အခန်း (၃၃) - အာဏာကုန်သုံးခွင့်ရှိတဲ့ ဓား
ယွမ်ကျန်း၏ စကားအဆုံးတွင် လူတိုင်း၏ မျက်နှာများမှာ တဆတ်ဆတ် တုန်ယင်သွားကြသည်။
ယွမ်လိမှာမူ နေရာမှ ခုန်ထွက်ကာ ဆဲဆိုပစ်ချင်စိတ်ကို အတင်းအောင့်ထားရသည်။
“ဟားဟား”
သတိပြန်ဝင်လာချိန်တွင် လူတိုင်းမှာ မအောင့်နိုင်ဘဲ တဝါးဝါး ရယ်မောမိကြတော့သည်။
ဒီဆဋ္ဌမမင်းသားကတော့ တကယ့်ကို လူလည်လေးပဲ။ ယွမ်လိရဲ့ မျိုးပွားအင်္ဂါကို တစ်ခါကန်တာ မကျေနပ်သေးဘဲ ဒုတိယအကြိမ် ထပ်ကန်ချင်နေတာလား။ ပြီးတော့ ဧကရာဇ်ဝမ်ဆီကနေတောင် ခွင့်ပြုချက် တောင်းနေသေးတယ်။
ဒါက ရယ်စရာကြီး မဟုတ်လား။
လူတိုင်း၏ ရယ်သံများကို ကြားနေရသော်လည်း ယွမ်ကျန်းကတော့ ဘာမှမပြောဘဲ ငြိမ်နေသည်။ သူ၏ စိတ်ထဲတွင်မူ ဧကရာဇ်ဝမ်သည် သူနှင့် ယွမ်လိကြားက ရန်ငြိုးကို ဖြေဖျောက်ပေးချင်နေမှန်း နားလည်လိုက်သည်။ ပါး နှစ်ချက်ရိုက်ခိုင်းသည်ဆိုခြင်းမှာ မင်းတို့နှစ်ယောက်ရဲ့ ရန်ငြိုးတွေ ဒီမှာတင် အဆုံးသတ်လိုက်ကြတော့ ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
တကယ်လို့ ယွမ်လိကို ပါး တကယ်သွားရိုက်လိုက်ရင်တော့ ကိစ္စက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေသည်။
“အဟမ်း အဟမ်း”
ဧကရာဇ်ဝမ်သည်လည်း ယွမ်ကျန်း၏ စကားကြောင့် ရယ်ချင်စိတ်ကို အတင်းအောင့်ကာ ချောင်းဟန့်လိုက်ရသည်။ ထို့နောက် ခေါင်းခါလျက် ဆိုသည်။ “ဒါဆိုရင်တော့ ထားလိုက်ပါတော့ မင်းရဲ့ နောင်တော် တတိယက မင်းရဲ့ အကန်ကို ခံနိုင်မှာ မဟုတ်ဘူး”
ဧကရာဇ်ဝမ်က ခေတ္တ စဉ်းစားပြီးမှ ဆက်ပြောသည်။ “ဒီလိုလုပ်ရအောင် မင်းရဲ့ မင်္ဂလာပွဲကျရင် မင်းရဲ့ နောင်တော် တတိယက မင်းအတွက် တန်ဖိုးကြီးတဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ပေးလိမ့်မယ် အကယ်၍ အဲ့ဒီလက်ဆောင်ကသာ မတန်တဆ ဖြစ်နေရင် ငါကိုယ်တော်ကပဲ မင်းကိုယ်စား သူ့ကို ပါး နှစ်ချက် ရိုက်ပေးမယ်”
ပြောပြောဆိုဆိုနှင့် ဧကရာဇ်ဝမ်က ယွမ်လိကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။
ယွမ်လိ သတိဝင်လာပြီး လူပုံအလယ်မှာပင် ကတိပေးလိုက်ရတော့သည်။ “ကျွန်တော်မျိုး မင်္ဂလာပွဲကျရင် ညီတော် ခြောက်အတွက် တန်ဖိုးကြီးတဲ့ လက်ဆောင်တစ်ခု သေချာပေါက် ပြင်ဆင်ပေးပါ့မယ်”
“ကောင်းပါပြီ ဒါဆိုရင်တော့ နောင်တော် တတိယကို ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်” ယွမ်ကျန်းက သဘောတူလိုက်သည်။
“ကျေးဇူးတင်စရာ မလိုပါဘူး မလိုပါဘူး ဒါက လုပ်သင့်လုပ်ထိုက်တာပဲ”
ယွမ်လိက လက်ကို တရစပ် ဝှေ့ယမ်းကာ အတင်း ပြုံးပြနေရသည်။
“ဒီကိစ္စ ဒီမှာတင် အဆုံးသတ်စို့”
ဧကရာဇ်ဝမ်က လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး အေးစက်စက် ဆိုသည်။ “ဘယ်သူက ယွမ်ကျန်းကို ဒုက္ခပေးနေသလဲဆိုတာ ငါကိုယ်တော် စိတ်ထဲမှာ အဖြေရှိပြီးသားပဲ ဒါကို ထပ်ပြီး အပြစ်မရှာတော့ဘူး ဒါဟာ ပထမဆုံးအကြိမ် ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်ပါစေလို့ ငါကိုယ်တော် မျှော်လင့်တယ် နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ငါ့ရဲ့ ရက်စက်မှုကို အပြစ်မတင်နဲ့တော့”
ဧကရာဇ်ဝမ်၏ စကားမှာ သားတော် လေးပါးနှင့် ၎င်းတို့၏ အပေါင်းအပါများကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ခြင်းပင် ဖြစ်သည်။ လူတိုင်းမှာ မနှောင့်နှေးဝံ့ဘဲ ဦးညွှတ်ကာ အမိန့်နာခံကြရသည်။
သတိပေးပြီးနောက် ဧကရာဇ်ဝမ်က ယွမ်ကျန်းကို ဆိုသည်။ “မနက်ဖြန်ကစပြီး မင်း ညီလာခံ တက်စရာ မလိုတော့ဘူး”
“ကျေးဇူးတင်ပါတယ် ခမည်းတော်”
ယွမ်ကျန်းက ဝမ်းသာအားရဖြင့် ခေါင်းတရစပ် ညိတ်ပြသည်။
ယွမ်ကျန်း၏ ပျော်ရွှင်နေသော ပုံစံကို ကြည့်ပြီး ဧကရာဇ်ဝမ်မှာ ဘာပြောရမှန်းပင် မသိတော့ပေ။ ညီလာခံ မတက်ရလို့ ပျော်နေတဲ့သူဆိုလို့ သူတစ်ယောက်ပဲ ရှိလိမ့်မည်။
“အရှင်မင်းကြီး ဒါကတော့ မသင့်တော်ဘူး ထင်ပါတယ်”
အမတ်ကြီး ကျန်းဟွေ့က ရှေ့ထွက်ကာ ဆိုသည်။ “အခြေအနေအရ ကြည့်ရတာ ဟွမ်နိုင်ငံတော်ဆရာကြီးနဲ့ ဆဋ္ဌမမင်းသားဟာ ကျမ်းစာတစ်အုပ်တည်းကို ဖတ်ဖူးကြတာပါ ဘန်ဘူက နောက်ထပ် ပရိယာယ်တွေ သုံးဦးမှာ သေချာပါတယ် ဆဋ္ဌမမင်းသား ရှိနေမှသာ ဘန်ဘူရဲ့ အကွက်တွေကို ဖော်ထုတ်နိုင်မှာပါ”
ကျန်းဟွေ့၏ စကားကို အခြားအမတ်များကလည်း ထောက်ခံကြသည်။ ဘန်ဘူက ဉာဏ်များသူဖြစ်သဖြင့် ၎င်းတို့ သတိထားရန် လိုအပ်ပေသည်။
“မင်းတို့တွေကတော့ တကယ့်ကိုပဲ”
ဧကရာဇ်ဝမ်က မကျေမနပ်နှင့် အမတ်တွေကို ကြည့်သည်။ “ဒီနေ့ ငါတို့ အကြီးအကျယ် ခံရတော့မယ့် ဘေးကနေ လွတ်ခဲ့ပြီပဲ မင်းတို့မှာ အသိတရား မရှိကြဘူးလား နောက်ပိုင်း ဆွေးနွေးတဲ့အခါ သူ့ရဲ့ အကွက်ထဲ မဝင်အောင် နေကြရုံပဲ မင်းတို့ ပြောပုံအရဆိုရင် ဟွမ်နိုင်ငံကိစ္စ အားလုံးကို ယွမ်ကျန်း လက်ထဲပဲ အကုန် အပ်လိုက်ရမလား”
ဧကရာဇ်ဝမ်၏ ဟောက်သံကြောင့် လူတိုင်းမှာ ဘာမှ ထပ်မပြောရဲကြတော့ပေ။
ဧကရာဇ်ဝမ်၏ အကြည့်က ယွမ်ကျန်းဆီသို့ ပြန်ရောက်လာပြန်သည်။ “ယွမ်ကျန်း ဒီနေ့ မင်း ဂုဏ်ကျေးဇူး ထပ်ရပြန်ပြီ မနေ့ကမှ ငါ မင်းကို ဆုပေးထားတာဆိုတော့ ဒီနေ့အတွက်တော့ မပေးတော့ဘူး မင်းရဲ့ ဂုဏ်ကျေးဇူးတွေကို ငါ မှတ်ထားတယ် မင်္ဂလာဆောင်တဲ့နေ့ကျမှ အားလုံးကို ပေါင်းပြီး ဆုချမယ်”
“ကျေးဇူးတင်ပါတယ် ခမည်းတော်”
ယွမ်ကျန်းက ခေါင်းညိတ်ပြပြီးမှ တစ်ခုခုကို သတိရသွားကာ အမြန်ဆိုသည်။ “ခမည်းတော် ကျွန်တော်မျိုးမှာ တောင်းဆိုစရာ ကိစ္စတစ်ခု ရှိပါသေးတယ်”
“ပြောစမ်း”
ဧကရာဇ်ဝမ်က လက်ဝှေ့ယမ်းပြသည်။
ယွမ်ကျန်းက ဆိုသည်။ “မနေ့က ကျွန်တော်မျိုး မြို့ထဲက ပန်းပဲဖိုဆီ သွားခဲ့ပါတယ် အဲ့ဒီမှာ ကျွန်တော်မျိုး ဖတ်ခဲ့တဲ့ ကျမ်းစာထဲက အလွန်မာကျောတဲ့ သံမဏိတွေ ထုတ်လုပ်တဲ့ နည်းလမ်းကို သတိရသွားလို့ပါ ကျွန်တော်မျိုး စမ်းပြီးတော့...”
“မင်းဘာသာ မင်း ကြည့်လုပ်လိုက်တော့”
ဧကရာဇ်ဝမ်က ယွမ်ကျန်း၏ စကားကို ဖြတ်ပြောကာ စိတ်မရှည်ဟန်ဖြင့် ဆိုသည်။ “ငါ့မှာ နေ့တိုင်း စိတ်ရှုပ်စရာတွေ များလှပြီ ဒီလို ကိစ္စအသေးအမွှားလေးတွေနဲ့ ငါ့ကို လာပြီး မရှုပ်နဲ့တော့”
ယွမ်ကျန်းက ခေါင်းကုတ်လျက် “ကျွန်တော်မျိုးက သူများတွေ ထပ်ပြီး ပြောမှာ စိုးလို့ပါ...”
“မင်း ပုန်ကန်တော့မယ်လို့ သူများတွေ ပြောမှာ ကြောက်တာလား”
ဧကရာဇ်ဝမ်က ယွမ်ကျန်း ပြောမည့်စကားကို ကြိုသိနေသဖြင့် ဆိုလိုက်သည်။ “မင်းလို လူမျိုးက ဘာအခြေခံမှ မရှိဘဲနဲ့ တကယ်သာ ပုန်ကန်လို့ အောင်မြင်ခဲ့ရင် ငါ သေသွားရင်တောင် ဂူဗိမာန်ထဲကနေ ပြန်ထလာပြီး မင်းကို ဂုဏ်ပြုပေးဦးမယ်”
“…”
ယွမ်ကျန်း ဘာမှပြန်မပြောနိုင်တော့ပေ။
သူက အဲ့ဒီလို ပြောမှတော့ သူ မသေခင်မှာပဲ ငါက ပုန်ကန်တာကိုအောင်မြင်အောင် လုပ်ရမှာပေါ့။ သူ သေပြီးမှ ဂူထဲက ထလာပြီး ဂုဏ်ပြုမယ်ဆိုရင်တော့ တကယ့်ကို ကြောက်စရာကြီးပဲ။
“ကဲ မင်းဘာသာ မင်း ကြည့်လုပ်ပါ”
ဧကရာဇ်ဝမ်က သူ့ကို တစ်ချက်ကြည့်ကာ “ဒီနေ့ အမတ်တွေ အားလုံးရှေ့မှာတင် ငါ မင်းကို အခွင့်အရေး တစ်ခုပေးမယ် နောက်ပိုင်း ငါကလွဲလို့ ကျန်တဲ့သူတွေက မင်းကို ပုန်ကန်မယ့်သူလို့ ပြောလာရင် မင်း သူ့ကို ပါးရိုက်ပစ်လိုက် ဘယ်သူကမှ မကျေနပ်ရင် ငါ့ဆီကို လာခိုင်းလိုက်”
ဟင်
ဒီလို အခွင့်အရေးမျိုးတောင် ရတာလား။
ယွမ်ကျန်းသည် မျှော်လင့်မထားသော ဆုလာဘ်ကြောင့် ဝမ်းသာအားရ ကျေးဇူးတင်လိုက်တော့သည်။
နောက်ပိုင်းကျရင် ငါ့ကို အမြင်မကြည်တဲ့သူတွေကို ငါ့ကို ပုန်ကန်မယ့်သူလို့ ပြောအောင် ဆွပေးမယ်။ ပြီးရင်တော့ အားရပါးရ ပါးရိုက်ပစ်မယ်။ ဒါဟာ အာဏာကုန်သုံးခွင့်ရှိတဲ့ ဓား လိုပဲ မဟုတ်လား။
ဧကရာဇ်ဝမ်၏ စကားကြောင့် အမတ်များမှာလည်း စိတ်ထဲမှ ခါးသီးစွာ ပြုံးမိကြသည်။ နောက်ပိုင်းမှာတော့ ဘယ်သူကမှ ယွမ်ကျန်းကို ပုန်ကန်တဲ့ အမှုနဲ့ ဒုက္ခပေးလို့ ရတော့မှာ မဟုတ်ပေ။
“အခြားကိစ္စ မရှိရင် ဒီနေ့ ဒီမှာတင် ရပ်နားမယ်”
ဧကရာဇ်ဝမ်က ထရပ်ကာ ပင်ပန်းနွမ်းနယ်ဟန်ဖြင့် ဆိုသည်။ “ငါ ပင်ပန်းနေပြီ အနားယူဖို့ လိုတယ်”
ပြောပြီးသည်နှင့် ဧကရာဇ်ဝမ်သည် နောက်ဘက်သို့ ထွက်ခွာသွားလေသည်။
“အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်”
အမတ်များမှာ အမြန် ဦးညွှတ်လိုက်ကြသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဧကရာဇ်ဝမ်က ခြေစုံရပ်ကာ သွေးအိုင်ထဲမှာ လဲနေဆဲဖြစ်တဲ့ ယန်ကျိကို လှည့်ကြည့်သည်။ “သူ သေပြီလား ကြည့်လိုက်ဦး မသေသေးရင် ဆေးကုသဆောင်ကို ပို့လိုက်ကြ”
ပြောပြီးသည်နှင့် ဧကရာဇ်ဝမ်သည် အမြန် ထွက်ခွာသွားတော့သည်။
သူ ဒီနေ့ တကယ့်ကို ဒေါသထွက်ခဲ့ရတာကြောင့် လှပျိုဖြူလေးတွေနဲ့အတူ ဒေါသတွေကို ဖြေဖျောက်ဖို့ လိုအပ်နေပြီ ဖြစ်သည်။
ဟူး
အိမ်ရှေ့စံ ရာထူးကို အမြန်ဆုံး အတည်ပြုရတော့မယ်။ မဟုတ်ရင်တော့ ဒီညီအစ်ကိုတွေ သေချာပေါက် သွေးထွက်သံယို ဖြစ်ကြတော့မှာပဲ။ ဒီအတိုင်း ဆက်သွားရင်တော့ အချင်းချင်း သတ်ဖြတ်ကြတဲ့အထိ ဖြစ်လာနိုင်တယ်။
ဧကရာဇ်ဝမ် ထွက်သွားပြီးနောက် အမတ်များမှာ ဦးညွှတ်လိုက်ကြပြီး ကိုယ်ရံတော်များကလည်း ခန်းမတံခါးကြီးကို ဖွင့်ပေးလိုက်ကြသည်။ ယန်ကျိကတော့ အသက်ပြင်းလှသည်။ မူရွှန့် လူလွှတ် စစ်ဆေးခိုင်းချိန်တွင် အသက်ရှူနေသေးသဖြင့် ချက်ချင်းပင် ဆေးကုသဆောင်သို့ ပို့ဆောင်စေလိုက်သည်။
“ဆဋ္ဌမမင်းသား ဆဋ္ဌမမင်းသား...”
ယွမ်ကျန်း အပြင်ကို ထွက်လာချိန်မှာတင် အမတ်ကြီး ကျန်းဟွေ့က နောက်ကနေ ပြေးလိုက်လာသည်။
“အမတ်ကြီးကျန်း ကျွန်တော့်ကို ဘာကိစ္စ ရှိလို့လဲ”
ယွမ်ကျန်းက လှည့်ကြည့်ကာ မေးသည်။
ကျန်းဟွေ့က ပြုံးပြုံးလေးနှင့် ဆိုသည်။ “ကျွန်တော်မျိုး ဒီနေ့ ဆဋ္ဌမမင်းသားရဲ့ တွက်ချက်ပုံတွေကို ကြည့်ပြီး အရမ်း သဘောကျသွားပါတယ် အဲ့ဒီ တွက်ချက်ပုံတွေကို ကျွန်တော်မျိုးကို သင်ပေးပါဦးလား”
“အကယ်၍ ကျွန်တော်မျိုးလို အသက်ကြီးတဲ့သူတောင် သင်ယူနိုင်မယ်ဆိုရင် ကျွန်တော်မျိုး အရှင်မင်းကြီးကို တင်ပြပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေကို သင်ကြားပေးစေပါ့မယ်”
“အဲ့ဒီအချိန်ကျရင် တစ်လောကလုံးမှာရှိတဲ့ ကျောင်းသားတွေဟာ ဆဋ္ဌမမင်းသားရဲ့ တပည့်တွေ ဖြစ်လာကြပါလိမ့်မယ်”
ကျန်းဟွေ့၏ စကားကြောင့် ယွမ်ကျန်းမှာ ဘာပြောရမှန်းပင် မသိတော့ပေ။
ဒီအဘိုးကြီးက တကယ်ပဲ နားမလည်တာလား ဒါမှမဟုတ် ငါ့ကို ဒုက္ခပေးချင်တာလား။ တစ်လောကလုံးက ကျောင်းသားတွေဟာ ငါ့တပည့်တွေ ဖြစ်ကုန်ရင် လူတိုင်းက ငါ့ကို စောင့်ကြည့်နေကြတော့မှာပေါ့။ အဲ့ဒီအချိန်ကျရင် ဧကရာဇ်ဝမ်တောင် ငါ့မှာ ပုန်ကန်နိုင်တဲ့ အင်အား ရှိနေပြီလို့ ယုံကြည်သွားလိမ့်မယ်။
“ဒါက သင်ရတာ အရမ်း လွယ်ပါတယ် ကလေးတွေတောင် သင်လို့ ရတယ်”
ယွမ်ကျန်းက ပြုံးပြလိုက်ပြီးမှ ဆက်ပြောသည်။ “ဒီလိုလုပ်ရအောင် ကျွန်တော် အဲ့ဒီ တွက်ချက်ပုံတွေကို စာအုပ်အဖြစ် ပြုစုပြီး ခမည်းတော်ဆီကို အရင် တင်ပြလိုက်မယ် ခမည်းတော်က သဘောတူမှပဲ ဆက်ပြီး ဆွေးနွေးကြတာပေါ့ ဘယ်လိုလဲ”
“ကောင်းပါတယ် ကောင်းပါတယ်”
ကျန်းဟွေ့က တရစပ် သဘောတူသည်။
၎င်းတို့နှစ်ဦး စကားပြောနေစဉ်မှာပင် စစ်ဝန်ကြီး ရှောင်ဝမ်ချိုက အနားသို့ အမြန် လျှောက်လာသည်။
“ဆဋ္ဌမမင်းသားက ကျွန်တော်တို့ရဲ့ စစ်သည်တွေအတွက် စစ်မြင်း တစ်သောင်း ရအောင် လုပ်ပေးခဲ့တဲ့အတွက် ကျွန်တော်မျိုး တကယ့်ကို ကျေးဇူးတင်ပါတယ်”
ရှောင်ဝမ်ချိုက ကျေးဇူးတင်ကြောင်း ပြောပြီး ဆက်ပြောသည်။ “ကျွန်တော်မျိုး အခုတော့ အဲ့ဒီ အဂတိလိုက်စားမှု အမှုကို အရင်သွားပြီး စုံစမ်းရဦးမယ် ဒီကိစ္စ ပြီးသွားရင်တော့ ဆဋ္ဌမမင်းသားကို သေချာပေါက် အရက်ဖိတ်တိုက်ပါ့မယ် မင်းသား သေချာပေါက် ကြွခဲ့ပါ”
“စစ်သူကြီးရှောင်က အားနာစရာတွေ ပြောနေပြန်ပြီ”
ယွမ်ကျန်းက ပြုံးလျက် ဆိုသည်။ “ကျွန်တော်ကသာ စစ်သူကြီးကို ကျေးဇူးတင်ရမှာပါ လူတိုင်းက ကျွန်တော့်ကို မယုံကြည်ကြတဲ့ အချိန်မှာ စစ်သူကြီးကပဲ ကျွန်တော့်ရဲ့ အပြစ်ကင်းမှုကို သက်သေပြပေးခဲ့တာ မဟုတ်လား”
“ကျွန်တော်မျိုးက ဆဋ္ဌမမင်းသားကို ယုံကြည်ပါတယ်”
ရှောင်ဝမ်ချိုက အားရပါးရ ရယ်မောလိုက်ပြီး သတိပေးသည်။ “ဆဋ္ဌမမင်းသား ဒီနေ့ ဘန်ဘူရဲ့ အကွက်ကို ဖျက်ဆီးလိုက်တာဆိုတော့ သတိထားဖို့ လိုတယ် ဟွမ်နိုင်ငံသားတွေက မင်းသားကို လုပ်ကြံဖို့ လူလွှတ်ဦးမှာပဲ”
ယွမ်ကျန်း၏ မျက်ခုံးများ လှုပ်ရှားသွားပြီး ဦးညွှတ်လိုက်သည်။ “သတိပေးတဲ့အတွက် စစ်သူကြီးကို ကျေးဇူးတင်ပါတယ်”