အခန်း (၄၃) - ဘန်ဘူ သွေးအန်ခြင်း
ညချမ်းအချိန်တွင် ဧကရာဇ်ဝမ်သည် စိတ်ကြည်လင်နေပေသည်။ ညစာကို စောစောသုံးဆောင်ပြီးနောက် သူသည် မိဖုရားကြီး စုဖေး၏ နန်းဆောင်သို့ ရောက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဟွမ်နိုင်ငံက ရိက္ခာတောင်းသည့်ကိစ္စမှာ အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့ပြီ မဟုတ်ပါလော။
အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာရှိသော်လည်း တချန်းအင်ပါယာအနေဖြင့် အကျိုးအမြတ်အချို့ ရရှိခဲ့သည်မှာ ဟွမ်နိုင်ငံကို ရိက္ခာအိတ်ပေါင်း သုံးသန်း အလကားပေးလိုက်ရသည်ထက် အများကြီး သာလွန်ပေသည်။ ကာလရှည်ကြာ စိတ်ညစ်ခဲ့ရသမျှ အခုတော့ အနားယူသင့်ပြီဟု သူ တွေးနေမိသည်။
စုဖေးသည် အသက် ၁၇ နှစ်အရွယ်တွင် ဧကရာဇ်ဝမ်အတွက် ယွမ်လိကို မွေးဖွားပေးခဲ့ပြီး ယခုအခါ အသက် ၄၃ နှစ် ရှိပြီဖြစ်သည်။ သို့သော် သူမသည် အလှအပကို အလွန်ဂရုစိုက်သူဖြစ်ပြီး ဧကရာဇ်ကို အမြဲတမ်း စိတ်ကျေနပ်အောင် ပြုစုနိုင်သူဖြစ်ရာ ဧကရာဇ်၏ အချစ်တော် ဖြစ်နေဆဲပင်။
ယခုအခါ အိမ်ရှေ့စံမှာ သစ္စာဖောက်မှုကြောင့် အသတ်ခံလိုက်ရပြီး မိဖုရားခေါင်ကြီးမှာလည်း အခြားသားသမီးမရှိရာ သူမ၏ရာထူးကို ဖယ်ရှားခံရဖို့မှာ အချိန်ကာလတစ်ခုသာ လိုတော့သည်။ စုဖေးသည် မိဖုရားခေါင်နေရာကို မျှော်မှန်းထားသည်မှာ ကြာပြီဖြစ်ရာ ဧကရာဇ်ဝမ်ကို ပို၍ပင် အစွမ်းကုန် ဖျော်ဖြေနေလေသည်။
စုဖေး၏ ဆွဲဆောင်မှုအောက်တွင် ဧကရာဇ်ဝမ်သည် စိတ်လှုပ်ရှားလာတော့သည်။ သူနှင့် စုဖေးတို့ အတူတကွ အချိန်ဖြုန်းရန် ပြင်ဆင်နေစဉ်မှာပင် အပြင်ဘက်မှ မူရွှန့်၏ စိုးရိမ်တကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
“အရှင်မင်းကြီး... အရေးကြီးတဲ့ကိစ္စ ဖြစ်ပျက်နေပါပြီ”
ဧကရာဇ်ဝမ်သည် စိတ်လှုပ်ရှားနေခိုက် အနှောင့်အယှက်ဖြစ်သွားသဖြင့် တံခါးတစ်ဖက်မှနေ၍ စိတ်မရှည်စွာ မေးလိုက်သည်။ “ဘာကိစ္စ ထပ်ဖြစ်ပြန်တာလဲ”
မူရွှန့်က အလျင်အမြန် ပြန်ပြောသည်။ “ဆဋ္ဌမမင်းသားရဲ့ အိမ်တော်က သတင်းလာပို့ပါတယ်၊ ဆဋ္ဌမမင်းသားက သူ့အသက်ကို လောင်းကြေးထပ်ပြီး ဟွမ်နိုင်ငံ ဆရာကြီးနဲ့ ထပ်ပြိုင်တယ်လို့ ဆိုပါတယ်၊ ဒါပေမဲ့ သူ ရှုံးသွားပြီး အခု ဆဋ္ဌမမင်းသားရဲ့ အသက်က အန္တရာယ်ရှိနေပါပြီ”
“ဘာ”
ဧကရာဇ်ဝမ်၏ မျက်နှာသည် ရုတ်ချည်း ပျက်ယွင်းသွားပြီး စိတ်လှုပ်ရှားမှုများ အကုန်ပျောက်ကွယ်သွားတော့သည်။ သူသည် စုဖေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အဝတ်အစားများကို ကမန်းကတန်း ဝတ်လိုက်သည်။ ထိုသို့သော အရေးကြီးကိစ္စတွင် စုဖေးကလည်း သူ့ကို ဆက်မတားရဲပေ။ သူမသည် ဧကရာဇ်၏ အဝတ်အစားများကို ကူညီပြင်ဆင်ပေးရင်း “အရှင်မင်းကြီး မြန်မြန်သွားကြည့်ပါဦး၊ အရေးကြီးတဲ့ကိစ္စတွေ လွဲချော်သွားပါဦးမယ်” ဟု အလိုက်တသိ ဆိုလိုက်သည်။
ဧကရာဇ်ဝမ်သည် အေးစက်စက် ခေါင်းညိတ်ပြပြီး တံခါးဝသို့ ထွက်သွားတော့သည်။
“မြန်မြန်... ဆဋ္ဌမမင်းသားရဲ့ အိမ်တော်ကို သွားမယ်”
ဧကရာဇ်ဝမ်၏ စိုးရိမ်တကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ စုဖေးသည် ဧကရာဇ်ဝမ်ကို ပို့ဆောင်ပြီးနောက် သူမ၏ အနီးကပ်အစေခံကို ခေါ်လိုက်သည်။ “ချက်ချင်း ယွမ်လိကို သတင်းပို့လိုက်၊ ယွမ်ကျန်းရဲ့ အသက်ကတော့ အန္တရာယ်ရှိနေပြီ၊ သူ့ကို ရှိစစ်ဖူ နဲ့ အမြန်သွားတိုင်ပင်ခိုင်းလိုက်”
အစေခံမလေးသည်လည်း ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
ဧကရာဇ်ဝမ်သည် ဆဋ္ဌမမင်းသား အိမ်တော်သို့ အမြန်သွားနေစဉ် နန်းတော်အထွက်၌ နန်းတော်စောင့်တစ်ဦးက အပြေးအလွှား ရောက်လာသည်။ “အရှင်မင်းကြီး... အရေးပေါ် သတင်းပါ”
“ငါ သိပြီးပြီ”
ဧကရာဇ်ဝမ်က ဒေါသတကြီး ဟောက်လိုက်သည်။ “မင်း အခုချက်ချင်း မြင်းစီးပြီး ဆဋ္ဌမမင်းသား အိမ်တော်ကို သွား၊ ဘန်ဘူကို သွားပြောလိုက်၊ သူသာ ငါ့သားကို ထိခိုက်အောင်လုပ်ရင် သူ့ကို တချန်းအင်ပါယာမှာပဲ ထာဝရ မြှုပ်နှံပေးလိုက်မယ်လို့”
“ဗျာ”
နန်းတော်စောင့်မှာ ကြောင်အသွားရသည်။ ဧကရာဇ်ဝမ်၏ စကားကြောင့် သူ ဇဝေဇဝါ ဖြစ်သွားရသည်။
“ဘာရပ်ကြည့်နေတာလဲ၊ မြန်မြန်သွားလေ”
ဧကရာဇ်ဝမ်က မြင်းရထားပေါ်မှနေ၍ အော်ဟစ်လိုက်သည်။
“အရှင်မင်းကြီး စိတ်လျှော့ပါဦး” နန်းတော်စောင့်က ခါးကိုကိုင်းလျက် လျှောက်တင်သည်။ “ဘန်ဘူက ဆဋ္ဌမမင်းသားကို တစ်ခုခုလုပ်မှာ မဟုတ်ပါဘူး၊ အခု ဆဋ္ဌမမင်းသားက လူတွေကို ခေါ်ပြီး ဟွမ်နိုင်ငံ သံတမန်အဖွဲ့နေတဲ့ အဆောင်ကို သွားနေတာပါ၊ သူတို့ရဲ့ မြင်းတွေကို အကုန် သွားသိမ်းမလို့တဲ့ခင်ဗျာ”
“ဘာ”
ဧကရာဇ်ဝမ်မှာ အံ့သြသွားရသည်။ “ဒါက ဘာဖြစ်နေတာလဲ၊ ခုနကတော့ ဘန်ဘူက အသက်အန္တရာယ် ပေးတော့မယ်ဆိုပြီး အခုကျတော့ အဲ့ဒီငနဲက သူတို့မြင်းတွေကို သွားသိမ်းနေပြန်ပြီ”
“ကျွန်တော်မျိုးလည်း အသေးစိတ် မသိပါဘူးခင်ဗျာ၊ ကင်းလှည့်တပ်ဖွဲ့ဆီက သတင်းကြားတာပါ၊ ကင်းလှည့်တပ်ဖွဲ့ကလည်း အဲ့ဒီအဆောင်ကို အမြန်သွားနေကြပါပြီ”
“ဒီကောင်စုတ်လေး... သူ ဘာတွေ လုပ်နေတာလဲ”
ဧကရာဇ်ဝမ်သည် ဒေါသတကြီး အော်ဟစ်လိုက်ရင်း အမိန့်ပေးလိုက်သည်။ “မြန်မြန်... အဲ့ဒီအဆောင်ကို အမြန်မောင်း”
…
သံတမန်အဆောင်။
“ဆဋ္ဌမမင်းသား... လျှောက်မလုပ်ပါနဲ့ဦး”
အဆောင်ကို တာဝန်ယူထားသည့် အရာရှိငယ်လေးမှာ တုန်တုန်ရီရီဖြင့် အသနားခံနေသည်။ “ဟွမ်နိုင်ငံ သံတမန်အဖွဲ့ကို အခုလို စော်ကားရင် ကျွန်တော့်ခေါင်း ပြတ်ပါလိမ့်မယ်၊ ဆဋ္ဌမမင်းသား... ကျွန်တော့်ကို မနှိပ်စက်ပါနဲ့ဦး”
“မင်းနဲ့ ဘာဆိုင်လို့လဲ”
ယွမ်ကျန်းက အရာရှိကို စိတ်မရှည်သလို ကြည့်လိုက်သည်။ “ဘန်ဘူ ဆရာကြီးကိုယ်တိုင်တောင် ဘာမှမပြောတာကို မင်းက ဘာလို့ လာတားနေတာလဲ၊ အခုချက်ချင်း ဖယ်စမ်း၊ မဟုတ်ရင် မင်းကို အရင်ဆုံး ဖမ်းချုပ်ပစ်မယ်”
ယွမ်ကျန်းသည် အရာရှိကို ဖယ်ခိုင်းလိုက်ကာ ကောင်းဟယ်ကို အချက်ပြပြီး လူများနှင့်အတူ မြင်းဇောင်းထဲသို့ ဝင်သွားတော့သည်။
“မြန်မြန်လုပ်ကြ၊ မြင်းတွေကို အကုန် ဆွဲထုတ်သွား”
“မင်းသား... ဒီထဲမှာ အဆောင်က မြင်းတွေလည်း ပါနေပါတယ်”
“ဘယ်သူ့မြင်းဖြစ်ဖြစ် ဂရုမစိုက်နဲ့၊ အကုန်လုံး အရင်ယူသွားလိုက်၊ မှားရင် နောက်မှ ပြန်ပေးလိုက်မယ်”
ယွမ်ကျန်းကတော့ ဘယ်သူ့မြင်းဖြစ်ဖြစ် ဂရုမစိုက်ပေ။ အကုန်လုံးကို အရင် သိမ်းပစ်လိုက်သည်။
သူတို့၏ မြင်းများ သိမ်းပိုက်ခံနေရသည်ကို ကြည့်ပြီး ဟွမ်နိုင်ငံသားများမှာ ဒေါသထွက်လွန်းသဖြင့် သွားကြိတ်နေကြသည်။ ယွမ်ကျန်းကို တစ်စစီ ဆွဲဖြတ်ပစ်ချင်နေကြသော်လည်း ဘာမှ မလုပ်ရဲပေ။
“ဘာမှ လုပ်မနေနဲ့”
ဘန်ဘူသည် ဒေါသထွက်နေသော်လည်း သူ့လူတွေကို ဟန့်တားလိုက်သည်။ “ဘယ်သူမှ မတားနဲ့၊ သူတို့ကို ပေးသိမ်းလိုက်၊ ငါတို့ ဟွမ်နိုင်ငံသားတွေက ရှုံးရင် ဝန်ခံရဲရမယ်”
ထို့နောက် ဘန်ဘူသည် ဒေါသတကြီးဖြင့် သူ့အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ ရှုံးမှတော့ ဘာပြောနိုင်တော့မည်နည်း။ စာချုပ်က အထင်အရှား ရှိနေသဖြင့် ထိုမြင်းများသည် သူတို့နှင့် မဆိုင်တော့ပေ။ ကြည့်နေလျှင် ပို၍ ဒေါသထွက်စရာသာ ရှိပေမည်။
မကြာမီမှာပင် ကင်းလှည့်တပ်ဖွဲ့ ရောက်လာကြောင်း သတင်းရသည်။ ယွမ်ကျန်းမှာ ဝမ်းသာသွားသည်။ မြင်းတွေကို ကူဆွဲပေးမည့်သူတွေ ရောက်လာပြီ မဟုတ်ပါလော။ ယွမ်ကျန်းသည် အပြင်သို့ ထွက်လာပြီး ကင်းလှည့်တပ်ဖွဲ့ကို လှမ်းအော်လိုက်သည်။ “ဘာရပ်ကြည့်နေတာလဲ၊ မြန်မြန်လာပြီး ငါ့မြင်းတွေကို ကူဆွဲပေးကြလေ”
“မင်းသား... လျှောက်မလုပ်ပါနဲ့”
တပ်မှူးက မျက်နှာပျက်ပျက်ဖြင့် ပြောသည်။ “မင်းသားရဲ့ လုပ်ရပ်က ဓားပြတိုက်သလို ဖြစ်နေပါတယ်၊ အခုချက်ချင်း ရပ်လိုက်ပါ၊ ကျွန်တော်မျိုး အရှင်မင်းကြီးဆီကို သတင်းပို့ထားပါတယ်၊ မင်းသားသာ ဆက်လုပ်နေရင်...”
တပ်မှူး၏ စကားမဆုံးခင်မှာပင် ယွမ်ကျန်းက ဘန်ဘူနှင့် ချုပ်ဆိုထားသည့် စာချုပ်ကို သူ့လက်ထဲ ထိုးထည့်လိုက်သည်။ “သေချာကြည့်လိုက်စမ်း၊ ဒီမြင်းတွေ အကုန်လုံးက ငါ့ဟာတွေ”
တပ်မှူးမှာ ကြောင်သွားပြီး စာချုပ်ကို မီးတုတ်ဖြင့် သေချာဖတ်ကြည့်လိုက်သည်။ စာချုပ်ပါ အကြောင်းအရာကို မြင်လိုက်ရသည့်အခါ သူ ဆွံ့အသွားရသည်။
“မင်းသား... တကယ်ပဲ နိုင်သွားတာလား”
“အပိုတွေ ပြောမနေနဲ့၊ ငါသာ မနိုင်ရင် ဟွမ်နိုင်ငံသားတွေက ဒီတိုင်း ငြိမ်ကြည့်နေမလား၊ မြန်မြန်... မြင်းတွေကို ကူဆွဲပေးစမ်း”
တပ်မှူးသည် ဟွမ်နိုင်ငံသားများကလည်း မတားသည်ကို မြင်သောအခါမှသာ သူ့လူများကို မြင်းကူဆွဲရန် အမိန့်ပေးလိုက်သည်။ ကင်းလှည့်တပ်ဖွဲ့ပါ ကူညီလိုက်သဖြင့် အလုပ်က ပိုမြန်သွားတော့သည်။ မကြာမီမှာပင် မြင်းဇောင်းထဲ၌ မြင်းတစ်ကောင်မှ မကျန်တော့ပေ။
ယွမ်ကျန်းသည် မြင်းတစ်ကောင်ပေါ်သို့ ခုန်တက်လိုက်ပြီး အဆောင်ဘက်သို့ လှမ်း၍ နှုတ်ဆက်လိုက်သည်။ “ဆရာကြီးရဲ့ လက်ဆောင်ကို ငါ လက်ခံလိုက်ပြီနော်၊ မနက်ဖြန် ဆရာကြီးတို့ ထွက်ခွာတဲ့အခါ ငါ လာမပို့တော့ဘူး”
ထိုစကားကို ကြားသောအခါ အခန်းထဲရှိ ဘန်ဘူမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ ခဏအကြာတွင် ဘန်ဘူသည် တံခါးကို တွန်းဖွင့်၍ ထွက်လာပြီး နာကျည်းစွာ ပြောလိုက်သည်။ “ဆဋ္ဌမမင်းသား... ဖြည်းဖြည်းသွားပါ၊ ဟွမ်နိုင်ငံ မြင်းတွေက အရမ်းရိုင်းတယ်၊ မင်းသားကလည်း ပိန်ပိန်ပါးပါးနဲ့ဆိုတော့ မြင်းပေါ်က ပြုတ်ကျမနေပါနဲ့ဦး”
“ဒါကတော့ ဆရာကြီး စိတ်ပူစရာ မလိုပါဘူး”
ယွမ်ကျန်းက လက်ယမ်းပြရင်း ပြုံးစိစိဖြင့် ပြောလိုက်သည်။ “ငါ့မှာ ပုစ္ဆာတစ်ပုဒ် ရှိသေးတယ်၊ ဆရာကြီး... ငါတို့ နောက်တစ်ကြိမ် ထပ်လောင်းကြမလား”
“ကောင်းပြီလေ” ဘန်ဘူက သွားကြိတ်ပြီး ပြောလိုက်သည်။ “မင်းသားမှာ ဘယ်လောက် ထူးခြားတဲ့ ပုစ္ဆာရှိလဲဆိုတာ ငါ နားထောင်ကြည့်ချင်သေးတယ်”
ယွမ်ကျန်းက ပြုံးလိုက်သည်။ “နားထောင်လို့တော့ ရပါတယ်၊ ဒါပေမဲ့ ဆရာကြီးမှာ လောင်းစရာ ဘာရှိသေးလို့လဲ၊ မင်းတို့ ဝတ်ထားတဲ့ ဒီအဝတ်စုတ်တွေနဲ့တော့ လာမလောင်းနဲ့လေ”
“မင်း...”
ဘန်ဘူသည် စကားမပြောနိုင်တော့ပေ။ သူသည် ယွမ်ကျန်း၏ လှောင်ပြောင်ခြင်းကို ခံလိုက်ရမှန်း သိလိုက်ရသည်။ ယွမ်ကျန်းက သူ့ကို ထပ်ပြိုင်ချင်လို့ မဟုတ်ဘဲ သူ့အနာကို ဆားနှင့် ပက်လိုက်ခြင်းသာ ဖြစ်သည်။
ရုတ်တရက် ဘန်ဘူ၏ ရင်ထဲတွင် သွေးများ ဆူပွက်လာတော့သည်။ သူသည် ထိုသွေးများကို အတင်းအောင့်ထားသော်လည်း မရတော့ပေ။
“အဟွတ်...”
ဘန်ဘူသည် ပါးစပ်မှ သွေးများကို ပန်းထုတ်လိုက်ရတော့သည်။