အခန်း (၄၄) ငါ့ကို နန်းတော်အကြောင်း လာမပြောနဲ့
“ဒီအဖိုးကြီးက စိတ်သဘောထား သိပ်မကြီးပါလား”
ယွမ်ကျန်း စိတ်ထဲကနေ ခနဲ့လိုက်ရင်း လူတွေကို ထွက်ခွာဖို့ လက်တစ်ချက် ဝေ့ယမ်းပြလိုက်၏။ နှမြောဖို့ကောင်းသည်မှာ ဘန်ဘူတွင် လောင်းကြေးထပ်စရာ ဘာပစ္စည်းမှ မကျန်တော့ခြင်းပင်။ မဟုတ်ရင်တော့ သူ ဘန်ဘူနှင့် နောက်တစ်ကြိမ် ထပ်လောင်းရန် ဝန်လေးနေမည် မဟုတ်ပေ။ “ဘန်ဘူရဲ့ သင်္ချာအဆင့်အတန်းက မူလတန်းကျောင်းသား အဆင့်လောက်ပဲ ရှိတာ။ သူ့ကို ကိန်းဂဏန်း ပုစ္ဆာတစ်ခုလောက် ပေးလိုက်ရုံနဲ့တင် တစ်သက်လုံး တွက်နေရမှာ အသေအချာပဲ”
ယွမ်ကျန်း အတွေးနယ်ချဲ့နေစဉ်မှာပင် အဝေးဆီမှ မီးတုတ်တန်းရှည်ကြီး တစ်ခုကို လှမ်းမြင်လိုက်ရသည်။
“ဧကရာဇ်မင်းကြီး ကြွလာတော်မူပြီ”
ကျယ်လောင်သည့် အော်ဟစ်သံနှင့်အတူ လူတိုင်း မျက်နှာပျက်သွားကြပြီး မြင်းပေါ်ကနေ အမြန်ဆင်းကာ ဧကရာဇ်ဝမ်ကို ဒူးထောက် ခရီးဦးကြိုပြုလိုက်ကြသည်။ မကြာခင်မှာပင် လက်နက်အပြည့်အစုံနှင့် ကိုယ်ရံတော်တပ်ဖွဲ့ ခြံရံထားသည့် ဧကရာဇ်ဝမ်၏ မြင်းရထား ဆိုက်ရောက်လာခဲ့၏။
မူရွှန့်က မြင်းရထား၏ လိုက်ကာကို ဖယ်ပေးလိုက်သည့်အခါ ဧကရာဇ်ဝမ်သည် မျက်နှာထား တင်းတင်းမာမာနှင့် ဆင်းလာခဲ့လေသည်။
“ဧကရာဇ်မင်းကြီးကို ဂါရဝပြုပါတယ်”
လူတိုင်းက ဦးညွှတ် နှုတ်ဆက်ကြသည်။
“ဟေ့ကောင် ငါ့ရှေ့ကို လာစမ်း”
ဧကရာဇ်ဝမ်က ဒေါသတကြီး ဟောက်လိုက်သဖြင့် လူတိုင်း တုန်လှုပ်သွားကြရသည်။ ယွမ်ကျန်းကတော့ စိတ်ပျက်လက်ပျက်နှင့် လူအုပ်ထဲက ထွက်လာပြီး “ခမည်းတော်ကို ဂါရဝပြုပါတယ်” ဟု ဆိုလိုက်သည်။
“မင်းက ဘာတွေ လုပ်နေတာလဲ”
ဧကရာဇ်ဝမ်က မျက်လုံးပြူးကာ ဒေါသတကြီး မေးမြန်းလိုက်၏။ “ဘယ်သူက မင်းကို သတ္တိပေးလို့ ဟွမ်နိုင်ငံ သံတမန်အဖွဲ့ရဲ့ မြင်းတွေကို လာသိမ်းနေရတာလဲ”
“ခမည်းတော် သားတော်က သားတော်ပိုင်တဲ့ မြင်းတွေကိုပဲ လာသိမ်းတာပါ”
ယွမ်ကျန်းက မချိပြုံးနှင့် ဧကရာဇ်ဝမ်ကို ကြည့်ရင်း စာချုပ်ကို ကမ်းပေးလိုက်သည်။ မူရွှန့်က စာချုပ်ကို အမြန်ယူပြီး ဧကရာဇ်ဆီ ဆက်သလိုက်ရာ ဧကရာဇ်ဝမ်သည် စာချုပ်ကို အပေါ်ယံ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မျက်ခုံးများ တွန့်ချိုးသွားတော့သည်။
“ဒါဆို မင်းက ထပ်ပြီး နိုင်သွားပြန်ပြီပေါ့”
ဧကရာဇ်ဝမ်၏ မျက်နှာပေါ်က ဒေါသများမှာ ရုတ်ချည်းဆိုသလို ထက်ဝက်မက လျော့ကျသွားလေသည်။
“ဟုတ်ပါတယ်” ယွမ်ကျန်းက ခေါင်းညိတ်ပြလိုက်၏။ “ဘန်ဘူ ဆရာကြီးက ရှုံးရင်ဝန်ခံတတ်ပေမဲ့ သူတို့ မနက်ဖြန်မနက် မြင်းစီးပြီး ထွက်ပြေးသွားမှာ စိုးရိမ်လို့ သားတော်က ညတွင်းချင်း လာသိမ်းတာပါ”
ဧကရာဇ်ဝမ်၏ မျက်နှာမှာ အနည်းငယ် တွန့်ချိုးသွားသည်။ “ဟွမ်နိုင်ငံ သံတမန်အဖွဲ့ ထွက်ပြေးမှာကိုတောင် သူက ကြိုတွေးထားသေးတာလား” ဧကရာဇ်ဝမ်က ခဏလောက် ငြိမ်သက်ပြီး စဉ်းစားနေပြီးမှ ကိုယ်ရံတော်တပ်မှူး ကျိုးထိုက်ကို ခေါ်ပြီး နားနားကပ်ကာ တိုးတိုးလေး အမိန့်ပေးလိုက်သည်။
ကျိုးထိုက်က အမိန့်ရသည်နှင့် ကိုယ်ရံတော်တစ်စုကို ခေါ်ပြီး ယွမ်ကျန်းတို့ သိမ်းထားသည့် မြင်းအုပ်ထဲ ဝင်သွားကြလေသည်။ လူတိုင်းက ဧကရာဇ်ဝမ်က အပြစ်ပေးတော့မယ်အထင်နဲ့ မျက်နှာတွေ ဖြူဖျော့ကုန်ကြလေသည်။ ဒါပေမဲ့ ကိုယ်ရံတော်များမှာ လူဖမ်းခြင်းမဟုတ်ဘဲ မြင်းများကိုသာ လိုက်ကြည့်နေကြခြင်း ဖြစ်သည်။ တချို့က မီးတုတ်နှင့် မြင်းများ၏ မျက်လုံးရှေ့မှာတောင် လိုက်ယမ်းကြည့်နေကြသေး၏။
ခဏအကြာမှာတော့ ကျိုးထိုက်က ဧကရာဇ်ဝမ်ဆီ ပြန်လာပြီး တိုးတိုးလေး လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး ဒီမြင်းတွေက တကယ့် စစ်မြင်းကောင်းတွေပါပဲ”
ဧကရာဇ်ဝမ်က ခေါင်းညိတ်ပြပြီး ကျိုးထိုက်ကို ဖယ်ခိုင်းလိုက်သည်။ ပြီးမှ ယွမ်ကျန်းတို့ကို ဝေ့ဝဲကြည့်ပြီး အေးအေးဆေးဆေးပဲ မေးမြန်းလိုက်တော့သည်။ “ကင်းလှည့်တပ်မှူး ဘယ်မှာလဲ”
“ကျွန်တော်မျိုး ရှိပါတယ်” တပ်မှူးက အပြေးအလွှား ထွက်လာလေသည်။
ဧကရာဇ်ဝမ်က တပ်မှူးကို စိုက်ကြည့်ပြီး “ဒီမြင်းတွေကို အခုချက်ချင်း ရှန်ဝူတပ်ဖွဲ့ဆီ ပို့လိုက်။ မြင်းတစ်ကောင် လျော့တာနဲ့ မင်းခေါင်း ပြတ်မယ်” ဟု ပြတ်ပြတ်သားသား အမိန့်ချမှတ်လိုက်၏။
“ဘာကြီးလဲ ဒီမြင်းတွေကို ရှန်ဝူတပ်ဖွဲ့ဆီ ပို့ရမယ် ဟုတ်လား”
ယွမ်ကျန်း မျက်နှာ ချက်ချင်း ပျက်ယွင်းသွားတော့သည်။ “ဒါဆို သူက ရှန်ဝူတပ်ဖွဲ့အတွက် အလုပ်အကျွေး ပြုလိုက်သလို ဖြစ်နေပြီပေါ့” ယွမ်ကျန်းက သူ့၏ အောင်မြင်မှုကို ဒီအတိုင်း အလုမခံချင်သဖြင့် “ခမည်းတော် ဒီမြင်းတွေက သားတော် နိုင်ထားတာပါ” ဟု စမ်းသပ်ကာ ပြောကြည့်လိုက်သည်။
“အဲဒီတော့ ဘာဖြစ်လဲ”
ဧကရာဇ်ဝမ်က မျက်နှာထား ပြန်တင်းသွားလေသည်။ “မင်းက မြင်းတွေ ဒီလောက်အများကြီးနဲ့ ဘာလုပ်မှာလဲ။ မင်းအိမ်တော်မှာ လူဘယ်နှစ်ယောက် ရှိလို့လဲ။ ဒီမြင်းတွေကို ထားဖို့ နေရာရော ရှိလို့လား။ ဒါမှမဟုတ် ငါက မင်းကို မြင်းစောင့်စစ်သည် ခြောက်ရာလောက် ပေးပြီး ပုန်ကန်ဖို့ တပ်ဖွဲ့တစ်ခု လုပ်ခိုင်းရမလား”
ယွမ်ကျန်း ဆွံ့အသွားပြီး “သားတော် မလုပ်ရဲပါဘူး” ဟု စိတ်ပျက်လက်ပျက် ဆိုလိုက်ရသည်။
“ချီးပဲ ပုန်ကန်မှုအထိတောင် ဆွဲပြောပြီး ဒီအဖိုးကြီးက သူ့မြင်းတွေကို အပိုင်သိမ်းဖို့ အကွက်ချနေတာပဲ”
“မင်းကတော့ အကောင်းပြောတာကို မသိဘူး။ ငါက မင်းအတွက် လုပ်ပေးနေတာ” ဧကရာဇ်ဝမ်က ယွမ်ကျန်းကို မျက်စောင်းထိုးကြည့်ပြီး “မြို့တော်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ ခြောက်ဖွဲ့ပေါင်းရင်တောင် မြင်းတပ်က ငါးထောင်ပဲ ရှိတာ။ မင်းက မြင်းတပ် ငါးရာ ခြောက်ရာလောက် ထောင်လိုက်ရင် တခြားသူတွေက ဘယ်လိုထင်မလဲ”
“သားတော်က မြင်းတပ်ထောင်ဖို့ မစဉ်းစားပါဘူး” ယွမ်ကျန်းက တမင်တကာ ဝမ်းနည်းသလို ဟန်ဆောင်လိုက်သည်။ “သားတော်က ဒီမြင်းတွေကို ရောင်းပြီး လက်ထပ်ပွဲအတွက် ငွေကြေးစုဆောင်းချင်ရုံတင်ပါ”
“မင်း လုပ်ရဲလား” ဧကရာဇ်ဝမ်က မျက်လုံးပြူးကာ အာဏာပြလိုက်လေသည်။ “ငါတို့ တိုင်းပြည်မှာ မြင်းတွေ ရှားပါးနေတာကို မင်းက မင်းသားတစ်ပါး ဖြစ်နေပြီး မြင်းတွေကို ခိုးရောင်းဖို့ ကြံစည်နေတာလား”
ယွမ်ကျန်း တစ်ချက် ဆွံ့အသွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။ “တကယ်ကို အနိုင်ကျင့် နေတာပဲ။ ပြီးတော့ ပေးတဲ့ အကြောင်းပြချက်ကလည်း ပြန်ငြင်းလို့ မရဘူးဖြစ်နေတယ်”
“ကဲပါ မင်းရဲ့ အသုံးမကျတဲ့ ပုံစံကို ကြည့်ဦး” ဧကရာဇ်ဝမ်က ယွမ်ကျန်းကို စိတ်မရှည်သလို ကြည့်ပြီး “ဒီမြင်းတွေက မင်းနိုင်ထားတာဆိုတော့ မင်းအတွက် မြင်းကောင်း အကောင်နှစ်ဆယ်ကို အရင်ရွေး။ ကျန်တာကိုတော့ ရှန်ဝူတပ်ဖွဲ့ဆီ ပို့လိုက်တော့” ဟု ဆိုလိုက်တော့သည်။
“ဟက် အကောင်နှစ်ဆယ်လား။ ခင်ဗျားက တော်တော် ရက်ရောတာပဲ။ တကယ့် ဓားပြပဲ။ ဒီပုံစံအတိုင်းဆို ကျေးဇူးတင်စကားတောင် ပြောခိုင်းဦးမယ့် ပုံပဲ”
ယွမ်ကျန်း စိတ်ထဲကနေ အတော်လေး မကျေမနပ် ဖြစ်နေပေမဲ့ ဧကရာဇ်ဝမ်က ဒီလောက်ထိ ပြောလာမှတော့ သူလည်း လက်ခံရုံပဲ ရှိတော့ပေသည်။ သူ ကောင်းဟယ်တို့ကို အမြန်ပဲ မြင်းများ ရွေးခိုင်းလိုက်လေသည်။ “တော်တော် အလုပ်ရှုပ်ခံလိုက်ရတာ။ နောက်ဆုံးတော့ တခြားသူအတွက် အလုပ်လုပ်ပေးလိုက်သလို ဖြစ်သွားပြီ”
ယွမ်ကျန်း မြင်းများ ရွေးခိုင်းနေသည်ကို ကြည့်ပြီး ဧကရာဇ်ဝမ်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ဝင်းလက်သွားလေသည်။ “ဟေ့ကောင်စုတ် မင်းကို ငါ မနိုင်ဘူး ထင်နေလား။ ငါ့ရဲ့ အနားယူချိန်ကို လာနှောင့်ယှက်တာ။ ဒီမြင်းအုပ်ကတော့ ငါ့ကို လာတောင်းပန်တဲ့ လက်ဆောင်အဖြစ် သတ်မှတ်လိုက်မယ်” ဧကရာဇ်ဝမ်က သူ့ဘာသာသူ အကြောင်းပြချက် ကောင်းကောင်းတစ်ခု ပေးလိုက်၏။
မကြာခင်မှာပဲ ကောင်းဟယ်တို့က မြင်းကောင်း အကောင်နှစ်ဆယ်ကို ရွေးချယ်ပြီးသွားသည်။
“ခမည်းတော် ဒါဆို သားတော် ပြန်ခွင့်ပြုပါဦး” ယွမ်ကျန်းက အခုချက်ချင်းပဲ ပြေးချင်နေတော့သည်။ ဆက်နေရင် ဒီအကောင်နှစ်ဆယ်ပါ အသိမ်းခံရမှာ စိုးရိမ်မိနေလေသည်။
“ဘာကို အလောတကြီး ဖြစ်နေတာလဲ” ဧကရာဇ်ဝမ်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်လေသည်။ “ငါ မင်းရဲ့ အိမ်တော်ကို အတူတူ လိုက်ခဲ့မယ်။ လောင်းကြေးအကြောင်းကို သေချာ ပြန်ပြောပြဦး”
“ဗျာ” ယွမ်ကျန်း အံ့သြသွား၏။ “ခမည်းတော်က နန်းတော်ကို မပြန်ဘူးလား”
“ငါ့ကို နန်းတော်အကြောင်း လာမပြောနဲ့”
ဧကရာဇ်ဝမ်၏ မျက်နှာမှာ ရုတ်တရက်ဆိုသလို ပျက်ယွင်းသွားပြီး လူစားတော့မည့် ပုံစံမျိုး ဖြစ်သွားလေတော့သည်။ “ဒီအဖိုးကြီး ဘာဖြစ်ပြန်တာလဲ”
…
ယွမ်လိ မှာ ဘုရားကျောင်းတွင် တစ်နေကုန် ဒူးထောက်ထားရသဖြင့် ဒူးများမှာ အသေအလဲ နာကျင်နေလေသည်။ သူ ဒေါသများ ထွက်နေပြီး အိမ်တော်က လူတိုင်းကို ကြည့်မရ ဖြစ်နေပေသည်။
မိဖုရားကြီး စုဖေး ဆီမှ သတင်းရလာသည့် အခါမှာတော့ ယွမ်လိ၏ ဒေါသများမှာ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ သူက သူ့ခြေထောက်ကို နှိပ်ပေးနေသည့် ကြင်ယာတော်ကို တွန်းဖယ်လိုက်ပြီး လူအနည်းငယ်နှင့်အတူ အိမ်တော်ကနေ အမြန် ထွက်လာခဲ့၏။
ယွမ်လိက ယွမ်ကျန်း၏ အိမ်တော်ကို တိုက်ရိုက်မသွားဘဲ ရှိစစ်ဖူ ၏ အိမ်တော်ကို အရင်သွားခဲ့သည်။
“သတင်းကောင်းပဲ။ ဒါက တကယ့် သတင်းကောင်းပဲ”
ယွမ်ကျန်း၏ အသက် အန္တရာယ်ရှိနေပြီဆိုတာ သိလိုက်ရတော့ ရှိစစ်ဖူက လက်ခုပ်တီးပြီး အားရပါးရ ရယ်မောလိုက်လေသည်။
“အပိုတွေ။ ဒါက သတင်းကောင်းမှန်း ကျွန်တော် မသိဘူး ထင်နေလား” ယွမ်လိက စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး “အခု ကျွန်တော် ဘာဆက်လုပ်ရမလဲ” ဟု မေးမြန်းလိုက်သည်။
ရှိစစ်ဖူက ခေတ္တမျှ စဉ်းစားပြီး “တခြားမင်းသားတွေ သတင်းမရခင် မင်း အဲဒီ အသုံးမကျတဲ့ကောင်ရဲ့ အိမ်တော်ကို အမြန်သွား။ မင်းက အခုလိုအချိန်မှာ ခမည်းတော်ကို အရင်ဆုံး သွားပြီး နှစ်သိမ့်ပေးရင် မျက်နှာသာ အရဆုံးပဲ” ဟု အကြံပေးလိုက်လေသည်။
“ကောင်းပြီ” ယွမ်လိက ချက်ချင်း ထရပ်လိုက်သည်။ “အခုပဲ သွားမယ်”
“နေဦး” ရှိစစ်ဖူက ယွမ်လိကို လှမ်းတားပြီး မှာကြားလိုက်လေသည်။ “မင်း ယွမ်ကျန်းနဲ့ ဘယ်လိုပဲ ရန်ငြိုးရှိရှိ အခုလိုအချိန်မှာတော့ သူ့အကြောင်း မကောင်းမပြောနဲ့။ လိုအပ်ရင် မျက်ရည်တောင် အတင်းညှစ်ထုတ်ပြလိုက်”
“ကျွန်တော် နားလည်ပါတယ်။ ဒီလောက်တော့ ကျွန်တော် သိပါတယ်” ယွမ်လိက ခေါင်းညိတ်ပြပြီး ယွမ်ကျန်း၏ အိမ်တော်ကို အမြန် ထွက်လာခဲ့လေသည်။ စိတ်ထဲမှာတော့ တဟားဟား ရယ်မောနေမိပေသည်။
“ဒီအသုံးမကျတဲ့ကောင်က ဘန်ဘူကို နှစ်ခါလောက် နိုင်လိုက်တာနဲ့ ဘဝင်မြင့်နေတာ။ အခုတော့ ငါကိုယ်တိုင် လက်ဖျားနဲ့တောင် တို့စရာမလိုဘဲ ပြီးသွားပြီ။ နှမြောဖို့ကောင်းတာက ဒီကောင်ကို ငါကိုယ်တိုင် သတ်ပစ်ခွင့် မရလိုက်တာပဲ”