အခန်း (၄၂) - ဘန်ဘူ နောက်တစ်ကြိမ် ရှုံးနိမ့်ခြင်း
အဖြေနှစ်ခုကို တိုက်စစ်ဖို့ဆိုတာ သိပ်တော့ မခက်ခဲပေ။ ရိုးရိုးရှင်းရှင်းလေး ပေါင်းစပ်တွက်ချက်ကြည့်လိုက်ရုံသာ ဖြစ်သည်။
ဘန်ဘူတစ်ယောက် ပိုနေတဲ့ အဖြေနှစ်ခုစလုံးကို တိုက်စစ်ပြီးသွားတဲ့အခါမှာတော့ တစ်ကိုယ်လုံး အေးစက်သွားတော့သည်။ အဖြေတွေက မှန်နေသည်။ ဒီအဖြေနှစ်ခုစလုံးက တကယ်ကို မှန်ကန်နေလေသည်။ ဤပုစ္ဆာမှာ တကယ်ပဲ အဖြေခြောက်ခု ရှိနေတာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူကိုယ်တိုင် သေချာပေါက် တွက်ချက်ခဲ့တာ မဟုတ်ပါလော။ အဖြေက ဘာလို့ ခြောက်ခုတောင် ဖြစ်နေရတာလဲ။
“မဖြစ်နိုင်ဘူး… ဒါ မဖြစ်နိုင်ဘူး…”
ဘန်ဘူသည် နဖူးက ချွေးတွေကို လက်ဖဝါးနဲ့ ကမန်းကတန်း သုတ်လိုက်ရင်း အစကနေ ပြန်တွက်ချက်နေပြန်သည်။ ဘန်ဘူရဲ့ ပုံစံကို ကြည့်ပြီး တုကွေ့ယွမ်တို့ လူစုလည်း ကြောင်အသွားကြသည်။ ဒါက ဘာအခြေအနေလဲ။ ဆဋ္ဌမမင်းသား တွက်တာ တကယ်ပဲ မှန်သွားတာလား။ ဘန်ဘူကိုယ်တိုင်တောင် အဖြေကုန်အောင် မတွက်နိုင်ခဲ့တာလား။
လူတိုင်း အံ့သြနေကြစဉ်မှာပဲ ရဲ့ကျိက ကြောင်တောင်တောင် ဖြစ်နေတဲ့ စင်ရှန်းကို ထူပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
“အူကြောင်ကြောင်မလေး… မငိုနဲ့တော့၊ ဆဋ္ဌမမင်းသား နိုင်သွားပြီ”
သူမကိုယ်တိုင် တွက်ချက်ကြည့်ပြီးပြီ ဖြစ်သည်။ ယွမ်ကျန်းရဲ့ အဖြေခြောက်ခုစလုံးက မှန်ကန်နေပေသည်။ ဘန်ဘူက အကြိမ်တစ်ရာ ပြန်တွက်ရင်တောင် ဒီအဖြေတွေက မှန်နေမှာပဲ ဖြစ်သည်။
“မင်းသား… နိုင်သွားပြီလား”
စင်ရှန်းက ရဲ့ကျိကို အူကြောင်ကြောင်လေး ကြည့်ရင်း သူမနားကိုပင် သူမ မယုံနိုင်အောင် ဖြစ်နေရသည်။ မင်းသားက ဘယ်လိုလုပ်ပြီး ထပ်နိုင်သွားပြန်တာလဲ။
သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ ဘန်ဘူတစ်ယောက် ကြမ်းပြင်ပေါ်ကို ဝုန်းခနဲ ထိုင်ရက်သား လဲကျသွားတော့သည်။ မှန်သည်။ ယွမ်ကျန်း ပိုတွက်ပြလိုက်တဲ့ အဖြေနှစ်ခုစလုံးက တကယ်ကို မှန်ကန်နေပေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဘယ်လိုလုပ်ပြီးတော့လဲ…”
ဘန်ဘူသည် လိပ်ပြာလွင့်သွားသလိုမျိုး ကြမ်းပြင်ပေါ်မှာ ထိုင်နေမိသည်။
“ဆရာကြီး”
ကိုယ်ရံတော်က ဘန်ဘူကို မြင်တော့ အမြန်ပြေးလာပြီး ထူပေးလိုက်ကာ စိုးရိမ်တကြီး မေးလိုက်သည်။ “သူ့အဖြေက မှားနေတာ မဟုတ်လား၊ ဟုတ်တယ်မလား”
သူ့စိတ်ထဲမှာ အဖြေကို သိနေပေမဲ့လည်း မျှော်လင့်ချက်ကလေး တစ်ခုတော့ ထားချင်နေသေးသည်။ ဘန်ဘူက ယွမ်ကျန်း တွက်တာ မှားတယ်လို့ ပြောချင်ပေမဲ့ အဖြေတွေက ရှေ့မှာ အထင်အရှား ရှိနေတာကြောင့် ဘယ်လိုမှ ငြင်းလို့ မရပေ။
“ရှုံးပြီ… ထပ်ပြီး ရှုံးပြန်ပြီ…”
ဘန်ဘူရဲ့ မျက်နှာက အားကိုးရာမဲ့သွားပြီး ငိုတောင် ငိုချင်လာတော့သည်။ သူ သေချာ အကွက်ချခဲ့တဲ့ ထောင်ချောက်ထဲကို နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ ပြန်ကျသွားရချေပြီ။ ဟွမ်နိုင်ငံကနေ တချန်းအင်ပါယာကို သံတမန်အဖြစ် လာကတည်းက ယွမ်ကျန်းနဲ့ လောင်းကြေးထပ်သမျှ လေးကြိမ်စလုံး သူ ရှုံးခဲ့သည်။ သူကတော့ ဒီပုစ္ဆာက အရမ်းခက်တယ်လို့ ထင်နေပေမဲ့ ယွမ်ကျန်းကတော့ ခဏလေးအတွင်းမှာတင် အဖြေထုတ်ပေးလိုက်သည်။ ပြီးတော့ သူ့အဖြေထက်တောင် ပိုပြီး ပြည့်စုံနေသေးသည်။ ယွမ်ကျန်း ပြောခဲ့သလိုပဲ သူကိုယ်တိုင်တောင် ဒီပုစ္ဆာကို အဖြေကုန်အောင် မတွက်နိုင်ခဲ့ပေ။
“ရှုံးသွားပြီလား”
ဘန်ဘူရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ကိုယ်ရံတော်ရဲ့ မျက်နှာက ရုတ်ခြည်း ပြောင်းလဲသွားသည်။ အစောက မာန်ဝံ့နေတဲ့ အရှိန်အဝါတွေ အကုန်ပျောက်သွားပြီး နာကျည်းမှုတွေပဲ ကျန်တော့သည်။ ထပ်ရှုံးပြန်ပြီ။ အရှက်တကွဲနဲ့ကို ရှုံးသွားရတာ ဖြစ်သည်။
“ငါ ပြောသားပဲ၊ မင်းက ငါတို့ တချန်းအင်ပါယာဆီကနေ သင်္ချာပညာကို အပေါ်ယံလေး နည်းနည်းပါးပါး ခိုးသင်သွားပြီးတော့ မင်းကိုယ်မင်း တော်လှပြီလို့ မထင်လိုက်နဲ့”
ယွမ်ကျန်းက စိတ်ဓာတ်ကျနေတဲ့ ဘန်ဘူကို ကြည့်ပြီး ပြုံးစိစိနဲ့ ပြောလိုက်သည်။ “ဆရာနဲ့ တပည့်ကြားမှာတော့ ကွာခြားချက်က ရှိနေဦးမှာပဲ”
ယွမ်ကျန်းရဲ့ စကားကြောင့် လူတိုင်းက စိတ်ထဲက အညှိုးအတေးတွေ အကုန်ပျောက်သွားပြီး တဝါးဝါး ရယ်မောကြတော့သည်။
“ဆဋ္ဌမမင်းသား ပြောတာ မှန်တယ်”
“အပေါ်ယံလေး ခိုးသင်သွားပြီးတော့ ငါတို့ တချန်းအင်ပါယာမှာ လာပြီး ဆရာကြီး လုပ်ချင်သေးတယ်”
“ဟားဟား… အခုတော့ ကိုယ့်ထောင်ချောက်ထဲကိုယ် ပြန်မိပြီ မဟုတ်လား”
“ဆရာကြီး… မင်းသားကို ဆရာတင်ဖို့ မမေ့နဲ့ဦးလေ”
“ဒီလို အရိုင်းအစိုင်းတွေက ငါတို့ တချန်းအင်ပါယာရဲ့ အသိပညာကို လာပြိုင်ချင်သေးတယ်…”
လူတွေက ရယ်လေ ပျော်လေ ဖြစ်နေကြပေမဲ့ ဘန်ဘူရဲ့ မျက်နှာကတော့ ချီးမှန်ထားသလို ညိုမဲနေတော့သည်။ ဘန်ဘူက သူ ခိုးသင်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းချင်နေပေသည်။ ဒီပုစ္ဆာက သူ မြင်းတွေ မြက်စားနေတာကို ကြည့်ရင်းနဲ့ရလာတာ ဖြစ်သည်။ ပြီးတော့ အဖြေ လေးခု ရဖို့အတွက် အချိန်အကြာကြီး ပေးပြီး တွက်ခဲ့ရတာ ဖြစ်သည်။ သူ ရှင်းပြချင်ပေမဲ့လည်း ဘယ်လိုမှ ရှင်းပြလို့ မရပေ။ ယွမ်ကျန်းက သူ မတွက်နိုင်တဲ့ အဖြေတွေကိုတောင် ခဏလေးအတွင်းမှာ တွက်ပြသွားသည် မဟုတ်ပါလား။ ဘယ်သူ ပိုတော်လဲဆိုတာက သိသာလွန်းနေသည်။ အခု သူ ဘာပဲပြောပြော လူလည်ကျနေတယ်လို့ပဲ လူတွေက ထင်ကြမှာ ဖြစ်သည်။
“ဆရာကြီး… မင်း လူလည်တော့ မကျဘူး မဟုတ်လား”
ယွမ်ကျန်းက ရယ်မောရင်း ပြန်ထိုင်လိုက်ကာ ဆူညံနေတဲ့ လူအုပ်ကြီးကို လက်မြှောက်ပြီး တိတ်ခိုင်းလိုက်သည်။ ဘန်ဘူကတော့ ယွမ်ကျန်းကို စိုက်ကြည့်နေမိသည်။
“ဆရာကြီး… သွားကြစို့”
ကိုယ်ရံတော်က ဘန်ဘူကို ဆွဲလိုက်ရင်း ဒေါသတကြီး ပြောလိုက်သည်။ “ငါတို့ သွားမယ်၊ ငါတို့ကို ဘယ်သူ တားရဲလဲ ကြည့်ရသေးတာပေါ့၊ ငါတို့ ဟွမ်နိုင်ငံရဲ့ စစ်တပ်ကို သူတို့ ကြောက်သလား မကြောက်ဘူးလားဆိုတာ”
ဟွမ်နိုင်ငံသားတွေက လူလည်ကျဖို့ လုပ်နေတာကို မြင်တော့ တုကွေ့ယွမ်က ကောင်းဟယ်ရဲ့ လက်ထဲက ဓားကို ဆွဲယူလိုက်သည်။
“နိုင်ရင်ယူ ရှုံးရင်ပြေးမလို့လား”
တုကွေ့ယွမ်က ဓားကို ကိုင်ပြီး သူတို့နှစ်ယောက်ကို အေးစက်စက် ကြည့်လိုက်သည်။ “ဒီအတိုင်း ထွက်သွားချင်ရင် ငါ့လက်ထဲက ဓားကို အရင် မေးကြည့်လိုက်စမ်း”
“သေချင်နေတာလား”
ဘန်ဘူရဲ့ ကိုယ်ရံတော်ကလည်း ချက်ချင်း ဓားဆွဲထုတ်လိုက်သည်။
“ဓားကို ပြန်သိမ်းစမ်း”
ဘန်ဘူက မျက်လုံးပြူးပြီး အော်ဟစ်လိုက်ကာ အံကြိတ်ပြီး ပြောလိုက်သည်။ “ငါတို့ ဟွမ်နိုင်ငံက ယောကျ်ားတွေက ရှုံးရင် ဝန်ခံရဲရမယ်၊ ငါတို့ ဟွမ်နိုင်ငံကို တချန်းအင်ပါယာက လူတွေ လှောင်ရယ်အောင် မလုပ်နဲ့”
“ဆရာကြီး”
ကိုယ်ရံတော်က စိတ်မရှည်သလို ပြောလိုက်သည်။ “မင်းက ငါတို့ ဟွမ်နိုင်ငံရဲ့ ဆရာကြီးလေ၊ ဘယ်လိုလုပ်ပြီး…”
“ပါးစပ်ပိတ်စမ်း”
ဘန်ဘူက ဒေါသတကြီး ဟောက်လိုက်ရင်း လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ သူလည်း လူလည်ကျချင်တာပေါ့။ ဒါပေမဲ့ အခုက လူလည်ကျရမယ့် အချိန်မဟုတ်ပေ။ အကယ်၍ သူသာ အခု လူလည်ကျလိုက်ရင် တချန်းအင်ပါယာဆီကနေ ရိက္ခာတွေ ရတော့မှာ မဟုတ်ဘူး။ ဒီရိက္ခာတွေသာ မရရင် ဟွမ်နိုင်ငံက ဒီဆောင်းရာသီကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပေ။ အတော်ကြာမှ ဘန်ဘူက သက်ပြင်းအေးအေး ချလိုက်ပြီး လက်သီးကို ဖြေလျှော့လိုက်သည်။
“ဒီနေ့ ငါ ခံလိုက်ရတဲ့ အရှက်ကို နောက်တစ်နေ့ကျရင် ဆယ်ဆ ပြန်ပေးဆပ်စေရမယ်” လို့ ဘန်ဘူက စိတ်ထဲကနေ ကြုံးဝါးလိုက်ရင်း လက်ကို မြှောက်လိုက်သည်။
“ဖြတ်… ဖြတ်…”
ဘန်ဘူက သူ့ပါးကိုသူ ဘယ်ပြန်ညာပြန် နှစ်ချက် ဆင့်ရိုက်လိုက်သည်။
“ဘုန်း…”
နောက်တစ်ခဏမှာတော့ ဘန်ဘူသည် ယွမ်ကျန်းရဲ့ ရှေ့မှာ ဒူးထောက်လိုက်ပြီး နာကျည်းမှုတွေကို အတင်းအောင့်ထားကာ ဦးသုံးကြိမ် သေချာ ဂါရဝပြုလိုက်သည်။ ဘန်ဘူရဲ့ လုပ်ရပ်ကို ကြည့်ပြီး လူတိုင်း အံ့သြသွားကြသည်။ ဘန်ဘူက တကယ်ပဲ လောင်းကြေးအတိုင်း လုပ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားကြပေ။
ယွမ်ကျန်းက ဘန်ဘူကို ကြည့်ပြီး သူ့မျက်လုံးထဲမှာ သတ်ဖြတ်လိုတဲ့ အရိပ်အယောင်တွေ တစ်ချက် ဖြတ်ပြေးသွားသည်။ “သည်းခံနိုင်စွမ်းကတော့ အံ့မခန်းပဲ၊ ဒီဘန်ဘူဆိုတဲ့လူက တကယ့် လူထူးလူဆန်းပဲ”
နောက်တစ်ချိန်မှာ ဟွမ်နိုင်ငံနဲ့ စစ်ဖြစ်ရင် ဒီလူကတော့ တကယ့် ရန်သူတော်ကြီး ဖြစ်လာမှာ သေချာပေသည်။ ဒါပေမဲ့ ယွမ်ကျန်းကတော့ သတ်ချင်တဲ့စိတ်ကို အောင့်ထားလိုက်သည်။ အခု ဘန်ဘူကို သတ်လိုက်ရင် သူ့အတွက် ဘာမှ အကျိုးမရှိပေ။
“ထတော့”
ယွမ်ကျန်းက လက်ကို အသာမြှောက်ပြလိုက်ကာ “ဆရာကြီး မှတ်ထားပါဦး၊ နောက်ပိုင်း ငါ့ကို မြင်ရင်လည်း အခုလိုပဲ ဆရာတစ်ယောက်လို ရိုရိုသေသေ ဆက်ဆံရမယ်နော်”
“ဆဋ္ဌမမင်းသား စိတ်ချပါ၊ ငါတို့ ဟွမ်နိုင်ငံ ယောကျ်ားတွေက ရှုံးရင် ဝန်ခံရဲပါတယ်”
ဘန်ဘူက အံကြိတ်ပြီး ပြောလိုက်ကာ နာကျည်းမှုတွေကို အတင်းအောင့်ပြီး ထရပ်လိုက်သည်။
“ကောင်းပြီ၊ ဒါမှ ဟွမ်နိုင်ငံ ဆရာကြီးရဲ့ ဂုဏ်သိက္ခာနဲ့ ညီတာပေါ့”
ယွမ်ကျန်းက ခေါင်းညိတ်ပြရင်း ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ ကောင်းဟယ်ကို ညွှန်ကြားလိုက်သည်။ “အိမ်တော်က ကိုယ်ရံတော်တွေနဲ့ အစေခံတွေ အကုန်ခေါ်ခဲ့၊ ငါနဲ့အတူ မြင်းသွားသိမ်းမယ်”
“ဟုတ်ကဲ့ပါ”
ကောင်းဟယ်က ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။ သူ့မျက်နှာမှာလည်း အပြုံးတွေက ဝေဆာနေတော့သည်။ ဟွမ်နိုင်ငံက မြင်း ခြောက်ရာကျော်လေ။ အဲ့ဒီမြင်းတွေက ဘယ်လောက်ပဲ ညံ့ညံ့၊ ဒါက တကယ့်ကို ကြီးမားတဲ့ဟာပဲ မဟုတ်လား။ ပြီးတော့ ဟွမ်နိုင်ငံ သံတမန်အဖွဲ့ စီးတဲ့မြင်းတွေက ညံ့စရာ အကြောင်းမှ မရှိတာ။ စိတ်လှုပ်ရှားနေတဲ့ တချန်းအင်ပါယာ လူတွေကို ကြည့်ပြီး ကိုယ်ရံတော်ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တွေ ပေါ်လာတော့သည်။
“သွားမယ်”
ဘန်ဘူက ခပ်တိုးတိုး အော်လိုက်ပြီး အပြင်ကို ဖြည်းဖြည်းချင်း ထွက်သွားသည်။ ကိုယ်ရံတော်ကလည်း လူတိုင်းကို ဒေါသတကြီး တစ်ချက်ကြည့်ပြီးမှ နောက်က လိုက်သွားတော့သည်။ အခုတော့ အပြင်မှာ မှောင်နေချေပြီ။
“ဆရာကြီး… တကယ်ပဲ အဲ့ဒီမြင်းတွေကို တချန်းအင်ပါယာ လူတွေကို ပေးလိုက်တော့မှာလား” ကိုယ်ရံတော်က မကျေမနပ် မေးလိုက်သည်။
“မပေးလို့ ဘယ်လိုလုပ်မလဲ”
ဘန်ဘူက ဒေါသကို အတင်းအောင့်ပြီး ဟောက်လိုက်သည်။ “စာချုပ်က အထင်အရှား ရှိနေတာလေ၊ ငါတို့က ဒီမြင်းလေးတွေကိုတောင် မပေးရင် ငါတို့ မြင်းတစ်သောင်းနဲ့ အဲ့ဒီနယ်မြေတွေကို ပေးမယ်ဆိုတာကို တချန်းအင်ပါယာ လူတွေက ယုံပါတော့မလား”
ကိုယ်ရံတော်မှာ ဆွံ့အသွားရကာ ဘာမှ ပြန်မပြောနိုင်တော့ပေ။ “ဒါဆို ငါတို့ ဘယ်လို ပြန်ကြမလဲ”
အတော်ကြာမှ ကိုယ်ရံတော်က မကျေမနပ် ထပ်မေးလိုက်ပြန်သည်။
“ဒါက တချန်းအင်ပါယာရဲ့ ကိစ္စပဲ၊ မင်း စိတ်ပူစရာ မလိုဘူး”
ဘန်ဘူက ခေါင်းခါပြလိုက်သည်။ သူ့စိတ်ထဲမှာတော့ အစီအစဉ်တစ်ခု ရှိနေပြီးသား ဖြစ်ပေသည်။ သူတို့က ဟွမ်နိုင်ငံရဲ့ သံတမန်အဖွဲ့လေ။ မြင်းတွေ မရှိတော့ရင်တောင် တချန်းအင်ပါယာက သူတို့ကို ဟွမ်နိုင်ငံအရောက် လူလွှတ်ပြီး လိုက်ပို့ပေးရမှာပဲ မဟုတ်ပါလား။ ဟွမ်နိုင်ငံကို ပြန်ရောက်တဲ့အခါကျမှ တချန်းအင်ပါယာကို အခုထက်ပိုပြီး ပေးဆပ်ခိုင်းရပေမည်။