အခန်း (၃၉) - သင်္ချာပညာရှင်လား
ဒီအဘိုးကြီးက ငါ့အိမ်တော်ကို ဘာလာလုပ်တာလဲ။
အိမ်ရှေ့မှာ လူတွေအများကြီး ဝိုင်းနေပြီး အထဲကို အဝင်မခံကြတာလည်း မဆန်းပါဘူး။ ဒါက ဟွမ်နိုင်ငံရဲ့ နိုင်ငံတော်ဆရာကြီး ဘန်ဘူ မဟုတ်လား။ သူ့ကို အိမ်ထဲပေးဝင်လိုက်ရင် တစ်ဖက်လူတွေအတွက် စွပ်စွဲစရာ အကွက်တစ်ခု ပေးလိုက်သလို ဖြစ်သွားမှာပေါ့။
ဘန်ဘူကို မြင်လိုက်ရတဲ့အချိန်မှာ တုကွေ့ယွမ်၊ ကျော့ယန်နဲ့ ယွီရှစ်ကျုံးတို့ သုံးယောက်ရဲ့ မျက်လုံးတွေထဲမှာ ဒေါသတရားတွေ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေကြသည်။ သူတို့သာ ဟွမ်သံတမန် မဟုတ်ရင် ဒီနေရာမှာတင် တစ်စစီ ပိုင်းဖြတ်ပစ်ချင်နေကြတာ ဖြစ်၏။ လွန်ခဲ့တဲ့ ငါးနှစ်က ဘန်ဘူရဲ့ ပရိယာယ်တွေကြောင့် သူတို့ရဲ့ ညီအစ်ကိုတွေ အများကြီး အသက်ပေးခဲ့ရသည် မဟုတ်ပါလား။
ဒါပေမဲ့ ဘန်ဘူနဲ့ သူ့ရဲ့နောက်လိုက်ကတော့ အေးအေးဆေးဆေးပင်။ တုကွေ့ယွမ်တို့ကို လုံးဝ ဂရုမစိုက်တဲ့ပုံစံမျိုး ဖြစ်ပေသည်။ ဒီလူတွေ သူ့ကို ဘာမှမလုပ်ရဲဘူးဆိုတာ သူက အပိုင်တွက်ထားပုံ ရလေသည်။
“ဆဋ္ဌမမင်းသား… မင်းသား ပြန်လာတာ တော်သေးတာပေါ့”
ဘန်ဘူက ယွမ်ကျန်းကို ပြုံးပြုံးလေး ကြည့်ရင်း ဆို၏။
“မင်းသားသာ မပြန်လာရင် မင်းသားရဲ့လူတွေက ငါ့ကို တစ်စစီ ပိုင်းဖြတ်ပစ်တော့မယ့် ပုံစံမျိုးပဲ”
“နိုင်ငံတော်ဆရာကြီးက နောက်နေပြန်ပြီ”
ယွမ်ကျန်းက ဖြည်းဖြည်းချင်း လျှောက်လာရင်း ပြုံးလျက် ဆိုလေသည်။
“ဆရာကြီးက ဟွမ်သံတမန်အဖွဲ့ရဲ့ အကြီးအကဲပဲ၊ နှစ်နိုင်ငံ စစ်ဖြစ်နေရင်တောင် သံတမန်ကို မသတ်ရဘူး ဆိုတဲ့ စည်းကမ်း ရှိတာပဲ မဟုတ်လား”
“ဆဋ္ဌမမင်းသားက အိမ်တော်က လူတွေထက် အများကြီး အမြင်ကျယ်တာပဲ”
ဘန်ဘူက တုကွေ့ယွမ်တို့ကို တစ်ချက် ဝေ့ကြည့်ပြီးမှ ဆက်ပြော၏။
“ငါတို့ မနက်ဖြန်ကျရင် တချန်းအင်ပါယာကနေ ထွက်ခွာတော့မှာ၊ မသွားခင်မှာ ဆဋ္ဌမမင်းသားကို လာနှုတ်ဆက်တာ၊ မင်းသားက ငါ့ကို အိမ်ရှေ့မှာပဲ ဒီအတိုင်း ရပ်ခိုင်းထားမှာ မဟုတ်ဘူး မဟုတ်လား”
“ဒါပေါ့ မဟုတ်ပါဘူး၊ ငါတို့ တချန်းအင်ပါယာက လူယဉ်ကျေးတွေပါ”
ယွမ်ကျန်းက ပြုံးလျက် လူအုပ်ကို လက်ဝှေ့ယမ်းပြလိုက်လေသည်။
“လမ်းဖယ်ပေးလိုက်ကြစမ်း”
“မင်းသား… မဖြစ်ပါဘူး”
ကောင်းဟယ်က အမြန် တားဆီး၏။
“ဒီအဘိုးကြီးက မင်းသားကို ထပ်ပြီး ဒုက္ခပေးဖို့ တစ်ခုခု ကြံစည်နေတာ ဖြစ်ရပါမယ်”
ယွမ်ကျန်းက ဂရုမစိုက်ဟန်နဲ့ အသာအယာ ပြုံးလိုက်လေသည်။
“ဘာမှ မဖြစ်ပါဘူး၊ ခမည်းတော်ကလည်း ဟွမ်နိုင်ငံတော်ဆရာကြီးက လူကောင်းမဟုတ်ဘူး ဆိုတာကို သိနေတာပဲ၊ သူ့ရဲ့ အကွက်ထဲကို အလွယ်တကူ ကျဆင်းသွားမှာ မဟုတ်ပါဘူး”
ယွမ်ကျန်းက လူပုံအလယ်မှာ ဘန်ဘူကို လူကောင်းမဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တာကြောင့် ဘန်ဘူရဲ့ မျက်နှာ အနည်းငယ် တုန်ယင်သွား၏။ ယွမ်ကျန်းက ဒါကို မြင်တော့ အားနာသလို ပုံစံမျိုး ချက်ချင်း ဖမ်းလိုက်ပြီး
“ဆရာကြီး… ငါက စိတ်ထဲ ရှိတဲ့အတိုင်း ဒဲ့ပြောတတ်တာမို့လို့ စိတ်ထဲ မထားပါနဲ့ဦး” လို့ ဆိုလိုက်ပေသည်။
ဘန်ဘူက မျက်နှာထားကို ပြန်ထိန်းပြီး မဲ့ပြုံး ပြုံးပြ၏။
“ဆဋ္ဌမမင်းသားက စိတ်ထဲ ရှိတဲ့အတိုင်း ပြောတတ်တဲ့သူ မဟုတ်ပါဘူး၊ တကယ့်ကို ယုတ်မာညစ်ပတ်တဲ့ လူတစ်ယောက်ပဲ”
“နိုင်ငံတော်ဆရာကြီးနဲ့ ယှဉ်ရင်တော့ ငါက အများကြီး လိုပါသေးတယ်”
ယွမ်ကျန်းက ခပ်မြိန်မြိန်ပင် ရယ်မောလိုက်ပြီး
“လမ်းဖယ်ပေးလိုက်ကြ၊ ငါတို့ တချန်းအင်ပါယာရဲ့ မင်းသားတစ်ပါးက ဧည့်ဝတ်ကျေပွန်မှု မရှိဘူးလို့ အပြောမခံနိုင်ဘူး” ဟု အမိန့်ပေးလိုက်တော့သည်။
ယွမ်ကျန်းက ဘန်ဘူကို အိမ်ထဲ ဖိတ်ခေါ်လိုက်၏။ ဒီမြေခွေးအိုကြီး မပြန်ခင်မှာ ဘာတွေ ထပ်လုပ်ဦးမလဲဆိုတာ သူ စောင့်ကြည့်ချင်နေပေသည်။
အိမ်ထဲရောက်လို့ ထိုင်ပြီးတဲ့အခါမှာတော့ ယွမ်ကျန်းက အားနည်းသူ တစ်ဦး ဖြစ်နေတာကြောင့် ဘန်ဘူနဲ့ သူ့လူက ရုတ်တရက် တိုက်ခိုက်မှာကို စိုးရိမ်ပြီး ကောင်းဟယ်တို့ အဖွဲ့ကလည်း အနားမှာ ကပ်ပြီး စောင့်ကြည့်နေကြလေသည်။
“ဆရာကြီး… ဒီနေ့ လာတာက ဘာကိစ္စ ရှိလို့လဲ”
ယွမ်ကျန်းက တိုက်ရိုက်ပင် မေးလိုက်၏။ ဘန်ဘူကလည်း အချိန်မဖြုန်းတော့ဘဲ
“ငါ သံတမန်အဖြစ် လာကတည်းက ဆဋ္ဌမမင်းသားနဲ့ သုံးကြိမ် လောင်းခဲ့တယ်၊ သုံးကြိမ်စလုံး ရှုံးခဲ့တာမို့လို့ စိတ်ထဲမှာ မကျေနပ်တာ ရှိနေတယ်၊ မနက်ဖြန် ငါတို့ ပြန်တော့မှာ ဆိုတော့ မပြန်ခင်မှာ မင်းသားနဲ့ နောက်ထပ် တစ်ပွဲလောက် ထပ်ပြီး လောင်းချင်သေးတယ်” လို့ ပြောလိုက်ပေသည်။
“ဒါပဲလား”
ယွမ်ကျန်းက ခေါင်းခါလျက် ပြုံးလိုက်၏။
“ငါ ထင်တာကတော့ ဆရာကြီးက နိုင်ပြီး ငါက ရှုံးနေတာပါ”
“ဟင်… ဆဋ္ဌမမင်းသားက ဘာကို ဆိုလိုတာလဲ၊ ငါ့ကို လာပြီး အရှက်ခွဲနေတာလား”
ယွမ်ကျန်းက သက်ပြင်းချရင်း
“ငါတို့ လောင်းကြေးအရ ဆိုရင် ဟွမ်နိုင်ငံက ငါတို့ အင်ပါယာကို ပေးရမယ့် အရာတွေကိုပဲ နောက်ဆုံးမှာ ငါတို့က ရိက္ခာ တင်း သုံးသန်းနဲ့ ပြန်လဲလိုက်ရတာပဲ မဟုတ်လား၊ ဒါဟာ ငါ ရှုံးနေတာ မဟုတ်လို့ ဘာလဲ”
ဘန်ဘူ ခဏလောက် ကြောင်သွားပြီးမှ ယွမ်ကျန်း ဆိုလိုတာကို နားလည်သွား၏။ သူက သဘောတူညီချက်တွေကို မကျေနပ်ခြင်းပင် ဖြစ်လေသည်။
“ဆဋ္ဌမမင်းသား ပြောတာ မှားနေပြီ”
ဘန်ဘူက ပြုံးလျက် ဆိုလေသည်။
“တကယ်လို့ မင်းသားနဲ့ လောင်းကြေးသာ မရှိခဲ့ရင် ငါတို့ ဟွမ်နိုင်ငံက ဘာမှ ပေးစရာ မလိုဘဲနဲ့ တချန်းအင်ပါယာက ငါတို့ကို ရိက္ခာ တင်း သုံးသန်း ပေးရမှာပဲ”
ဘန်ဘူရဲ့ စကားကြောင့် အနားရှိ လူများအားလုံး ဒေါသထွက်သွားကြ၏။
“ဒါလည်း ဖြစ်နိုင်တာပဲ”
ယွမ်ကျန်းက သက်ပြင်းချလိုက်ပြီး
“ဆရာကြီးက ဘာကို လောင်းချင်တာလဲ” ဟု မေးလိုက်သည်။
“ဆဋ္ဌမမင်းသားက တွက်ချက်တဲ့ နေရာမှာ တော်တယ်ဆိုတော့ ငါတို့ ဒီအကြောင်းနဲ့ပဲ ဆက်လုပ်ကြရအောင်”
ဘန်ဘူက စက္ကူတစ်ရွက်ကို ယွမ်ကျန်းဆီ ကမ်းပေးလိုက်၏။
“အာ… နောက်ထပ် တွက်ချက်တဲ့ ပုစ္ဆာလား။ ဒီအဘိုးကြီးက ဟွမ်နိုင်ငံရဲ့ သင်္ချာပညာရှင်လား။ သူက သုံးကြိမ်တိုင်တိုင် ရှုံးထားတာတောင် ဘာလို့ ငါ့ကို ထပ်ပြီး လာစိန်ခေါ်တာလဲ။ ဒီပုစ္ဆာက မလွယ်ဘူး ဖြစ်ရမယ်။”
ယွမ်ကျန်းက စက္ကူကို ယူကြည့်လိုက်သည်။
မြင်း အကောင် တစ်ရာက တစ်နေ့ကို မြက် အထုပ် တစ်ရာ စားသည်၊ မြင်းကြီး တစ်ကောင်က တစ်နေ့ကို သုံးထုပ် စားပြီး မြင်းအလတ် တစ်ကောင်က နှစ်ထုပ် စားသည်၊ မြင်းပေါက် နှစ်ကောင်က တစ်နေ့ကို တစ်ထုပ် စားသည်။ မေးခွန်းမှာ မြင်းကြီး၊ မြင်းအလတ်နဲ့ မြင်းပေါက် ဘယ်နှစ်ကောင်စီ ရှိသနည်း။
ယွမ်ကျန်း တစ်ချက် ကြည့်လိုက်ရုံနဲ့ ဒီပုစ္ဆာရဲ့ ထောင်ချောက်ကို သိလိုက်၏။ မသိကိန်း သုံးခု ရှိပြီး ပေးထားတဲ့ အချက်က နှစ်ချက်ပဲ ရှိတာကိုး။ ဒါက အဖြေ တစ်ခုတည်း ရှိတာ မဟုတ်ဘဲ အဖြေ အများကြီး ရှိနေခြင်း ဖြစ်လေသည်။
ယွမ်ကျန်းက စက္ကူကို ဘန်ဘူဆီ ပြန်ပေးလိုက်ကာ
“ဧည့်သည်ကို ပြန်လိုက်ပို့လိုက်ကြ” ဟု အိမ်တော်ထိန်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
“ဆဋ္ဌမမင်းသားက ဘာကို ဆိုလိုတာလဲ၊ ဒါကို မင်းသား အဖြေ မထုတ်နိုင်လို့ မလောင်းရဲတာလား” ဘန်ဘူက မျက်မှောင်ကြုတ်ရင်း မေး၏။
ယွမ်ကျန်းက အေးအေးဆေးဆေးပင်
“ဒီလောက် လွယ်ကူတဲ့ ပုစ္ဆာမျိုးကို ငါက ဆရာကြီးနဲ့ လောင်းဖို့ ပျင်းလို့ပါ၊ နောက်ပြီး ဆရာကြီးမှာ လောင်းစရာ ဘာပစ္စည်းမှလည်း ရှိတာ မဟုတ်ဘူး”
“ငါ့ဆီမှာ မရှိပေမဲ့ ဟွမ်နိုင်ငံမှာ ရှိတယ်”
“တော်လိုက်ပါတော့”
ယွမ်ကျန်းက နှုတ်ခမ်းမဲ့ရင်း
“ငါက စာမတတ် သိုင်းမကျွမ်းပေမဲ့ ငတုံးတော့ မဟုတ်ဘူး၊ ငါ နိုင်သွားရင်တောင် ဆရာကြီးက ဟွမ်နိုင်ငံက လူတွေကို ငါ့ဆီ လောင်းကြေး လာပို့ခိုင်းမှာလား၊ သူတို့က မပို့ရင် ငါက ဟွမ်နိုင်ငံအထိ တစ်ယောက်တည်း သွားတောင်းရမှာလား”
ဘန်ဘူ စကားပြောမရ ဖြစ်သွားပြီး ခဏလောက် စဉ်းစားကာ သူ့ကိုယ်ပေါ်မှာ ရှာဖွေကြည့်သော်လည်း လောင်းကြေးအဖြစ် ပေးနိုင်လောက်တဲ့ အရာ ဘာမှ ရှာမတွေ့ပေ။
“မရှာပါနဲ့တော့”
ယွမ်ကျန်းက ဘန်ဘူကို တစ်ချက် ကြည့်လိုက်ပြီး -
“ဆရာကြီးရဲ့ ကိုယ်ပေါ်မှာ ဆရာကြီးရဲ့ ဦးခေါင်းကလွဲလို့ ငါ စိတ်ဝင်စားတဲ့အရာ ဘာမှ မရှိပါဘူး၊ ဒါပေမဲ့ ဆရာကြီးက ဟွမ်သံတမန်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်နေတော့ ငါက ဆရာကြီးရဲ့ ဦးခေါင်းကိုလည်း ယူလို့ မရဘူးလေ”
ဘန်ဘူ မျက်မှောင်ကြုတ် စဉ်းစားပြီးမှ ပြန်မေး၏။
“ဒါဆိုရင် မင်းသားက ဘာကို လိုချင်တာလဲ၊ ဘာရှိမှ လောင်းမှာလဲ”