အခန်း (၃၀) - မင်း ခေါင်းနဲ့တိုက်ပြီး သေနိုင်ပြီ
ဘန်ဘူသည် သူ၏ ဂုဏ်သိက္ခာကို နောက်ဆုံးအချိန်အထိ ထိန်းသိမ်းရန် ကြိုးစားနေ၏။ ယွမ်ကျန်း၏ တွက်ချက်နှုန်းအရဆိုလျှင် အဖြေမှန်မှာ မကြာခင် ထွက်လာတော့မည် ဖြစ်သည်။ ထိုအချိန်ကျမှ ဝန်ခံလျှင် သူ လူလည်ကျခဲ့သည်မှာ သက်သေ အထိုင်သား ဖြစ်သွားပေလိမ့်မည်။ ယခု ဝန်ခံလိုက်ခြင်းကသာ အနည်းဆုံးတော့ သိက္ခာအနည်းငယ် ဆယ်ယူနိုင်ဦးမည် မဟုတ်ပါလား။
ဘန်ဘူ၏ စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။ သတိပြန်ဝင်လာချိန်တွင် ညီလာခံခန်းမတစ်ခုလုံး ပျားအုံကို တုတ်နှင့်ထိုးသလို ဆူညံသွားတော့သည်။
“ဘာ”
“တကယ်ပဲ အဲ့ဒီလောက်တောင် များတာလား”
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဒါ... ဒါက...”
ဘန်ဘူ ကိုယ်တိုင် ဝန်ခံလိုက်သော်လည်း တချန်းအင်ပါယာမှ လူအများအပြားမှာ မယုံနိုင် ဖြစ်နေကြဆဲပင်။ မဆိုစလောက်သော ရိက္ခာလေးမှ စတင်ပေးလှူရာတွင် နောက်ဆုံးရက်၌ တင်း သန်း တစ်ထောင်ကျော်အထိ ဖြစ်သွားမည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ တင်း သန်း တစ်ထောင်ကျော် ဆိုသည်မှာ တချန်းအင်ပါယာ တစ်ခုလုံးမှ လူပေါင်းများစွာ တစ်နှစ်ပတ်လုံး မစားမသောက်ဘဲ စုဆောင်းမှသာ ရရှိနိုင်မည့် ပမာဏ ဖြစ်လေသည်။
ဒါဟာ ကျော့ကွင်းတင် မဟုတ်တော့ဘဲ သေတွင်းကြီး ဖြစ်နေပြီ မဟုတ်ပါလား။ အကယ်၍သာ သဘောတူညီချက်မှာ လက်မှတ်ထိုးမိခဲ့လျှင် တချန်းအင်ပါယာသည် ဆုံးခန်းတိုင်သွားပေလိမ့်မည်။
“နိုင်ငံတော်ဆရာကြီးရဲ့ အကွက်က တကယ်ကို နက်နဲတာပဲ၊ ငါကိုယ်တော် တကယ့်ကို အထင်ကြီးမိတယ်”
ဧကရာဇ်ဝမ်က ဘန်ဘူကို အေးစက်စက် စိုက်ကြည့်ကာ ဒေါသတကြီး ဆိုလိုက်သည်။
ယခုအခါတွင်မူ ဧကရာဇ်ဝမ်သည် ဘန်ဘူ၏ ပရိယာယ်ကို ကောင်းစွာ သဘောပေါက်သွားပြီ ဖြစ်သည်။ ဘန်ဘူသည် လူတိုင်း၏ အာရုံကို စစ်မြင်း အရေအတွက်ပေါ်သို့ လွှဲပြောင်းပေးကာ တချန်းအင်ပါယာကို ပြန်လမ်းမရှိသော ချောက်ထဲသို့ တွန်းပို့ရန် ကြံစည်ခဲ့ခြင်း ဖြစ်လေသည်။ တကယ့်ကို ရက်စက်လှသော အကြံအစည်ပင်။
“ငါ့ရဲ့ အကွက်က ဘယ်လောက်ပဲ ကောင်းပါစေ၊ ဆဋ္ဌမမင်းသားကိုတော့ မမီပါဘူး”
ဘန်ဘူက ခေါင်းခါလျက် ခါးသီးစွာ ပြုံးလိုက်၏။ “ဆဋ္ဌမမင်းသားရဲ့ အသိအမြင် ကြွယ်ဝမှုဟာ ငါ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး၊ ဒီလို လူတော်ရှိနေတာဟာ တချန်းအင်ပါယာအတွက် ကံကောင်းခြင်းပါပဲ”
ဘန်ဘူ၏ စကားကို ကြားသောအခါ ယွမ်ကျန်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားသည်။
”မြှောက်ပင့်ပြီး သတ်မလို့လား။ ဒီအဘိုးကြီးကတော့... ရှုံးတာတောင် ငါ့ကို အကွက်ဆင်ချင်သေးတယ်”
“နိုင်ငံတော်ဆရာကြီးက နောက်နေတာပါ”
ယွမ်ကျန်းက ထရပ်ကာ ခေါင်းခါလျက် ပြုံးလိုက်သည်။ “ကျွန်တော်မျိုးက ကံကောင်းလို့ အဲ့ဒီကျမ်းစာကို ဖတ်ဖူးခဲ့တာပါ၊ နိုင်ငံတော်ဆရာကြီးလည်း အဲ့ဒီကျမ်းစာကို ဖတ်ဖူးတယ် မဟုတ်လား”
“မဖတ်ဖူးပါဘူး”
ဘန်ဘူက ခေါင်းခါပြသည်။ “ဒါတွေက ငါ့ဘာသာငါ တွက်ချက်ထားတာပါ”
“ဟုတ်လား”
ယွမ်ကျန်းက မယုံကြည်ဟန်ဖြင့် ပြုံးလိုက်၏။ “နိုင်ငံတော်ဆရာကြီး... ငါတို့ တချန်းအင်ပါယာရဲ့ ရှေးဟောင်းကျမ်းစာက ဗဟုသုတတွေကို ခိုးသင်တာဟာ ရှက်စရာ မဟုတ်ပါဘူး”
ယွမ်ကျန်း၏ စကားကြောင့် ဘန်ဘူ၏ မျက်နှာမှာ တဆတ်ဆတ် တုန်ယင်သွားသည်။ သူသည် တကယ်ပင် မည်သည့် ကျမ်းစာကိုမျှ မဖတ်ဖူးပေ။ ဤသည်မှာ အခြားနိုင်ငံမှ ပညာရှိတစ်ဦးထံမှ သင်ယူခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ ခိုးသင်ထားခြင်း မဟုတ်ကြောင်း ပြောလျှင်လည်း တချန်းအင်ပါယာမှ မည်သူမျှ ယုံကြည်ကြမည် မဟုတ်တော့ပေ။ သူသည် မိမိ၏ ကျော့ကွင်းတွင် မိမိကိုယ်တိုင် ပြန်လည် ပိတ်မိသွားခဲ့ပြီ ဖြစ်သည်။
“ဆဋ္ဌမမင်းသားက ခိုးသင်တယ်လို့ ပြောမှတော့လည်း၊ ခိုးသင်တယ်လို့ပဲ သဘောထားလိုက်ပါတော့”
ဘန်ဘူက မိမိကိုယ်ကိုယ် လှောင်ပြုံးလျက် မေးလိုက်သည်။ “ဒါနဲ့... ဆဋ္ဌမမင်းသားက စက္ကူနဲ့ မှင် မပါဘဲနဲ့ ဒီလောက် အတိအကျကို ဘယ်လိုများ ဒီလောက် မြန်မြန် တွက်နိုင်တာလဲ”
ယွမ်ကျန်းက ခေါင်းခါပြသည်။ “ကျွန်တော်မျိုးက အများကြီး မတွက်ပါဘူး၊ နိုင်ငံတော်ဆရာကြီး ကံမကောင်းဘူးလို့ပဲ ပြောရမှာပေါ့”
“ကံမကောင်းဘူး ဟုတ်လား၊ ဘာကို ဆိုလိုတာလဲ” ဘန်ဘူက နားမလည်ဟန်ဖြင့် မေးသည်။
ယွမ်ကျန်းက ပြုံးလျက် ရှင်းပြလေသည်။ “ကျွန်တော်မျိုး အဲ့ဒီကျမ်းစာကို ဖတ်ဖူးတုန်းက အလွန် အံ့သြခဲ့ရတယ်၊ ဒါကြောင့် ပျင်းတဲ့အချိန်တွေမှာ ဒီလိုမျိုး ပုစ္ဆာတွေကို ခဏခဏ တွက်ကြည့်ခဲ့ဖူးတယ်၊ ရက်ပေါင်း သုံးဆယ် ပြည့်ရင် ဘယ်လောက်လဲ ဆိုတာကိုလည်း အကြိမ်ကြိမ် တွက်ဖူးလို့ ဒီကိန်းဂဏန်းကို အလွတ်ကို မှတ်မိနေတာပါ...”
“မင်း သိနေတာကို ဘာလို့ စောစော မပြောတာလဲ” ယွမ်လိက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မင်းက ငါတို့ အမတ်တွေအားလုံးကို အရှက်ကွဲတာ မြင်ချင်လို့ တမင် လုပ်နေတာလား”
ယွမ်လိ၏ ရင်ထဲ၌ ဒေါသမီးများ တောက်လောင်နေ၏။ သူသည် ယွမ်ကျန်းအား အကွက်ဆင်ထားသော သေတွင်းမှာ ဤမျှ လွယ်ကူစွာ ပျက်စီးသွားလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ ယခုအခါ ယွမ်ကျန်းသည် နောက်ထပ် စွမ်းဆောင်မှု တစ်ခု ရရှိသွားပြန်ပြီ မဟုတ်ပါလား။ ၎င်းတို့မှာမူ ရယ်စရာ လူရွှင်တော်များကဲ့သို့ ဖြစ်သွားကြရသည်။
“နောင်တော် တတိယ... ကျွန်တော့်ကို မတရား မစွပ်စွဲပါနဲ့”
ယွမ်ကျန်းက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းကာ ဆိုသည်။ “ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တွက်ခဲ့တာလေ၊ ကျွန်တော် မှတ်မိနေတယ် ဆိုပေမဲ့လည်း ဒါက တကယ့်ကို အရေးကြီးတဲ့ ကိစ္စကြီး မဟုတ်လား၊ အမှားမပါအောင် စိတ်ထဲမှာ အကြိမ်ကြိမ် ပြန်ပြီး အတည်ပြုနေရလို့ပါ”
“မင်း...” ယွမ်လိမှာ ဆို့နင့်သွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။
ယွမ်ကျန်း၏ စကားမှာ အပေါက်အလမ်း တည့်လွန်းလှသဖြင့် မည်သူမျှ အပြစ်ရှာ၍ မရချေ။
“ကဲ... တော်ပြီ”
ဧကရာဇ်ဝမ်က ယွမ်လိကို ဟန့်လိုက်ပြီး ဘန်ဘူအား ဆိုလေသည်။ “နိုင်ငံတော်ဆရာကြီး... ငါကိုယ်တော် အခု စိတ်မကြည်ဘူး၊ ရိက္ခာကိစ္စကိုတော့ မနက်ဖြန်မှပဲ ဆက်ပြီး ဆွေးနွေးကြတာပေါ့”
“ပြဿနာ မရှိပါဘူး”
ဘန်ဘူက ခေါင်းညိတ်ပြသည်။ “ကျွန်တော်မျိုးလည်း အခု စိတ်မကြည်မလင် ဖြစ်နေတာမို့၊ အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ မသင့်တော်သေးပါဘူး”
သူသည် ဉာဏ်ကုန်သုံး၍ ဆင်ထားသော အကွက်မှာ ဤအသုံးမကျသော မင်းသားကြောင့် အလွယ်တကူ ပျက်စီးသွားသဖြင့် မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်ရန် လိုအပ်နေပြီ ဖြစ်သည်။ တချန်းအင်ပါယာမှာ တကယ်ပဲ အဲ့ဒီလို ထူးဆန်းတဲ့ ကျမ်းစာ ရှိနေတာလား။
“ဒါဆိုရင်လည်း...”
ဧကရာဇ်ဝမ်က ခေါင်းညိတ်ပြကာ အမိန့်ပေးလိုက်သည်။ “လူတွေ လာကြစမ်း၊ ဟွမ်နိုင်ငံ သံအမတ်တွေကို ပြန်လိုက်ပို့ပြီး အနားယူစေလိုက်”
“ခဏလေးပါဦး”
ဘန်ဘူက ရုတ်တရက် အော်ဟစ်လိုက်သည်။
“နိုင်ငံတော်ဆရာကြီးမှာ ဘာကိစ္စ ရှိသေးလို့လဲ” ဧကရာဇ်ဝမ်က မကျေမနပ် မေးလိုက်၏။
ဘန်ဘူက ခါးသီးစွာ ပြုံးလျက် ဆိုလေသည်။ “ကျွန်တော်မျိုး ဆီမှာ ပစ္စည်းတစ်ခု ရှိပါတယ်၊ ဒါကို တချန်းအင်ပါယာက ထွက်မသွားခင်မှာ ပေးမလို့ပဲ၊ ဒါပေမဲ့ အခုတော့ အဲ့ဒီအချိန်အထိ စောင့်နေဖို့ မလိုတော့ဘူး ထင်တယ်...”
ပြောပြောဆိုဆိုနှင့် ဘန်ဘူသည် သူ၏ ရင်ဘတ်ထဲမှ မနေ့ညက ရရှိခဲ့သော စာကို ထုတ်လိုက်၏။ ယွမ်ကျန်းကို အကွက်ဆင်ထားသော သေတွင်းမှာ ပျက်စီးသွားပြီ ဖြစ်သည်။ ထိုစာကို မိမိလက်ထဲတွင် ဆက်ထားလျှင်လည်း အကျိုးမရှိပေ။ ထိုစာကို ဧကရာဇ်ဝမ်အား ပေးလိုက်ခြင်းကသာ ၎င်းတို့၏ အတွင်းရေးကို ပိုမို ရှုပ်ထွေးစေကာ ဟွမ်နိုင်ငံအတွက် ပိုမို အကျိုးရှိပေလိမ့်မည်။
ဘန်ဘူ၏ လက်ထဲမှ စာကို မြင်လိုက်ရချိန်တွင် ယွမ်လိ၏ မျက်လုံးသူငယ်အိမ်မှာ ရုတ်တရက် ကျုံ့သွားတော့သည်။ ရှိစစ်ဖူသည်လည်း ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ယွမ်လိအား စိုးရိမ်စရာ မရှိကြောင်း မျက်ရိပ်ပြလိုက်၏။ ယွမ်လိသည် အစအနများကို သေချာ ရှင်းလင်းထားပြီး ဖြစ်ရာ ဧကရာဇ်ဝမ်သည် ဤစာကို ရခဲ့လျှင်ပင် ၎င်းတို့အား မည်သို့မျှ အပြစ်ရှာနိုင်မည် မဟုတ်ပေ။
မူရွှန့်သည် ဧကရာဇ်ဝမ် မခိုင်းရသေးမီမှာပင် ရှေ့သို့ အမြန်တိုးကာ ထိုစာကို ယူ၍ ဧကရာဇ်ဝမ်ထံ ဆက်သလိုက်လေသည်။ ဧကရာဇ်ဝမ်သည် စာကို ဖွင့်ဖတ်လိုက်ပြီး အပေါ်ယံမျှ ကြည့်လိုက်ရုံနှင့် သူ၏ ဒေါသများကို ထိန်းချုပ်၍ မရတော့ပေ။
ဧကရာဇ်ဝမ်သည် စာကိုဖတ်ပြီးနောက် ဒေါသကို အတင်းမျိုသိပ်ကာ ခေါင်းညိတ်ပြလိုက်၏။ “နိုင်ငံတော်ဆရာကြီးကို ကျေးဇူးတင်ပါတယ်၊ အခုတော့ သွားပြီး အနားယူနိုင်ပါပြီ”
“ကောင်းပါပြီ”
ဘန်ဘူက ခေါင်းညိတ်ပြကာ ဟွမ်နိုင်ငံ အဖွဲ့ကိုခေါ်၍ ထွက်ခွာသွားလေသည်။
ဟွမ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ ထွက်သွားသည်နှင့် ဧကရာဇ်ဝမ်၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
“တံခါးတွေ ပိတ်လိုက်စမ်း၊ မီးတွေ ထွန်းလိုက်ကြ”
ဧကရာဇ်ဝမ်က အေးစက်စက် အမိန့်ပေးလိုက်၏။
ဘာကြီးလဲ။ လူတိုင်း၏ မျက်နှာမှာ ဖြူဖျော့သွားကြသည်။ ဧကရာဇ်ဝမ်က ဘာကို ဆိုလိုသနည်း။ တစ်ယောက်ယောက် ထွက်ပြေးမှာကို ကြောက်နေခြင်းလား။
“တံခါးတွေ ပိတ်လိုက်စမ်း၊ မီးတွေ ထွန်းလိုက်ကြ” မူရွှန့်က အသံကျယ်ကြီးဖြင့် အမိန့်ကို ပြန်လည် ကြေညာလိုက်သည်။
ဝုန်း...
ညီလာခံခန်းမ၏ ကြီးမားလှသော တံခါးကြီးများမှာ ဖြည်းဖြည်းချင်း ပိတ်သွားတော့သည်။ ထို့နောက် မိန်းမစိုးများနှင့် အစေခံမလေးများသည် ခန်းမအတွင်းရှိ မီးအိမ်များကို အလျင်အမြန် ထွန်းညှိလိုက်ကြပြီးနောက် အပြင်သို့ အမြန် ထွက်ခွာသွားကြလေသည်။
ထိုအခါ ညီလာခံခန်းမကြီး၏ တံခါးမှာ လုံးဝ ပိတ်သွားပါတော့သည်။
ဧကရာဇ်ဝမ်၏ ဤကဲ့သို့သော ထူးခြားသည့် အပြုအမူကြောင့် လူတိုင်း၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်နေရသည်။ ဧကရာဇ်ဝမ်သည် အလွန်အမင်း ဒေါသထွက်နေကြောင်း အားလုံး သိရှိထားကြ၏။ ယနေ့တွင်တော့ တစ်ယောက်ယောက်တော့ ဒုက္ခရောက်ဖို့ သေချာနေပြီ ဖြစ်သည်။ သို့သော် ယွမ်ကျန်းတော့ မဟုတ်တာ သေချာလှသည်။
ဧကရာဇ်ဝမ်သည် ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ မျက်နှာတစ်ခုလုံး အေးစက်လျက် လူတိုင်းကို ဝေ့ကြည့်လိုက်၏။ “ခုနက... ဘယ်သူကများ ဒီခန်းမထဲမှာ ခေါင်းနဲ့တိုက်ပြီး သေပြမယ်လို့ ပြောခဲ့တာလဲ”
လူတိုင်း၏ ရင်ထဲ၌ ထိတ်လန့်သွားကာ ခေါင်းငုံ့ထားကြပြီး ဘာသံမှ ထွက်မလာတော့ပေ။
“အရှင်မင်းကြီး... အခွန်ဝန်ကြီးဌာနက အရာရှိ ယန်ကျိ ပါ”
ရှောင်ဝမ်ချိုက ခေါင်းငုံ့ထားသော ယန်ကျိကို လက်ညှိုးညွှန်ပြလိုက်လေသည်။
“စစ်သူကြီးရှောင်ရဲ့ မှတ်ဉာဏ်ကတော့ တကယ်ပဲ မဆိုးပါဘူး”
ဧကရာဇ်ဝမ်က ခေါင်းညိတ်ပြကာ ယန်ကျိထံသို့ အကြည့်ကို ပို့လိုက်၏။
“အရှင်မင်းကြီး...”
ယန်ကျိသည် ထိတ်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ဒူးထောက်ကျလိုက်ပြီး အော်ဟစ်တော့သည်။ “ကျွန်တော်မျိုး အမှားကို သိပါပြီ၊ ဆဋ္ဌမမင်းသားကို အထင်လွဲမိတဲ့အတွက် ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ”
ဧကရာဇ်ဝမ်က ယန်ကျိကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ “ငါကိုယ်တော်သာ ဒီနေ့ ယွမ်ကျန်းကို မကွပ်မျက်ခဲ့ရင်၊ မင်း ဒီခန်းမထဲမှာ ခေါင်းနဲ့တိုက်ပြီး သေပြမယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ အဲ့ဒီစကားကို မင်း ပြောခဲ့တာ သေချာလား”
ယန်ကျိမှာ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေကာ ထစ်ထစ်ငေါ့ငေါ့နှင့် ဆိုလေသည်။ “မှန်... မှန်လှပါ...”
“ဒါဆိုရင်တော့ ကောင်းပြီ”
ဧကရာဇ်ဝမ်က ခေါင်းညိတ်ပြကာ လူတိုင်း ကြားအောင် မေးလိုက်သည်။ “အမတ်မင်းတို့ အထင်... ယွမ်ကျန်းဟာ သေသင့်တဲ့ အပြစ် ရှိသလား”
လူအများမှာ ခဏမျှ ကြောင်အသွားပြီးနောက် တညီတညွတ်တည်း လျှောက်တင်ကြတော့သည်။
“ဆဋ္ဌမမင်းသားဟာ ဟွမ်နိုင်ငံရဲ့ ပရိယာယ်ကို ဖော်ထုတ်နိုင်ခဲ့ပြီး တချန်းအင်ပါယာအတွက် ဂုဏ်ကျေးဇူး ကြီးမားလှပါတယ်၊ လုံးဝ မသေသင့်ပါဘူး”
“မသေသင့်ပါဘူး”
“ဆဋ္ဌမမင်းသားဟာ ရန်သူနဲ့ ပူးပေါင်းခြင်း မရှိတာ သေချာပါတယ်၊ မသေသင့်ပါဘူး”
“မသေသင့်တဲ့အပြင်၊ ဆုလာဘ်တွေတောင် ထပ်ပြီး ပေးသင့်ပါတယ်...”
ခဏအတွင်းမှာတင် လူတိုင်း၏ စကားလုံးများမှာ ပြောင်းလဲသွားတော့သည်။ ယွမ်လိနှင့် ရှိစစ်ဖူတို့ပင်လျှင် ယွမ်ကျန်းအား သေသင့်သည်ဟု မည်သို့မျှ မပြောရဲကြတော့ပေ။
“တွေ့တယ် မဟုတ်လား၊ အမတ်တွေ အားလုံးက ယွမ်ကျန်းကို မသေသင့်ဘူးလို့ ထင်ကြတယ်”
ဧကရာဇ်ဝမ်က ယန်ကျိကို ကြည့်ကာ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်၏။ “ငါကိုယ်တော်က မင်းရဲ့ တောင်းဆိုချက်ကို ခွင့်ပြုလိုက်မယ်၊ မင်း ခေါင်းနဲ့တိုက်ပြီး သေနိုင်ပြီ”