အခန်း (၃၈) - ဘန်ဘူ ရောက်ရှိလာခြင်း
“ဗျာ”
ယွမ်ကျန်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။
အဲ့ဒါက နှင်းငန်း ဟုတ်လား။
ကြည့်ရတာ ငန်းနဲ့ ဘာမှမခြားပါဘူး။ သူကတော့ ကြီးမလာသေးတဲ့ ငန်းလို့ပဲ ထင်နေခဲ့တာ။
“ဟားဟား”
ကျန်းဟွေ့သည် မအောင့်နိုင်တော့ဘဲ တဝါးဝါး ရယ်မောရင်း ဧကရာဇ်ဝမ်အား ဝင်ရောက်ဖျောင်းဖျပေးသည်။ “အရှင်မင်းကြီး... ဆဋ္ဌမမင်းသားက နန်းတော်ထဲမှာပဲ အနေများတော့ ငန်းကို မသိတာ ဖြစ်မှာပါ၊ နှင်းငန်းကို ငန်းလို့ ထင်တာလည်း ဖြစ်သင့်ဖြစ်ထိုက်ပါတယ်”
ဧကရာဇ်ဝမ်၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်သွားပြီး ယွမ်ကျန်းကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ ထို့နောက် စိတ်တိုတိုနှင့် ပြန်ထိုင်လိုက်ကာ ဘေးမှ မိန်းမစိုးအား အမိန့်ပေးလိုက်သည်။ “သွား... ငန်း... မဟုတ်ဘူး၊ နှင်းငန်းရဲ့ အမွှေးအရှည် အချို့ သွားနုတ်ခဲ့စမ်း”
ပြောပြီးမှ ဧကရာဇ်ဝမ်ကိုယ်တိုင်လည်း စိတ်တိုတိုနှင့် ရယ်မိသွားသည်။
ဒီအသုံးမကျတဲ့ကောင်ကြောင့် သူပါ လိုက်ပြီး မှားနေပြီ မဟုတ်ပါလား။
“အားတဲ့အခါ အပြင်ကို ထွက်ဦး” ဧကရာဇ်ဝမ်က ယွမ်ကျန်းကို မျက်စောင်းထိုးကာ “ဒီနေ့ ငါနဲ့ အမတ်ကြီးကျန်းရှေ့မှာ နှင်းငန်းကို ငန်းလို့ မှားတာကတော့ ကိစ္စမရှိဘူး၊ အကယ်၍ အမတ်တွေ အားလုံးရှေ့မှာသာ ဒီလိုပြောမိရင် ငါပါ မင်းအတွက် မျက်နှာပူမိလိမ့်မယ်”
ယွမ်ကျန်းက ရယ်ကျဲကျဲဖြင့် “သားတော်... နောက်ပိုင်း အပြင်ကို များများ ထွက်ပါ့မယ်” ဟု ကတိပေးလိုက်ရသည်။
တောက်။ နှင်းငန်းကို ငန်းလို့ မှားမိတာ နည်းနည်းတော့ အရှက်ကွဲစရာပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကြွက်ကို ဘဲလို့ ပြောတာထက်စာရင်တော့ တော်ပါသေးတယ်။
မကြာမီ မိန်းမစိုးသည် အမွှေးအရှည် အချို့ကို ယူဆောင်လာသည်။ ယွမ်ကျန်းက အရှည်ဆုံး တစ်ချောင်းကို ရွေးချယ်ကာ နည်းနည်း ပြုပြင်လိုက်ပြီး စက္ကူပေါ်၌ စတင် ရေးသားတော့သည်။
အဘိုးကြီး။ မင်းက ငါ့ကို ရေးခိုင်းတာနော်။ ရတယ်။ ငါရေးပေးမယ်။
အညွှန်းကိန်းတွေ၊ ဖန်ရှင်တွေ၊ အဆင့်မြင့် ညီမျှခြင်းတွေ... အကုန် ရေးပေးလိုက်မယ်။
ငါကိုယ်တိုင်တောင် သေချာ မသိဘူးလို့ ပြောထားပြီးသားပဲ။ မင်းတို့တွေ ဒါကို ဘယ်လောက်အထိ လေ့လာနိုင်မလဲ ကြည့်ရသေးတာပေါ့။
ယွမ်ကျန်းက စိတ်ထဲမှ ကျိန်ဆဲရင်း အဆက်မပြတ် ရေးနေတော့သည်။
ဒီနှင်းငန်းမွှေးက ကလောင်တံလောက် မကောင်းပေမဲ့ စုတ်တံထက်စာရင်တော့ သုံးရတာ ပိုအဆင်ပြေလှသည်။ ရေးလိုက်တဲ့ ကိန်းဂဏန်းတွေနဲ့ စာသားတွေကလည်း ပိုပြီး ကြည့်ကောင်းလာ၏။
ဧကရာဇ်ဝမ်က ဒါကို ကြည့်ပြီး စိတ်ထဲမှ အံ့သြနေမိသည်။
ဆဋ္ဌမကောင်က တကယ်ပဲ ငှက်မွှေးနဲ့ စာရေးနိုင်တာလား။ ပြီးတော့ သုံးရတာလည်း ပိုပြီး သွက်လက်နေပုံပဲ။
“ဒီကောင်လေး ပုံမှန်ဆို သူ့ဝင်းထဲမှာ ဘာတွေ လုပ်နေတာလဲ၊ ဘာလို့ ဒီလို ထူးဆန်းတာတွေပဲ လုပ်နေရတာလဲ”
“အရှင်မင်းကြီး ဒီပစ္စည်းက တကယ်ကို အသုံးဝင်တာပဲ” ကျန်းဟွေ့က ခေတ္တ ကြည့်ပြီးနောက် ဧကရာဇ်ဝမ်အား စိတ်လှုပ်ရှားစွာ ပြောလေသည်။
“စာရေးရုံပဲ ရတာကို ဘာတွေများ အသုံးဝင်နေလို့လဲ” ဧကရာဇ်ဝမ်က မျက်မှောင်ကြုတ်ကာ “ဒီအရာက စာရေးလို့ ရပေမဲ့ ရေးထားတဲ့ စာတွေက အနုပညာရသ မရှိဘူး၊ ပညာရှိတွေအတွက်တော့ သိက္ခာကျစရာပဲ”
“အရှင်မင်းကြီး အမြင်ကျယ်ကျယ် ကြည့်သင့်ပါတယ်” ကျန်းဟွေ့က ခေါင်းခါလျက် အလေးအနက် ဆိုသည်။ “ဒီပစ္စည်းကို ကလောင်တံအဖြစ် သုံးရင် ဆင်းရဲတဲ့ ကျောင်းသားတွေအတွက် ကုန်ကျစရိတ် အများကြီး သက်သာသွားလိမ့်မယ်၊ ဆင်းရဲသားတွေပါ စာဖတ်စာရေး တတ်လာနိုင်တယ်၊ မင်းသားကတော့ တစ်လောကလုံးက ဆင်းရဲသား ကျောင်းသားတွေအတွက် ကုသိုလ်ထူး လုပ်ပေးလိုက်တာပဲ...”
မိမိ၏ ဆရာက မိမိ၏ သားတော်ကို ချီးကျူးနေသည်ကို ကြားရသဖြင့် ဧကရာဇ်ဝမ် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသည်။
ယခင်က ကျန်းဟွေ့သည် ယွမ်ကျန်းကို မင်းသားတစ်ပါး၏ အရှိန်အဝါ မရှိဘဲ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသူဟု သူ့ရှေ့မှာတင် ခဏခဏ ပြောခဲ့ဖူးသည် မဟုတ်ပါလား။
ဧကရာဇ်ဝမ် စိတ်ထဲမှ ဝမ်းသာနေသော်လည်း ပါးစပ်ကမူ “အသေးအဖွဲ လှည့်ကွက်လေးတွေပါ၊ အဆင့်မြင့်တဲ့ နေရာတွေမှာ သုံးလို့မရပါဘူး” ဟု အထင်သေးဟန်ဖြင့် ဆိုသည်။
ကျန်းဟွေ့က ပြုံးလျက် “ဘယ်လို လှည့်ကွက်ပဲဖြစ်ဖြစ် နိုင်ငံနဲ့ လူမျိုးအတွက် အကျိုးရှိရင် ကောင်းတာပါပဲ၊ ဒီကလောင်တံသာ ထွက်လာရင် တစ်လောကလုံးက ကျောင်းသားတွေ ဆဋ္ဌမမင်းသားကို ကျေးဇူးတင်ကြလိမ့်မယ်” ဟု ဆိုသည်။
“ဒါလည်း ဟုတ်တာပါပဲ” ဧကရာဇ်ဝမ်က ခေါင်းညိတ်ပြီး ယွမ်ကျန်းအား မေးသည်။ “မင်းက ဘာလို့ ဒီအရာကို ကလောင်တံအဖြစ် သုံးဖို့ စဉ်းစားမိတာလဲ”
“အဲ့ဒါက...” ယွမ်ကျန်း ဦးနှောက်ကို အမြန် ညှစ်ထုတ်လိုက်ပြီးမှ “သားတော် အရင်က သုံးတဲ့ စုတ်တံတွေက ပျက်စီးကုန်လို့ ဒါမှမဟုတ် ပျောက်ဆုံးကုန်လို့ပါ၊ တစ်ယောက်ယောက်ကို တောင်းဖို့လည်း မဝံ့ရဲတာနဲ့ ဥယျာဉ်ထဲမှာ ငှက်မွှေးတစ်ချောင်း ကောက်ရတာနဲ့ စမ်းကြည့်ရင်း...”
နောက်က စကားကို ယွမ်ကျန်း တမင် မပြောတော့ဘဲ ရပ်လိုက်သည်။
သနားစရာ ကောင်းအောင် လုပ်ပြတာပဲ။ အကျိုးအမြတ် ရရင်လည်း ယူမယ်၊ မရရင်လည်း ဒီအတိုင်းပဲ လွှတ်ထားလိုက်မယ်။
ယွမ်ကျန်း၏ စကားကြောင့် ဧကရာဇ်ဝမ်၏ မျက်နှာ အနည်းငယ် တုန်ယင်သွားသည်။
အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ဧကရာဇ်ဝမ်က သက်ပြင်းချလျက် “ငါကိုယ်တော် မင်းကို အရမ်း ပစ်ပယ်ထားမိတာပဲ...” ဟု ဆိုလေသည်။
ပြီးတော့လည်း ဘာမှ ထပ်မဖြစ်လာတော့ပေ။ ယွမ်ကျန်းကို ပြန်ပေးဆပ်မယ်လို့လည်း မပြောသဖြင့် ယွမ်ကျန်း စိတ်ထဲမှ အနည်းငယ် စိတ်ပျက်သွားရသည်။
ငှက်မွှေးကလောင်တံ၏ အကူအညီဖြင့် ယွမ်ကျန်း စာရေးသည့် အရှိန်မှာ အလွန် မြန်ဆန်လှသည်။
မကြာမီ ယွမ်ကျန်း ရေးလို့ ပြီးသွားသည်။
သူ အများကြီးတော့ မရေးခဲ့ပေ။ စက္ကူတစ်ရွက်စာလောက်ကိုပဲ ရှင်းလင်းချက်တွေနဲ့တကွ ရေးသားလိုက်သည်။ ရေးထားတာတွေကလည်း သူတို့တွေ ဘယ်လိုမှ ရှာဖွေနိုင်မှာ မဟုတ်ပေ။ ဒါတွေတင် သူတို့ နှစ်ပေါင်းများစွာ လေ့လာဖို့ လုံလောက်နေပြီ ဖြစ်သည်။
ဧကရာဇ်ဝမ်က ဒါတွေကို နားမလည်သဖြင့် ကျန်းဟွေ့အား ပေးလိုက်ပြီး ဝမ်ဟွာနန်းဆောင်က လူတွေကို သေချာ လေ့လာခိုင်းကာ ကျမ်းစာအဖြစ် ရေးသားရန် အမိန့်ပေးလိုက်သည်။
“ဒါတွေက တကယ့်ကို နက်နဲလွန်းလှတယ်” ကျန်းဟွေ့ကိုယ်တိုင်လည်း နားမလည်သော်လည်း စိတ်ဝင်စားမှုကတော့ အပြည့်ရှိနေသည်။ “ဆဋ္ဌမမင်းသား... ကျွန်တော်မျိုး အခုလောလောဆယ် ဘာမေးရမှန်းတောင် မသိသေးဘူး၊ နောက်ပိုင်း သိချင်တာရှိရင်တော့ မင်းသားဆီမှာ လာပြီး တိုင်ပင်ပါရစေ”
“အမတ်ကြီးကျန်း အားနာစရာတွေ ပြောနေပြန်ပြီ” ယွမ်ကျန်းက လက်ဝှေ့ယမ်းကာ “ကျွန်တော်ကိုယ်တိုင်တောင် မသိတာတွေ အများကြီး ရှိပါသေးတယ်၊ ကျွန်တော် သိသမျှကိုတော့ အကုန် ပြောပြပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ် မင်းသား” ကျန်းဟွေ့က ဝမ်းသာအားရ ထရပ်လိုက်ပြီး “အရှင်မင်းကြီး... ဒါဆိုရင် ကျွန်တော်မျိုး သွားခွင့်ပြုပါဦး၊ ဒီပညာရပ်ကို အားလုံးနဲ့အတူ လေ့လာရဦးမယ်”
“ကောင်းပြီ ကောင်းပြီ” ဧကရာဇ်ဝမ်က ကျန်းဟွေ့ကို မတားတော့ဘဲ ယွမ်ကျန်းကို ကြည့်ကာ “ငါကိုယ်တော် မင်းကို ထမင်းကျွေးမနေတော့ဘူး၊ ငါ့ကိုယ်စား အမတ်ကြီးကျန်းကို လိုက်ပို့ပေးလိုက်ဦး၊ လမ်းမှာလည်း ဒီပညာရပ်တွေအကြောင်း ဆွေးနွေးသွားကြဦး”
“သားတော် အမိန့်နာခံပါတယ်”
ယွမ်ကျန်းက ဦးညွှတ်လိုက်သော်လည်း စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
ဒီအတိုင်းပဲ ပြန်ခိုင်းတာလား။ ရွှေငွေ ရတနာလေး ဘာလေး ဆုမချတော့ဘူးလား။
သနားစရာ ကောင်းအောင် လုပ်တာလည်း မအောင်မြင်ဘူး။ အကျိုးအမြတ်လည်း မရ၊ ထမင်းတောင် တစ်နပ် အလကား မစားလိုက်ရဘူး။
ရှုံးပြီ။ အကြီးအကျယ် ရှုံးပြီ။
နန်းတော်အပြင်ဘက်သို့ လျှောက်လာရင်း ယွမ်ကျန်းက ကျန်းဟွေ့အား မေးလိုက်သည်။ “ဟွမ်နိုင်ငံကို ရိက္ခာပေးမယ့် ကိစ္စကော အတည်ပြုပြီးပြီလား”
“အတည်ပြုပြီးပါပြီ” ကျန်းဟွေ့က သက်ပြင်းချလျက် “ကျွန်တော်တို့နိုင်ငံက ဟွမ်နိုင်ငံကို ရိက္ခာ တင်း သုံးသန်း ထောက်ပံ့ပေးရမယ်၊ ဟွမ်နိုင်ငံကတော့ ကျွန်တော်တို့ဆီကို စစ်မြင်း တစ်သောင်း ပေးအပ်ပြီး သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်ပေးရမယ်”
“ဗျာ” ယွမ်ကျန်း မျက်နှာ ပျက်သွားသည်။ “စစ်မြင်းတွေနဲ့ နယ်မြေတွေက သူတို့ အရင်ကတည်းက ပေးရမှာလေ”
ဒါတွေက လောင်းကြေးနိုင်ထားတဲ့ အရာတွေ မဟုတ်ပါလား။ အခုတော့ ဟွမ်နိုင်ငံကို ရိက္ခာ တင်း သုံးသန်း အလကား ပေးလိုက်သလို ဖြစ်နေပြီ။
“ပြောရရင်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါက မလွယ်ဘူးလေ”ကျန်းဟွေ့က ခေါင်းခါလျက် “စစ်မြင်းတွေနဲ့ နယ်မြေတွေကို ပြန်ရတာဟာ ကျွန်တော်တို့နိုင်ငံအတွက် ကံကောင်းခြင်း တစ်ခုပါပဲ။ ဟွမ်နိုင်ငံက အင်အားကြီးနေတုန်းပဲ၊ ကျွန်တော်တို့နိုင်ငံကလည်း အိမ်ရှေ့စံဟောင်း ပုန်ကန်မှုကြောင့် အားနည်းနေတယ်၊ အခုအချိန်မှာ ဟွမ်နိုင်ငံနဲ့ စစ်ဖြစ်တာဟာ ဘာမှ အကျိုးမရှိဘူး...”
ကျန်းဟွေ့သည် ငြိမ်းချမ်းရေးကို လိုလားသူ ဖြစ်သည်။ ဒါက သူက သစ္စာဖောက်လို့ မဟုတ်ဘဲ၊ ရှုထောင့်ချင်း မတူတာကြောင့် ဖြစ်သည်။ သူတို့အားလုံးက တချန်းအင်ပါယာအတွက် စေတနာထားကြသော်လည်း နည်းလမ်းချင်း မတူကြပေ။
ယွမ်ကျန်း ဆွံ့အသွားပြီး ဘာပြောရမှန်း မသိတော့ပေ။
သူကတော့ မြောက်ပိုင်းတပ်မတော်ရဲ့ စစ်သည် နှစ်သိန်းကို ဦးဆောင်ပြီး တိုက်ခိုက်ချင်သော်လည်း၊ ဧကရာဇ်ဝမ်က သူ့ကို ဒီလောက်အထိ အာဏာပေးမှာ မဟုတ်မှန်း သိနေသည်။
ထားလိုက်ပါတော့။ အတည်ပြုပြီးမှတော့ ပြောနေလည်း အပိုပဲ။
အသာလေး အင်အားစုဆောင်းပြီး မြောက်ပိုင်းကို ရောက်အောင် အရင်သွားဖို့ပဲ ကြိုးစားရမည်။
အမတ်ကြီးကျန်းကို လိုက်ပို့ပြီးနောက် ယွမ်ကျန်းသည် မြင်းရထားနှင့် အိမ်သို့ ပြန်လာခဲ့သည်။
အိမ်တော်သို့ မရောက်မီ အဝေးကနေ ကြည့်လိုက်ရုံနှင့် အိမ်ရှေ့တွင် လူအုပ်ကြီး ဝိုင်းနေသည်ကို တွေ့လိုက်ရ၏။
ဘာအခြေအနေလဲ။ တစ်ယောက်ယောက်က ငါ့အိမ်ရှေ့မှာ လာပြီး ပြဿနာ ရှာနေတာလား။
ယွမ်ကျန်းက မြင်းရထားကို အရှိန်မြှင့်ခိုင်းလိုက်သည်။
မကြာမီ ယွမ်ကျန်း အိမ်ရှေ့သို့ ရောက်လာသည်။
“ဘာဖြစ်တာလဲ၊ ဘာလို့ အိမ်ရှေ့မှာ လူစုနေကြတာလဲ” ယွမ်ကျန်းက မြင်းရထားပေါ်မှ ဆင်းကာ မေးလိုက်သည်။
ယွမ်ကျန်းကို မြင်သောအခါ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြသည်။
လူအုပ်အလယ်မှာ ရှိနေသူကို မြင်လိုက်ရသောအခါ ယွမ်ကျန်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။
ဘန်ဘူ။