အခန်း (၃၁) - ဧကရာဇ်ဝမ်၏ ဒေါသပေါက်ကွဲမှု
ဝုန်း
ဧကရာဇ်ဝမ်၏ စကားအဆုံးတွင် လူတိုင်း တုန်လှုပ်ချောက်ချားသွားကြသည်။ ဧကရာဇ်ဝမ်သည် ယန်ကျိအား ဤညီလာခံခန်းမ၌ တကယ်ပင် ခေါင်းနှင့်တိုက်၍ သေခိုင်းတော့မည်လော။ အကဲခတ်တတ်သူများမှာမူ ဧကရာဇ်ဝမ်သည် ကြက်ကိုသတ်၍ မျောက်ကို ခြောက်လှန့်ခြင်းအဖြစ် နမူနာပြ အရေးယူနေခြင်းဖြစ်ကြောင်း ရိပ်မိလိုက်ကြသည်။
“အရှင်မင်းကြီး ကျွန်တော်မျိုး တကယ်ပဲ ဘာမှမသိလို့ပါ” ယန်ကျိသည် မျက်နှာပျက်လျက် အဆက်မပြတ် ခေါင်းနှင့်တိုက်၍ အသနားခံနေတော့သည်။ “အရှင်မင်းကြီး အသက်ကို ချမ်းသာပေးတော်မူပါ အသက်ကို ချမ်းသာပေးပါ”
“ယောကျ်ားကောင်းဆိုတာ ပြောပြီးရင် တည်ရမယ်” ဧကရာဇ်ဝမ်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ လက်ခနဲဖြစ်သွားကာ တည်ငြိမ်စွာ ဆိုလေသည်။ “ငါကိုယ်တော်က မင်းကို သစ္စာရှိတဲ့ အမတ်တစ်ယောက်အဖြစ် သေဆုံးခွင့် ပေးနေတာပါ တကယ်လို့ ငါကိုယ်တော်ကသာ ပါးကွပ်သမားတွေကို ခေါ်လိုက်ရင်တော့ မင်းဟာ သစ္စာဖောက်တစ်ယောက်အဖြစ် သေရလိမ့်မယ်”
ဧကရာဇ်ဝမ်၏ စကားကို ကြားသောအခါ ယန်ကျိမှာ မျက်နှာ ဖြူဖျော့သွားကာ ရှိစစ်ဖူနှင့် ယွမ်လိတို့ထံ အကူအညီတောင်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော် ထိုသူနှစ်ဦးမှာ ငတုံးများ မဟုတ်ကြပေ။ ဧကရာဇ်ဝမ်က နမူနာပြ အရေးယူနေမှန်း သိသိကြီးနှင့် ဤအချိန်တွင် ဝင်ရောက် အသနားခံရဲမည် မဟုတ်ချေ။ ၎င်းတို့သည် ဘာမှမမြင်သလိုပင် ခေါင်းငုံ့၍ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေကြသည်။
ယန်ကျိ မည်မျှပင် အသနားခံစေကာမူ ဧကရာဇ်ဝမ်၏ ဆုံးဖြတ်ချက်မှာ ပြောင်းလဲခြင်း မရှိပေ။ နောက်ဆုံးတွင် ယန်ကျိသည် ခန်းမအတွင်းရှိ ကျောက်တိုင်ကြီးကို ခေါင်းနှင့် အားကုန်တိုက်လိုက်ရတော့သည်။ သွေးများ ပန်းထွက်လာကာ သွေးညှီနံ့များ ခန်းမအတွင်း ပျံ့နှံ့သွား၏။
ဧကရာဇ်ဝမ်သည် သွေးအိုင်ကို ရှင်းလင်းရန်ပင် အမိန့်မပေးဘဲ လက်ထဲမှ စာကို မူရွှန့်အား ကမ်းပေးလိုက်ကာ ဟောက်လိုက်လေသည်။ “ဒီစာထဲက အကြောင်းအရာကို လူတိုင်း ကြားအောင် အသံကျယ်ကျယ်နဲ့ ဖတ်ပြလိုက်စမ်း”
မူရွှန့်သည် မနှောင့်နှေးဝံ့ဘဲ စာကို ရိုသေစွာ ယူကာ ဖတ်ပြတော့သည်။ စာထဲတွင် ယွမ်ကျန်းကို သေတွင်းထဲ ပို့ရမည့် အကြောင်းပြချက်များ အကျိုးအမြတ်များနှင့် ဘန်ဘူအနေဖြင့် မည်သို့ ပူးပေါင်းရမည်ဆိုသည့် အစီအစဉ်များကို အသေးစိတ် ရေးသားထားလေသည်။
မူရွှန့် ဖတ်ပြီးသောအခါ ဧကရာဇ်ဝမ်က သရော်ဟန်ဖြင့် ဆိုသည်။ “ငါတို့ တချန်းအင်ပါယာမှာ တကယ့်ကို လူတော်တွေ ရှိတာပဲ ဒီလို သေတွင်းမျိုးကို ဖန်တီးနိုင်တာ တကယ်ကို လက်ဖျားခါလောက်ပါပေတယ်”
ဧကရာဇ်ဝမ်က ချီးကျူးနေသော်လည်း သူ၏ရင်ထဲ၌ ဒေါသများ ပေါက်ကွဲလုနီးပါး ဖြစ်နေမှန်း လူတိုင်း သိကြသည်။
“ယွမ်ကျန်း မင်းမှာရော ဘာပြောစရာ ရှိသေးလဲ” ဧကရာဇ်ဝမ်က ရုတ်တရက် ယွမ်ကျန်းကို လှည့်မေးလိုက်သည်။
“ဗျာ” ယွမ်ကျန်းက ခေတ္တ ကြောင်အသွားပြီးမှ ခါးသီးစွာ ပြုံးလိုက်၏။ “ကျွန်တော်မျိုးကို သတ်ဖို့ ဟွမ်နိုင်ငံသားတွေနဲ့ ပူးပေါင်းပြီး အကွက်ဆင်တဲ့သူ ရှိနေတာကို သိရတော့ တကယ့်ကို ဂုဏ်ယူမိပါတယ်”
“မင်း ဂုဏ်ယူသင့်တာပေါ့” ဧကရာဇ်ဝမ်က ခေါင်းညိတ်ပြသည်။ “မင်းကို ရန်ရှာချင်တဲ့သူတွေက တော်တော် များသားပဲ”
ယွမ်ကျန်းသည် နားမလည်ဟန်ဖြင့် ဧကရာဇ်ဝမ်ကို ကြည့်နေသော်လည်း စိတ်ထဲတွင်မူ အားရပါးရ ရယ်မောနေမိသည်။ ကြည့်ရတာ သူ ရဲ့ကျိကို လွှတ်၍ ဖြန့်ခိုင်းထားသော ကောလာဟလများ ဧကရာဇ်ဝမ်၏ နားထဲသို့ ရောက်သွားပြီ ဖြစ်သည်။
“မင်းတို့တွေ မသိသေးတဲ့ ထူးဆန်းတဲ့ ကိစ္စတွေ မြို့ထဲမှာ အများကြီး ရှိသေးတယ်” ဧကရာဇ်ဝမ်က အမတ်များကို ဝေ့ကြည့်လိုက်သည်။ “မနေ့က မနက်ပိုင်းကစပြီး ယွမ်ကျန်းဟာ အိမ်ရှေ့စံဟောင်းရဲ့ အပေါင်းအပါ ဖြစ်တယ် မြောက်ပိုင်းကို သွားတာဟာ စစ်အာဏာ လုယူပြီး ပုန်ကန်ဖို့ ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နေတယ်”
ဧကရာဇ်ဝမ်၏ စကားကြောင့် ခန်းမအတွင်း ဆူညံသွားတော့သည်။ ယွမ်ကျန်းသည် တချန်းအင်ပါယာ၏ ဂုဏ်သိက္ခာကို ဆယ်ယူပေးခဲ့သူဖြစ်ပါလျက်နှင့် ဤမျှ ရက်စက်သော ကောလာဟလများကို မည်သူက ဖြန့်သနည်း။
ယွမ်လိသည် ဒုတိယ စတုတ္ထနှင့် ပဉ္စမမင်းသားတို့ကို ဒေါသတကြီး လှမ်းကြည့်လိုက်သည်။ ဒီငတုံးတွေ ဒီလို ကောလာဟလမျိုးကို ဖြန့်ရတယ်လို့ ဒါဟာ ယွမ်ကျန်းကို ဒုက္ခပေးတာ မဟုတ်ဘူး သူ့ကို ကူညီပေးလိုက်တာပဲ
ယွမ်လိ၏ အကြည့်ကို မြင်သောအခါ ကျန်ရှိသော မင်းသား သုံးပါးသည်လည်း ဒေါသထွက်သွားကြသည်။ ယွမ်လိက သူတို့အပေါ် အပြစ်ပုံချရန် ကြိုးစားနေခြင်း မဟုတ်ပါလား။
“ခမည်းတော် ဒီကောလာဟလတွေကို နောင်တော် တတိယကပဲ ဖြန့်တာ ဖြစ်ရပါမယ်” ဒုတိယမင်းသားက ဦးစွာ ရှေ့ထွက်၍ ယွမ်လိအား လက်ညှိုးညွှန်လိုက်သည်။
“မင်း လျှောက်မပြောနဲ့” ယွမ်လိက ဒေါသတကြီး ဟောက်လိုက်သည်။ “ဒါ မင်းလုပ်တဲ့ အလုပ်ပဲ ငါနဲ့ ယွမ်ကျန်းကို တစ်ပြိုင်တည်း ဒုက္ခရောက်အောင် တစ်ချက်ခုတ် နှစ်ချက်ပြတ် အကွက်ဆင်တာ မဟုတ်လား”
“နောင်တော် တတိယ မတရား မစွပ်စွဲနဲ့” ဒုတိယမင်းသားက အော်ဟစ်လိုက်သည်။ “မနေ့ညက ပွဲမှာတင် မင်းက ယွမ်ကျန်းကို သတ်မယ်လို့ လူပုံအလယ်မှာ ပြောခဲ့တာ လူတိုင်း ကြားကြတာပဲ အခုမှ လာပြီး ငြင်းနေလို့ ဘာထူးမှာလဲ”
“ဟုတ်တယ်” ယွမ်ထင်ကလည်း ဝင်ပြောသည်။ “ကျွန်တော်တို့တင် မဟုတ်ဘူး အမတ်တွေ အများကြီး သက်သေရှိတယ်”
“ခမည်းတော် ကျွန်တော်မျိုးလည်း သက်သေခံပါတယ်” ပဉ္စမမင်းသားက အသံကို မြှင့်လိုက်သည်။ “နောင်တော် တတိယဟာ ယွမ်ကျန်းကို အမြဲ ရန်ရှာချင်နေတာပါ ဟွမ်နိုင်ငံသားတွေနဲ့ ပူးပေါင်းပြီး အကွက်ဆင်တဲ့သူဟာလည်း သူပဲ ဖြစ်ရပါမယ်”
ခန်းမအတွင်း၌ ညီအစ်ကိုများမှာ တစ်ဦးကိုတစ်ဦး ပြန်လည် ကိုက်ခဲနေကြတော့သည်။ ယွမ်ကျန်းကတော့ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှ ရယ်မောနေမိသည်။ ကိုက်ကြ အားရပါးရ ကိုက်ကြစမ်း မင်းတို့ အချင်းချင်း ကိုက်နေမှ ငါ့ကို ဒုက္ခပေးဖို့ အချိန်မရမှာ
ဧကရာဇ်ဝမ်သည် မည်သူ့ကိုမျှ တားမြစ်ခြင်း မရှိဘဲ အေးအေးဆေးဆေးပင် ထိုင်ကြည့်နေလေသည်။ နောက်ဆုံးတွင် မင်းသား လေးပါးလုံးမှာ ချွေးပြန်လာကြပြီးမှ ဧကရာဇ်ဝမ်၏ အေးစက်သော အကြည့်ကြောင့် ချက်ချင်းပင် ပါးစပ်ပိတ်ကာ ဒူးထောက်လိုက်ကြရသည်။
“ဆက်ပြီး မငြင်းကြတော့ဘူးလား ငါကိုယ်တော်က နားထောင်လို့ ကောင်းနေတုန်းပဲလေ” ဧကရာဇ်ဝမ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ထို့နောက် ဧကရာဇ်ဝမ်သည် ဖြည်းဖြည်းချင်း ထရပ်ကာ အမတ်များအားလုံးကို ကြည့်လိုက်၏။ “ငါတို့ တချန်းအင်ပါယာမှာ နောက်ထပ် ထူးဆန်းတဲ့ ကိစ္စတစ်ခု ရှိသေးတယ် မနေ့ညက မြို့တောင်ဘက်မှာ ကျောက်ရုပ်တစ်ခု တူးမိတယ်ဆိုပဲ အဲ့ဒီ ကျောက်ရုပ်ပေါ်မှာ ဘာစာတွေ ရေးထားတယ်လို့ မင်းတို့ ကြားကြလဲ”
လူတိုင်း ကြောက်လန့်တကြား ခေါင်းငုံ့ထားကြသည်။ ဧကရာဇ်ဝမ်၏ ဒေါသမှာ မပေါက်ကွဲသေးသော်လည်း ပေါက်ကွဲလာပါက မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လိမ့်မည်ကို အားလုံး သိထားကြသည်။
ဧကရာဇ်ဝမ်သည် သားတော် လေးပါး၏ ရှေ့သို့ လျှောက်သွားကာ ဒုတိယမင်းသားအား ခြေထောက်ဖြင့် ကန်လိုက်၏။ ထို့နောက် ယွမ်လိ ယွမ်ထင်နှင့် ပဉ္စမမင်းသားတို့ကိုလည်း တစ်ဦးချင်း ကန်ကျောက်လိုက်ပြီးမှ ဟိန်းဟောက်လိုက်တော့သည်။
“ခြောက်ယောက်မြောက်သား မြောက်ပိုင်းသွား ဘုရင်နဲ့ အမတ်တွေ အကုန် တောင်ပေါ်တက်”
“မင်းတို့ ငါ့ကို ပြောစမ်း မင်းတို့ ငါကိုယ်တော်နဲ့ အမတ်မင်းတွေ အားလုံးကို ဘယ်တောင်ပေါ်ကို ပို့ပေးချင်နေကြတာလဲ”
“ငါကိုယ်တော် အခုချက်ချင်းပဲ ဂူဗိမာန်အသစ် တည်ဆောက်ဖို့ အမိန့်ပေးလိုက်ရမလား”