အခန်း (၄၆) စိတ်မကောင်းမဖြစ်ပါနဲ့တော့ ဟုတ်လား
စိတ်မကောင်းမဖြစ်ပါနဲ့တော့……
ယွမ်လိ၏ ရုတ်တရက်ထွက်ပေါ်လာသော ဤစကားတစ်ခွန်းကြောင့် ဧကရာဇ်ဝမ်နှင့် မူရွှန့်တို့မှာ မှင်သက်သွားကြကုန်၏။ မြေပြင်တွင် ဒူးထောက်နေဆဲဖြစ်သော တုကွေ့ယွမ်တို့ သုံးဦးမှာလည်း အံ့အားသင့်သွားကြရသည်။ ဧကရာဇ်ဝမ်၏ရှေ့မှောက်တွင် မည်သည့်လူမိုက်က လာရောက်အော်ဟစ်နေသနည်းဟု မော့ကြည့်ချင်သော်လည်း မဝံ့ရဲကြပေ။
ဧကရာဇ်ဝမ်သည် ယိုင်တိယိုင်တိုင်နှင့် ပြေးလာသော ယွမ်လိကို ကြည့်ရင်း မျက်နှာတစ်ခုလုံး တုန်ယင်နေတော့သည်။ မူရွှန့်မှာတော့ အခြေအနေမကောင်းမှန်း သိလိုက်သဖြင့် ယွမ်လိကို မျက်ရိပ်ပြပြီး သတိပေးသော်လည်း ယွမ်လိမှာ ဧကရာဇ်ဝမ်၏အနားသို့ရောက်ရန်သာ အာရုံရောက်နေသဖြင့် ထိုမျက်ရိပ်ကို မမြင်လိုက်ပေ။
ယွမ်လိမှာ ဘာမှမသိသေးဘဲ ဧကရာဇ်ဝမ်က သူ့ကို စိုက်ကြည့်နေသည်မှာ ဝမ်းနည်းလွန်းသဖြင့် မှင်သက်နေခြင်းဖြစ်သည်ဟုပင် ထင်မှတ်နေ၏။ နောက်ဆုံးတွင် ယွမ်လိမှာ ဧကရာဇ်ဝမ်၏အနားသို့ ရောက်ရှိလာပြီး မျက်ရည်ကို အတင်းညှစ်ထုတ်ကာ ငိုကြွေးလိုက်လေသည်။ “ခမည်းတော်။ ဆဋ္ဌမညီလေးက ဘေးဒုက္ခနဲ့ ကြုံခဲ့ရတာကို ကျွန်တော်မျိုးတို့အားလုံး စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ ခမည်းတော်က နိုင်ငံတစ်ခုလုံးရဲ့ အရှင်သခင်ဖြစ်တာကြောင့် ကိုယ်ရဲ့ ကျန်းမာရေးကိုတော့ ဂရုစိုက်ပေးပါဦး ဘုရား”
ယွမ်လိ၏စကားကို ကြားလိုက်ရသည့်အခါ တုကွေ့ယွမ်တို့ သုံးဦးမှာ ကြောင်အသွားကြရသည်။ ဤတတိယမင်းသားကတော့ တကယ်ကို ရူးနေပြီဖြစ်၏။ ဆဋ္ဌမမင်းသားမှာ ကောင်းကောင်းမွန်မွန်ရှိနေပြီး ဧကရာဇ်ဝမ်ကိုယ်တိုင်လည်း ပျော်ရွှင်နေပါလျက်နှင့် သူက ဘာကြောင့် ရုတ်တရက်ပြေးလာပြီး စိတ်မကောင်းမဖြစ်ပါနဲ့ဟု လာပြောနေရသနည်း။
မူရွှန့်မှာလည်း ယွမ်လိကို ကြည့်ရင်း အားမလိုအားမရ ဖြစ်နေတော့သည်။ သတိပေးချင်သော်လည်း ဧကရာဇ်ဝမ်၏ မျက်နှာမှာ ပျက်ယွင်းနေပြီဖြစ်သဖြင့် စကားမပြောဝံ့တော့ပေ။
“ခမည်းတော်။ တစ်ခုခု မိန့်ပါဦး ဘုရား။ သားတော်ကို စိတ်ပူအောင် မလုပ်ပါနဲ့”
ယွမ်လိမှာ စိုးရိမ်တကြီးဟန်ဖြင့် ဆက်လက်ငိုကြွေးနေဆဲပင် ဖြစ်၏။ တစ်ခုခု မိန့်ရမည်လား။ ဧကရာဇ်ဝမ်၏ မျက်နှာမှာ ပို၍ပင် တုန်ယင်လာပြီး ဒေါသများက ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
ငါ အခု မိန့်တော့မယ်။
ဒေါသအရှိန်ကြောင့် ဧကရာဇ်ဝမ်သည် ယွမ်လိ၏ပါးကို အားကုန်လွှဲရိုက်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။ “မိုက်မဲတဲ့ကောင်။ မင်းက ဆဋ္ဌမကို သေစေချင်နေတာလား”
ဧကရာဇ်ဝမ်၏ အားပါသော ပါးရိုက်ချက်ကြောင့် ယွမ်လိမှာ မျက်စိထဲတွင် ကြယ်တွေ လွင့်သွားတော့သည်။ ယွမ်လိသည် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားပြီးမှ “ခမည်းတော်။ သားတော်ကလည်း ညီလေးကို အခုလို ဖြစ်စေချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သေတဲ့လူက ပြန်မရှင်နိုင်တော့တာမို့ ခမည်းတော် စိတ်မထိခိုက်ပါနဲ့တော့” ဟု အော်ဟစ်ပြန်သည်။
ယွမ်လိ၏ စကားပင် မဆုံးသေးမီမှာပင် အိမ်ထဲမှ အသံကြားသဖြင့် ယွမ်ကျန်း ပြေးထွက်လာလေသည်။ ယွမ်လိ၏ အသံမှာ ရုတ်ချည်း တိတ်ဆိတ်သွားပြီး ယွမ်ကျန်းကို ကြောင်စီစီဖြင့် စိုက်ကြည့်နေတော့သည်။
ဆဋ္ဌမ မသေသေးဘူးလား။ သေစမ်း။ ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဆဋ္ဌမက အသက်ရှင်နေပါလျက်နှင့် ခမည်းတော်က ဘာကြောင့် မီးအိမ်တွေ လဲခိုင်းရသနည်း။ ယွမ်လိမှာတော့ လုံးဝပင် ကြောင်အသွားရတော့သည်။ ခမည်းတော်၏ ပါးရိုက်ချက်က ဘာကြောင့် သူ့အပေါ်သို့ ကျရောက်လာသနည်းဆိုသည်ကိုလည်း အခုမှ နားလည်သွားတော့သည်။
ဘာလုပ်ရမည်နည်း။ အခု ဘာဆက်လုပ်ရမည်နည်း။ ယွမ်လိ၏ ဦးနှောက်မှာ အပြင်းအထန် အလုပ်လုပ်နေပြီး အခြေအနေကို ပြန်လည် ထိန်းသိမ်းရန် ကြိုးစားတော့သည်။ တုန်တုန်ယင်ယင် ဖြစ်နေသော ယွမ်လိကို ကြည့်ပြီး ဧကရာဇ်ဝမ်က ဒေါသတကြီး အော်ဟစ်လိုက်ပြန်သည်။ “ဆဋ္ဌမက သေရာကနေ ပြန်ရှင်လာပြီ။ မင်း သူ့အတွက် တရားနာပေးဖို့ လူသွားခေါ်ချင်သေးလား”
ယွမ်ကျန်းကတော့ ရယ်ချင်စိတ်ကို အတင်းအောင့်ထားရပေသည်။ ဤအကောင်ကတော့ တကယ်ကို မိုက်မဲလှ၏။ သူ မသေသေးပါဘဲနဲ့ ငိုချင်းလာချနေသည်မှာ တကယ်ပင် ရယ်စရာကောင်းလှပေသည်။
“သားတော်... သားတော်...”
ယွမ်လိမှာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဘာပြောရမှန်းမသိဘဲ ကြောက်ရွံ့နေတော့သည်။ ဧကရာဇ်ဝမ်မှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် ပြင်းထန်နေ၏။ အတန်ကြာမှ မျက်နှာထား တင်းတင်းမာမာဖြင့် အမိန့်ချလိုက်လေသည်။ “အခုချက်ချင်း ဘုရားကျောင်းကိုသွားပြီး ဒူးထောက်နေစမ်း။ ညဘက်လည်း အဲဒီမှာပဲ ဒူးထောက်နေရမယ်”
“သားတော်... အမိန့်တော်အတိုင်းပါ ဘုရား”
ယွမ်လိသည် တုန်တုန်ယင်ယင်ဖြင့် ထရပ်ပြီး ဦးညွှတ်ကာ အိမ်တော်ထဲမှ ပြန်လည်ထွက်ခွာသွားတော့သည်။ ယွမ်ကျန်း၏ အိမ်တော်မှ ထွက်လာသည့်အခါ ယွမ်လိမှာ ဒေါသထွက်လွန်းသဖြင့် သွေးပင် အန်ချင်သွားတော့သည်။ ညကြီးမင်းကြီး လာရောက်ခဲ့သည်မှာ ပါးတစ်ချက် အရိုက်ခံရဖို့အတွက်သာ ဖြစ်ခဲ့ရ၏။ အရင်က နေ့ဘက်ပဲ ဒူးထောက်ရသော်လည်း အခုတော့ ညဘက်ပါ ဒူးထောက်ရတော့မည် ဖြစ်ပေသည်။ ဒါတွေအားလုံးမှာ ရှိစစ်ဖူ၏ အကြံအမှားတွေကြောင့်သာ ဖြစ်သည်ဟု ယွမ်လိက စိတ်ထဲကနေ ကျိန်ဆဲနေတော့သည်။
အိမ်တော်အတွင်း၌ ယွမ်လိကို နှင်ထုတ်ပြီးနောက်တွင်ပင် ဧကရာဇ်ဝမ်မှာ ဒေါသ မပြေသေးပေ။ မူရွှန့်နှင့် ယွမ်ကျန်းတို့က အတန်ကြာ ချော့မော့မှသာ ဧကရာဇ်ဝမ် စိတ်ပြန်ငြိမ်သွားတော့သည်။ တုကွေ့ယွမ်တို့ သုံးဦးကို ပြန်လွှတ်လိုက်ပြီးနောက် ဧကရာဇ်ဝမ်သည် မူရွှန့်၏ အကူအညီဖြင့် အိမ်ထဲသို့ ဝင်လာခဲ့၏။ ထိုအချိန်တွင် စားပွဲပေါ်၌ ဟင်းပွဲအချို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ဧကရာဇ်ဝမ်က ထိုင်လိုက်ပြီးနောက် ဘယ်သူ့ကိုမှ အရက်ငှဲ့မခိုင်းတော့ဘဲ အရက်အိုးကို ယူကာ မော့သောက်လိုက်လေသည်။
“အရှင်မင်းကြီး။ ကျန်းမာရေး ဂရုစိုက်ပါဦး ဘုရား” မူရွှန့်က စိုးရိမ်တကြီး သတိပေးလေသည်။
“ဂရုစိုက်စရာ မလိုဘူး” ဧကရာဇ်ဝမ်၏ ဒေါသက ပြန်တက်လာပြီး လက်ထဲက အရက်အိုးကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်၏။ “ငါ့ကို ဒီမိုက်မဲတဲ့ သားက ဒေါသထွက်အောင် လုပ်ပြီး သတ်နေတာပဲ”
ဧကရာဇ်ဝမ် ဒေါသထွက်နေသဖြင့် လူတိုင်းမှာ ငြိမ်သက်သွားကြကုန်၏။ မူရွှန့်က အစေခံများကို မျက်ရိပ်ပြပြီး မြေပြင်ပေါ်ရှိ အစအနများကို ရှင်းလင်းခိုင်းလိုက်ရသည်။
“အရှင်မင်းကြီး စိတ်လျှော့ပါဦး” မူရွှန့်က အသာအယာ ပြုံးရင်း ချော့မော့လိုက်သည်။ “တတိယမင်းသားကလည်း သတင်းကြားကြားချင်း ဆဋ္ဌမမင်းသား ရှုံးသွားပြီထင်ပြီး အရှင်မင်းကြီး စိတ်မကောင်းဖြစ်မှာစိုးလို့ လာရောက်နှစ်သိမ့်တာ ဖြစ်မှာပါ”
မူရွှန့်က ယွမ်လိဘက်ကနေ ကာကွယ်ပြောပေးနေသည်ကို မြင်သည့်အခါ ယွမ်ကျန်းက စိတ်ထဲကနေ သံသယဖြစ်သွားမိသည်။ ဤလူကတတိယ မင်းသား၏ လူများ ဖြစ်နေသလား။ ဧကရာဇ်ဝမ်က မျက်နှာထား တင်းတင်းမာမာဖြင့် မေးမြန်းလိုက်လေသည်။ “ဘယ်သူက ဆဋ္ဌမ ရှုံးသွားပြီလို့ သတင်းမှား လွှင့်လိုက်တာလဲ”
ဧကရာဇ်ဝမ်၏ စကားကြောင့် အိမ်တော်ထိန်းမှာ တုန်လှုပ်သွားပြီး ဒူးထောက်လိုက်ရသည်။ “အရှင်မင်းကြီး။ ကျွန်တော်မျိုးက ဆဋ္ဌမမင်းသား ရှုံးသွားပြီထင်လို့ စိတ်ပူသွားပြီးတော့...”
“ဒီလောက်ကိစ္စလေးကိုတောင် မှားအောင် လုပ်ရသလား။ မင်းကို ဘာအတွက် သုံးစားရမှာလဲ” ဧကရာဇ်ဝမ်က စိတ်မရှည်သလို လက်ယမ်းပြလိုက်၏။ “သူ့ကို ခေါ်သွားပြီး ကြိမ်ဒဏ် အချက်သုံးဆယ် ပေးစမ်း။ ပြီးရင် အိမ်တော်ကနေ နှင်ထုတ်လိုက်တော့”
ယွမ်ကျန်းသည် စိတ်ထဲတွင် ဝမ်းသာသွားသော်လည်း အပြင်ပန်းတွင်တော့ ဟန်ဆောင်ကာ တားမြစ်ပေးလိုက်သည်။ “ခမည်းတော်။ အိမ်တော်ထိန်းကလည်း သားတော်ရဲ့ ဘေးကင်းရေးကို စိတ်ပူလွန်းလို့ပါ...”
ယွမ်ကျန်း၏ စကားပင် မဆုံးသေးမီ ဧကရာဇ်ဝမ်က စိုက်ကြည့်လိုက်သဖြင့် ယွမ်ကျန်းက စကားရပ်လိုက်ရပေသည်။ စိတ်ထဲတွင်တော့ တကယ်ပင် ဝမ်းသာနေမိ၏။ ဧကရာဇ်ဝမ် သူ၏ဘေးတွင် ထားထားသော သူလျှိုတစ်ဦးကို ဖယ်ရှားပစ်နိုင်လိုက်ပြီ မဟုတ်ပါလား။ ရိုက်စမ်းပါ။ သေအောင်သာ ရိုက်လိုက်စမ်းပါ။
မကြာခင်မှာပင် အိမ်တော်ထိန်းကို ကိုယ်ရံတော်များက ဆွဲခေါ်သွားပြီးနောက် အပြင်ဘက်မှ အိမ်တော်ထိန်း၏ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ဧကရာဇ်ဝမ်မှာ ဒေါသအနည်းငယ် ပြေသွားသော်လည်း စားသောက်ချင်စိတ် မရှိတော့ပေ။ ထို့ကြောင့် ယွမ်ကျန်းအား လောင်းကြေးအကြောင်းကိုသာ ပြောပြခိုင်းတော့သည်။
ယွမ်ကျန်းက အဖြစ်အပျက်များကို အမှန်အတိုင်း ပြောပြလိုက်ပြီး တွက်ချက်ထားသည့် စာရွက်ကိုလည်း ရှာဖွေပြသလိုက်၏။ ဧကရာဇ်ဝမ်သည် တွက်ချက်ပုံများကို နားမလည်သော်လည်း အဖြေမှန်မမှန်ကိုတော့ သိရှိပေသည်။ အတန်ကြာ ကြည့်ရှုပြီးနောက် ဧကရာဇ်ဝမ်က ခေါင်းညိတ်လိုက်လေသည်။ “ပုစ္ဆာလေး တစ်ပုဒ်ထဲမှာတောင် အဖြေတွေ အများကြီးရှိတာပဲ။ ဒီဘန်ဘူက တကယ်ကို လည်တဲ့လူပဲ”
ယွမ်ကျန်းက ပြုံးလိုက်ပြီး “သူက ပညာကို အပေါ်ယံလောက်ပဲ သိတာပါ။ အပေါ်ယံတောင် မရောက်သေးဘူးလို့ ပြောလို့ရပါတယ်” ဟု ဆိုလိုက်သည်။
ဧကရာဇ်ဝမ်က ယွမ်ကျန်းကို ကြည့်ပြီး “ဒီတွက်ချက်နည်းက မင်း အမတ်မင်းကျန်းဆီကို ပေးလိုက်တဲ့ စာရွက်ထဲမှာ ပါသလား” ဟု မေးမြန်းလိုက်၏။
“ပါပါတယ်” ယွမ်ကျန်းက ခေါင်းညိတ်ပြသည်။ “ဒီထက် ပိုပြီး ခက်ခဲတဲ့ နည်းလမ်းတွေတောင် ပါပါသေးတယ်”
ဒါဆိုရင်တော့ ဟုတ်ပြီ။ ဧကရာဇ်ဝမ်က ထိုစာရွက်ကို မူရွှန့်အား သိမ်းဆည်းခိုင်းလိုက်ပြီးနောက် ယွမ်ကျန်းကို စိုက်ကြည့်လိုက်ပြန်သည်။ “နောက်တစ်ခါ အသက်ကို လောင်းကြေးမထပ်နဲ့တော့။ မင်း ထပ်လုပ်ဦးမယ်ဆိုရင် ငါကိုယ်တိုင် မင်းကို အဆိပ်ရည် တိုက်လိုက်မယ်။ အနည်းဆုံးတော့ မင်းရဲ့ အလောင်းကို အကောင်းပကတိ ကျန်နေအောင်လို့ပေါ့”
ယွမ်ကျန်းက ရယ်မောရင်း ကတိပေးလိုက်ရပေသည်။ ထို့နောက် ဧကရာဇ်ဝမ်က အခြားသော ကိစ္စများကို ဆက်လက်မေးမြန်းလေသည်။ ဘန်ဘူက လူအများရှေ့တွင် မိမိပါးကို မိမိပြန်ရိုက်ခဲ့ပြီး ယွမ်ကျန်းကို ဆရာအဖြစ် ဂါရဝပြုခဲ့သည်ကို သိလိုက်ရသည့်အခါ ဧကရာဇ်ဝမ်မှာ အားရပါးရ ရယ်မောတော့သည်။ ဘန်ဘူ သွေးအန်သွားသည့် အကြောင်းကို သိလိုက်ရသည့်အခါတွင်လည်း ပို၍ပင် ဝမ်းသာသွားတော့သည်။
ဧကရာဇ်ဝမ်က ပြုံးရွှင်စွာဖြင့် ဆိုလိုက်လေသည်။ “မင်းက ဒီနေ့ညမှာ ငါတို့အတွက် စစ်မြင်းတွေ အများကြီး ရအောင် လုပ်ပေးရုံတင်မကဘဲ ငါ့အတွက်လည်း ဒေါသတွေကို ဖြေဖျောက်ပေးလိုက်တာပဲ။ ပြောစမ်းပါဦး။ မင်း ဘာဆုလာဘ် လိုချင်သလဲ”
ဆုလာဘ် ဟုတ်လား။ ယွမ်ကျန်းမှာ ခဏမျှ ကြောင်အသွားပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။ ဧကရာဇ်ဝမ်၏ ဤမေးခွန်းက သူ့အတွက် တကယ်ပင် ခက်ခဲလှပေသည်။ စစ်အာဏာကို သူလိုချင်သော်လည်း တောင်းဆို၍ မဖြစ်နိုင်ပေ။ အခြားသော ဆုလာဘ်များကိုလည်း သူ သိပ်ပြီး စိတ်ဝင်စားမှု မရှိလှပေ။