အခန်း (၄၇) ကိုယ်ပိုင်အခြွေအရံစစ်သည် စုဆောင်းခွင့်
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယွမ်ကျန်းသည် ထိုမေးခွန်းကို ဧကရာဇ်ဝမ်ထံသို့သာ ပြန်လည်လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်၏။
“သားတော်က ဘန်ဘူရဲ့မာန်မာနကို နှိမ်ချင်ရုံသက်သက်ပါ ခမည်းတော်။ ဆုလာဘ်ကိုတော့ မမျှော်လင့်ထားပါဘူး”
ယွမ်ကျန်းက ရိုးအအပုံစံမျိုးဖြင့် လျှောက်တင်လိုက်လေသည်။ ဧကရာဇ်ဝမ်က သူ့ကို တစ်ချက်ကြည့်ပြီးနောက် တိတ်ဆိတ်စွာ စဉ်းစားနေတော့သည်။
အတန်ကြာမှ ဧကရာဇ်ဝမ်သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရပြီး လေးနက်သောလေသံဖြင့် ဆိုလိုက်၏။ “ဒါဆိုရင်တော့ မင်းကို ကိုယ်ပိုင်အခြွေအရံစစ်သည် စုဆောင်းခွင့် ငါပေးမယ်”
ဝုန်း။
ဧကရာဇ်ဝမ်၏ စကားအဆုံးတွင် လူတိုင်း အံ့အားသင့်သွားကြရသည်။ ယွမ်ကျန်းမှာလည်း ဧကရာဇ်ဝမ်ကို ကြောင်စီစီဖြင့် ကြည့်နေမိပြီး စိတ်ထဲတွင်တော့ အံ့ဩဝမ်းသာဖြစ်နေပေသည်။
ကိုယ်ပိုင်အခြွေအရံစစ်သည် စုဆောင်းခွင့်။
ဒါက အိမ်ရှေ့မင်းသားနဲ့ မင်းသားကြီးတွေမှာပဲ ရှိတဲ့ အခွင့်အရေး မဟုတ်ပါလား။ ဤအဖိုးကြီးက သူ့ကို ဤအခွင့်အရေး ပေးလိုက်သည်မှာ အမှန်ပဲလား။
သေစမ်း။ ဒီအဖိုးကြီး တစ်ခုခုကို ရိပ်မိသွားလို့ ငါ့ကို စမ်းသပ်နေတာများလား။
ယွမ်ကျန်း၏ ဦးနှောက်မှာ အပြင်းအထန် အလုပ်လုပ်နေပြီး လက်ခံသင့်၊ မခံသင့်ကို စဉ်းစားနေတော့သည်။ ထိုအခွင့်အရေးကို သူအလိုချင်ဆုံး ဖြစ်သော်လည်း သူ၏ဖခင်က သူ့ကို ထောင်ချောက်ဆင်နေမည်ကိုတော့ သတိထားရပေမည်။ ဤခြေလှမ်းသာ မှားသွားလျှင် ခေါင်းပြတ်နိုင်သည် မဟုတ်ပါလား။
“ကြောက်နေတာလား”
ယွမ်ကျန်း ကြောင်စီစီဖြင့် ရပ်နေသည်ကို မြင်သည့်အခါ ဧကရာဇ်ဝမ်က စိတ်ထဲကနေ ခိုးပြုံးလိုက်မိသည်။
“ဒါ... ဒါက...”
ယွမ်ကျန်းသည် ခေါင်းကို အခါခါယမ်းကာ “ဒါက မသင့်တော်ပါဘူး ခမည်းတော်။ သားတော်က... ကိုယ်ပိုင်အခြွေအရံစစ်သည်တွေကို ဘယ်လိုမှ မစုဆောင်းဝံ့ပါဘူး။ သားတော်က စစ်သည်တွေကို ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာလည်း မသိပါဘူး” ဟု ဆိုလိုက်လေသည်။
“တော်စမ်း”
ဧကရာဇ်ဝမ်က ယွမ်ကျန်း၏စကားကို ဖြတ်ပြောလိုက်၏။ “မင်းက လူတွေက မင်းကို ပုန်ကန်တော့မယ်လို့ ပြောမှာ စိုးရိမ်နေတာ မဟုတ်လား”
ယွမ်ကျန်းမှာ ခေါင်းငုံ့ပြီး ဘာမှပြန်မပြောတော့ပေ။
“ငါ မင်းကို စစ်သည် အင်အား ငါးရာ စုဆောင်းခွင့် ပေးမယ်”
ဧကရာဇ်ဝမ်က ယွမ်ကျန်းကို အေးဆေးစွာ ကြည့်ရင်း “မင်းက ဒီစစ်သည် ငါးရာနဲ့ ပုန်ကန်တာ အောင်မြင်မယ်ဆိုရင်လည်း ငါက ဒီထီးနန်းကို မင်းကို စိတ်လိုလက်ရ ပေးအပ်လိုက်မယ်” ဟု ဆိုလိုက်လေသည်။
ယွမ်ကျန်းမှာ ခေါင်းငုံ့ထားဆဲဖြစ်ပြီး ဘာမှ ဝင်မပြောဘဲ နေလိုက်၏။
စစ်သည် ငါးရာလား။
နည်းတော့ နည်းပေမယ့် မရှိတာထက်တော့ အများကြီး တော်ပါသေးသည်။ စစ်သည် ငါးရာနဲ့ ပုန်ကန်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ကိုယ့်ရဲ့လုံခြုံရေးကို ကာကွယ်ဖို့အတွက်ကတော့ လုံလောက်လှပေသည်။
ယွမ်ကျန်း၏ ကြောက်ရွံ့နေပုံကို ကြည့်ပြီး ဧကရာဇ်ဝမ်က စိတ်ထဲကနေ ခေါင်းခါလိုက်မိကာ ကိုယ်ရံတော်များကို အမိန့်ပေးလိုက်လေသည်။ “တုကွေ့ယွမ်တို့ သုံးယောက်ကို ခေါ်လိုက်စမ်း”
မကြာခင်မှာပင် တုကွေ့ယွမ်တို့ သုံးဦး ရောက်ရှိလာခဲ့ကြသည်။
“ဧကရာဇ်မင်းကြီးကို ဂါရဝပြုပါတယ်”
သုံးဦးသားက အလျင်အမြန် ဂါရဝပြလိုက်၏။
“ဂါရဝပြုစရာ မလိုပါဘူး”
ဧကရာဇ်ဝမ်က လက်ယမ်းပြလိုက်ပြီး “မင်းတို့ သုံးယောက်ရဲ့ အရည်အချင်းနဲ့ဆိုရင် သာမန် ကိုယ်ရံတော် လုပ်နေရတာ တကယ်ကို နှမြောဖို့ ကောင်းတယ်။ ငါ ဆဋ္ဌမမင်းသားကို စစ်သည် ငါးရာ စုဆောင်းခွင့် ပေးလိုက်ပြီ။ အဲဒီ စစ်သည် ငါးရာကို မင်းတို့ သုံးယောက်ကပဲ သူ့အတွက် လေ့ကျင့်ပေးလိုက်ကြတော့” ဟု မိန့်ကြားလိုက်လေသည်။
“အမိန့်တော်အတိုင်းပါ ဘုရား”
သုံးဦးသားမှာလည်း အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် အမိန့်ကို လက်ခံလိုက်ကြသည်။
“ကဲ... ငါ လက်နက်ဝန်ကြီးဌာနကို အသိပေးခိုင်းလိုက်မယ်။ သံချပ်ကာနဲ့ လက်နက်တွေကိုတော့ မနက်ဖြန်ကျရင် မင်းရဲ့လူတွေကို လွှတ်ပြီး သွားယူခိုင်းလိုက်တော့” ဧကရာဇ်ဝမ်က ထရပ်လိုက်ပြီး ယွမ်ကျန်း၏ ပုခုံးကို ပုတ်ကာ “မှတ်ထားဦး။ စစ်သည် ငါးရာပဲ ရှိရမယ်။ တစ်ယောက်တောင် ပိုပြီး စုဆောင်းတာ မြင်ရင်တော့ ငါတို့ရဲ့ သားအဖသံယောဇဉ်ကို ငဲ့နေမှာ မဟုတ်ဘူး” ဟု သတိပေးလိုက်လေသည်။
ထို့နောက် ဧကရာဇ်ဝမ်သည် အပြင်သို့ ထွက်ခွာသွားတော့သည်။ ယွမ်ကျန်းက ကြောင်အသလို ခဏမျှ ရပ်နေပြီးမှ အနောက်သို့ ပြေးလိုက်သွား၏။ “ခမည်းတော်ကို လိုက်ပို့ပါ့မယ်”
ဧကရာဇ်ဝမ်က ခေါင်းညိတ်ပြသော်လည်း ဘာမှ မပြောပေ။ မြင်းရထားပေါ်သို့ ရောက်သည့်အခါမှ ဧကရာဇ်ဝမ်သည် လိုက်ကာကို ဖွင့်ပြီး ယွမ်ကျန်းကို ကြည့်လိုက်သည်။ “ငါက မင်း ပုန်ကန်မှာကို မကြောက်ဘူး။ မင်းမှာ အဲ့ဒီလို အရည်အချင်း မရှိဘူးဆိုတာကိုလည်း ငါ ယုံကြည်တယ်။ ငါ့ရဲ့ ရည်ရွယ်ချက်ကိုတော့ မင်းဘာသာမင်းပဲ စဉ်းစားကြည့်တော့”
ယွမ်ကျန်းက ခေါင်းညိတ်ပြပြီး ဧကရာဇ်ဝမ်ကို အိမ်ရှေ့မှနေ၍ ဂါရဝပြုကာ လိုက်ပို့လိုက်ပေသည်။ မြင်းရထားပေါ်တွင် ဧကရာဇ်ဝမ်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိ၏။ မီတာ အနည်းငယ်မျှ ဝေးသွားသည့်အခါ ဧကရာဇ်ဝမ်သည် လိုက်ကာကို ထပ်မံဖွင့်ပြီး အနောက်ကို လှည့်ကြည့်လိုက်ရာ ယွမ်ကျန်းမှာ ကြောင်အအပုံစံဖြင့် ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။
“အင်း...”
ဧကရာဇ်ဝမ်သည် တစ်ဦးတည်း ရေရွတ်လိုက်မိ၏။ “မင်းရဲ့ ဒီစစ်သည် ငါးရာကို ဘယ်တော့မှ အသုံးပြုစရာ မလိုပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပေါ့”
ဧကရာဇ်ဝမ်တို့အဖွဲ့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အခါမှ ယွမ်ကျန်းသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာတော့သည်။
ဤအဖိုးကြီးကတော့ သူ့ကို အကွက်ကြီးကြီး တစ်ခုခု လုပ်ခိုင်းတော့မည့် ပုံပင်။ ဧကရာဇ်ဝမ်၏ ဤလုပ်ရပ်ကြောင့် ယွမ်ကျန်းသည် ညစာစားသည့်အခါတွင်ပင် အရသာ မရှိတော့ပေ။ အနည်းငယ်မျှ စားသောက်ပြီးနောက် အခန်းသို့ ပြန်လာကာ အခြေအနေကို စဉ်းစားနေတော့သည်။
“ဒေါက် ဒေါက်...”
မကြာခင်မှာပင် အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။
“ဘယ်သူလဲ”
“ကျွန်မပါ”
ရဲ့ကျိ၏ အသံ ထွက်ပေါ်လာလေသည်။ ယွမ်ကျန်း ထရပ်လိုက်ပြီး တံခါးကို အမြန်ဖွင့်လိုက်၏။
“မင်းသားက ဘာဖြစ်လို့ စိတ်မကောင်း ဖြစ်နေရတာလဲ”
ရဲ့ကျိက အခန်းထဲသို့ ဝင်လာသည်နှင့် စူးစမ်းစွာ မေးမြန်းလိုက်သည်။ ယွမ်ကျန်းက သူမကို တစ်ချက် ကြည့်လိုက်ပြီး “မင်းကတော့ ငါ့ကို ဝမ်းသာသင့်တယ်လို့ ထင်နေတာလား” ဟု ပြန်မေးလိုက်၏။
“ဝမ်းသာသင့်တာပေါ့” ရဲ့ကျိက ခေါင်းညိတ်ပြသည်။ “ဒါက ဧကရာဇ်မင်းကြီးရဲ့ ထူးခြားတဲ့ မျက်နှာသာပေးမှုပဲ မဟုတ်လား”
မျက်နှာသာပေးမှု ဟုတ်လား။ ယွမ်ကျန်းက ခေါင်းခါရင်း ခါးသီးစွာ ပြုံးလိုက်သည်။ မျက်နှာသာပေးမှု ဆိုသည်မှာ ဟုတ်သော်လည်း လွန်လွန်ကဲကဲ ဖြစ်နေခြင်းပင်။ ဤအဖိုးကြီးက ဘာကြောင့် သူ့ကို အခုလို မျက်နှာသာပေးရသနည်းဆိုသည်ကို သူ စဉ်းစားမရဖြစ်နေပေသည်။
“ငါကတော့ အဲဒီ မျက်နှာသာပေးမှုကို မလိုချင်ဘူး”
ယွမ်ကျန်းက စိတ်ညစ်စွာဖြင့် ခေါင်းကို ပွတ်လိုက်လေသည်။ ယွမ်ကျန်း၏ စိတ်ပျက်နေသော ပုံစံကို ကြည့်ပြီး ရဲ့ကျိမှာ ဖိနပ်ကို ချွတ်၍ ယွမ်ကျန်း၏ မျက်နှာကို ရိုက်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
ကြည့်စမ်း။ ဒါက လူပြောရမယ့် စကားလား။ တခြားသူတွေသာ ကိုယ်ပိုင်အခြွေအရံစစ်သည် စုဆောင်းခွင့် ရမယ်ဆိုရင် ဝမ်းသာလွန်းလို့ ရူးသွားကြမှာ အသေအချာပင်။ သူကတော့ ဒီမှာ ထိုင်ပြီး စိတ်ညစ်နေတယ်။ စစ်သည် ငါးရာကို မကျွေးနိုင်မှာ စိုးရိမ်နေတာလား။
ယွမ်ကျန်းက ခေါင်းခါရင်း ရဲ့ကျိကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ “မင်းသာ ငါ့နေရာမှာဆိုရင် ဒီစစ်သည် ငါးရာကို ရွေးမလား ဒါမှမဟုတ် မြောက်ပိုင်းနယ်စပ်ကို သွားဖို့ပဲ ရွေးမလား”
ဟင်။
ရဲ့ကျိ၏ စိတ်ထဲတွင် လှုပ်ခတ်သွားပြီး အံ့ဩတကြီး မေးလိုက်သည်။ “မင်းသား ပြောချင်တာက ဧကရာဇ်မင်းကြီးက မင်းသားကို မြောက်ပိုင်းနယ်စပ်ကို မသွားစေချင်တော့ဘူးလို့ ဆိုလိုတာလား”
ယွမ်ကျန်းက သူမကို ကြည့်လိုက်ပြီး “ငါ့ကို မြောက်ပိုင်းနယ်စပ်ကို သွားစေချင်ရင် စစ်သည် ငါးရာ ငါ့ကို ဘာအတွက် ပေးမှာလဲ” ဟု ဆိုလိုက်သည်။
သူ အရင်ကတော့ စိတ်ထဲတွင် ဝမ်းသာနေခဲ့၏။ သို့သော် အခြေအနေကို သေချာ စဉ်းစားကြည့်သည့်အခါတွင်တော့ ဤစစ်သည် ငါးရာမှာ သူ့အတွက် တကယ်ပင် အသုံးမဝင်တော့ပေ။ သူက မြောက်ပိုင်းနယ်စပ်သို့ သွားပြီး စစ်အာဏာကို ရယူချင်နေသည့်သူ မဟုတ်ပါလား။ စစ်သည် ငါးရာကို သူက ဘာလုပ်ရမှာလဲ။
“ဒါ... ဒါဆိုရင်တော့ နည်းနည်း ခက်သွားပြီပေါ့”
အခုမှ ရဲ့ကျိမှာလည်း စတင်ပြီး စိတ်ညစ်သွားတော့သည်။ ယွမ်ကျန်းကို မြို့တော်မှာပဲ ထားမယ်ဆိုရင် စစ်သည် ငါးရာက ဘာအတွက် သုံးစားရမှာလဲ။ သူက ဒီစစ်သည် ငါးရာနဲ့ ပုန်ကန်တာ အောင်မြင်နိုင်မှာမို့လို့လား။ မြို့တော်မှာပဲ ရှိနေမယ်ဆိုရင် ယွမ်ကျန်းအနေနှင့် ဘယ်တော့မှ လက်ရဲဇက်ရဲ လုပ်နိုင်မှာ မဟုတ်ပေ။
“တကယ်ကို ခက်တာပဲ”
ယွမ်ကျန်းက စိတ်ညစ်စွာဖြင့် ခေါင်းကို ပွတ်နေပြန်သည်။ အောင်မြင်မှု ရတာကတောင် ဘေးဒုက္ခ ဖြစ်လာရသလား။
ရဲ့ကျိက ခဏမျှ စဉ်းစားပြီးနောက် “ဧကရာဇ်မင်းကြီးက မင်းသား မြောက်ပိုင်းနယ်စပ်ကို သွားတဲ့အခါ မင်းသားရဲ့ ဘေးကင်းရေးကို ကာကွယ်ပေးဖို့ ဒီစစ်သည် ငါးရာကို ပေးလိုက်တာမျိုး မဖြစ်နိုင်ဘူးလား” ဟု မေးလိုက်သည်။
“မင်းကတော့ တကယ်ကို ရိုးအတာပဲ”
ယွမ်ကျန်းက သူမကို ကြည့်လိုက်ပြီး “ခမည်းတော်ကသာ အဲဒီလို ရည်ရွယ်ချက် ရှိမယ်ဆိုရင် မြို့တော် ကိုယ်ရံတော်တပ်ဖွဲ့ထဲကနေ လူတွေကို ထုတ်ပေးလိုက်မှာပေါ့။ ဘာလို့ ငါ့ကို ကိုယ်တိုင် စုဆောင်းခိုင်းရတာလဲ။ ငါက အဲဒီစစ်သည်တွေကို လေ့ကျင့်ပေးပြီးမှ မြောက်ပိုင်းနယ်စပ်ကို သွားမယ်ဆိုရင်တော့ အချိန်တွေ အကုန်လွန်ကုန်မှာပေါ့” ဟု ဆိုလိုက်လေသည်။
“ဒါ... ဒါလည်း ဟုတ်တာပဲ”
ရဲ့ကျိမှာ ဆွံ့အသွားရတော့သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက “ဒါဆိုရင် မင်းသား ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ” ဟု မေးမြန်းလိုက်၏။
“ဘာလုပ်ရမှာလဲ”
ယွမ်ကျန်းက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး “စစ်သည်တွေကို အရင် စုဆောင်းရမှာပေါ့။ ငါတော့ အကွက်ကြီး တစ်ခုခု ချရတော့မယ်” ဟု ဆိုလိုက်လေသည်။
ဤမျှလောက်အထိ ကြီးမားလှသော ဖခင်မေတ္တာကို သူတကယ်ပင် မခံနိုင်တော့ပေ။
“အ... အကွက်ကြီး ဟုတ်လား”
ရဲ့ကျိက ခေါင်းလေးကို စောင်းပြီး သူ့ကို နားမလည်သလို ကြည့်နေတော့သည်။
“ဒါကိုတော့ မင်း လောလောဆယ် မသိလည်း ရပါတယ်။ ခမည်းတော်က ငါ့ကို ကိုယ်ပိုင်အခြွေအရံစစ်သည် စုဆောင်းခွင့် ပေးထားမှတော့ ငါ အသုံးချရမှာပေါ့။ မနက်ဖြန်ကျရင် မင်း ငါ့အတွက် စစ်သည်တွေကို ထားဖို့နဲ့ လေ့ကျင့်ပေးဖို့ နေရာတစ်ခုလောက် အိမ်တော်အနီးအနားမှာ အရင်ရှာပေးပါ။ လိုအပ်ချက်တွေကိုတော့ ငါ မင်းကို ထပ်ပြောနေစရာ မလိုတော့ဘူး မဟုတ်လား”
“သိပါပြီ။ တပ်စွဲထားလို့ ရရုံတင်မကဘဲ စစ်ရေးလေ့ကျင့်ဖို့ ကွင်းပြင်လည်း ပါရမယ် မဟုတ်လား” ရဲ့ကျိက ခဏမျှ စဉ်းစားပြီးနောက် “အဲ့ဒီ့လို နေရာမျိုး ရှာဖို့ကတော့ လွယ်ပါတယ်။ ဒါပေမဲ့ အိမ်တော်အနီးအနားမှာ ရှာဖို့ကတော့ သိပ်မလွယ်ဘူး” ဟု ဆိုလိုက်ပေသည်။
အမှန်တကယ်တော့ ယွမ်ကျန်း၏ အိမ်တော်မှာ စစ်သည် ငါးရာလောက် နေဖို့ဆိုလျှင် တိုးဝှေ့ပြီး နေလျှင်တော့ ရနိုင်ပေသည်။ သို့သော် စစ်ရေးလေ့ကျင့်ရန် အတွက်ဆိုလျှင်တော့ မဖြစ်နိုင်ပေ။ အထူးသဖြင့် မြင်းစီးပြီး မြှားပစ် လေ့ကျင့်ဖို့အတွက် နေရာကျဉ်းကျဉ်းလေးမှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
“အရင်ဆုံး ရှာကြည့်လိုက်ပါဦး။ ရှာမရမှပဲ တခြားနည်းလမ်း စဉ်းစားတာပေါ့”
ယွမ်ကျန်းက ခေါင်းကို ပွတ်လိုက်ရင်း စိတ်ထဲတွင်တော့ အတော်လေးကို စိတ်ပျက်နေမိလေတော့သည်။