အခန်း (၃၄) - ယုတ်မာညစ်ပတ်ခြင်း
အိမ်ပြန်ရောက်သည်နှင့် ယွမ်ကျန်းသည် သတင်းကောင်းတစ်ခုကို ကြားလိုက်ရသည်။
တုကွေ့ယွမ် ရောက်နေပြီ ဖြစ်သည်။
သူနှင့်အတူ ညီအစ်ကိုနှစ်ယောက်ဖြစ်သည့် ကျော့ယန်နှင့် ယွီရှစ်ကျုံးတို့ကိုပါ ခေါ်ဆောင်လာခဲ့၏။
ထိုနှစ်ယောက်စလုံးမှာ သွေးစွန်းအင်္ကျီတပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ကြပြီး ခြေလက်အင်္ဂါ မပြည့်စုံတော့သည့် တပ်ဖွဲ့ဝင် ဆယ်ဂဏန်းခန့်ထဲမှ ကြံ့ကြံ့ခံ ကျန်ရစ်သူ နှစ်ဦးလည်း ဖြစ်သည်။
တုကွေ့ယွမ် မြောက်ပိုင်းသို့ ပြန်သွားမည်ကို သိရှိရသောအခါ ၎င်းတို့နှစ်ဦးစလုံးမှာလည်း အတူလိုက်ပါရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦး ပူးပေါင်းလာမှုအပေါ် ယွမ်ကျန်းက အတိုင်းမသိ ဝမ်းမြောက်စွာ ကြိုဆိုလိုက်သည်။
ဒါတွေက သူ့ရဲ့ မူလအမာခံ အင်အားစုတွေပဲ မဟုတ်လား။
“ရောက်လာပြီဆိုမှတော့ ဒီမှာပဲ နေကြတော့”
ယွမ်ကျန်းက ရယ်မောလျက် မေးလိုက်သည်။ “ဒါနဲ့ မင်းတို့ရဲ့ လက်ရည်က ဘယ်လိုရှိလဲ သိချင်တယ် ဒါကြောင့် မင်းတို့နှစ်ယောက် ကောင်းဟယ်နဲ့ ကျိုးမီတို့နဲ့ တစ်ချက်လောက် ယှဉ်ပြိုင်ကြည့်ပါလား”
“မင်းသားရဲ့ အမိန့်အတိုင်းပါ”
၎င်းတို့နှစ်ဦးမှာ ပြဿနာမရှိပေ။
ကောင်းဟယ်နှင့် ကျိုးမီတို့ကတော့ တစ်ဦးကိုတစ်ဦး ကြည့်ကာ စိတ်ထဲမှ ညည်းတွားလိုက်ကြသည်။
ယွမ်ကျန်း၏ တောင်းဆိုမှုကြောင့် လေးဦးသားမှာ ရိုးရှင်းသော ယှဉ်ပြိုင်မှုကို ပြုလုပ်ခဲ့ကြသည်။
ရလဒ်ကတော့ ကောင်းဟယ်နှင့် ကျိုးမီတို့ အပြတ်အသတ် ရှုံးနိမ့်သွားခြင်းပင် ဖြစ်သည်။
“ကောင်းတယ် တကယ့်ကို ကောင်းတယ်”
ယွမ်ကျန်းက လက်ခုပ်တီးလျက် ရယ်မောကာ ဆိုသည်။ “ငါ ဒီနေ့ ဟွမ်နိုင်ငံတော်ဆရာကြီးကို အရှက်ခွဲလိုက်တာဆိုတော့ ဟွမ်နိုင်ငံသားတွေက ငါ့ကို လုပ်ကြံဖို့ လူလွှတ်ဦးမှာပဲလို့ စစ်သူကြီးရှောင်က သတိပေးထားတယ် ဒါကြောင့် နောက်ပိုင်း ငါအပြင်ထွက်ရင် မင်းတို့နှစ်ယောက် ငါနဲ့အတူ လိုက်ခဲ့ကြ”
“အမိန့်အတိုင်းပါ”
၎င်းတို့နှစ်ဦးက ချက်ချင်း သဘောတူလိုက်ကြသည်။
သို့သော် ကောင်းဟယ်နှင့် ကျိုးမီတို့ကတော့ မျက်နှာလေးများ ငယ်သွားကြ၏။
“ကောင်းဟယ် ကျိုးမီ”
ယွမ်ကျန်းက ၎င်းတို့နှစ်ဦးကို ကြည့်ကာ ဆိုသည်။ “နောက်ပိုင်း အိမ်တော်ရဲ့ လုံခြုံရေး အားလုံးကို မင်းတို့နှစ်ယောက်ပဲ တာဝန်ယူရမယ် အိမ်တော်ကိုယ်ရံတော်တွေရဲ့ အလှည့်ကျတာဝန်တွေ လေ့ကျင့်ခန်းဆင်းတာတွေကို မင်းတို့ပဲ စီမံခန့်ခွဲပေး”
“မှန်လှပါ”
၎င်းတို့နှစ်ဦးမှာ ဝမ်းသာအားရ အမိန့်နာခံလိုက်ကြသည်။
တော်သေးတာပေါ့ ဆဋ္ဌမမင်းသားက ကျော့ယန်တို့ ရောက်လာလို့ သူတို့ကို ပစ်ပယ်မထားခဲ့ဘူးပဲ။
“ဒါက အရေးကြီးတဲ့ ကိစ္စပဲ မင်းတို့တွေ ပေါ့ပေါ့တန်တန် မလုပ်ကြနဲ့”
ယွမ်ကျန်းက လေးလေးနက်နက် သတိပေးသည်။ “အကယ်၍ ဟွမ်နိုင်ငံရဲ့ သူလျှိုတွေသာ အိမ်တော်ထဲကို ခိုးဝင်နိုင်ခဲ့ရင် ငါက မင်းတို့ကို ခွင့်လွှတ်ရင်တောင် ခမည်းတော်က ခွင့်လွှတ်မှာ မဟုတ်ဘူး”
“ကျွန်တော်မျိုးတို့ နားလည်ပါပြီ”
၎င်းတို့နှစ်ဦးမှာ လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။
ထိုကိစ္စကို အပြီးသတ်ပြီးနောက် ယွမ်ကျန်းသည် မြောက်ပိုင်းတိုက်ပွဲက စစ်သည်ဟောင်းတွေရဲ့ ထောက်ပံ့ကြေး အလွဲသုံးစားလုပ်မှုကို ဧကရာဇ်ဝမ်က ပြင်းပြင်းထန်ထန် စုံစမ်းဖို့ အမိန့်ပေးလိုက်တဲ့အကြောင်းကို တုကွေ့ယွမ်တို့ကို ပြောပြလိုက်သည်။
၎င်းတို့ သုံးဦးစလုံးမှာ အလွန်အမင်း ဝမ်းသာသွားကြပြီး ဤသည်မှာ ယွမ်ကျန်းက ဧကရာဇ်ဝမ်အား တင်ပြပေးခဲ့ခြင်း ဖြစ်မည်ဟု ထင်မှတ်ကာ ယွမ်ကျန်းကို အကြိမ်ကြိမ် ကျေးဇူးတင်နေကြတော့သည်။ ယွမ်ကျန်းမှာလည်း မမျှော်လင့်ဘဲ သူတို့၏ ယုံကြည်မှုကို ထပ်မံ ရရှိလိုက်သဖြင့် စိတ်ထဲမှ ကျေနပ်နေမိသည်။
ထို့နောက်တွင်မှ ယွမ်ကျန်းသည် ရရှိထားသော လက်ဆောင်ပစ္စည်းများ ရောင်းချရမှု အခြေအနေကို ရဲ့ကျိအား မေးမြန်းလိုက်၏။
“အကုန် ရောင်းလိုက်ပါပြီ”
ရဲ့ကျိက ပြန်ဖြေသည်။ “ငွေသား စုစုပေါင်း တစ်သိန်း ငါးသောင်း ရပါတယ်”
“ဗျာ”
ယွမ်ကျန်း အံ့အားသင့်သွားသည်။ “အကုန် ရောင်းလိုက်တာလား”
ရဲ့ကျိက မျက်တောင်လေး ခတ်ကာ ကြည့်သည်။ “မင်းသားကပဲ အကုန်ရောင်းခိုင်းတာ မဟုတ်ဘူးလား”
“ငါက...”
ယွမ်ကျန်းက ဘာပြောရမှန်းမသိဟန်ဖြင့် ဆိုသည်။ “ငါက ငွေသား လိုအပ်လို့ အချို့ကိုပဲ ရောင်းခိုင်းတာလေ အကုန်ရောင်းခိုင်းတာ မဟုတ်ပါဘူး ဒါနဲ့ တစ်မနက်တည်းနဲ့ မင်းက ဘယ်လိုလုပ်ပြီး အကုန်ရောင်းနိုင်တာလဲ”
ရဲ့ကျိက ပြန်ဖြေသည်။ “ကျွန်မက ချမ်းသာတဲ့ ကုန်သည်တစ်ယောက်ကို သိနေလို့ပါ သူ့ကိုပဲ အိမ်တော်အထိ ခေါ်ပြီး အကုန် အပြတ်ရောင်းလိုက်တာ”
“မင်းကတော့...”
ယွမ်ကျန်းက ရဲ့ကျိကို တစ်ချက်ကြည့်ပြီးမှ အိမ်တော်ထိန်းဘက် လှည့်ကာ ဟောက်လိုက်သည်။ “မင်းကရော ဘာလို့ မတားတာလဲ”
အိမ်တော်ထိန်းက ဝမ်းနည်းစွာဖြင့် လျှောက်တင်သည်။ “ဒါက မင်းသားရဲ့ အမိန့်ဆိုတော့ ကျွန်တော်မျိုးက မတားဝံ့လို့ပါ”
“…”
ယွမ်ကျန်းက ၎င်းတို့နှစ်ဦးကို ကြည့်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။ “ထားလိုက်ပါတော့ ရောင်းကုန်ပြီဆိုမှတော့လည်း ကိစ္စမရှိပါဘူး ဒါနဲ့ အိမ်တော်ထိန်း မင်း ကောင်းဟယ်ကို ခေါ်ပြီး တုခေါင်းဆောင် အရင်က အလုပ်လုပ်ခဲ့တဲ့ ပန်းပဲဖိုကို သွားစမ်း အဲ့ဒီပန်းပဲဖိုကို တု နာမည်နဲ့ပဲ အပိုင်ဝယ်လိုက်”
“ပန်းပဲဖို ဟုတ်လား”
အိမ်တော်ထိန်းက နားမလည်ဟန်ဖြင့် မေးသည်။ “မင်းသားက ပန်းပဲဖိုကို ဘာလုပ်ဖို့ ဝယ်တာလဲ”
“အရင်ဆုံး ဝယ်လိုက်ဖို့ပဲ လုပ်စမ်းပါ” ယွမ်ကျန်းက လက်ဝှေ့ယမ်းကာ “နောက်ပြီး အဲ့ဒီမှာ ရှိနေတဲ့ ပန်းပဲဆရာတွေကိုလည်း အကုန် ထားခဲ့ဦး ငါ ညနေကျရင် သွားမယ် သူတို့နဲ့ ပြောစရာ ရှိလို့”
“ကောင်းပါပြီ”
အိမ်တော်ထိန်းမှာ ဘာမှမတတ်နိုင်ဘဲ အမြန် ထွက်ခွာသွားတော့သည်။
အိမ်တော်ထိန်းနှင့် ကောင်းဟယ်တို့ ထွက်သွားပြီးနောက် ယွမ်ကျန်းသည် ရဲ့ကျိကို နောက်ဖေးဝင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
“ရှင် ရူးနေတာလား”
နောက်ဖေးဝင်းသို့ ရောက်သည်နှင့် ရဲ့ကျိက ယွမ်ကျန်းကို စိုက်ကြည့်ကာ ဆိုသည်။ “ဒီအချိန်မှာ ပန်းပဲဖိုကို ဝယ်ရတယ်လို့ အဲ့ဒါလည်း တခြားလူရဲ့ နာမည်နဲ့နော် ရှင်က ရှင့်မှာ ပုန်ကန်မယ့် စိတ်ရှိနေတယ်ဆိုတာကို လူတိုင်း သိအောင် တမင် လုပ်နေတာလား”
“ဘာမှ မဖြစ်ပါဘူး”
ယွမ်ကျန်းက ပြုံးလျက် ဆိုသည်။ “ဒါကို ခမည်းတော်ဆီမှာ ငါခွင့်ပြုချက် တောင်းထားပြီးသားပါ”
တောင်းထားပြီးသား ဟုတ်လား။
ရဲ့ကျိ ခဏမျှ ကြောင်အသွားပြီးမှ ယွမ်ကျန်းကို အထင်ကြီးလေးစားစွာ ကြည့်လိုက်သည်။ “ရှင်က တကယ့်ကို ယုတ်မာညစ်ပတ်တာပဲ”
ယွမ်ကျန်းက ဘာကြောင့် အိမ်တော်ထိန်းကို လွှတ်ပြီး ပန်းပဲဖို ဝယ်ခိုင်းတာလဲဆိုတာကို သူမ နားလည်သွားသည်။
သူက တုကွေ့ယွမ်ရဲ့ နာမည်နဲ့ တမင် ဝယ်ခိုင်းတာ ဖြစ်ပြီး အိမ်တော်ထိန်းက တစ်ဆင့် ဧကရာဇ်ဝမ်ဆီ သတင်းရောက်အောင် လုပ်ခြင်း ဖြစ်သည်။ တစ်ဖက်ကလည်း ကောင်းဟယ်ကို ဧကရာဇ်ဝမ်နဲ့ ယွမ်ကျန်းကြားမှာ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကို အကျပ်ကိုင်လိုက်ခြင်းပင် ဖြစ်သည်။
ယွမ်ကျန်းက ရယ်မောလိုက်ပြီး “ခုနက အိမ်တော်ထိန်းရှေ့မှာ မင်းရဲ့ သရုပ်ဆောင်မှုက မဆိုးဘူးပဲ”
“မင်းသားကလည်း မညံ့ပါဘူး” ရဲ့ကျိက ပြုံးလျက် ဆိုသည်။
ဒီကိစ္စကို ၎င်းတို့ ကြိုတင် တိုင်ပင်ထားခြင်း ဖြစ်သည်။
လက်ဆောင်ပစ္စည်းအားလုံးကို ရောင်းချလိုက်ခြင်းက သံသယဖြစ်စရာ ကောင်းသော်လည်း ရဲ့ကျိက ယွမ်ကျန်းရဲ့ စကားကို နားလည်မှု လွဲသွားလို့ ရောင်းလိုက်တာဆိုတဲ့ အကြောင်းပြချက်က ပိုပြီး သဘာဝကျစေသည်။
တစ်ယောက်ယောက်က ရဲ့ကျိ တမင်ရောင်းတာလို့ သံသယရှိရင်တောင် ရဲ့ကျိက ရှန်မော့ယန့်အတွက် မကျေနပ်လို့ ယွမ်ကျန်းကို ဒုက္ခပေးနေတာလို့ပဲ ထင်ကြလိမ့်မည်။
ယွမ်ကျန်းက ပြုံးလျက် အလေးအနက် ဆိုသည်။ “အကယ်၍ ခမည်းတော်ကသာ မင်းကို ငါ့ဆီကို မင်္ဂလာဆောင်ပေးခဲ့ရင် သိပ်ကောင်းမှာပဲ”
မာနကြီးတဲ့ ရှန်မော့ယန့်ထက်စာရင် ရဲ့ကျိလို ထက်မြက်တဲ့ အမျိုးသမီးမျိုးကို သူ ပိုသဘောကျသည်။
ယွမ်ကျန်း၏ စကားကြောင့် ရဲ့ကျိ၏ မျက်နှာလေးမှာ ရုတ်တရက် နီမြန်းသွားကာ စိတ်တိုဟန်ဖြင့် ဆိုသည်။ “မင်းသား လျှောက်မပြောပါနဲ့ ကျွန်မက မုဆိုးမ ဖြစ်နေတာ ကြာပါပြီ ဒီစကားသာ အပြင်ကို ပေါက်ကြားသွားရင် ကျွန်မ ဘယ်လိုလုပ်ပြီး လူတောတိုးတော့မှာလဲ”
“ကျွန်တော်က ဒီတိုင်းပြောတာပါ”
ယွမ်ကျန်းက ပြုံးလျက် မေးသည်။ “မင်း မုဆိုးမ ဖြစ်နေတာ ကြာပြီဆိုတော့ တကယ်ပဲ ပင်ပန်းမှာပဲနော် နောက်အိမ်ထောင်ပြုဖို့ရော မစဉ်းစားဘူးလား”
ရဲ့ကျိ၏ မျက်နှာမှာ ပို၍ပင် နီမြန်းသွားကာ မကျေမနပ် ဆိုသည်။ “မင်းသားမှာ အရေးကြီးတဲ့ ကိစ္စရှိရင် ပြောပါ ကျွန်မလို မုဆိုးမတစ်ယောက်ကို လာပြီး မစပါနဲ့တော့”
“ကျွန်တော် တကယ် မစတာပါ” ယွမ်ကျန်းက ခေါင်းခါလျက် “မင်းနဲ့ မော့ယန့်ရဲ့ ဒုတိယအစ်ကို မင်္ဂလာဆောင်တဲ့နေ့မှာပဲ သူက စစ်ထွက်သွားခဲ့ရတာ မဟုတ်လား ဒီလောက်နှစ်တွေ အကြာကြီးမှာ မင်း တကယ်ပဲ...”
“မင်းသား”
ရဲ့ကျိက ယွမ်ကျန်း၏ စကားကို ဖြတ်ပြောကာ ပြတ်သားစွာ ဆိုသည်။ “ကျွန်မက အရှင်မင်းကြီး ကိုယ်တိုင် ချီးမြှင့်ထားတဲ့အဆင့်လေး ဂုဏ်ထူးဆောင် အမျိုးသမီးပါ”
ယွမ်ကျန်းမှာ ဘာမှ ထပ်မပြောနိုင်တော့ပေ။
သူ ဒါကို မေ့သွားခဲ့သည်။
မြောက်ပိုင်းတိုက်ပွဲအပြီးမှာ ရှန်မိသားစုက အမျိုးသမီး သုံးဦးဟာ ဧကရာဇ်ဝမ်ရဲ့ ဘွဲ့ထူးချီးမြှင့်ခြင်းကို ခံခဲ့ရသည်။ ရှန်ကတော်ကြီးက နှစ်အဆင့်အတန်းအစား၊ ဝေရှမ်းက သုံးအဆင့်အတန်းအစားနဲ့ ရဲ့ကျိက လေးအဆင့်အတန်းအစား ဂုဏ်ထူးဆောင် အမျိုးသမီးတွေ ဖြစ်ကြသည်။
တချန်းအင်ပါယာမှာ သာမန်အမျိုးသမီးတွေ နောက်အိမ်ထောင်ပြုတာကို မတားမြစ်ပေမဲ့ ဒီလို ဘွဲ့ထူးရထားတဲ့ အမျိုးသမီးတွေကတော့ နောက်အိမ်ထောင်ပြုခွင့် မရှိပေ။
အကယ်၍ အမျိုးသားတစ်ဦးဟာ ဒီလိုအမျိုးသမီးတွေနဲ့ ဖောက်ပြန်ခဲ့ရင် ဖမ်းမိတာနဲ့ သေဒဏ်က မလွဲပေ။
ဟူး
ဒီလို လှပတဲ့ မုဆိုးမလေးကတော့ နှမြောစရာပါပဲ။
ယွမ်ကျန်းက စိတ်ကို ပြန်ထိန်းကာ ရဲ့ကျိကို မှာကြားလိုက်သည်။ “နောက်ပိုင်းကျရင် အိမ်တော်ရဲ့ ကိစ္စအချို့ကို မင်းကို စီမံခန့်ခွဲခိုင်းဖို့ အကြောင်းပြချက် တစ်ခု ရှာလိုက်မယ် အဲ့ဒီအချိန်ကျရင် အိမ်တော်ထဲမှာ ဘယ်သူတွေက သံသယဖြစ်စရာ ကောင်းသလဲဆိုတာကို သေချာ သတိထားကြည့်ပေးပါ”
“ကျွန်မ နားလည်ပါပြီ”
ရဲ့ကျိက ခေါင်းညိတ်ပြပြီး မေးသည်။ “ဟွမ်နိုင်ငံသားတွေက ရှင့်ကို တကယ်ပဲ လုပ်ကြံကြမှာလား”
“လုပ်ကြမှာပဲ” ယွမ်ကျန်းက ဆိုသည်။
ရဲ့ကျိက မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်သည်။ “ရှင်က ဟွမ်နိုင်ငံသားတွေကို ဘာတွေ လုပ်လိုက်လို့လဲ”
ယွမ်ကျန်းက ပုခုံးတွန့်ပြလိုက်ပြီး “ဘာမှ မဟုတ်ပါဘူး ဟွမ်နိုင်ငံတော်ဆရာကြီးရဲ့ ပရိယာယ်ကို လူပုံအလယ်မှာ ဖော်ထုတ်လိုက်ရုံပါပဲ...”
ပြောပြောဆိုဆိုနှင့် ယွမ်ကျန်းသည် ညီလာခံခန်းမတွင် ဖြစ်ပျက်ခဲ့သမျှကို သူမအား ပြောပြလိုက်လေသည်။
ယွမ်ကျန်း၏ စကားကို ကြားပြီးနောက် ရဲ့ကျိမှာ မှင်တက်သွားတော့သည်။
ဒီနေ့ ညီလာခံမှာ ဒီလောက်အထိ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တာလား။
သူ အရင်က သူမကို ခိုင်းစေခဲ့တဲ့ ကိစ္စတွေက ဒီလောက်အထိ ထိရောက်မှု ရှိလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။
ဧကရာဇ်ဝမ်ကတောင် ဂုဏ်သိက္ခာကို မငဲ့ဘဲ သူ့ရဲ့ သားတော် လေးပါးလုံးကို လူပုံအလယ်မှာ ရိုက်နှက်ခဲ့တယ် ဟုတ်လား။
အတော်ကြာမှ ရဲ့ကျိက သတိပြန်ဝင်လာပြီး သက်ပြင်းချလျက် ဆိုလေသည်။ “အကယ်၍ ရှင့်ကိုသာ မြောက်ပိုင်းကို လွှတ်လိုက်ရင် ရှင်ကတော့ တကယ်ပဲ ပုန်ကန်တာအောင်မြင်မယ့်သူပဲ”
“ဒါကတော့ သေချာတာပေါ့”
ယွမ်ကျန်းက မျက်တောင်တစ်ချက် ခတ်ပြကာ “ငါ ပုန်ကန်တာအောင်မြင်တဲ့နေ့ကျရင် မင်းရဲ့ လေးအဆင့်အတန်းအစား ဂုဏ်ထူးဆောင် အမျိုးသမီး ဘွဲ့ကို သေချာပေါက် ပယ်ဖျက်ပေးမယ်”
“…”
ရဲ့ကျိ ခဏမျှ ဆွံ့အသွားပြီးမှ သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ “မင်းသားမှာ အခြားကိစ္စ မရှိတော့ရင် ကျွန်မ သွားတော့မယ် ကျွန်မတို့ နှစ်ယောက်တည်း ဒီမှာ အကြာကြီး နေနေရင် သူများတွေ သံသယဖြစ်ကုန်လိမ့်မယ်”
“ဘာမှ မဖြစ်ပါဘူး”
ယွမ်ကျန်းက ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။ “သူတို့ သံသယဖြစ်ရင်လည်း ငါတို့ ဖောက်ပြန်နေတယ်လို့ပဲ ထင်ကြမှာပေါ့”
“ရှင်ကတော့...”
ရဲ့ကျိမှာ ဒေါသထွက်သွားကာ ယွမ်ကျန်းကို တစ်ချက် စိုက်ကြည့်ပြီး တံခါးကို ဆွဲဖွင့်ကာ ထွက်သွားတော့သည်။
စာကြည့်ဆောင်ထဲက ထွက်လာချိန်တွင် ရဲ့ကျိမှာ စိတ်ထဲမှ ဒေါသထွက်သလို ရယ်လည်း ရယ်ချင်နေမိသည်။
သူမ အရင်က မသိခဲ့ပေ။
ဒီအသုံးမကျဘူးလို့ နာမည်ကြီးနေတဲ့ ဆဋ္ဌမမင်းသားဟာ ရည်မှန်းချက်ကြီးရုံတင်မကဘဲ ရမ္မက်ဇောလည်း မသေးဘူးပဲ။
ရှန်မော့ယန့်ကိုတောင် သူ လက်မထပ်ရသေးဘူး၊ အခုတော့ သူမကိုတောင် လာပြီး စနေပြီလား။
ယုတ်မာညစ်ပတ်လိုက်တာ။
ညစ်ပတ်ယုတ်မာတဲ့ကောင်။