ ဝိတ်တွေနဲ့ လေ့ကျင့်ခိုင်းဖို့ကတော့ မဖြစ်နိုင်ပေ။
“ဒါ... ဒါကတော့...”
သုံးဦးသားမှာ ဆွံ့အသွားပြီး ယွမ်ကျန်း၏ စဉ်းစားချက်ကို နားလည်သွားကြတော့သည်။ ဟုတ်ပေသည်။ ဒါက အသစ်စုဆောင်းမည့် စစ်သည်တွေဖြစ်ပြီး လေ့ကျင့်ပြီးသား စစ်သည်တွေ မဟုတ်ပေ။ လေးလံသော ဝိတ်တွေနှင့် လေ့ကျင့်နေရင်း မကျွမ်းကျင်သေးခင်မှာပင် မြောက်ပိုင်းနယ်စပ်ကို သွားရမည်ဆိုလျှင်တော့ တိုက်ပွဲမှာ အသက်ပေးရဖို့ပဲ ရှိတော့မည် ဖြစ်ပေသည်။
“မင်းသားက တကယ့်ကို အမြော်အမြင် ကြီးမားလှပါတယ်။ ကျွန်တော်မျိုးတို့ စဉ်းစားတာ မစေ့စပ်ခဲ့ပါဘူး” တုကွေ့ယွမ်က ယွမ်ကျန်းကို ချက်ချင်းပင် တောင်းပန်လိုက်လေသည်။
“မင်းသားက နန်းတော်ထဲမှာပဲ နေခဲ့ရတာတောင် ဒီလောက်အထိ အမြင်ကျယ်တာကို ကျွန်တော်မျိုး တကယ်ပဲ လေးစားမိပါတယ်” ကျော့ယန်က ယွမ်ကျန်းကို အံ့သြတကြီး ကြည့်နေတော့သည်။
ဤဆဋ္ဌမမင်းသားမှာ စစ်ရေးစစ်ရာတွင် အတော်လေး နှံ့စပ်နေသည်မှာ သိသာလှပေသည်။ အဘယ်ကြောင့် လူတွေက သူ့ကို အသုံးမကျသောသူဟု ပြောနေကြသနည်း။
“မမြှောက် ကြပါနဲ့” ယွမ်ကျန်းက ကျော့ယန်ကို ပြုံးကြည့်လိုက်ရင်း “စစ်သည် စုဆောင်းတဲ့ကိစ္စကို မင်းတို့ပဲ တာဝန်ယူလိုက်ကြတော့။ လစာကိုတော့ ပုံမှန်စစ်သည်တွေရဲ့ စံနှုန်းအတိုင်းပဲ ပေးလိုက်ပါ။ လူတွေကိုတော့ အမြန်ဆုံး ရအောင် စုဆောင်းပေးပါဦး” ဟု ညွှန်ကြားလိုက်လေသည်။
“စိတ်ချပါ မင်းသား” တုကွေ့ယွမ်က ရင်ဘတ်ကို ပုတ်ရင်း “သုံးရက်အတွင်းမှာ စစ်သည် ငါးရာ ပြည့်အောင် ကျွန်တော်မျိုးတို့ စုဆောင်းပေးပါ့မယ်” ဟု ဆိုလိုက်သည်။
“မှားနေပြီ” ယွမ်ကျန်းက ခေါင်းခါလိုက်၏။ “လေးရာ ကိုးဆယ့်ခုနစ်ယောက်ပဲ ဖြစ်ရမယ်။ မင်းတို့ သုံးယောက်အပါအဝင် ငါးရာပဲ ဖြစ်ရမယ်”
သတိထားရမည့် ကိစ္စများတွင်တော့ သတိထားရမည် မဟုတ်ပါလား။ သူတပါးကို အပြစ်ပြောစရာ အခွင့်အရေး မပေးသင့်ပေ။ တုကွေ့ယွမ်က သဘောပေါက်သွားပြီး အမြန်ပင် ခေါင်းညိတ်လိုက်လေသည်။
သူတို့ သံချပ်ကာများ သယ်ဆောင်သွားသည့် သတင်းမှာ ဧကရာဇ်ဝမ်ထံသို့ ရောက်ရှိသွားတော့သည်။
“သံချပ်ကာကို မယူဘဲ သားရေအင်္ကျီကိုပဲ ယူတယ် ဟုတ်လား”
ဧကရာဇ်ဝမ်မှာ အံ့အားသင့်သွားပြီးနောက် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိ၏။ “ဆဋ္ဌမကတော့ ကြောက်ရွံ့နေဆဲပါလား။ သူကတော့ လူတွေက သူ့ကို ပုန်ကန်ချင်စိတ် ရှိနေတယ်လို့ ပြောမှာကို အခုထိ ကြောက်နေတုန်းပဲ”