အခန်း (၄၁) - ငကြောင်တွေမှာ စကားပြောပိုင်ခွင့်မရှိဘူး
လူတိုင်းက တားဆီးချင်ကြသော်လည်း တားဆီး၍ မရပေ။ မကြာမီမှာပင် စင်ရှန်း အမွှေးတိုင်ကို မီးညှိလိုက်သည်။
ဘန်ဘူကတော့ တစ်ဖက်သို့ ခပ်လှမ်းလှမ်းသွားကာ အဖြေကို သီးသန့်ရေးနေသည်။ သူ၏ ကိုယ်ရံတော်ကလည်း ဘေးမှနေ၍ တစ်ယောက်ယောက် လာချောင်းကြည့်မည်ကို စိုးရိမ်သည့်နှယ် အကဲခတ်နေလေသည်။ ယွမ်ကျန်းကမူ ပြုံးလိုက်ရင်း မိမိ၏ ငှက်မွေးကလောင်ကို ထုတ်ကာ လူတိုင်း၏ စူးစမ်းသော အကြည့်များကြားမှာပင် ပုစ္ဆာကို စတင်တွက်ချက်တော့သည်။
ရဲ့ကျိက ယွမ်ကျန်းလက်ထဲက ငှက်မွေးကလောင်ကို အံ့သြတကြီး ကြည့်လိုက်ပြီးနောက် ယွမ်ကျန်းအနားသို့ တိုးကပ်ကာ သူတွက်နေသည်ကို စိတ်ဝင်တစား ကြည့်နေသည်။ X တို့ Y တို့ ဆိုသည်မှာ ဘာလဲဆိုသည်ကို ရဲ့ကျိ လုံးဝနားမလည်ပေ။ ယွမ်ကျန်းကတော့ အရှိန်အဟုန်ဖြင့် အမြန် ရေးသားနေသည်။
Y=(100-5x)/3
မကြာခင်မှာပင် ယွမ်ကျန်းက ညီမျှခြင်းကို ချရေးလိုက်သည်။ နောက်တစ်ဆင့်မှာတော့ ဂဏန်းများကို အစားထိုးရန်သာ ကျန်တော့သည်။ ၁ ကနေ ၂၀ အထိ တစ်ခုချင်းစီ အစားထိုးလိုက်ရုံပင်။ မိနစ်ပိုင်းအတွင်းမှာပင် ယွမ်ကျန်းက အဖြေ ခြောက်ခုကို ရရှိသွားသည်။
ယွမ်ကျန်း ရရှိထားသော အဖြေ ခြောက်ခုကို ကြည့်ပြီး ရဲ့ကျိ ချက်ချင်း သဘောပေါက်သွားသည်။ “ဘန်ဘူက ဘာလို့ ယုံကြည်မှုတွေ အပြည့်ဖြစ်နေလဲဆိုတာ အခုမှ သိတော့တယ်၊ အဖြေတွေက ဒီလောက်တောင် အများကြီး ရှိနေတာကိုး”
ဘန်ဘူသည် ဟွမ်နိုင်ငံ၏ ဆရာကြီးပီပီ တကယ့်ကို အကွက်စေ့လှပေသည်။ ရဲ့ကျိက စိတ်ထဲမှနေ၍ ထိုအဖြေများကို တစ်ခုချင်းစီ တိုက်စစ်နေစဉ်မှာပင် ယွမ်ကျန်းက ငှက်မွေးကလောင်ကို ချလိုက်ကာ ရယ်မောရင်း ပြောလိုက်သည်။
“ဆရာကြီး... ငါတို့ အဖြေတွေကို ကြည့်လို့ရပြီနော်”
ထိုအချိန်တွင် အမွှေးတိုင်မှာ တစ်ဝက်ပင် မကုန်သေးပေ။ ဘန်ဘူက အံ့သြသွားကာ ဝုန်းခနဲ မတ်တတ်ရပ်လိုက်သည်။
“ဒီလောက် မြန်မြန်နဲ့ အဖြေထွက်သွားတာလား”
ဘန်ဘူ ခေတ္တမျှ ကြောင်သွားပြီးမှ ရယ်မောကာ ပြန်ပြောလိုက်သည်။
“ဆဋ္ဌမမင်းသား... အမွှေးတိုင်က တစ်ဝက်တောင် မကုန်သေးဘူးလေ၊ မင်းသား သေချာအောင် ထပ်မတွက်ကြည့်ချင်ဘူးလား၊ ငါကတော့ တစ်ဖက်သတ်နိုင်သွားမှာကို မလိုလားဘူးနော်”
“မလိုပါဘူး”
ယွမ်ကျန်းက ခပ်မဲ့မဲ့ ပြုံးလိုက်ကာ “ဆရာက တပည့်ကို ရိုက်တာပဲ၊ ကလေးကို ရိုက်သလို အေးဆေးပါပဲ” ဟု ဆိုလိုက်သည်။
ကလေးကို ရိုက်သလို ဟုတ်လား။ ဘန်ဘူသည် ဤစကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သော်လည်း အဓိပ္ပာယ်ကိုတော့ ခန့်မှန်းမိသည်။
“တော်တော် ရဲတင်းတာပဲ”
ဘန်ဘူက ရယ်မောကာ “ဆဋ္ဌမမင်းသား... အခုပဲ အဖြေကို ဖွင့်ပြဖို့ သေချာပြီလား” ဟု မေးလိုက်သည်။
“သေချာတာပေါ့”
ယွမ်ကျန်းက ခေါင်းညိတ်ပြရင်း “ဒီလောက် လွယ်တဲ့ပုစ္ဆာကို အချိန်အကြာကြီး ပေးနေစရာ မလိုပါဘူး” ဟု ပြန်ပြောလိုက်သည်။
“ဟားဟား”
ဘန်ဘူက အကျယ်ကြီး ရယ်မောလိုက်ပြီး “လွယ်တာတော့ လွယ်ပါတယ်၊ ဒါပေမဲ့ မင်းသားကတော့ ဒီပုစ္ဆာရဲ့ လျှို့ဝှက်ချက်ကို မတွေ့သွားပုံပဲ၊ မင်းသား ရှုံးဖို့သာ ပြင်ထားတော့” ဟု ဆိုလေသည်။
ယွမ်ကျန်းက အဖြေတစ်ခုကိုတော့ ရထားမည်ဟု သူ ယုံကြည်သည်။ သို့သော် ယွမ်ကျန်းက အဖြေတစ်ခုတည်းကိုသာ ရထားခြင်း ဖြစ်ပေလိမ့်မည်။ တကယ်တမ်းတွင် ဤပုစ္ဆာ၌ အဖြေများစွာ ရှိနေသည် မဟုတ်ပါလော။
“စကားတွေ အရှည်ကြီး ပြောမနေနဲ့တော့၊ အဖြေကိုပဲ မြန်မြန်ဖွင့်ပြလိုက်စမ်းပါ”
ယွမ်ကျန်းက ခေါင်းကို ခါယမ်းလိုက်ရင်း အိမ်တော်ထိန်းကို လှည့်ကြည့်ကာ “မင်းက ဒီမှာ ဘာရပ်လုပ်နေတာလဲ၊ ငါတို့ရလာမယ့် မြင်းတွေကို ထားဖို့ နေရာသွားရှာထားလေ” ဟု ပြောလိုက်သည်။
“…”
အိမ်တော်ထိန်းမှာ ဆွံ့အသွားရကာ ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။ “အဖြေတောင် မဖွင့်ရသေးဘူးလေ”
“ဆဋ္ဌမမင်းသား... မင်းသားကတော့ ပျော်လွန်းနေပြီနော်”
ဘန်ဘူက အားရပါးရ ရယ်မောလိုက်ကာ “ဒီပုစ္ဆာမှာ အဖြေ စုစုပေါင်း လေးခု ရှိတယ်၊ ဟားဟား” ဟု ဆိုရင်း သူ၏ အဖြေများကို လူပုံအလယ်တွင် ထုတ်ပြလိုက်သည်။
“ဘာ... အဖြေ လေးခုတောင် ရှိတာလား”
“သွားပြီ၊ ဒီတစ်ခါတော့ ဆဋ္ဌမမင်းသား တကယ်ပဲ အသက်လုရတော့မယ်”
“ငါ ထင်သားပဲ၊ ဒီလူအိုကြီးက မရိုးဘူးဆိုတာ”
“ဘယ်လိုလုပ်ကြမလဲ၊ အခုတော့ ဒုက္ခရောက်ကုန်ပြီ”
“ဒီလူအိုကြီးက တော်တော် ယုတ်မာတာပဲ၊ မြန်မြန်... အရှင်မင်းကြီးကို သွားအကြောင်းကြားကြစမ်း”
ဘန်ဘူ၏ အဖြေများကို မြင်လိုက်ရသည့်အခါ အဝေးတွင် ရှိနေသူများမှာ ဝိုင်း၍ ညည်းတွားကုန်ကြသည်။ အဖြေ လေးခုတောင် ရှိနေသည် မဟုတ်ပါလား။ ဘန်ဘူက သေချာ အကွက်ချပြီး လာခဲ့ခြင်း ဖြစ်ပေသည်။ ဆဋ္ဌမမင်းသားကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းပြီး ဘန်ဘူ၏ ထောင်ချောက်ထဲသို့ တိုးဝင်သွားခဲ့ချေပြီ။
အိမ်တော်အတွင်း၌ တိုးတိုးတိတ်တိတ် ငိုသံအချို့ပင် ထွက်ပေါ်လာသည်။ စင်ရှန်းမှာလည်း မျက်ရည်ဝိုင်းလျက် ဆဋ္ဌမမင်းသားနှင့်အတူ လိုက်သေရမည်လောဟုပင် တွေးတောနေမိတော့သည်။
ဘန်ဘူ၏ အဖြေများကို ကြည့်ရင်း ယွမ်ကျန်းနှင့် ရဲ့ကျိတို့မှာ ကြောင်သွားကြသည်။
“ဘာလို့ လေးခုပဲ ဖြစ်နေတာလဲ” ရဲ့ကျိက အံ့သြတကြီးဖြင့် ယွမ်ကျန်းကို မေးလိုက်သည်။
“ငါလည်း ဘယ်သိမှာလဲ” ယွမ်ကျန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
အဖြေက လေးခုတည်းလား။ “ဒီလူအိုကြီးကတော့၊ ကိုယ်တိုင်တောင် အဖြေကုန်အောင် မတွက်နိုင်တဲ့ ပုစ္ဆာကို ယူလာပြီး ငါ့ကို လာစမ်းနေတာလား”
ထိုသူနှစ်ဦး၏ စကားကို ကြားလိုက်ရသည့်အခါ မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသော အိမ်တော်ထိန်းမှာ လုံးဝကို စိတ်ဓာတ်ကျသွားတော့သည်။ အိမ်တော်ထိန်းသည် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အပြင်သို့ သုတ်ခြေတင် ပြေးထွက်သွားတော့သည်။ ဧကရာဇ်ဝမ်ဆီက လူတွေကို မြန်မြန် သွားပြောမှ ဖြစ်မည်။ အကယ်၍ ဧကရာဇ်ဝမ် ရောက်လာလျှင် ဆဋ္ဌမမင်းသား အသက်ရှင်ဖို့ လမ်းစ ရှိကောင်း ရှိနိုင်ပေသည်။
ထွက်ပြေးသွားသော အိမ်တော်ထိန်းကို ကြည့်ကာ ဘန်ဘူက ပို၍ပင် အားရပါးရ ရယ်မောလိုက်သည်။
“ဆဋ္ဌမမင်းသား... ကြောင်မနေနဲ့တော့၊ မင်းသားရဲ့ အဖြေကိုလည်း မြန်မြန် ထုတ်ပြလိုက်စမ်းပါ၊ ဒီနေ့တော့ မင်းသားကို စိတ်ကျေနပ်အောင် ရှုံးသွားစေရမယ်”
“ဆရာကြီး... ဘာတွေ သဘောကျပြီး ရယ်နေတာလဲ” ယွမ်ကျန်းက မျက်မှောင်ကြုတ်လျက် ဘန်ဘူကို ကြည့်လိုက်သည်။
“ငါက ဆဋ္ဌမမင်းသားရဲ့ ဉာဏ်နည်းတာကိုရယ်နေတာလေ”
ဘန်ဘူက အောင်နိုင်သူအသွင်ဖြင့် ကြွားဝါလိုက်ကာ “ဒီပုစ္ဆာက ဒီလောက် လွယ်လိမ့်မယ်လို့ မင်းသား တကယ်ပဲ ထင်နေတာလား၊ ဆဋ္ဌမမင်းသား... မင်းသားက တော်တော်လေးကို မောက်မာတာပဲ၊ မောက်မာရင်တော့ တန်ဖိုးတစ်ခု ပြန်ပေးရမှာပဲ” ဟု ဆိုလေသည်။
“အင်း... ဒီစကားကတော့ မှန်တယ်”
ယွမ်ကျန်းက ခေါင်းညိတ်ပြလိုက်ကာ “မောက်မာရင်တော့ တန်ဖိုးတစ်ခု ပြန်ပေးရမှာ အမှန်ပဲ” ဟု ပြောရင်း သူ၏ အဖြေများကို ဖြည်းဖြည်းချင်း ထုတ်ပြလိုက်သည်။
ယွမ်ကျန်း၏ အဖြေများကို မြင်လိုက်ရသည့်အခါ ဘန်ဘူမှာ ကြောင်အသွားရသည်။ ခဏအကြာတွင် ဘန်ဘူ၏ ရယ်သံမှာ ရုတ်ခြည်း ရပ်တန့်သွားတော့သည်။
အဖြေ ခြောက်ခုလား။ ယွမ်ကျန်းက အဖြေ ခြောက်ခုတောင် ရေးထားသည် မဟုတ်ပါလော။
ယွမ်ကျန်း၏ အဖြေများကို ကြည့်ပြီး အိမ်တော်က ဝန်ထမ်းများလည်း မှင်တက်ကုန်ကြသည်။ ဒါက ဘာအခြေအနေကြီးလဲ။ သို့သော် မကြာမီမှာပင် လူတိုင်းက ပြန်လည် ဝမ်းနည်းသွားကြပြန်သည်။ ဘန်ဘူ၏ အဖြေက လေးခု၊ ယွမ်ကျန်း၏ အဖြေက ခြောက်ခု ဆိုတော့ ယွမ်ကျန်း တွက်တာ မှားသွားပြီဟုသာ လူတိုင်းက ထင်မှတ်နေကြသည်။ ဤသည်မှာ အဖြေ ဘယ်သူ ပိုများလဲဆိုသည့် ပြိုင်ပွဲမှ မဟုတ်ပေ။
“မင်းသား”
စင်ရှန်းက အော်ဟစ်ကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကျသွားပြီး မျက်ရည်များဖြင့် ပြောလိုက်သည်။ “ကျွန်မကို ကယ်တင်ခဲ့တာ မင်းသားပဲ၊ မင်းသား သေရင် ကျွန်မလည်း လိုက်သေပါ့မယ်၊ နောက်ဘဝကျရင်လည်း မင်းသားကိုပဲ ခစားပါရစေ”
ထိုသို့ပြောရင်း ထိုကောင်မလေးမှာ ထပ်၍ ငိုရှိုက်နေပြန်သည်။ ယွမ်ကျန်းမှာတော့ စိတ်ပျက်သွားကာ မျက်နှာ ပျက်သွားရသည်။
“ငါမှ မသေသေးတာ၊ ဘာတွေ ဖြစ်နေကြတာလဲ”
ဒါပေမဲ့ ထိုကောင်မလေးက ဒီလိုစကားမျိုး ပြောနိုင်သည်မှာ သူမကို သူ ကောင်းကောင်း ဆက်ဆံခဲ့ရကျိုး နပ်ပေသည်။ “အင်း... ပိပေါ့ဆောင်က ဟိုမျက်နှာနှစ်ဖက် ငနဲတွေထက်စာရင်တော့ ဒီကောင်မလေးက အများကြီး သာပါသေးတယ်”
ယွမ်ကျန်း စိတ်ကူးယဉ်နေတုန်းမှာပင် တုကွေ့ယွမ်တို့ လူစုက အမြန် ပြေးတက်လာပြီး ယွမ်ကျန်းကို ဝိုင်းပတ် ကာကွယ်လိုက်ကြသည်။
“မင်းသားရဲ့ အသက်ကို လိုချင်ရင် ငါတို့ရဲ့ အလောင်းတွေကို အရင် ကျော်သွားလိုက်စမ်း”
တုကွေ့ယွမ်၏ မျက်လုံးများက ဓားကဲ့သို့ စူးရှနေပြီး ဘန်ဘူနှင့် သူ၏ ကိုယ်ရံတော်ကို သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ကြည့်လိုက်သည်။ လက်တစ်ဖက်သာ ရှိသော်လည်း တုကွေ့ယွမ်၏ ဟန်ပန်မှာမူ လျော့နည်းမသွားပေ။
“မှန်တယ်”
ကောင်းဟယ်ကလည်း ခေါင်းညိတ်လိုက်ကာ ဓားကို ဆွဲထုတ်၍ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်။
“ဖယ်ကြစမ်း”
ယွမ်ကျန်းက မတ်တတ်ရပ်လိုက်ပြီး စိတ်မရှည်သလို ပြောလိုက်သည်။ “ငါ ရှုံးပြီလို့ ဘယ်သူက ပြောလို့လဲ”
ထိုစကားကြောင့် လူတိုင်း ကြောင်သွားကြသည်။ “မင်းသားက လူလည်ကျမလို့လား”
“ဆဋ္ဌမမင်းသား... ရှုံးတာကတော့ ရှုံးတာပါပဲ”
ဘန်ဘူက လှောင်ပြုံးဖြင့် “ဒီပုစ္ဆာမှာ အဖြေ လေးခုပဲ ရှိတာကို မင်းသားက ခြောက်ခုတောင် ရေးထားတယ်၊ တိုက်စစ်နေစရာတောင် မလိုဘဲ မင်းသား ရှုံးသွားပြီဆိုတာ သိသာနေတာပဲ၊ တချန်းအင်ပါယာရဲ့ မင်းသားတစ်ပါးက လူပုံအလယ်မှာ လူလည်ကျမလို့လား” ဟု ဆိုသည်။
“ငါက လူလည်မကျပါဘူး”
ယွမ်ကျန်းက အထင်သေးစွာ ပြုံးလိုက်ပြီး သူ့ရှေ့က တုကွေ့ယွမ်ကို ဖယ်၍ ရှေ့သို့ တိုးသွားသည်။ “မင်း အရင်ဆုံး တိုက်စစ်ကြည့်လိုက်ပါဦး၊ ကိုယ်တိုင်တောင် အဖြေကုန်အောင် မတွက်နိုင်တဲ့ ပုစ္ဆာကို ယူလာပြီး လူလာအရှက်ခွဲနေတာ မရှက်ဘူးလား”
“နားမလည်တာတွေ လျှောက်မပြောနဲ့”
ဘန်ဘူ၏ ကိုယ်ရံတော်က လှောင်ပြောင်ကာ “ဆရာကြီး ကိုယ်တိုင် ထုတ်ထားတဲ့ ပုစ္ဆာကို ဆရာကြီးက အဖြေမသိဘဲ နေမလား” ဟု ပြန်ပြောလိုက်သည်။
ယွမ်ကျန်းက ထိုကိုယ်ရံတော်ကို အထင်သေးစွာ တစ်ချက်ကြည့်လိုက်ပြီး စိတ်မရှည်သလို နှိုးဆော်လိုက်သည်။ “ဆရာကြီး... ငါ့ရဲ့ အဖြေတွေကို မြန်မြန် တိုက်စစ်ကြည့်လိုက်စမ်းပါ၊ ငါက မင်းရဲ့ ဆရာတင်တဲ့ အခမ်းအနားကို စောင့်နေတာ”
“ကောင်းပြီ၊ မင်းသားကို စိတ်ကျေနပ်အောင် ရှုံးသွားစေရမယ်”
ဘန်ဘူက နှာခေါင်းရှုံ့လိုက်ပြီး အဖြေများကို စတင် တိုက်စစ်တော့သည်။ သူ ရေးထားသည့် အဖြေ လေးခုလုံးမှာ ယွမ်ကျန်း၏ အဖြေထဲတွင် ပါဝင်နေသည်။ ကျန်ရှိသော အဖြေနှစ်ခုကိုသာ သူ တိုက်စစ်ရန် လိုအပ်ပေသည်။ ဘန်ဘူသည် အမြန် တွက်ချက်ကြည့်လိုက်သည်။
သို့သော် တွက်ရင်း တွက်ရင်းဖြင့် ဘန်ဘူ၏ မျက်နှာမှာ တည်ကြည် လေးနက်သွားတော့သည်။ မကြာမီမှာပင် ဘန်ဘူ၏ နဖူးပေါ်တွင် ချွေးစေးများ ပျံတက်လာချေပြီ။