အခန်း (၃၇) - ဒါက နှင်းငန်းပဲ၊ ငန်း မဟုတ်ဘူး
ယွမ်ကျန်းအတွက်တော့ ညီလာခံ မတက်ရခြင်းမှာ တကယ့်ကို သတင်းကောင်းတစ်ခုပင် ဖြစ်သည်။ ထချင်တဲ့အချိန်မှ ထရသည့် ခံစားချက်မှာ အလွန်ပင် ကောင်းမွန်လှ၏။
နံနက်စာ စားပြီးနောက် ယွမ်ကျန်းသည် ပန်းပဲဖိုသို့ အပြေးအလွှား သွားခဲ့သည်။ နေလယ်စာကိုလည်း အိမ်ပြန်မစားတော့ဘဲ လူလွှတ်၍ ဝယ်ခိုင်းကာ ပန်းပဲဖိုရှိ လူများနှင့်အတူ အဆင်ပြေသလို စားသောက်ပြီးနောက် သံထုတ်သည့် အလုပ်ကို ဆက်လက် လမ်းညွှန်ပေးနေခဲ့သည်။
သူသည် ယခင်ဘဝက နိုင်ငံခြား အစီအစဉ်တစ်ခုကို အမြဲကြည့်လေ့ရှိသည့် အမာခံပရိသတ်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် စတီးလ် ထုတ်လုပ်သည့် နည်းပညာကို အချိန်အတော်ကြာ လေ့လာခဲ့ဖူး၏။
သို့သော်လည်း နည်းပညာကို သိနေသော်ငြား လက်ဖြင့် တိုက်ရိုက်လုပ်ဆောင်ရန်မှာ မလွယ်ကူလှပေ။ သံမဏိနှစ်ခုကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရုံနှင့်တင် အတော်လေး ပင်ပန်းလှသည်။ သံချောင်းများကို ထုပြီး လိမ်ကြည့်သည့်အခါတိုင်း အက်ကွဲမှုများဖြင့်သာ အဆုံးသတ်နေရ၏။
ယွမ်ကျန်းသည် အကြောင်းရင်းကို တစ်ဆင့်ချင်း ခွဲခြမ်းစိတ်ဖြာကာ နည်းစနစ်များကို ထပ်တလဲလဲ ပြင်ဆင်ပေးနေရသည်။
၎င်းတို့ ပန်းပဲဖို၌ အလုပ်များနေစဉ်မှာပင် ကောင်းဟယ်သည် မြင်းကို အပြင်းနှင်၍ ရောက်လာခဲ့သည်။ ကောင်းဟယ်၏ လောလောလောလော ပုံစံကို မြင်လိုက်ရုံနှင့် ယွမ်ကျန်းမှာ ကိစ္စတစ်ခုခု ရှိနေပြီဖြစ်ကြောင်း သိလိုက်၏။
“မင်းသား နန်းတော်က လူတွေ ရောက်နေပါတယ်၊ အရှင်မင်းကြီးက မင်းသားကို နန်းတော်ထဲ အမြန်ဝင်ဖို့ ဆင့်ခေါ်ထားပါတယ်” ဟု ကောင်းဟယ်က မြင်းပေါ်မှ ခုန်ဆင်းကာ အမောတကော ပြောလေသည်။
တောက်။ ဘာကိစ္စ ရှိပြန်ပြီလဲ။ အရေးပေါ် ဆင့်ခေါ်ရအောင် ဘန်ဘူက နောက်ထပ် ပြဿနာတစ်ခုခု ထပ်လုပ်ပြန်ပြီလား။
“မင်းတို့ ဆက်ပြီး စမ်းကြည့်ကြ၊ ပျက်သွားမှာကို မကြောက်နဲ့”ဟု ပန်းပဲဆရာများကို မှာကြားပြီးနောက် ယွမ်ကျန်း အမြန် ထွက်ခွာခဲ့သည်။
အိမ်တော်သို့ ပြန်ရောက်သောအခါ ဧကရာဇ်ဝမ် လွှတ်လိုက်သော မြင်းရထားမှာ စောင့်နေသည်မှာ ကြာပြီ ဖြစ်သည်။ ယွမ်ကျန်းသည် စိတ်ထဲမှ ညည်းတွားရင်း နန်းတော်သို့ ဦးတည်လိုက်ရတော့သည်။
“ခမည်းတော်က ငါ့ကို ဘာလို့ ခေါ်တာလဲ” ဟု လမ်းတွင် လာကြိုသူအား မေးကြည့်သော်လည်း “ကျွန်တော်မျိုး မသိပါဘူး” ဆိုသည့် အဖြေသာ ရရှိခဲ့သည်။
မကြာမီ ယွမ်ကျန်း နန်းတော်သို့ ရောက်ရှိလာသည်။ မိန်းမစိုး၏ ဦးဆောင်မှုဖြင့် ၎င်းတို့သည် နန်းတော်အတွင်းပိုင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့ကြသည်။
ဟင်။ ညီလာခံခန်းမကို သွားတာ မဟုတ်ဘူးလား။ ဒါ ဘာအခြေအနေကြီးလဲ။
နောက်ဆုံးတွင် ယွမ်ကျန်းသည် နန်းတွင်းဥယျာဉ်သို့ ရောက်ရှိခဲ့သည်။ ဥယျာဉ်ဝင်ပေါက်သို့ ရောက်သည်နှင့် ရေကန်ထဲ၌ ကူးခတ်နေသော အဖြူရောင် ငန်းအချို့ကို တွေ့လိုက်ရ၏။ ထိုငန်းများကို မြင်သည်နှင့် ယွမ်ကျန်း၏ စိတ်ကူးများ ပြန်လည် နိုးကြားလာတော့သည်။
ဒီနှစ်ရက်အတွင်း စတီးလ်ကိုပဲ အာရုံစိုက်နေမိတာကြောင့် ငန်းမွှေးကလောင်တံ ကိစ္စကို မေ့နေခဲ့သည်။ တစ်ယောက်ယောက်ကို ငန်းမွှေးရှာခိုင်းရမည်။ မဟုတ်ရင် စာရေးသည့်အခါ လက်ရေးက တွန့်လိမ်နေသဖြင့် အရှက်ကွဲရဦးမည်။
ဥယျာဉ်အတွင်းပိုင်းသို့ ရောက်သောအခါ ဇရပ်လေးထဲ၌ ဧကရာဇ်ဝမ်ကို တွေ့လိုက်ရသည်။ သူနှင့်အတူ လက်ဖက်ရည် သောက်နေသူမှာ ကျန်းဟွေ့ ဖြစ်၏။
အင်း။ နားလည်ပြီ။ သေချာပေါက် အဲ့ဒီ တွက်ချက်ပုံကိစ္စပဲ ဖြစ်ရမယ်။
“သားတော် ခမည်းတော်နဲ့ အမတ်ကြီးကျန်းကို ဂါရဝပြုပါတယ်”ဟု ယွမ်ကျန်းက ဇရပ်ထဲသို့ ဝင်ကာ ဦးညွှတ်လိုက်သည်။
ဧကရာဇ်ဝမ်၏ လက်ထဲတွင် ရှိနေသည်မှာ မနေ့ညက ကျန်းဟွေ့ကို ပေးလိုက်သော စက္ကူပင် ဖြစ်သည်။ ဧကရာဇ်ဝမ်က ခေါင်းညိတ်ပြပြီးမှ “ဒါတွေက မင်းရေးထားတာလား” ဟု မေးမြန်းလေသည်။
“မှန်လှပါ”
“မင်းရေးထားတာတွေကို ကြည့်ပါဦး” ဟု ဆိုကာ ဧကရာဇ်ဝမ်က လက်ထဲမှ စက္ကူကို စားပွဲပေါ်သို့ ဝုန်းခနဲ ရိုက်ချကာ ဆူပူတော့သည်။ “မင်းသားတစ်ပါး ဖြစ်ပြီးတော့ လက်ရေးက လေးငါးနှစ်ကလေးတောင် မမီဘူး။ မရှက်ဘူးလား”
ရောက်ရောက်ချင်း အဆူခံရသဖြင့် ယွမ်ကျန်းမှာ ဘာပြောရမှန်း မသိတော့ပေ။ ငါ့အပြစ်လား။ ငါက အရင်က စုတ်တံမှ မသုံးဖူးတာ။ ငါလည်း ကောင်းကောင်းရေးချင်တာပေါ့။ ငါ့ကို ကလောင်တံ အရင်ပေးဦးလေ။
ယွမ်ကျန်းက စိတ်ထဲမှ ကျိန်ဆဲရင်း “သားတော့် လက်ရေးက တကယ်ပဲ ညံ့ပါတယ်၊ နောက်ပိုင်း သေချာ လေ့ကျင့်ပါ့မယ်” ဟု ရိုသေစွာ ပြန်ဖြေလိုက်သည်။
“လေ့ကျင့်ရမယ် ဟုတ်လား” ဧကရာဇ်ဝမ်က သူ့ကို မကျေမနပ် စိုက်ကြည့်ကာ “အသက်နှစ်ဆယ် ရှိနေပြီ၊ လေ့ကျင့်တာတောင် ဒီပုံစံပဲလား။ မင်း အရင်ကတစ်နေကုန် ဘာတွေ လုပ်နေတာလဲ”
ယွမ်ကျန်း ဆွံ့အသွားရသည်။ ဒီအဘိုးကြီးက ဒေါသတွေ ဘယ်မှာ ထွက်လာလို့ ငါ့ကို လာပြီး ပုံချနေတာလဲ။ ဘန်ဘူဆီက အနှိမ်ခံရလို့ ငါ့ကို လာပြီး ဆူနေတာလား။ စာရေးတာ ညံ့လို့ဆိုပြီး နန်းတော်ထဲအထိ အရေးပေါ် ခေါ်စရာ လိုလို့လား။
ယွမ်ကျန်း အဖြေမပေးနိုင် ဖြစ်နေသည်ကို မြင်သောအခါ ကျန်းဟွေ့က အမြန်ပင် ဝင်ရောက် ဖြန်ဖြေပေးလိုက်သည်။ “အရှင်မင်းကြီး စိတ်လျှော့တော်မူပါ၊ ဆဋ္ဌမမင်းသားရဲ့ လက်ရေးက တကယ်ပဲ မလှပေမဲ့ ဒီကိန်းဂဏန်းတွေနဲ့ တွက်ချက်ပုံတွေကတော့ အလွန် ထူးခြားလှပါတယ်၊ လက်ရေး ဘယ်လောက်လှလှ အသုံးမဝင်ရင်လည်း အလကားပါပဲ”
ကျန်းဟွေ့၏ စကားကို ကြားသောအခါ ယွမ်ကျန်း စိတ်ထဲမှ လက်မထောင်ပြလိုက်မိသည်။ ဒါဟာ တကယ့် ဆရာပဲ။ စကားပြောပုံက အဆင့်အတန်း မြင့်လွန်းလှသည်။
ကျန်းဟွေ့၏ စကားကြောင့် ဧကရာဇ်ဝမ်၏ မျက်နှာ အနည်းငယ် ပြေလျော့သွား၏။ “အင်း အမတ်ကြီး ပြောတာလည်း ဟုတ်တုတ်တုတ်ပါပဲ” ဟု ဆိုကာ ယွမ်ကျန်းအား မေးလိုက်သည်။ “မင်းဖတ်ခဲ့တဲ့ အဲ့ဒီစာအုပ်ထဲမှာ တွက်ချက်ပုံတွေက ဒါပဲ ရှိတာလား”
အင်း။ သိပြီ။ ဒါကမှ တကယ့် အရေးကြီးတဲ့ ကိစ္စပဲ။ ဒီအဘိုးကြီးက ခုနက တမင် အပြစ်ရှာပြီး ငါ့ကို လွှမ်းမိုးဖို့ လုပ်တာပဲ။ ငါ့ကို အပြစ်တင်ပြီးမှ ဒီကိစ္စကို မေးရင် ငါက သူ့ကို ကျေနပ်အောင် သိသမျှ အကုန် ပြောပြလိမ့်မယ်လို့ သူ ထင်နေတာပဲ။
တကယ့်ကို ဧကရာဇ်တို့ရဲ့ အကွက်တွေပဲ။ ဉာဏ်နီဉာဏ်နက်တွေနဲ့။
ယွမ်ကျန်းက စိတ်ထဲမှ ဆဲဆိုလိုက်ပြီးမှ “နောက်ထပ် အချို့တော့ ရှိပါသေးတယ်၊ ဒါပေမဲ့ အဲ့ဒါတွေက နည်းနည်း ရှုပ်ထွေးတော့ သားတော်ကိုယ်တိုင်လည်း သေချာ မသိသေးလို့ မရေးခဲ့တာပါ”ဟု ပြန်ဖြေသည်။
“ကိစ္စမရှိဘူး” ဧကရာဇ်ဝမ်က လက်ဝှေ့ယမ်းပြကာ “မင်း သိသမျှ အကုန်ရေးထား၊ ငါကိုယ်တော်က လူတွေကို စုံစမ်းခိုင်းမယ်၊ တစ်နိုင်ငံလုံးမှာ ဖြန့်ဝေမှာဆိုတော့ သေချာအောင် လုပ်ရမယ်။ အဆင်ပြေသွားရင် မင်းကို ဆုထပ်ချမယ်” ဟု ဆိုကာ စာရေးကိရိယာများ ပြင်ဆင်ခိုင်းလိုက်သည်။
ယွမ်ကျန်း စိတ်ထဲမှ ရယ်မိသည်။ ရိုက်လည်းရိုက် ဆုလည်းချနဲ့။ ဒီနည်းလမ်းကို သူ့ခမည်းတော်က ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်လှသည်။
မကြာမီ အစေခံမလေးများက စာရေးကိရိယာများကို ယူဆောင်လာကာ ဘေးမှနေ၍ မှင်သွေးပေးနေကြသည်။ ယွမ်ကျန်းက စုတ်တံကို ကြည့်ကာ စဉ်းစားနေ၏။ ဧကရာဇ်ဝမ်ရှေ့မှာတင် ဒီလက်ရေးစုတ်နဲ့ ရေးရင်တော့ သေချာပေါက် ထပ်အဆူခံရဦးမည်။
“ဘာလဲ၊ ငါကိုယ်တော်က မင်းကို ရေးဖို့ တောင်းပန်ရဦးမှာလား”ဟု ယွမ်ကျန်း ငြိမ်နေသည်ကို မြင်သောအခါ ဧကရာဇ်ဝမ်က မကျေမနပ် မေးလိုက်သည်။
“သားတော့် လက်ရေးက ညံ့လွန်းလို့ ခမည်းတော်ရဲ့ မျက်စိနောက်မှာ စိုးလို့ပါ” ဟု ဆိုကာ ယွမ်ကျန်းက ဧကရာဇ်ဝမ်ကို တစ်ချက်ကြည့်ပြီး ဆက်ပြောသည်။ “တကယ်တော့ သားတော် အရင်ကတခြား ကလောင်တံ တစ်မျိုးကို သုံးခဲ့တာပါ၊ အဲ့ဒီ ကလောင်တံနဲ့ဆိုရင် လက်ရေးက နည်းနည်း ပိုလှနိုင်ပါတယ်”
ဧကရာဇ်ဝမ် မျက်မှောင်ကြုတ်သွားသည်။ “မင်းက အိမ်ပြန်ပြီး မင်းရဲ့ ကလောင်တံကို သွားယူချင်တယ်လို့ ပြောတာလား”
“မဟုတ်ပါဘူး မဟုတ်ပါဘူး” ယွမ်ကျန်းက လက်ကာပြကာ “သားတော် အခုဝင်လာတုန်းက ရေကန်ထဲမှာ ငန်းအချို့ကို တွေ့ခဲ့ပါတယ်၊ အဲ့ဒီ ငန်းရဲ့ အတောင်ပံက အမွှေးရှည် တချို့ကို ခမည်းတော်က ပေးမယ်ဆိုရင် ရပါပြီ”
“ငန်း ဟုတ်လား” ဧကရာဇ်ဝမ် ဇဝေဇဝါ ဖြစ်သွားသည်။ “ဒီဥယျာဉ်ထဲမှာ ဘယ်က ငန်း ရှိလို့လဲ”
ယွမ်ကျန်းက “ဥယျာဉ်ဝင်ပေါက်က ရေကန်ထဲမှာလေ၊ သားတော် ခုနကပဲ မြင်ခဲ့တာ” ဟု ပြန်ဖြေသည်။
ယွမ်ကျန်း၏ စကားအဆုံးတွင် ဧကရာဇ်ဝမ်နှင့် ကျန်းဟွေ့တို့ နှစ်ဦးစလုံး မှင်တက်သွားကြသည်။ ခဏအကြာတွင် ကျန်းဟွေ့က ထူးဆန်းသော အကြည့်ဖြင့် သူ့ကို ကြည့်လေသည်။ ဘေးမှ အစေခံများနှင့် မိန်းမစိုးများမှာမူ ရယ်ချင်စိတ်ကို အတင်းအောင့်ထားရသဖြင့် မျက်နှာများ တဆတ်ဆတ် တုန်နေကြ၏။
ဧကရာဇ်ဝမ်၏ မျက်နှာမှာလည်း နီလိုက် ပြာလိုက် ဖြစ်နေကာ၊ လက်ကို မြှောက်လိုက် ခြေထောက်ကို ရွှေ့လိုက်နှင့် သူ့ကို ပါးရိုက်ရမလား ကန်ရမလား ဝေခွဲမရ ဖြစ်နေပုံရသည်။
ယွမ်ကျန်းမှာ ကြောင်သွားရသည်။ ဒီလူတွေ ရူးနေကြတာလား။ ဥယျာဉ်ထဲက ငန်းပဲ မဟုတ်လား။ အမွှေးလေး နုတ်တာကိုများ။ ငန်းမွှေးလေး နုတ်မိတာနဲ့ ဧကရာဇ်ကို စော်ကားရာ ရောက်သွားလို့လား။
အင်း။ ထားလိုက်ပါတော့။ ရှင်ဘုရင်နဲ့ နေရတာဟာ ကျားနဲ့ နေရသလိုပဲ။ မနုတ်ရင်လည်း မနုတ်တော့ဘူး။
ယွမ်ကျန်းက စုတ်တံကို ကောက်ကိုင်ကာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး “သားတော် အတွေးမစေ့မိလို့ပါ၊ ခမည်းတော် မွေးထားတဲ့ ငန်းတွေကို အမွှေးမနုတ်သင့်ပါဘူး၊ ဒီစုတ်တံနဲ့ပဲ ရေးပါ့မယ်”ဟု ဆိုကာ စာစရေးရန် ပြင်လိုက်သည်။
“အသုံးမကျတဲ့ကောင်” ဧကရာဇ်ဝမ်က တဆတ်ဆတ် တုန်ယင်နေသော အသံဖြင့် ဟောက်လိုက်တော့သည်။ “အဲ့ဒါက တိုင်းတပါးက ဆက်သထားတဲ့ နှင်းငန်း ကွ၊ ငန်း မဟုတ်ဘူး”