အခန်း (၄၅) မီးအိမ်လဲခြင်း
ဧကရာဇ်ဝမ်သည် ယွမ်ကျန်း၏ အိမ်တော်သို့ သွားရန် ပြင်ဆင်နေသဖြင့် ယွမ်ကျန်းအနေနှင့်လည်း တားဆီးရန် မဖြစ်နိုင်ပေ။ ကင်းလှည့်တပ်မှူးကို မြင်းများအား ရှန်ဝူတပ်ဖွဲ့ထံ ပို့ဆောင်ခိုင်းလိုက်ပြီးနောက် စိတ်ကြည်လင်နေသည့် ဧကရာဇ်ဝမ်သည် ယွမ်ကျန်း၏ အိမ်တော်သို့ ကြွချီရန် ပြင်ဆင်တော့သည်။
ဝမ်းသာနေသည့်ကြားမှ ဧကရာဇ်ဝမ်မှာ တစ်ဖန် ပြန်လည်စဉ်းစားရခက်နေ၏။ ဆဋ္ဌမမင်းသားကို ဘာဆုလာဘ် ပေးလျှင် ကောင်းမည်နည်း။ ဆဋ္ဌမမင်းသားထံမှ စစ်မြင်းကောင်း ရာနှင့်ချီ၍ သိမ်းယူခဲ့ပြီးနောက် ဘာဆုမှ မပေးလျှင်လည်း မသင့်တော်သလို ဖြစ်နေပေသည်။ သို့သော်လည်း အရင်က အောင်မြင်မှုများအတွက် ဆုလာဘ်များပင် မပေးရသေးမီ ယခုတစ်ဖန် အောင်မြင်မှု အသစ်ကို ထပ်မံရရှိလိုက်ပြန်ရာ ဧကရာဇ်ဝမ်မှာ အချိန်တိုအတွင်း မည်သို့ဆုချရမည်ကို မသိတော့ပေ။
ဧကရာဇ်ဝမ် စဉ်းစားရခက်နေစဉ်မှာပင် မူရွှန့်က အနားသို့ ရောက်လာပြီး မြင်းရထားလိုက်ကာအပြင်ဘက်မှနေ၍ သတင်းလာပို့လေသည်။ “အရှင်မင်းကြီး။ ခုနက သံတမန်ဆောင်က လူလွှတ်ပြီး သတင်းပို့ပါတယ် ဆဋ္ဌမမင်းသားက ဘန်ဘူကို သွေးအန်အောင်အထိ ဒေါသဆွလိုက်တယ်လို့ ဆိုပါတယ် သမားတော် လွှတ်ပေးဖို့ လိုမလားလို့ မေးနေပါတယ်”
“ဘာ”
ဧကရာဇ်ဝမ်က လိုက်ကာကို ဆတ်ခနဲ ဖွင့်လိုက်၏။ “ငါ့သားက ဘန်ဘူအဖိုးကြီး သွေးအန်သွားတဲ့အထိ ဒေါသဆွနိုင်တယ် ဟုတ်လား”
“မှန်ပါတယ်” ဟု မူရွှန့်က ခေါင်းညိတ်ပြသည်။
“မြန်မြန်ပြောစမ်း။ ဘာတွေဖြစ်ခဲ့တာလဲ ငါလည်း ဝမ်းသာရအောင်လို့”
ဧကရာဇ်ဝမ်သည် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး မျက်နှာထက်တွင် အပြုံးများ ဝေဆာသွားတော့သည်။ အရင်တိုက်ပွဲတုန်းက သူကိုယ်တိုင်လည်း ဒေါသထွက်ပြီး သွေးအန်ခဲ့ဖူး၏။ ယနေ့တွင်တော့ သူ၏သားက သူ့အတွက် ကလဲ့စားချေပေးလိုက်ပြီပင် ဖြစ်ပေသည်။ ဧကရာဇ်ဝမ်၏ ပျော်ရွှင်နေပုံကို ကြည့်ပြီး မူရွှန့်မှာ ဆွံ့အသွားရသည်။ ကြည့်ရသည်မှာ သမားတော် လွှတ်ပေးရန် မလိုတော့သည့်ပုံပင်။
“အသေးစိတ်အခြေအနေကိုတော့ ကျွန်တော်မျိုးလည်း မသိပါဘူး” မူရွှန့်က ပြုံးရင်း ဆိုလိုက်သည်။ “ကျွန်တော်မျိုး လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ရမလား”
“မလိုပါဘူး။ နောက်မှ မင်းသားကိုပဲ မေးတော့မယ်” ဧကရာဇ်ဝမ်က လက်ယမ်းပြလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ စဉ်းစားပြန်သည်။ “မူရွှန့်။ ငါ့သားက ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို အောင်မြင်မှုတွေ ရနေတာ။ မင်းပဲ အကြံပေးစမ်းပါဦး ငါ သူ့ကို ဘာဆုချရင် ကောင်းမလဲ”
“ကျွန်တော်မျိုး မသိပါဘူး ဘုရား” ဟု မူရွှန့်က ချက်ချင်း ပြန်ဖြေလိုက်၏။ ဤကဲ့သို့သော ကိစ္စရပ်များကို သူကဲ့သို့သူမျိုးက ဝင်မပြောရဲပေ။
ဧကရာဇ်ဝမ်က မူရွှန့်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး “ငါပြောခိုင်းရင် ပြောစမ်းပါ” ဟု ဆိုလိုက်သည်။
မူရွှန့်က အတန်ကြာ စဉ်းစားပြီးမှ “ဆဋ္ဌမမင်းသားရဲ့ လက်ထပ်ပွဲကလည်း နီးနေပြီဆိုတော့ အရှင်မင်းကြီးအနေနဲ့ ရွှေငွေရတနာတွေ ဆုချရင်ရော ဘယ်လိုနေမလဲ” ဟု စမ်းသပ်မေးမြန်းလိုက်ပေသည်။
“အပိုတွေပြောနေပြန်ပြီ” ဧကရာဇ်ဝမ်က မကျေမနပ် ဖြစ်သွားသည်။ “ရွှေငွေရတနာတွေကတော့ ဆုချမှာပဲ။ ဒါပေမဲ့ ဘယ်လောက်အထိ ဆုချရမှာလဲ။ သူ့ရဲ့ အောင်မြင်မှုနဲ့ဆိုရင် ရွှေတုံးပေါင်း တစ်သိန်း ပေးရင်တောင် နည်းနေဦးမှာ။ ဒါပေမဲ့ အဲဒီလောက်အထိ အများကြီး ပေးလိုက်ရရင်လည်း ငါကိုယ်တိုင် နှမြောနေမှာ အမှန်ပဲ”
ယွမ်ကျန်း၏ အောင်မြင်မှုကို အနည်းငယ်မျှ ကြည့်မည်ဆိုလျှင် ဧကရာဇ်နှင့် အင်ပါယာ၏ မျက်နှာကို ဆယ်တင်ပေးခဲ့ခြင်းဖြစ်ပြီး ရှားပါးသည့် စစ်မြင်းများကိုလည်း ရရှိအောင် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်၏။ အကျယ်ချဲ့၍ ကြည့်မည်ဆိုရင်တော့ ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည်ရရှိစေပြီး အင်ပါယာကြီးကိုလည်း ဘေးဒုက္ခထဲမှ ကယ်တင်ပေးခဲ့ခြင်းပင် ဖြစ်ပေသည်။ ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို ရွှေငွေရတနာလောက်နှင့် ဆုချရမည်မှာ ဧကရာဇ်ကိုယ်တိုင်လည်း မသင့်တော်ဟု ယူဆနေမိသည်။
မူရွှန့်က ထပ်မံစဉ်းစားပြီး “ဒါဆိုရင် ဆဋ္ဌမမင်းသားကို ရာထူးတစ်ခုခု ပေးလိုက်ရင်ရော” ဟု ဆိုပြန်သည်။
ရာထူး ဟုတ်လား။ ဧကရာဇ်ဝမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ ယွမ်ကျန်း အောင်မြင်မှုရနေခြင်းမှာ သူဖတ်ခဲ့သည့် ရှေးဟောင်းကျမ်းစာကြောင့်သာ ဖြစ်၏။ စာပေနှင့် စစ်ရေးစစ်ရာတွင်တော့ ယွမ်ကျန်းက တကယ်ကို အသုံးမကျပေ။ ထို့အပြင် ယွမ်ကျန်းအား ညီလာခံ တက်စရာမလိုဟု သူကိုယ်တိုင် မနေ့ကပင် ပြောခဲ့ပြီးသားဖြစ်ရာ ယခုတစ်ဖန် ရာထူးပေးပြီး နိုင်ငံရေးကိစ္စများတွင် ပါဝင်ခိုင်းမည်မှာလည်း မသင့်လျော်ဟု ယူဆပေသည်။
“ရာထူးပေးဖို့ကတော့ ထားလိုက်ပါဦး။ သူက အဲဒီလိုလူစားမျိုး မဟုတ်ဘူး”
ဧကရာဇ်ဝမ်က လက်ယမ်းပြလိုက်ရာ မူရွှန့်မှာလည်း “ဒါဆိုရင်တော့ ကျွန်တော်မျိုးလည်း မသိတော့ပါဘူး ဘုရား” ဟုသာ ဆိုနိုင်တော့ပေသည်။
ဧကရာဇ်ဝမ်သည် မူရွှန့်အား ထပ်မံ၍ အကျပ်မကိုင်တော့ဘဲ ကိုယ်တိုင်သာ စဉ်းစားတော့သည်။ ဤကိစ္စမှာ တကယ်ပင် ခေါင်းခဲစရာ ကောင်းလှပေသည်။ ဤသားငတုံးကောင်က ဟွမ်နိုင်ငံ သံတမန်အဖွဲ့ ရောက်လာသည့် ခဏအတွင်းမှာပင် အောင်မြင်မှုကြီး သုံးခုကို ရယူနိုင်ခဲ့၏။ နှစ်ပေါင်း နှစ်ဆယ်ကျော် သူအကြွေးတင်ခဲ့သမျှ ဆုလာဘ်တွေကို တစ်ခါတည်း အပြတ်တောင်းနေသည့်ပုံပင်။
တစ်လမ်းလုံးတွင် ဧကရာဇ်ဝမ်မှာ ဝမ်းသာလိုက်၊ စဉ်းစားရခက်လိုက်နှင့် ဖြစ်နေတော့သည်။ အတန်ကြာ စဉ်းစားပြီးနောက်တွင်တော့ ဘာဆုချရမည်ကို မသိသဖြင့် ယွမ်ကျန်းကိုသာ ဘာလိုချင်သလဲဟု မေးကြည့်ရန် ဆုံးဖြတ်လိုက်ပေသည်။
မကြာခင်မှာပင် သူတို့သည် ဆဋ္ဌမမင်းသား၏ အိမ်တော်သို့ ရောက်ရှိလာခဲ့ကြသည်။ ဧကရာဇ်ဝမ်သည် မြင်းရထားပေါ်မှ ဆင်းလာပြီး အိမ်တော်အတွင်းသို့ ဝင်တော့မည့်ဆဲဆဲတွင် တံခါးဝ၌ ရပ်တန့်လိုက်လေသည်။
“တံခါးဝက မီးအိမ်တွေကို လဲခိုင်းလိုက်” ဧကရာဇ်ဝမ်က ယွမ်ကျန်းကို ညွှန်ကြားလိုက်သည်။ “ဒါက ဆဋ္ဌမမင်းသားရဲ့ အိမ်တော်ပဲ။ ဒီလောက်ထိ နုံနုံချာချာ မဖြစ်စေနဲ့။ ငါ့အတွက် အိမ်တော်တစ်ခုလုံးကို လင်းထိန်နေအောင် လုပ်ထားစမ်း”
“မှန်လှပါ”
ယွမ်ကျန်းက ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင်တော့ ခနဲ့နေမိသည်။ ဤအဖိုးကြီးကလည်း တကယ်ကို ဟိတ်ဟန်ကြီးလွန်းလှပေသည်။
အိမ်တော်အတွင်းသို့ ဝင်လာသည့်အခါ ဧကရာဇ်ဝမ်သည် အိမ်တော်ထိန်းကို မြင်လျှင် မြင်ချင်းပင် ကန်ကျောက်လိုက်ချင်စိတ် ပေါက်သွားတော့သည်။ ယွမ်ကျန်းက နိုင်နေပါလျက်နှင့် ယွမ်ကျန်း၏ အသက်အန္တရာယ် စိုးရိမ်ရပြီဟု သတင်းမှား လာပို့သဖြင့် သူ၏ ပျော်ရွှင်နေသော စိတ်အဟုန်ကို ဖြတ်တောက်လိုက်ခြင်း ဖြစ်၏။ အခြေအနေကို သေချာမသိဘဲ သတင်းမှား လာဖြန့်သည့်အတွက် ဤသူအား ယွမ်ကျန်း၏ အနားမှ ဖယ်ရှားပစ်ရန် ဧကရာဇ်ဝမ်က ဆုံးဖြတ်လိုက်ပေသည်။
“မင်းတို့ လောင်းကြေးအကြောင်းကို ငါ့ကို အခုချက်ချင်း ပြောပြစမ်း” ဧကရာဇ်ဝမ်က ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် မဆိုင်းမတွ မေးမြန်းတော့သည်။
ပြောမှာပေါ့ ခဏနေပါဦး ငါတောင် ထမင်းမစားရသေးဘူး။ ယွမ်ကျန်းက စိတ်ထဲက ကျိန်ဆဲရင်း “ခမည်းတော်က သားတော်ဆီကို ရောက်တုန်းရောက်ခိုက် သားတော်က စားသောက်ဖွယ်ရာတွေ ပြင်ခိုင်းလိုက်ပါ့မယ်။ ခမည်းတော်နဲ့အတူ စားရင်းသောက်ရင်း ပြောပြတာပေါ့” ဟု လျှောက်တင်လိုက်သည်။
ဧကရာဇ်ဝမ်က မဆာသော်လည်း ဘန်ဘူ သွေးအန်သွားသည့်ကိစ္စကို တွေးမိတိုင်း စိတ်ကြည်နူးနေသဖြင့် “ဒါလည်း ကောင်းတာပဲ” ဟု ခေါင်းညိတ်ပြလိုက်လေသည်။
ဟင်းပွဲများ ပြင်ဆင်နေစဉ်အတွင်း ဧကရာဇ်ဝမ်သည် အရှေ့ဘက်ခြံဝင်းအတွင်းသို့ ထွက်လာပြီး တုကွေ့ယွမ်တို့ သုံးဦးအား ခေါ်ခိုင်းလိုက်သည်။ ယွမ်ကျန်းက လိုက်ရန် ပြင်သော်လည်း ဧကရာဇ်ဝမ်က လက်ယမ်းပြလိုက်၏။ “မင်း လိုက်လာစရာ မလိုပါဘူး။ ငါ သူတို့နဲ့ သီးသန့် စကားပြောချင်လို့”
“မှန်လှပါ” ယွမ်ကျန်း ရပ်တန့်ကျန်ရစ်ခဲ့သော်လည်း စိတ်ထဲတွင်တော့ ဤအဖိုးကြီးက သူ၏လူများကို သိမ်းသွင်းသွားမည်ကို စိုးရိမ်နေမိသည်။ မြင်းများကို အလုခံလိုက်ရပြီးပြီဖြစ်ရာ တုကွေ့ယွမ်တို့ကိုပါ အလုခံလိုက်ရလျှင်တော့ သူတကယ် သွေးအန်ရတော့မည် ဖြစ်ပေသည်။
“ကျွန်တော်မျိုး တုကွေ့ယွမ် ကျော့ယန် ယွီစစ်ကျုံး တို့က ဧကရာဇ်မင်းကြီးကို ဂါရဝပြုပါတယ်”
ခြံဝင်းအတွင်း၌ တုကွေ့ယွမ်တို့ သုံးဦးသည် ဧကရာဇ်ဝမ်၏ ရှေ့မှောက်တွင် ဒူးထောက် ဂါရဝပြုကြကုန်၏။
“ထကြ” ဧကရာဇ်ဝမ်က လက်ယမ်းပြလိုက်ပြီး တုကွေ့ယွမ်ကို စိုက်ကြည့်ကာ “တုတပ်မှူးက ငါ့ကို မှတ်မိသေးရဲ့လား” ဟု မေးလိုက်သည်။
“ကျွန်တော်မျိုး မမေ့ဝံ့ပါဘူး ဘုရား” တုကွေ့ယွမ်က ရိုသေစွာ ပြန်လည်လျှောက်တင်လေသည်။
အရင်ကကဲ့သို့ ထက်မြက်သည့် အရှိန်အဝါများ ကင်းမဲ့သွားသည့် တုကွေ့ယွမ်ကို ကြည့်ပြီး ဧကရာဇ်ဝမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် ကျော့ယန် နဲ့ ယွီစစ်ကျုံးကို ကြည့်ကာ “မင်းတို့ကလည်း သွေးစွန်းအင်္ကျီတပ်ဖွဲ့က စစ်သည်တွေပဲလား” ဟု မေးမြန်းလိုက်၏။
“မှန်လှပါ” ဟု နှစ်ဦးသားက ပြိုင်တူ ခေါင်းညိတ်ပြကြသည်။
ဧကရာဇ်ဝမ်သည် ထက်မြက်သည့် မျက်လုံးများဖြင့် သူတို့ သုံးဦးကို ဝေ့ဝဲကြည့်ပြီးနောက် “မင်းတို့ သုံးယောက်က စိတ်နာသွားကြလို့ အင်ပါယာအတွက် မလုပ်ကျွေးချင်တော့တာလား” ဟု ဖြည်းညှင်းစွာ မေးလိုက်ပေသည်။
“ကျွန်တော်မျိုးတို့ မဝံ့ရဲပါဘူး” သုံးဦးသားက အလျင်အမြန် ခေါင်းခါပြကြသည်။
“မဝံ့ရဲဘူးဆိုရင် ဘာလို့ စစ်တပ်ကနေ ထွက်သွားကြတာလဲ” ဧကရာဇ်ဝမ်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။ “မင်းတို့ကိစ္စတွေကို ငါ သိပြီးသားပါ။ ငါ မင်းတို့အတွက် တရားမျှတမှုကို ပြန်ရှာပေးသလို ငါတို့အင်ပါယာအတွက် အသက်ပေးသွားကြတဲ့ စစ်သည်တွေအတွက်လည်း တရားမျှတမှု ပြန်ပေးပါ့မယ်”
“အရှင်မင်းကြီးက တကယ့်ကို ပညာရှိတဲ့ မင်းမြတ်ပါပဲ။ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
သုံးဦးသားက တစ်ပြိုင်တည်း ဒူးပြန်ထောက်ကြပြန်သည်။ ဧကရာဇ်ဝမ်သည် အတန်ကြာ စဉ်းစားပြီးနောက် “မင်းတို့ စစ်တပ်မှာ ပြန်ပြီး အမှုမထမ်းချင်ဘူးဆိုရင်လည်း ငါ အတင်းအကျပ် မခိုင်းတော့ပါဘူး။ ဆဋ္ဌမမင်းသားရဲ့ အိမ်တော်မှာပဲ နေပြီး သူ့အတွက် အလုပ်အကျွေး ပြုကြတော့” ဟု အမိန့်ချမှတ်လိုက်လေသည်။
“မှန်လှပါ” ဟု သုံးဦးသားက အလျင်အမြန် ပြန်ဖြေကြကုန်၏။
သူတို့ စကားပြောနေစဉ်မှာပင် ယွမ်လိသည် လူတစ်စုနှင့်အတူ ယွမ်ကျန်း၏ အိမ်တော်သို့ အလောတကြီး ရောက်ရှိလာခဲ့ပေသည်။ အိမ်ရှေ့ရောက်သည့်အခါ ယွမ်ကျန်း၏ အိမ်တော်မှ လူများ မီးအိမ်လဲနေသည်ကို မြင်လိုက်ရသည်။
ယွမ်လိ၏ စိတ်ထဲတွင် ဝမ်းသာသွားတော့သည်။ ဆဋ္ဌမက သေသွားပြီလား။ အဖြူရောင် မီးအိမ်တွေ ချိတ်ရတော့မှာလား။ ယွမ်လိကို မြင်သည့်အခါ မီးအိမ်လဲနေသည့် အစေခံက အမြန်ဆင်းလာပြီး ဂါရဝပြုလေသည်။ “မင်းသားကို ဂါရဝပြုပါတယ်”
“မင်းတို့ ဘာလုပ်နေကြတာလဲ” ယွမ်လိက အစေခံ ဖြုတ်ထားသည့် မီးအိမ်ကို ကြည့်ပြီး မေးမြန်းလိုက်၏။
အစေခံက “ဧကရာဇ်မင်းကြီးက မီးအိမ်တွေကို လဲခိုင်းလိုက်လို့ပါ” ဟု ပြန်ဖြေလေသည်။
ခမည်းတော်ကိုယ်တိုင် ညွှန်ကြားတာလား။ ယွမ်လိ၏ စိတ်ထဲတွင် ပို၍ပင် ပျော်ရွှင်သွားတော့သည်။ ကြည့်ရသည်မှာ ဆဋ္ဌမက တကယ် သေသွားပုံပင်။ ယွမ်လိသည် ချက်ချင်းပင် ဝမ်းနည်းကြေကွဲဟန် ဆောင်လိုက်ပြီး အိမ်တော်အတွင်းသို့ အပြေးအလွှား ဝင်သွားတော့သည်။
အရှေ့ခြံဝင်းအတွင်းသို့ ရောက်သည့်အခါ ယွမ်လိသည် ဧကရာဇ်ဝမ်နှင့် သူ၏ရှေ့တွင် ဒူးထောက်နေသည့် တုကွေ့ယွမ်တို့ သုံးဦးကို မြင်လိုက်ရပေသည်။
ခမည်းတော်က ဆဋ္ဌမကို ကာကွယ်ရကောင်းမှန်းမသိတဲ့ ဒီလူတွေကို အပြစ်ပေးနေတာပဲ။ ဆဋ္ဌမ တကယ် သေပြီပေါ့။ ယွမ်လိသည် စိတ်ထဲတွင် အားရပါးရ ရယ်မောလိုက်ရင်း မျက်ရည်ကို အတင်းညှစ်ထုတ်ကာ ခြေလှမ်းမှားသလို ဟန်ဆောင်၍ ပြေးလာပြီး ငိုယိုအော်ဟစ်လိုက်တော့သည်။ “ခမည်းတော်။ စိတ်မကောင်း မဖြစ်ပါနဲ့တော့ ဘုရား”