အခန်း (၄၀) - မှတ်ဉာဏ်မရှိတဲ့လူ
ဘန်ဘူရဲ့ မေးခွန်းက ယွမ်ကျန်းကို တကယ်ပဲ အကျပ်ရိုက်သွားစေ၏။
လောင်းမယ်ဆိုရင်တော့ ရတယ်၊ ဒါပေမဲ့ လောင်းကြေးက ဘာဖြစ်မလဲဆိုတာက အဓိကပဲ။
ဘန်ဘူတို့က နှစ်ယောက်တည်း လာတာလေ။ သူတို့ကိုယ်ပေါ်မှာလည်း ဘာမှ အဖိုးတန်တာ ပါပုံမရဘူး။ ဒါမှမဟုတ် သူတို့နှစ်ယောက်လုံးကို အဝတ်အစားတွေ အကုန်ချွတ်ခိုင်းပြီး ပြန်ခိုင်းရမလား။
“ဒါက ဟွမ်နိုင်ငံကို အရှက်ခွဲရာတော့ ရောက်ပြီး ငါ့အတွက် ဘာအကျိုးအမြတ်မှ ရှိမှာ မဟုတ်ဘူး”
ယွမ်ကျန်းက ခဏလောက် စဉ်းစားပြီးမှ ဘန်ဘူကို ပြုံးပြုံးလေး မေးလိုက်သည်။
“ဟွမ်နိုင်ငံသံတမန်အဖွဲ့မှာ လူဘယ်နှယောက်နဲ့ မြင်းဘယ်နှကောင် ပါလာလဲ”
“ဟင်”
ဘန်ဘူ ဇဝေဇဝါ ဖြစ်သွား၏။ သူက ဒါကို ဘာလို့ မေးတာလဲ။ တစ်ဖွဲ့လုံးရဲ့ အသက်နဲ့ လောင်းချင်လို့လား။
အကယ်၍ ယွမ်ကျန်းက တကယ်ပဲ အဲ့ဒီလို လောင်းမယ်ဆိုရင်တော့ သူ ဝမ်းသာမှာ ဖြစ်သည်။ ဘာလို့လဲဆိုတော့ သူ ရှုံးသွားရင်တောင် တချန်းအင်ပါယာက သူတို့အသက်ကို မယူရဲဘူးဆိုတာ သူ သိနေလို့ပင်။ မဟုတ်ရင် ဟွမ်နိုင်ငံစစ်တပ်ရဲ့ ဒေါသကို သူတို့ ခံနိုင်မှာ မဟုတ်ဘူးလေ။
အဲ့ဒီလို တွေးလိုက်ပြီးတာနဲ့ ဘန်ဘူက ရယ်မောရင်း ပြန်ဖြေလိုက်သည်။
“ငါတို့ ဟွမ်နိုင်ငံသံတမန်အဖွဲ့မှာ ကိုယ်ရံတော်တွေအပါအဝင် လူပေါင်း သုံးရာကျော်နဲ့ မြင်း အကောင် ခြောက်ရာကျော် ပါလာတယ်”
သူတို့တွေ တချန်းအင်ပါယာကို အလျင်အမြန် လာခဲ့ရတာဆိုတော့ လူတစ်ယောက်ကို မြင်းနှစ်ကောင်နှုန်းနဲ့ လာခဲ့ကြတာ ဖြစ်သည်။ ဒါက လျှို့ဝှက်ချက်တော့ မဟုတ်ပေ။ သူတို့မှာ လူအင်အား ဘယ်လောက်ရှိလဲဆိုတာ ဧကရာဇ်ဝမ် သိပြီးသားဖြစ်လောက်မှာပင်။ ဘန်ဘူရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ယွမ်ကျန်း စိတ်ထဲမှာ အကြံတစ်ခု ရသွားသည်။
“မြင်း ခြောက်ရာကျော် ဟုတ်လား။ ဒါက တကယ့် ပစ္စည်းကောင်းတွေပဲ။ အခုလောလောဆယ် လောင်းလို့ရပြီး လက်ထဲကို တန်းရောက်လာမယ့်အရာထဲမှာ ဒီမြင်း ခြောက်ရာကျော်က အကောင်းဆုံးပဲ။ ဟွမ်နိုင်ငံသံတမန်တွေ စီးတဲ့မြင်းဆိုတော့ ညံ့မယ့်မြင်းတွေ မဟုတ်တာ သေချာတယ်”
“ဆရာကြီး တကယ်ပဲ လောင်းချင်တယ်ဆိုရင်တော့ အဲ့ဒီ မြင်း ခြောက်ရာကျော်ကိုပဲ လောင်းကြေးအဖြစ် ထားရအောင်” ဟု ယွမ်ကျန်းက ပျင်းရိပျင်းတွဲဟန်နဲ့ ပြောလိုက်၏။
“ဆဋ္ဌမမင်းသားရဲ့ အလိုရမ္မက်က မသေးဘူးပဲ”
ဘန်ဘူက မျက်လုံးကို မှေးကြည့်ကာ မေးလိုက်သည်။ “ဒါဆိုရင် မင်းသားဘက်ကရော ဘာနဲ့ လောင်းမှာလဲ”
“ဒါပေါ့… ငါ့ရဲ့ ဦးခေါင်းနဲ့ပဲပေါ့”
ယွမ်ကျန်းက ပြုံးလျက် ဆိုသည်။ “ဆရာကြီးက ငါ့ကို သေလောက်အောင် မုန်းနေမှန်း ငါ သိတာပေါ့၊ ဒါကြောင့် ဆရာကြီးအတွက် ငါ့ဦးခေါင်းကို လူပုံအလယ်မှာ ပေါ်ပေါ်ထင်ထင် ယူနိုင်မယ့် အခွင့်အရေးတစ်ခု ပေးလိုက်တာပဲ”
ဦးခေါင်း ဟုတ်လား။ နောက်တစ်ခါ ထပ်ပြီး ဦးခေါင်းနဲ့ လောင်းပြန်ပြီလား။
ယွမ်ကျန်းရဲ့ စကားကြောင့် အိမ်တော်ထဲက လူတွေ အကုန် စိုးရိမ်ကုန်ကြသည်။ ဒါပေမဲ့ ယွမ်ကျန်းက မင်းသားတစ်ပါး ဖြစ်နေတာကြောင့် သူ ဆုံးဖြတ်လိုက်တဲ့ လောင်းကြေးကို ဘယ်သူမှ မတားနိုင်ကြပေ။
ဘန်ဘူက ခဏလောက် စဉ်းစားပြီးတာနဲ့ သဘောတူလိုက်သည်။ “ကောင်းပြီ။ ငါ လောင်းမယ်”
ယွမ်ကျန်းက သူ့အကွက်တွေကို ခဏခဏ ဖျက်ဆီးနေတာကြောင့် ယွမ်ကျန်းရဲ့ ဦးခေါင်းကို သူ တကယ်ပဲ လိုချင်နေတာပင်။ အခု ပုစ္ဆာက ကြည့်ရတာ လွယ်သလိုလိုနဲ့ တကယ်တော့ အဖြေထုတ်ရ အရမ်းခက်သည်။
ယွမ်ကျန်းက အဖြေ တစ်ခုတော့ ထုတ်နိုင်မှာ သေချာပေမဲ့ အဖြေအားလုံးကိုတော့ ဘယ်လိုမှ ထုတ်နိုင်မှာ မဟုတ်ဘူးလို့ သူ ယုံကြည်နေ၏။ ယွမ်ကျန်းကတော့ ဒါကို အရမ်းလွယ်တဲ့ ပုစ္ဆာလို့ ထင်နေတုန်းပင်။
“ကဲ… မှင်နဲ့ စက္ကူ ပြင်ပေးကြ”
ယွမ်ကျန်းက စကားတွေ အရှည်ကြီး မပြောတော့ဘဲ လူလွှတ်၍ ပြင်ခိုင်းလိုက်သည်။ သူက ဘန်ဘူရဲ့ ရိုးသားမှုကို လုံးဝ မယုံတော့ပေ။ ဒါကြောင့် သက်သေအဖြစ် စာချုပ် ချုပ်ထားမှ ဖြစ်ပေမည်။
ဘန်ဘူကလည်း အဲ့ဒီအတိုင်းပဲ ဖြစ်ချင်တာကြောင့် ချက်ချင်း သဘောတူလိုက်၏။
မကြာမီမှာပဲ ယွမ်ကျန်းက ရဲ့ကျိကို လောင်းကြေးစာချုပ် ရေးခိုင်းလိုက်သည်။
“မင်းသား… သေချာ စဉ်းစားပါဦး”
ရဲ့ကျိက စာချုပ်ကို ယွမ်ကျန်းဆီ မပေးဘဲ တားနေ၏။ ဒါက လောင်းကြေး အရမ်းကြီးလွန်းသည်။ ဟွမ်နိုင်ငံက ရှုံးရင် မြင်းတွေပဲ ဆုံးရှုံးမှာ ဖြစ်ပေမဲ့ ယွမ်ကျန်း ရှုံးရင်တော့ အသက်ပါ ဆုံးမှာလေ။
“မင်းသား… သေချာ စဉ်းစားပါဦးဗျာ”
အိမ်တော်ထိန်းနဲ့ တခြားသူတွေကလည်း ဝိုင်းတားကြသည်။ စာချုပ် မချုပ်ရသေးခင်မှာ ပြန်ပြင်ဖို့ အခွင့်အရေး ရှိသေးတယ် မဟုတ်လား။ စာချုပ် ချုပ်လိုက်ပြီးရင်တော့ ပြန်ပြင်လို့ မရတော့ပေ။
“စိတ်အေးအေးထားစမ်းပါ၊ ဒီပုစ္ဆာက အရမ်းလွယ်ပါတယ်”
ယွမ်ကျန်းက ယုံကြည်မှုအပြည့်နဲ့ ပြုံးပြလိုက်ပြီး ရဲ့ကျိလက်ထဲက စာချုပ်ကို ယူကာ သူ့နာမည်ကို အမြန်ရေးပြီး လက်ဗွေနှိပ်လိုက်သည်။ ထို့နောက် စာချုပ်ကို ဘန်ဘူဆီ ကမ်းပေးလိုက်၏။
ဘန်ဘူကလည်း ရယ်မောရင်း နာမည်ရေးပြီး လက်ဗွေနှိပ်လိုက်သည်။ သူတို့ နှစ်ယောက်လုံးက ကိုယ့်ကိုယ်ကိုယ် နိုင်မယ်လို့ ထင်နေကြလေသည်။
“မင်းသားက နိုင်မယ်လို့ တော်တော် ယုံကြည်နေပုံပဲနော်” ဘန်ဘူက ယွမ်ကျန်းကို ပြုံးပြုံးလေး ကြည့်ကာ မေးလိုက်သည်။
ယွမ်ကျန်းကလည်း မထူးခြားဟန်နဲ့ ပြန်ဖြေလိုက်၏။ “ဆရာကြီးကလည်း နိုင်မယ်လို့ ယုံကြည်နေတာပဲ မဟုတ်လား”
“ဟားဟား”
ဘန်ဘူက အကျယ်ကြီး ရယ်မောလိုက်ပြီး “ငါတို့ နှစ်ယောက်လုံး နိုင်မယ်လို့ ထင်နေကြမှတော့ နောက်ထပ် လောင်းကြေးတစ်ခု ထပ်တိုးကြရင်ရော ဘယ်လိုလဲ” ဟု ဆိုလိုက်သည်။
“အော်… ဆရာကြီးက ဘယ်လိုမျိုး ထပ်တိုးချင်လို့လဲ” ယွမ်ကျန်းက စိတ်ဝင်စားသွား၏။
ဘန်ဘူက ပြုံးစိစိနဲ့ ပြောလိုက်သည်။ “ငါ ကြားတာတော့ ဆဋ္ဌမမင်းသားက မကြာခင် မင်္ဂလာဆောင်တော့မယ် ဆိုတာပဲ၊ အကယ်၍ ငါ နိုင်သွားရင် မင်းသားရဲ့ ကြင်ယာတော်လောင်းကိုလည်း ငါ ခေါ်သွားမယ်၊ ဘယ်လိုလဲ”
“အရှက်မရှိတဲ့ အဘိုးကြီး” ရဲ့ကျိက မခံမရပ်နိုင်ဖြစ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မဖြစ်နိုင်တာ” ယွမ်ကျန်းကခေါင်းခါပြလိုက်၏။
ဘန်ဘူက လှောင်ပြုံးပြုံးပြီး “မင်းသားက နိုင်မယ်လို့ ယုံကြည်နေတာ မဟုတ်လား၊ ဒါလေးတောင် မလောင်းရဲဘူးလား” ဟု မေးလိုက်သည်။
ယွမ်ကျန်းက ခေါင်းခါရင်း ပြန်ပြောလိုက်၏။ “ငါက အသုံးမကျတဲ့သူ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ ငါ့မိန်းမကိုတော့ လောင်းကြေးအဖြစ် ဘယ်တော့မှ အသုံးမခံဘူး။ ဒါက လောင်းရဲတာ မလောင်းရဲတာနဲ့ မဆိုင်ဘူး၊ ဒါ ငါ့ရဲ့ စည်းကမ်းပဲ”
ယွမ်ကျန်းရဲ့ စကားကြောင့် ရဲ့ကျိရဲ့ မျက်လုံးတွေထဲမှာ တစ်မျိုး ဖြစ်သွား၏။ ယွမ်ကျန်း ပြောတာက သူမရဲ့ ရင်ထဲကို ထိသွားတာပင်။ လောင်းရဲတာနဲ့ လောင်းသင့်တာက တကယ်ပဲ တစ်ခြားစီ မဟုတ်လား။
ဘန်ဘူက ခဏလောက် စဉ်းစားပြီး ရဲ့ကျိကို လက်ညှိုးညွှန်ပြလိုက်သည်။ “ဒါဆိုရင် ငါ သူမကို လိုချင်တယ်”
ရဲ့ကျိက မျက်လုံးတွေ ပြူးသွားပြီး ဘန်ဘူကို ဒေါသတကြီး ကြည့်နေတော့သည်။
“ဒါလည်း မရဘူး”
ယွမ်ကျန်းက ထပ်ပြီး ခေါင်းခါပြပြန်သည်။ “သူမက ငါ့ရဲ့မရီးပဲ၊ လောင်းကြေး မဟုတ်ဘူး။ ဆရာကြီး လောင်းကြေး ထပ်တိုးချင်ရင် ငါ့အပိုင် ပစ္စည်းတွေကိုပဲ တောင်းစမ်းပါ၊ ဥပမာ ငါ့အိမ်တော် ဒါမှမဟုတ် ငါ့မှာရှိတဲ့ ရွှေငွေ ရတနာတွေပေါ့”
ရဲ့ကျိကတော့ ယွမ်ကျန်းရဲ့ စကားကြောင့် စိတ်အေးသွားရ၏။ ယွမ်ကျန်းက ဒေါသတကြီးနဲ့ သဘောတူလိုက်မှာကို သူမ တကယ်ပဲ စိုးရိမ်နေခဲ့တာပင်။
ဘန်ဘူက စဉ်းစားလိုက်ပြီး “ဒါဆိုရင် ငွေသား တစ်သိန်း ထပ်တိုးမယ်” ဟု ပြောလိုက်သည်။
“ကောင်းပြီ”
ယွမ်ကျန်းက အဲ့ဒါကိုတော့ ချက်ချင်း သဘောတူလိုက်၏။ “အကယ်၍ ငါ နိုင်သွားရင်တော့ ဆရာကြီးက လူပုံအလယ်မှာ ကိုယ့်ပါးကိုယ် နှစ်ချက် ပြန်ရိုက်ရမယ်၊ ပြီးတော့ ငါ့ကို ငါတို့ တချန်းအင်ပါယာရဲ့ ဆရာတင်တဲ့ အခမ်းအနားအတိုင်း ဦးချရမယ်၊ နောက်ပိုင်း ငါ့ကို မြင်ရင်လည်း ဆရာတစ်ယောက်လို ရိုရိုသေသေ ဆက်ဆံရမယ်”
ဆရာတင်မယ် ဟုတ်လား။ ဒါက သူ့ကို အရှက်ခွဲတာပဲ။ တကယ်လို့ သူကသာ ယွမ်ကျန်းကို ဆရာတင်လိုက်ရင် ယွမ်ကျန်းဆီကနေ ပညာတွေ ခိုးယူခဲ့ပါတယ်လို့ ဝန်ခံလိုက်သလို ဖြစ်သွားမှာပေါ့။
ဘန်ဘူ တွန့်ဆုတ်နေတာကို မြင်တော့ ယွမ်ကျန်းက ပြုံးပြီး “ဆရာကြီးက ဒီလောက်တောင် ကြောက်နေတာလား၊ ဒါဆိုရင် ငါကပဲ အခက်အခဲ ထပ်တိုးပေးမယ်” ဟု ဆိုလိုက်သည်။
“ဟင်” ဘန်ဘူက ယွမ်ကျန်းကို နားမလည်သလို ကြည့်လိုက်၏။
ယွမ်ကျန်းက ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်ပြီး “အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်းမှာ ငါ ဒီပုစ္ဆာကို အဖြေ မထုတ်နိုင်ရင် ငါ ရှုံးတယ်လို့ သတ်မှတ်လိုက်၊ ဘယ်လိုလဲ”
အမွှေးတိုင် တစ်တိုင်စာ ဟုတ်လား။
လူတိုင်း မျက်နှာ ပျက်ကုန်ကြသည်။ ဘန်ဘူက အကွက်ဆင်ပြီး လာတာလေ၊ ဘယ်လိုလုပ် လွယ်မှာလဲ။ ယွမ်ကျန်းက ဘယ်လောက်ပဲ ယုံကြည်မှုရှိရှိ ဒီလောက်အထိတော့ မလျှော့သင့်ဘူး မဟုတ်လား။
ဘန်ဘူကတော့ စိတ်ထဲမှာ အရမ်း ဝမ်းသာသွားသည်။ “အမွှေးတိုင် တစ်တိုင်စာအတွင်းမှာ ဒီပုစ္ဆာကို ဖြေမယ် ဟုတ်လား၊ အိပ်မက်မက်နေတာပဲ။ ယွမ်ကျန်းက အဖြေ တစ်ခုတော့ ရေးနိုင်မှာ ဖြစ်ပေမဲ့ အဖြေတွေက အများကြီး ရှိတာလေ။ အကုန် မရေးနိုင်ရင်တော့ သူ ရှုံးမှာပဲ။ နိုင်ပြီ။ သေချာပေါက် နိုင်ပြီ။”
ဘန်ဘူက အကျယ်ကြီး ရယ်မောလိုက်ပြီး “ကောင်းပြီ။ မင်းသား အမွှေးတိုင် ထွန်းခိုင်းလိုက်တော့” ဟု ဆိုလိုက်သည်။
“မလောပါနဲ့ဦး”
ယွမ်ကျန်းက ပြုံးလျက် ဆိုလိုက်၏။ “အမှန်အတိုင်း ပြောရရင် ငါက ဆရာကြီးကိုမယုံဘူး။ ဒါကြောင့် ငါ အဖြေထုတ်နေတုန်း ဆရာကြီးလည်း ဆရာကြီးဆီမှာ ရှိတဲ့ အဖြေကို စက္ကူပေါ်မှာ ကြိုရေးထား၊ မဟုတ်ရင် ငါ နိုင်သွားတဲ့အခါ ဆရာကြီးက အဖြေ မဟုတ်ဘူးလို့ ငြင်းနေမှာ စိုးလို့”
ဘန်ဘူရဲ့ မျက်နှာက နည်းနည်း နီသွားသည်။ မနေ့က သူ မျက်နှာပြောင်တိုက်ပြီး ငြင်းခဲ့တာကို ယွမ်ကျန်းက ပြန်ပြောလိုက်တာ မဟုတ်လား။
“ကောင်းပြီ။ မင်းသား ပြောတဲ့အတိုင်းပဲ လုပ်ကြရအောင်”
“ကောင်းပြီ။ လာကြ… အမွှေးတိုင် ထွန်းလိုက်တော့”