အခန်း (၃၆) - ကောင်းဟယ် သစ္စာခံခြင်း
ရှန်မော့ယန့် မှင်တက်သွားသည်။
ဒါက ဘာကြီးလဲ။
အရှင်မင်းကြီး ကိုယ်တိုင် ခွင့်ပြုထားတယ် ဟုတ်လား။ အရှင်မင်းကြီးကလွဲလို့ ကျန်တဲ့သူတွေက သူ့ကို ပုန်ကန်မယ်လို့ ပြောလာရင် ပါးရိုက်ပိုင်ခွင့် ရှိတယ်ဆိုပါလား။
ဒါ ဘယ်လို အခြေအနေမျိုးလဲ။
ရှန်မော့ယန့် အံ့သြနေတုန်းမှာတင် ကျန်းဟွေ့က ပြုံးလျက် ဆက်ပြောသည်။ “ပန်းပဲဖို ကိစ္စကိုလည်း မင်းသားက ဒီနေ့ ညီလာခံမှာ အရှင်မင်းကြီးကို ပြောပြပြီးသားပါ၊ ကြင်ယာတော် အနေနဲ့ စိုးရိမ်မနေပါနဲ့တော့”
ဘာ….
ရှန်မော့ယန့် အံ့အားသင့်သွားရသည်။
သူက ဒါကိုတောင် ခမည်းတော်ကို ပြောပြထားပြီးသား ဟုတ်လား။ ဒါဆိုရင် သူမ တကယ်ပဲ အပိုတွေ တွေးပူနေမိတာပေါ့။
“အမတ်ကြီးကျန်း... ကျွန်မကို မလိမ်ဘူး မဟုတ်လား” ရှန်မော့ယန့်က ကျန်းဟွေ့ကို သံသယဖြင့် ကြည့်သည်။
“ဒါ ဘာစကားလဲ” ကျန်းဟွေ့က စော်ကားခံရသလို ခံစားလိုက်ရဟန်ဖြင့် “ငါ့တစ်သက်လုံး ဖြောင့်မတ်စွာ နေထိုင်ခဲ့တာ၊ ဘယ်တုန်းက မဟုတ်တာ ပြောဖူးလို့လဲ။ ဒီကိစ္စကို အမတ်တွေ အားလုံး သိကြပါတယ်၊ မင်းသားကတော် မယုံရင် တစ်ယောက်ယောက်ကို မေးကြည့်လို့ ရတယ်”
“ကျွန်မ...” ရှန်မော့ယန့်၏ အရှိန်အဝါမှာ ချက်ချင်း ကျဆင်းသွားသည်။ “အမတ်ကြီးကျန်းကို မယုံတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်မ ထင်တာက...”
“ကဲပါ... ထားလိုက်တော့” ယွမ်ကျန်းက လက်ဝှေ့ယမ်းပြလိုက်ပြီး “အမတ်ကြီးကျန်း... သူမကို ဂရုမစိုက်နဲ့၊ အခု ရက်ပေါင်း နှစ်ဆယ်ကျော်အထိ တွက်ပြီးပြီပဲ၊ သူမကြောင့် အနှောင့်အယှက် မဖြစ်နဲ့၊ ငါတို့ ဆက်တွက်ကြရအောင်”
ကျန်းဟွေ့ သတိဝင်လာပြီး အမြန် ခေါင်းညိတ်သည်။ “ဟုတ်သားပဲ။ ငါတို့ရဲ့ အရေးကြီးကိစ္စကို အချိန်မဖြုန်းရအောင်”
ပြောပြောဆိုဆိုနှင့် ကျန်းဟွေ့သည် ခေါင်းငုံ့ကာ ဆက်လက် တွက်ချက်နေတော့သည်။
ရှန်မော့ယန့်မှာ ကျန်းဟွေ့နှင့် ယွမ်ကျန်းကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေ၏။ ဒီလူနှစ်ယောက် ဘာလုပ်နေကြတာလဲ။ ကျန်းဟွေ့က ဘာလို့ ယွမ်ကျန်း ပြောသမျှကို အကုန် နားထောင်နေရတာလဲ။ အပြန်အလှန် ဖြစ်နေရမှာ မဟုတ်ဘူးလား။
“ဘာကြည့်နေတာလဲ” ယွမ်ကျန်းက မျက်မှောင်ကြုတ်ကာ ရှန်မော့ယန့်ကို ကြည့်ပြီး စာကြည့်ဆောင်တံခါးကို လက်ညှိုးညွှန်ပြသည်။ “ဒီတံခါးကို အမြန် ပြင်ပေးစမ်း”
ပြောပြီးသည်နှင့် ယွမ်ကျန်းက ကျန်းဟွေ့ တွက်တာ မှားနေသည်များကို ဘေးကနေ ထောက်ပြနေပြန်သည်။
ဒီမိန်းကလေးကတော့ တကယ့်ကို ထုံအလိုက်တာ။ သိုင်းကျင့်ရင်းနဲ့ ဦးနှောက်ပါ သိုင်းကွက်ထဲ ပါသွားပြီ ထင်တယ်။
“အင်း... ရဲ့ကျိကမှ တကယ်ကို သဘောကောင်းတာ” ယွမ်ကျန်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ရှန်မော့ယန့်က တံခါးပြင်ခိုင်းသည့် စကားကို လျစ်လျူရှုကာ၊ သူတို့နှစ်ယောက် ဘာတွေ လေ့လာနေကြသလဲဆိုတာ သိချင်သဖြင့် အနားသို့ တိုးကြည့်လိုက်သည်။ ကျန်းဟွေ့ ရေးနေသော ကိန်းဂဏန်းများကို ကြည့်ကာ သူမ အံ့သြနေမိ၏။ သူမ မေးချင်သော်လည်း ကျန်းဟွေ့ အာရုံစိုက်နေသည်ကို မြင်သောအခါ မနှောင့်ယှက်ဝံ့ပေ။
“ဒီမှာ မှားနေပြီ၊ ရှစ်နှစ်လီက တစ်ဆယ့်ခြောက်လေ၊ တစ်တိုးရမှာကို မတိုးရသေးဘူး”
“ဟုတ်သားပဲ... ငါ လူကြီးမေ့ မေ့သွားပြန်ပြီ”
“ဒီမှာလည်း ဂဏန်းတင်ဖို့ မေ့နေပြန်ပြီ”
ယွမ်ကျန်းက ကျန်းဟွေ့ကို စိတ်ရှည်လက်ရှည် ပြင်ပေးနေပြီး၊ ကျန်းဟွေ့ကလည်း ယွမ်ကျန်း၏ အဆိုကို သေသေချာချာ လက်ခံနေသည်။
ဘေးက ကြည့်နေသော ရှန်မော့ယန့်မှာ ကြောင်အမ်းအမ်း ဖြစ်နေရ၏။ ဘာအခြေအနေကြီးလဲ။ ယွမ်ကျန်းက ကျန်းဟွေ့ကို သင်ပေးနေတာလား။ ကျန်းဟွေ့ဆိုတာ ဝမ်ဟွာနန်းဆောင်ရဲ့ ပညာရှိကြီးလေ။ ဧကရာဇ်ဝမ်တောင် သူ့ကို ဆရာတင်ခဲ့ရတာ မဟုတ်လား။ အခုတော့ ယွမ်ကျန်းဆီမှာ ပညာသင်နေရတယ် ဟုတ်လား။
အတော်ကြာ တွက်ချက်ပြီးနောက် ကျန်းဟွေ့သည် ရက်ပေါင်း သုံးဆယ် ပြည့်သည့်နေ့တွင် ပေးရမည့် ရိက္ခာပမာဏကို အောင်မြင်စွာ တွက်ချက်နိုင်ခဲ့သည်။ ယွမ်ကျန်း ပြောခဲ့သည့် ကိန်းဂဏန်းနှင့် တစ်လုံးမှ မလွဲပေ။
ကိန်းဂဏန်းတွေကို ကြည့်ရင်း ကျန်းဟွေ့ ကိုယ်တိုင်ပင် ထိတ်လန့်သွားရသည်။ ဒီလောက်လေးပဲ ဆတိုးတက်သွားတာကို ရက်ပေါင်း သုံးဆယ်အတွင်းမှာ ဒီလောက်အထိ များပြားလှတဲ့ ကိန်းဂဏန်း ထွက်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။
အဖြေကို ကြိုသိနေခဲ့သော်လည်း ကိုယ်တိုင်တွက်ချက်ပြီးသည့်အခါတွင်မူ ကျန်းဟွေ့သည် ပို၍ပင် တုန်လှုပ်သွားရ၏။ အတော်ကြာမှ သူသည် အင်္ကျီလက်ကို ပြင်ကာ ယွမ်ကျန်းအား ရိုသေစွာ ဦးညွှတ်လိုက်သည်။ “ဆဋ္ဌမမင်းသားဟာ တကယ့်ကို လူတော်ပါပဲ၊ ကျွန်တော်မျိုး တကယ်ကို အထင်ကြီးမိပါတယ်။ ကျွန်တော်မျိုးက အများဆုံး တင်း ငါးသန်းလောက်ပဲ ထင်ထားခဲ့တာ၊ မင်းသားသာ မရှိရင် ကျွန်တော်တို့ တချန်းအင်ပါယာတော့ ဆုံးခန်းတိုင်သွားတော့မှာပဲ”
“အမတ်ကြီးကျန်း... အားနာစရာတွေ ပြောနေပြန်ပြီ” ယွမ်ကျန်းက ကျန်းဟွေ့ကို အမြန် တွဲကူလိုက်သည်။ “အမတ်ကြီးရဲ့ ပညာကမှ အဆင့်မြင့်တာပါ၊ ကျွန်တော် တတ်တဲ့ ဒီပညာကတော့ လှည့်ကွက်လေး တစ်ခုလိုပါပဲ”
“မဟုတ်တာ... မဟုတ်တာ” ကျန်းဟွေ့က လက်ခါလျက် “ဒီကိန်းဂဏန်းတွေနဲ့ တွက်ချက်ပုံတွေက ရိုးရှင်းပြီး နားလည်လွယ်တယ်၊ တွက်ချက်တဲ့ နေရာမှာ အများကြီး အထောက်အကူ ဖြစ်စေတယ်၊ ဒါကို သေချာပေါက် ကျမ်းစာအဖြစ် ရေးသားသင့်တယ်”
ကျန်းဟွေ့၏ စကားကို ကြားသောအခါ ရှန်မော့ယန့်မှာ ဇဝေဇဝါ ဖြစ်နေရသည်။ သရဲစာလို ကိန်းဂဏန်းတွေကို ကျမ်းစာအဖြစ် ရေးသားမယ် ဟုတ်လား။
ထိုစဉ် အစေခံမလေး ရောက်လာပြီး ထမင်းစားရန် အဆင်သင့် ဖြစ်ပြီဖြစ်ကြောင်း အကြောင်းကြားသဖြင့် ၎င်းတို့ သုံးဦးသား ထမင်းစားခန်းသို့ ထွက်လာခဲ့ကြသည်။
ထမင်းစားချိန်တွင် ကျန်းဟွေ့သည် သူ၏ ပုံမှန် စည်းကမ်းဖြစ်သော “ထမင်းစားရင် စကားမပြောရ” ဆိုသည်ကို ဖောက်ဖျက်ကာ၊ ဒီနေ့ ညီလာခံမှာ ယွမ်ကျန်းက ဟွမ်နိုင်ငံတော်ဆရာကြီးကို ဘယ်လို အနိုင်ယူခဲ့သလဲဆိုတာကို ရှန်မော့ယန့်နှင့် ရဲ့ကျိတို့အား မြိန်ရည်ယှက်ရည် ပြောပြနေတော့သည်။
ယွမ်ကျန်းကို တကယ့် သူရဲကောင်းကြီး တစ်ယောက်လို ပြောပြနေပြီး၊ ဧကရာဇ်ဝမ်က မင်းသား လေးပါးလုံးကို လူပုံအလယ်မှာ ရိုက်နှက်ခဲ့တဲ့ အကြောင်းကိုလည်း အားရပါးရ ပြောပြနေ၏။
အချို့အကြောင်းအရာတွေကို သိထားတဲ့ ရဲ့ကျိတောင် မှင်တက်သွားရသလို၊ ဘာမှမသိသေးတဲ့ ရှန်မော့ယန့်ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။
ပထမတော့ သူတို့ သုံးယောက်ပဲ နားထောင်နေကြသော်လည်း၊ နောက်ပိုင်းတွင် တုကွေ့ယွမ်တို့ အဖွဲ့ပါ ရောက်လာကာ ယွမ်ကျန်းက စစ်မြင်း တစ်သောင်း ရအောင် လုပ်ပေးခဲ့သည့်အကြောင်း ကြားရသောအခါ အားလုံးက လက်ခုပ်တီး၍ ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်။
ထမင်းစားချိန် တစ်လျှောက်လုံး ကျန်းဟွေ့ တစ်ယောက်တည်း စကားပြောနေခြင်း ဖြစ်၏။ ယွမ်ကျန်း စိတ်ထဲမှ တွေးမိသည်မှာ “ဒီအဘိုးကြီးသာ ပုံပြောတဲ့သူ လုပ်ရင်တော့ တကယ့်ကို အောင်မြင်မှာပဲ”
ထမင်းစားပြီးနောက် ယွမ်ကျန်းက ကျန်းဟွေ့အား လက်ဖက်ရည် သောက်ရင်း ခေတ္တ ထိုင်စောင့်ရန် ပြောကာ၊ သူသည် စာကြည့်ဆောင်သို့ သွား၍ အမြှောက်ဇယားနှင့် ကိန်းဂဏန်း သင်္ကေတများကို ရေးသားလိုက်သည်။ ထို့နောက် ကျန်းဟွေ့အား မနက်ဖြန်တွင် ဧကရာဇ်ဝမ်ထံ ဆက်သပေးရန် အပ်နှံလိုက်၏။
ဒီလိုလုပ်ခြင်းဖြင့် သူ နန်းတော်ထဲသို့ ကိုယ်တိုင်သွားရန် မလိုတော့ပေ။
ကျန်းဟွေ့သည် ပညာရပ်အသစ်ကို ရရှိသွားသဖြင့် အလွန် ဝမ်းသာအားရ ထွက်ခွာသွားလေသည်။ အခြားလူများမှာမူ ကြီးမားသော အံ့သြမှုထဲမှ ရုန်းမထွက်နိုင်ကြသေးပေ။
“ကဲ... မင်းတို့အားလုံး ထမင်းမစားကြတော့ဘူးလား” ယွမ်ကျန်းက တုကွေ့ယွမ်တို့ကို ကြည့်ကာ ဟောက်လိုက်သည်။ “သွားပြီး ထမင်းစားကြတော့”
ယွမ်ကျန်း သတိပေးမှပင် လူတိုင်း သတိဝင်လာပြီး အစေခံများ ထမင်းစားသည့် နေရာသို့ အမြန် ပြေးသွားကြတော့သည်။
“ဒါဆိုရင် နောက်ပိုင်း အရှင်မင်းကြီးကလွဲလို့ ကျန်တဲ့သူတွေက ရှင့်ကို ပုန်ကန်မယ့်သူလို့ ပြောလို့ မရတော့ဘူးပေါ့” ရှန်မော့ယန့်က ယွမ်ကျန်းကို ကြောင်ကြည့်ကာ မေးသည်။ သူမ၏ ရင်ထဲတွင် ချွေးစေးများ ထွက်လာ၏။
တော်သေးတာပေါ့။ သူမသာ ယွမ်ကျန်းက မြောက်ပိုင်းမှာ ပုန်ကန်မယ်လို့ ပြောခဲ့တာကို သွားတိုင်မိရင်၊ ဧကရာဇ်ဝမ်က အဲ့ဒီ ကောလာဟလတွေကို ရှန်မိသားစုက ဖြန့်တယ်လို့ ထင်သွားမှာ သေချာသည်။ အဲ့ဒီလိုသာ ဖြစ်ခဲ့ရင် ရှန်မိသားစု တစ်စုလုံး ခေါင်းပြတ်ကုန်ကြလိမ့်မည်။
“အင်း” ယွမ်ကျန်းက ခေါင်းညိတ်ပြပြီး ရှန်မော့ယန့်ကို ပြုံးစစဖြင့် စိုက်ကြည့်လိုက်သည်။ “ဒါကြောင့် မင်း နောက်ပိုင်း သတိထားရမယ်။ မင်းကို ပါးတစ်ချက် ရိုက်ဖို့ ကြွေးကျန်နေတာကို မမေ့နဲ့ဦး”
“...” ရှန်မော့ယန့် ခဏမျှ ဆွံ့အသွားပြီး ယွမ်ကျန်းကို မျက်စောင်းထိုးလိုက်သည်။ သူမ၏ ရင်ထဲတွင်မူ မကျေမနပ် ဖြစ်နေ၏။ “ငါက လက်ချောင်း နှစ်ချောင်းတည်းနဲ့တင် ဒီအသုံးမကျတဲ့ကောင်ကို သတ်လို့ ရတာကို၊ ဘာလို့ သူ့လက်ထဲမှာ အမြဲ အရှုံးပေးနေရတာလဲ”
“ကဲ... တော်ပြီ” ရဲ့ကျိက ရှန်မော့ယန့်ကို ပြုံးကြည့်ကာ “အချိန်လည်း မစောတော့ဘူး၊ မင်း ပြန်သင့်ပြီ၊ ရှင်တို့နှစ်ယောက်က လက်မထပ်ရသေးဘူးဆိုတော့ ညအိပ်ဖို့ မသင့်တော်ဘူး။ နောက်ပြီး အိမ်ပြန်ရောက်ရင် အမေ့ကို ဒီနေ့ ညီလာခံက အကြောင်းအရာတွေ ပြောပြလိုက်ဦး၊ သူမ စိတ်ပူမနေရအောင်”
“ဟုတ်သားပဲ။ ငါ ဒါကို မေ့နေတာ” ရှန်မော့ယန့်က ခေါင်းကို ပုတ်ကာ ထရပ်လိုက်သည်။ “အမေ့ကို သွားပြောမှ ဖြစ်မယ်၊ မဟုတ်ရင် သူမ ဘယ်လောက်တောင် စိတ်ပူနေမလဲ မသိဘူး”
ပြောပြီးသည်နှင့် ရှန်မော့ယန့်သည် အပြင်သို့ အမြန် ပြေးထွက်သွားတော့သည်။
“ငါ့ရဲ့ စာကြည့်ဆောင်တံခါးကို ပြင်ပေးဖို့ မမေ့နဲ့ဦး” ယွမ်ကျန်းက နောက်ကနေ လှမ်းအော်လိုက်၏။
ရှန်မော့ယန့်က ခြေလှမ်းတန့်သွားပြီး ယွမ်ကျန်းကို တစ်ချက် စိုက်ကြည့်ကာမှ အမြန် ထွက်သွားတော့သည်။
ရှန်မော့ယန့်၏ ပုံစံကို ကြည့်ပြီး ယွမ်ကျန်းက ခေါင်းခါလိုက်သည်။ “သူမကတော့ တကယ့်ကို မိန်းမမြတ် တစ်ယောက်ရဲ့ ပုံစံ လုံးဝ မရှိဘူး”
ရဲ့ကျိက ပြုံးလျက် “မော့ယန့်က ငယ်ငယ်ကတည်းက သိုင်းသင်လာတာဆိုတော့ စိတ်က နည်းနည်းတော့ လောတတ်တာပေါ့”
“ဒါနဲ့... သူမက တကယ်ပဲ သိုင်းတော်တာလား” ယွမ်ကျန်းက စိတ်ဝင်တစား မေးသည်။
“သိပ်တော့ မတော်ပါဘူး” ရဲ့ကျိက ရယ်မောလိုက်ပြီးမှ “ဒါပေမဲ့ မင်းသားရဲ့ ဘေးနားမှာတော့ သူမကို ယှဉ်နိုင်တဲ့သူ ရှိမှာ မဟုတ်ဘူး”
“...” ယွမ်ကျန်း မျက်နှာ ပျက်သွားသည်။
ဒီမိန်းကလေးက ဒီလောက်တောင် တော်တာလား။ ရဲ့ကျိက သူ့ကို သတိပေးနေတာလား။ ရှန်မော့ယန့်ကို စိတ်တိုအောင် မလုပ်ဖို့၊ မဟုတ်ရင် သူမ ရိုက်ရင် ဘယ်သူမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လား။
ယွမ်ကျန်းက ရဲ့ကျိကို တစ်ချက် ကြည့်လိုက်ပြီး “ကိုယ်ကတော့ မင်းရဲ့ စိတ်နေစိတ်ထားကို ပိုသဘောကျတယ်”
ရဲ့ကျိ၏ မျက်နှာလေးမှာ ရုတ်တရက် နီမြန်းသွားပြန်သည်။
“ကျွန်မ သွားပြီး အလုပ်လုပ်တော့မယ်” ရဲ့ကျိက ယွမ်ကျန်းကို မျက်စောင်းထိုးကာ အမြန် ထွက်ခွာသွားတော့သည်။
ယွမ်ကျန်းက ပြုံးလိုက်ပြီး စာကြည့်ဆောင်သို့ ပြန်လာခဲ့သည်။
ညရောက်သောအခါ ကောင်းဟယ်သည် ယွမ်ကျန်းကို လာရောက်တွေ့ဆုံပြီး၊ သူသည် ဧကရာဇ်ဝမ်၏ သူလျှိုဖြစ်ကြောင်း အမှန်အတိုင်း ဝန်ခံခဲ့သည်။ အိမ်တော်ထဲတွင် သူနှင့် အိမ်တော်ထိန်းသည် ဧကရာဇ်ဝမ်၏ လူများ ဖြစ်ကြောင်းလည်း ပြောပြခဲ့၏။ ဒီနေ့ ပန်းပဲဖို ဝယ်သည့် ကိစ္စကိုလည်း အိမ်တော်ထိန်းက ဧကရာဇ်ဝမ်၏ လူများထံ အစီရင်ခံခဲ့ပြီး ဖြစ်ကြောင်းလည်း သိလိုက်ရသည်။
ထို့ကြောင့်ပင် ကောင်းဟယ်က ယွမ်ကျန်းအား သတိပေးခဲ့ခြင်း ဖြစ်လေသည်။
“မင်း ငါ့ကို စိတ်မပျက်စေဘူးပဲ” ယွမ်ကျန်းက ခေါင်းညိတ် ပြုံးပြလိုက်ပြီး “အခု အိမ်တော်ရဲ့ လုံခြုံရေးကို မင်းနဲ့ ကျိုးမီတို့ကို အပ်ထားမယ်၊ အိမ်တော်ထဲမှာ ဘယ်သူတွေက သံသယဖြစ်စရာ ရှိသလဲဆိုတာကိုလည်း တိတ်တဆိတ် သတိထားကြည့်ပေးပါ”
“ကျွန်တော်မျိုး နားလည်ပါပြီ”